Skip to main content

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းသုံးမြို့ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ)

မောင်ဇော်(ရှေး/သု)

(ယမန်နေ့မှ အဆက်)

ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ) အတွက် သတ်မှတ်ထားသည့်စံနှုန်းများ 

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (သဘာဝ) ဖြစ်ရန်အတွက် သတ်မှတ်ထားသော စံနှုန်းလေးချက်ရှိရာ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က)     သဘာဝအလှတရားနှင့် အနုပညာရသဆိုင်ရာ သဘာဝအတိုင်း ထူးခြားသာလွန်စွာ တည်ရှိနေ သည့်ဖြစ်စဉ်များနှင့် နေရာဒေသများ၊

(ခ)       ကမ္ဘာ့သမိုင်းကြောင်းအတွက် ထင်ရှားလှပြီး အဓိကကျသော လူသားဘဝဖြစ်စဉ်ဆိုင်ရာ အထောက်အထားများ၊  တိုးတက်ဖြစ်ထွန်း လာခဲ့သော ပထဝီဝင်ဆိုင်ရာ ထူးခြားသည့် လက္ခဏာရပ်များ၊    ထူးခြားထင်ရှားသည့် မြေမျက်နှာသွင်ပြင်ဆိုင်ရာလက္ခဏာများ၊

(ဂ)       အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့သော ကုန်းမြေများ၊ ရေမြေအသစ်များ၊ ကမ်းခြေများနှင့် ရေကြောင်းဆိုင်ရာ ဂေဟစနစ်များ၊ သစ်ပင်များနှင့် တိရစ္ဆာန်မျိုးစိတ်များ၏ ဂေဟဆိုင်ရာနှင့် ဇီဝဆိုင်ရာ ထင်ရှားသည့် လက္ခဏာရပ်များ၊

(ဃ)     သိပ္ပံဆိုင်ရာနှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာရှုထောင့်မှ လူသား အားလုံးအသိအမှတ် ပြုနိုင်သော တန်ဖိုးရှိသည့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သော ဇီဝဆိုင်ရာ မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များ၊၊

ကမ္ဘာ့အမွေအနှစ်စာရင်း

(ယဉ်ကျေးမှုနှင့် သဘာဝရောနှော)

ဖော်ပြပါ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်နိုင်ရေးအတွက် ကမ္ဘာ့အမွေအနှစ် (ယဉ်ကျေးမှု)၏ စံနှုန်းသတ်မှတ်ချက်တစ်ချက်နှင့် ကမ္ဘာ့အမွေအနှစ် (သဘာဝ)၏ စံနှုန်းသတ်မှတ်ချက်တစ်ချက် စုစုပေါင်းနှစ်ချက်နှင့်ကိုက်ညီပါက ကမ္ဘာ့အမွေအနှစ် စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝရောနှော) ဟု သတ်မှတ်ပါသည်။

UNESCO World Heritage Center နှင့် ဆက်သွယ်ဆောင်ရွက်မှု

ယဉ်ကျေးမှုဝန်ကြီးဌာနသည် အဆိုပြု အမွေအနှစ်များအနက်မှ ပျူမြို့ဟောင်းများဖြစ်သော (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) မြို့ဟောင်းများကို အစဉ်လိုက်ဖြစ်သော ပျူမြို့ဟောင်းများအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် ရွေးချယ်ခဲ့ပြီး ၂၀၁၁ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် UNESCO  World Heritage Center နှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ပါသည်။

ပျူမြို့ဟောင်းသုံးမြို့ကို ရွေးချယ်ခြင်း

ပျူမြို့ဟောင်းများသည် မြန်မာနိုင်ငံတွင် အစောဆုံး မြို့ပြတည်ထောင်ခဲ့ကြသော ပျူယဉ်ကျေးမှုစတင်ရာဖြစ်သည်။   အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့   ဗုဒ္ဓဘာသာကို     စတင်အခြေပြု လက်ခံခဲ့ပြီး    ယနေ့အချိန်အထိ   မြန်မာနိုင်ငံတွင် ဆက်လက် ရှင်သန်တည်ရှိလျက်ရှိသည်။ ဗုဒ္ဓဘာသာနှင့်ဆက်နွှယ်၍ ကိုးကွယ်မှုဆိုင်ရာ ဗိသုကာအနု ပညာလက်ရာများအဖြစ် အုတ်ဖြင့်တည်ဆောက်ထားသော စေတီ၊ ဘုရား၊ ကျောင်း၊ သိမ်စသည့် ပျူဘာသာ စကားနှင့် ပန်းဆယ်မျိုး အနုပညာလက်ရာများသည် ပျူခေတ်မှသည် ယနေ့မျက်မှောက် ကာလအချိန်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ထို့ပြင် မြို့ပြတည်ဆောက်မှု ဗိသုကာအတတ်ပညာ တွင်လည်း မြို့ပြတည်ဆောက်ရာ မြေသဘာဝပတ်ဝန်းကျင် ရွေးချယ်မှု၊ မြို့ရိုးမြို့တာ၊ မြို့ဝင်ပေါက်များ၊ ကျုံး၊ နန်းတော်ရာ၊ ပျူတိုက်များ စသည့်ထူးခြား ထင်ရှားသော ဝိသေသလက္ခဏာများ ရှိနေကြောင်း တွေ့ရှိနိုင်ပါသည်။

မြို့ပြနိုင်ငံများသည် အရှေ့တောင်အာရှဒေသ အတွင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေခံ၍ပထမဆုံး ပေါ်ထွန်းလာခဲ့သော မြို့ပြနိုင်ငံများအဖြစ် အရေးပါသော ပြောင်းလဲမှုတစ်ရပ်ကို ဖြစ်ထွန်းပေါ်ပေါက် စေခဲ့ပါသည်။ ပျူယဉ်ကျေးမှု ဖြစ်တည်ပေါ်ထွန်းခဲ့သော လူမှုစီးပွားရေး ဓလေ့အထောက်အထား အဖြစ် ရေသွင်းစိုက်ပျိုးရေး လုပ်ငန်းများ၊ သတ္တုအခြေခံ ထုတ်လုပ်မှုဖြစ်သော ငွေ၊ ကြေးဒင်္ဂါးများသုံးစွဲခြင်းနှင့်  ကိရိယာ တန်ဆာပလာများ ထုတ်လုပ်ခြင်း၊ ရှေးခေတ်နိုင်ငံတကာဆက်ဆံရေးနှင့် ကုန်သွယ်မှု အထောက်အထားများ၊ အုတ်အသုံးပြု၍  မြို့ပြ တည်ဆောက်မှုနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ    တည်ဆောက်မှုဆိုင်ရာ ဗိသုကာပညာတို့သည် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်တန်ဖိုးကို ဖော်ညွှန်းလျက်ရှိပါသည်။ ထို့ကြောင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ပျူယဉ်ကျေးမှု အမွေအနှစ်များအနက်မှ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းများကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်သို့ တင်သွင်းနိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

ပျူမြို့ဟောင်းသုံးမြို့၏ သမိုင်းကြောင်း

ဟန်လင်းမြို့ဟောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မန္တလေး-ရွှေဘို မော်တော် ကားလမ်းပေါ်ရှိ စိုင်နိုင်ကွေ့မှ အရှေ့ဘက် ၁၁ မိုင်၊ ရွှေဘိုမြို့မှ  အရှေ့တောင်ဘက် ၁၀ မိုင် ၅ ဖာလုံ ခန့်တွင်တည်ရှိသည်။ ဟန်လင်းမြို့ဟောင်းသည် အလျား နှစ်မိုင်ခန့်၊ အနံ တစ်မိုင်ခန့်ရှိ စတုဂံပုံမြို့ရိုးနှင့်အတူ ယနေ့တိုင် တွေ့မြင်နိုင်သော အနုပညာ လက်ရာမြောက် ရွှေထည်၊ ငွေထည်ပစ္စည်းများ၊ ကျောက်စာများ၊ အရိုးစုများ၊  မြို့ရိုးမြို့တာများ၊ ရှေးဟောင်းအဆောက်အအုံ အကြွင်းအကျန်များ စသည့်အထောက်အထားများသည်  ဟန်လင်းမြို့ ဟောင်း၏ ထင်ရှားသော အမှတ်လက္ခဏာများပင် ဖြစ်သည်။  ဟန်လင်း ပျူကျောက်စာရုံ၌ အသုံးပြုထားသော  အက္ခရာများဖြစ်ကြောင်း၊   ခရစ်နှစ် လေးရာစုကာလက အရေးအသားများဖြစ်ကြောင်း သိရှိရသည်။ ရှေးဟောင်းသုတေသနဌာန၏ တူးဖော်တွေ့ရှိချက်များအရ ဟန်လင်းဒေသတွင် ကျောက်ခေတ်၊ ကြေးခတ်၊ သံခေတ်မှစ၍ ပျူမြို့ပြ နိုင်ငံတည်ထောင်ခဲ့သည့်အချိန်အထိ တစ်ဆက်တစ်စပ်တည်းနေထိုင်ခဲ့ကြောင်း   တွေ့ရှိရသည်။ ဟန်လင်း ပျူမြို့ဟောင်းသည် မြန်မာနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် ဆောင်ရွက်လျက်ရှိသည့် ရှေးပျူမြို့ဟောင်းသုံးခုအနက်   တစ်ခု အပါအဝင်ဖြစ်သည်။

ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၏ အနောက်ဘက် ၁၁ မိုင်ခန့် အကွာရှိ ကုက္ကိုလ်ခွရွာ၏ မြောက်ဘက်တွင်တည်ရှိသည်။ ဘီစီ(၂)ရာစုမှ အေဒီ(၅) ရာစုအတွင်း ဖွံ့ဖြိုး တိုးတက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ရှေးကျသော မြို့ဟောင်းတစ်ခုဖြစ်ကြောင်းကို ကြွင်းကျန်ရစ် သည့်မြို့အင်္ဂါများကို ထောက်ရှု၍ လည်းကောင်း၊ သိပ္ပံနည်းကျ ရက်စွဲသတ်မှတ်၍ လည်းကောင်း၊ တူးဖော်တွေ့ရှိရသော အရာဝတ္ထုများကို လေ့လာ သုံးသပ်၍လည်းကောင်း တွေ့ရှိနိုင်ပေသည်။ ယနေ့တိုင် တွေ့ရှိရသော အဆောက်အအုံ အထောက်အထားများ၊ ဒင်္ဂါးများ၊ ပုတီးစေ့များ၊ သာသနာရေးဆိုင်ရာ ဗိသုကာလက်ရာများ၊ အနုပညာလက်ရာမြောက် မြေအရိုးအိုးများ၊ ဗုဒ္ဓဆင်းတုတော်များ၊ မြို့ရိုးမြို့တာများသည် ဗိဿနိုးမြို့ဟောင်း၏ ထင်ရှားသော အမှတ်လက္ခဏာများ ဖြစ်ပေသည်။

သရေခေတ္တရာမြို့ဟောင်းသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၏တောင်ဘက်  ငါးမိုင်ခန့်အကွာ ရန်ကုန်မြို့၏ အနောက်မြောက်ဘက် မိုင် ၁၈၀ ခန့်အကွာတွင် တည်ရှိသည်။ အေဒီ ၄ ရာစုမှ အေဒီ ၉ ရာစုအတွင်း ထွန်းကားခဲ့သော ရှေးပျူမြို့ဟောင်း တစ်မြို့ဖြစ်သည်။ သရေခေတ္တရာမြို့ရိုးဟောင်းသည် စက်ဝိုင်းမကျ၊ ဘဲဥပုံမကျသော  အဝိုင်းပုံသဏ္ဌာန် ဖြစ်သည်။ မြို့ရိုး၊ ကျုံးများနှင့်အတူ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဒင်္ဂါးများ၊ ဆင်းတုတော်များ၊ ပျူကချေသည်အရုပ်များ၊ ရွှေပေလွှာများကို တွေ့ရှိရသည်။ မြို့ရိုးသည် ရှစ်မိုင်  ရှစ်ဖာလုံရှိပြီး ဧရိယာအားဖြင့်  ၅ ဒသမ ၅  စတုရန်း မိုင် ကျယ်ဝန်းသည်။

မြန်မာနိုင်ငံမှ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် တင်ပြခဲ့သော အဆိုပြု အမွေအနှစ်စာရင်းများ (Tentative List)

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က အဆိုပြု အမွေအနှစ် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ရှစ်ခုနှင့်  ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ  ၂၅ ရက်နေ့က အဆိုပြုသဘာဝ အမွေအနှစ် ခုနစ်ခုကို တင်သွင်းခဲ့ပါသည်။  ၂၀၁၈ ခုနှစ်  ဒီဇင်ဘာလ  ၆  ရက်နေ့တွင်    အဆိုပြု ယဉ်ကျေးမှုအမွေအနှစ်   နှစ်ခုကိုလည်း  ထပ်မံ၍ တင်သွင်းခဲ့ပါသည် -

(က)     အဆိုပြုယဉ်ကျေးမှုအမွေအနှစ်များ

            (၁)       ပြဒါးလင်းဂူနှင့် အနီးပတ်ဝန်းကျင်ဂူများ (၄-၁၀-၁၉၉၆)၊

            (၂)       အင်းလေးကန် (၄-၁၀-၁၉၉၆)၊

            (၃)       ပျူမြို့တော်ဟောင်းများ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ...) (၄-၁၀-၁၉၉၆) (၂၀၁၄ ခုနှစ်က    ကမ္ဘာ့အမွေ အနှစ်ရရှိပြီး)၊  

            (၄)       ပုဂံဒေသ ရှေးဟောင်းဒေသနှင့် အထိမ်းအမှတ် အဆောက်အအုံများ (၄-၁၀-၁၉၉၆)၊ (၂၀၁၉ခုနှစ်က ကမ္ဘာ့ အမွေအနှစ်ရရှိပြီး)၊

            (၅)       မြောက်ဦးရှေးဟောင်းဒေသနှင့် အထိမ်းအမှတ်အဆောက်အအုံများ (၄-၁၀-၁၉၉၆)၊    (ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ဆောင်ရွက်လျက်ရှိ)၊

            ()     အထက်မြန်မာနိုင်ငံရှိ   ရှေးဟောင်းမြို့များ (အင်းဝ၊ အမရပူရ၊   စစ်ကိုင်း၊ မင်းကွန်း၊ မန္တလေး...) (၄-၁၀-၁၉၉၆)၊

(ဆက်လက်ဖော်ပြပါမည်)