Skip to main content

သဘောထားကွဲလွဲမှုကို ဖြေရှင်းနိုင်မယ့် ကိုယ်ရည်ကိုယ်သွေး

ဒေါက်တာမြတ်မိုး

သဘောထားကွဲလွဲမှုတွေကတစ်ဆင့် အခက်အခဲ ပြဿနာပေါင်းစုံ၊ အကျပ်အတည်းပေါင်းစုံနဲ့ ပဋိပက္ခမျိုးစုံ အောက်မှာ  ကျွန်တော်တို့တစ်တွေ  အကောင်းဆုံး အနေအထားတစ်ခုရအောင် ဘယ်လို  ရပ်တည်ရှင်သန် နေထိုင်ကြမလဲ။ ‌ပဋိပက္ခတွေကြားမှာ  နေတတ်ထိုင်တတ်ဖို့၊ နေနိုင်ထိုင်နိုင်ဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ဒီလိုရပ်တည်နိုင်စွမ်း နဲ့ နေတတ်ထိုင်တတ်ပြီး ပဋိပက္ခတွေကို ဖြေရှင်း နိုင်ဖို့ဆိုတာ  မိမိမှာ  ကောင်းမွန်တဲ့  ကိုယ်ရည် ကိုယ်သွေး အရည်အသွေးတစ်ရပ်တော့ လိုအပ်ပါတယ်။ ဒါဆိုရင် မတူညီမှုတွေကြားမှာ ကွာဟချက် တွေ ကျဉ်းမြောင်းသွားအောင် မိမိရဲ့ ဘယ်လို ပင်ကိုအရည်အသွေးတွေရှိဖို့ လိုအပ်ပါသလဲ။ ဒီလို အရည်အသွေးတွေရအောင် ဘယ်လိုတည်ဆောက် ယူကြရပါမလဲ။

အပြုသဘောပါ၀င်ကြမှသာ .. 

ပဋိပက္ခဆိုတာ မိမိအကျိုးစီးပွား မိမိ တည်ဆောက်ကြရင်းက တစ်ဖက်နဲ့တစ်ဖက် လွန်ဆွဲပြီး ဖြစ်လာကြတဲ့ ရန်ဘက်အသွင်သဘောဖြစ်ပြီး မတူညီတဲ့ အမြင်နှစ်ခုရဲ့ရလဒ်လည်း ဖြစ်ပါတယ်။ ဖြစ်နေတဲ့အခက်အခဲကို မဖြေရှင်းနိုင်ရင် ပြဿနာတစ်ခုအဖြစ်  ရောက်ရှိသွားနိုင်သလို ပြဿနာကို  မဖြေရှင်းပြန်နိုင်ရင်လည်း ပဋိပက္ခ အသွင် ဦးတည်သွားတတ်ပါတယ်။ ပြဿနာရဲ့ အစဟာ အခက်အခဲဖြစ်သလို ပဋိပက္ခရဲ့ အရင်းအမြစ် တိုင်းဟာလည်း မဖြေရှင်းနိုင်တဲ့ပြဿနာက အစပြုတာပဲဖြစ်တဲ့အတွက် အဆင့်တိုင်းမှာ မှန်မှန်ကန်ကန်နဲ့  အဆုံးအဖြတ်ပေး  ဖြေရှင်းနိုင်ဖို့ရာ အလွန်ကိုအရေးကြီးပါတယ်။

အိမ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာအနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့လေ တစ်ဦးနဲ့ တစ်ဦး၊    တစ်ဖွဲ့နဲ့တစ်ဖွဲ့၊   တစ်နိုင်ငံနဲ့တစ်နိုင်ငံ သဘောထားချင်း မတိုက်ဆိုင်ကြဘူး၊ အငြင်းအခုံ ဖြစ်ကြတယ်ဆိုရင် ပဋိပက္ခကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်အစွမ်းအစဟာ အလွန်ကို အရေးပါလာပါတယ်။ ပြဿနာတစ်ရပ်မှာ ပါဝင်ပတ်သက်နေ သူတိုင်းဟာ “တို့အချင်းချင်းဆက်ဆံရေးကို မပြတ်စေရဘူး၊ ဆက်ဆံရေးဟာ ခိုင်မာနေရမယ်၊ အားကောင်းနေရမယ်၊ တို့ရဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် တို့ရဲ့လူ့အဖွဲ့အစည်းကြီး သာယာလှပ လာရမယ်”လို့ ခံယူထားကြမယ် ဆိုရင် ဒီလိုခံယူချက်နဲ့အတူ ရလဒ်ကောင်း ထွက်ပေါ်ဖို့အတွက် သက်ဆိုင်သူအားလုံးက အပြုသဘောပါဝင်ပြီး အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ကြတယ်ဆိုရင် “ဖြေရှင်းလို့မရနိုင်တဲ့ ဘယ်လိုပြဿနာမျိုးမှ မရှိနိုင်ဘူး” ဆိုတဲ့ ယုံကြည်ချက်မျိုး  ပိုင်ဆိုင်နေလို့သာလျှင် ဖြစ်နိုင်ပါတယ်။

ထပ်တူမကျတဲ့ကွာဟချက်တွေအပေါ်

သဘောထားကွဲလွဲတာတို့၊ နားလည်မှုလွဲတာတို့ စတာတွေဟာ နိစ္စဓူဝ နေ့စဉ် ပြောဆိုဆက်ဆံရေးမှာ  တွေ့ကြုံရတတ်တဲ့ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။ တစ်ဦးတည်းနေရင်တောင် ကိုယ့်ပြဿနာနဲ့ကိုယ်  ရှိနေသေးတာ၊ နှစ်ဦး လောက်ပါလာပြီဆိုရင်ကို သဘောထားမမျှတာ၊ အမြင်မတူတာဆိုတာ ရှိလာတတ်တာ လူ့သဘာဝ ပါပဲ၊ အခြေအနေအားလုံးလိုလိုမှာ အမြဲတမ်း သူ့အမြင်၊ ကိုယ့်အမြင် တစ်ထပ်တည်းကျဖို့ သဘောထား‌ ထပ်တူထပ်မျှရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ၊ ဘဝတွေမတူကြလို့ပဲ ဖြစ်ပါတယ်၊၊ ဒီလိုအမြင် မတူမှုတွေအပေါ်မှာ  မဖြေရှင်းဘဲ  ငြင်းခုံနေကြရင်သာ ပြဿနာ တက်လာတတ်တာ ဖြစ်ပါတယ်။

သူနဲ့ကိုယ်ကြားမှာ ကွာဟချက်ရှိနေသမျှ၊ ကွာဟချက်ကိုနည်းသွားအောင် မလုပ်နိုင်သမျှ အချိန်မရွေး ပဋိပက္ခဖြစ်လာနိုင်ပါတယ်။ ကွာဟချက်ဟာ အကြီးအသေးပဲ ကွာချင်ကွာမယ်၊ လူတွေမှာ တန်ဖိုးထားမှုတွေ၊ အတွေ့အကြုံတွေ မတူကြတာရှိမယ်၊ စိတ်ဓာတ်အရင်းခံကအစ အတွေးအခေါ်တွေ မတူကြတာလည်းရှိမယ်၊  အသိအမြင်တွေလည်း ကွာခြားကြမယ်၊ လိုလားချက်တွေ အကျိုးစီးပွား (interests) တွေလည်း တူချင်မှ တူကြပါလိမ့်မယ်။ ခြားနားချက်တွေဟာ တစ်ခါတစ်ရံမှာ အလေးအနက်ထားဖို့ မလိုလောက်အောင်    အသေးအဖွဲလေးပဲ ဖြစ်ချင်ဖြစ်မယ်။ သို့ပေမယ့် တချို့သူတွေမှာ ဒီလိုခြားနားကွာဟမှု တွေအပေါ်မှာပဲ ပြင်းထန်တဲ့  စိတ်ခံစားချက် emotions တွေ ရှိကောင်းရှိနေတတ်တယ်ဆိုတာ  သတိပြုသင့်ပါတယ်။ အထူးသဖြင့် မိမိရဲ့ပုဂ္ဂလိက လိုလားချက် (personal interest) ကို နက်နက်ရှိုင်းရှိုင်း ရှေ့တန်းတင်မိသူတွေမှာ ဒီလို စိတ်ခံစားချက်တွေကို တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။

အငြင်းပွားမှုကိုမကြောက်ပါနဲ့

အဓိကသော့ချက်က အငြင်းပွားမှုကို မကြောက်ဖို့၊ မရှောင်လွှဲမိဖို့ပါပဲ။  ကောင်းကောင်းမွန်မွန်နဲ့ ပြေပြေလည်လည် ဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့အချက်သာ အရေးကြီးပါတယ်။ စွမ်းဆောင်ရည်ပြည့်ပြည့်ဝဝနဲ့ စီမံဖြေရှင်းတတ်တဲ့ အရည်အချင်းဟာ personalities ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေဆီကသာ လာပါတယ်။ မဖြေရှင်းနိုင်ရင်တော့ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကို အ‌ကြီးအကျယ် ထိခိုက်သွားနိုင်ပါတယ်။ ဆက်ဆံရေးပျက်ယွင်းလာရင်  ရန်ဘက်သဘောဆောင်သွားနိုင်တဲ့အတွက်... ဒီနေရာမှာ ထပ်ပြီး သတိပေးပါရစေ၊ ပြင်းထန်တဲ့ရန်ဘက် adversary အသွင်ရောက်မသွားဖို့အတွက် ဆက်ဆံရေး ကောင်းတစ်ရပ်ဟာ အလွန်ကို အရေးကြီးတယ် ဆိုတာ မမေ့သင့်တဲ့အချက်တစ်ခုအဖြစ်ပါ..။

ရိုသေလေးစားမှုပြ

တစ်ဦးနဲ့တစ်ဦးရိုသေလေးစားမှု ပြနိုင်ခြင်းဟာ ဆက်ဆံရေးမှာ တန်ဖိုးရှိတဲ့ ကိုယ်ရည် ကိုယ်သွေးတစ်ခုပါပဲ။ တစ်ဦးအပေါ်တစ်ဦး အလေးထားခြင်းတစ်ခုပါပဲ။ လေးစားမှုပြတတ်သူတိုင်းဟာ ကိုယ်နဲ့မတိုက်ဆိုင်သူရဲ့ ပြောစကားကို ဦးစား‌ပေး ပိုပြီး နားထောင်လေ့ရှိသလို သူ့ရဲ့အကျိုးစီးပွားကို လည်း ပိုပြီးအလေးထားလေ့ရှိပါတယ်။ တခြားသူ တစ်ဦးရဲ့ အမြင်တွေ၊ အတွေးတွေ၊ စဉ်းစားပုံစဉ်းစား နည်းတွေကို အလေးအနက်ထားတာ တွေ့ရလေ့  ရှိပါတယ်။ ရိုသေလေးစားမှုဟာ ရိုင်းပျစော်ကား မှုရဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး လေးစားမှုမရှိ၊ ရိုင်းပျမှု သည်ပင် ပဋိပက္ခရဲ့အကြောင်းတရားတစ်ခုဖြစ်နေ တယ်ဆိုတာ သတိပြုမိဖို့လိုပါတယ်။

အကောင်းမြင်တတ်သူဆိုတာ

တစ်ဦးနဲ့တစ်ဦး ရိုသေလေးစားမှုပြနိုင်ရင် ပဋိပက္ခတစ်ခုကို အပြုသဘောနဲ့ချဉ်းကပ်ဖို့ လွယ်ကူသွားပါတယ်။ constructive အပြုသဘော ဆိုတာ   တိုးတက်မှုကို   ဆောင်ကြဉ်းနိုင်မယ့် ယုံကြည်ချက်တွေ၊ positive outlook  အကောင်း မြင်တတ်တဲ့  လက္ခဏာရပ်တွေ  ရှိနေတယ်ဆိုတဲ့ သဘောပါပဲ။ အပြုသဘော‌ဆောင်သူတစ်‌ယောက် ဟာ လိုက်လျောညီထွေ ပြောင်းလဲတွေး‌ခေါ်တတ်ပါတယ်၊ မျှပြီးတွေးတတ်တယ်၊ အတ္တမများဘူး၊ ကိုယ့်အတွက်ချည်းပဲလည်း မကြည့်ဘူး “လိုနေသေးတယ်ဆိုတာထက် ပြည့်ဖို့နီးလာပြီ” လို့ တွေးတတ်သူပါ။     အမြဲပျော်ရွှင်တက်ကြွမှုကို ဆောင်နေတတ်ပါတယ်။

အကောင်းမြင်တတ်သူတစ်ဦးဟာ သူ့ရဲ့အတွေးတွေကြောင့် သူ့ဆီမှာ  ဘယ်တော့မှ ပူပန်မှု ဖြစ်မနေတတ်ပါဘူး၊ စဉ်းစားတိုင်းစဉ်းစားတိုင်းဟာ သူ့အတွက် စိတ်ခွန်အားဖြစ်စေတယ်လို့ ခံယူထားတတ်သူပါ။ လေးစားသမှု ပြုတတ်ခြင်းနဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာတွေနဲ့ ချဉ်းကပ်တဲ့ နည်းလမ်းတွေသာလျှင်           ပဋိပက္ခတစ်ခုကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်တဲ့ ကိုယ်ရည် ကိုယ်သွေးအားသာချက်တွေဖြစ်ပြီး ဆက်ဆံရေး ကောင်းတစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာလည်း တကယ်ကောင်းမွန်တဲ့ အခွင့်အလမ်းတွေအဖြစ် ရောက်ရှိလာတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။

ဝေဖန်မှုကိုလက်ခံနိုင်စွမ်းရှိ

ကိုယ်ရည်ကိုယ်သွေး    ကောင်းမွန်တဲ့သူနဲ့ မကောင်းတဲ့သူ  ပဋိပက္ခတစ်ခုကို  တုံ့ပြန်ရာမှာ မတူကြပြန်ပါဘူး။  ဆန့်ကျင်ဘက်သဘောထား အမြင်ကို စာနာမှုပေးနိုင်တဲ့ အရည်အချင်းက စကားပြောပါတယ်။       ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်တဲ့သူ‌တွေဟာ ပဋိပက္ခကို ရင်ဆိုင်ရာမှာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ ရင်ဆိုင်လေ့ရှိကြပါတယ်။  ဝေဖန်မှုကို လက်ခံပြီး ခွန်းတုံ့မပြန်ဘဲ ခွင့်လွှတ်နိုင်စွမ်းရှိတယ်၊ မေ့ပျောက်လွယ်တယ်။ မကျေမချမ်း ဖြစ်နေတာမျိုး၊ စိတ်ဆိုးတာမျိုးမရှိ၊ အပေးအယူလုပ်ပြီး ညှိနှိုင်း တတ်ကြပါတယ်။ ကိုယ့်အတွက်ထက် အများကို ဦးစားပေးပြီး အများကိုအထိအခိုက်မခံ၊ လိုအပ်ရင် ကိုယ့်ဘက်က လျှော့ပေးဖို့ အသင့်ရှိ‌နေတတ်ကြ ပါတယ်။ ကိုယ်ရည်ကိုယ်သွေးကောင်းသူတစ်ဦးရဲ့ ဒီလိုအရည်အသွေးတွေကြောင့်ပဲ နှစ်ဖက်စလုံးအတွက် ရလဒ်ကောင်းတွေကို ရရှိသွားတတ်တာ ကြုံဖူးတွေ့ဖူးပါတယ်။

အပေါ်က ကောင်းမွန်တဲ့အချက်တွေအားလုံးရဲ့ ဆန့်ကျင်ဘက် အရည်အသွေးတွေအားလုံးကို ပိုင်ဆိုင်ထားပြီ ဆိုရင်တော့ ဒီလူကို ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းသူတစ်ယောက်အဖြစ် သတ်မှတ်ရတော့မှာပါပဲ။ ဘာကြောင့်လဲဆိုရင်တော့ ဒီလို လူတွေဟာ ကိုယ့်ရဲ့ဆန့်ကျင်ဘက်နဲ့ သက်ဆိုင်တာ မှန်သမျှ  အသိအမှတ်ပြုနိုင်စွမ်း၊  တုံ့ပြန်နိုင်စွမ်း  မပေးနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ပေါက်ကွဲလွယ်တယ်၊ ဒေါသထွက်လွယ်တယ်၊ နာကျင်ခံစားလွယ် တယ်၊ မကျေမချမ်းဖြစ်နေတတ်တယ် စတဲ့ အရည်အချင်းတွေဟာ ညံ့ဖျင်းတဲ့ ကိုယ်ရည် ကိုယ်သွေးတွေပါပဲ။

ကိုယ်ချင်းစာနားလည်မှုပေးပါ

တစ်ဦးနဲ့တစ်ဦးကြားမှာ ပဋိပက္ခအသွင်ဖြစ်ဖို့ သဘောထားကွဲလွဲမှုတွေ အစပျိုးနေပြီဆိုကြပါစို့၊ ရန်ဘက်အသွင် ဖြစ်မသွားအောင် ဦးစွာ မိမိစိတ်နဲ့ မိမိကိုယ်မိမိ အပြုအမူကို ထိန်းချုပ်လိုက်ရပါမယ်။

မိမိရဲ့စိတ်လှုပ်ရှားမှု အလွန်အကျွံမဖြစ်အောင်၊ မရိုသေ၊ မလေးစားတဲ့ အပြုအမူမျိုး ဖြစ်မသွားအောင်    ယဉ်ကျေးမှုကိုပြသပြီး   မိမိစိတ်နဲ့မိမိ ကိုယ်ကိုယ် ချုပ်တည်းနိုင်ပါ‌စေလို့ ဆန္ဒပြုပါရစေ။

စိတ်နဲ့ကိုယ် လွတ်ထွက်မသွားဖို့ အချိန်အခိုက် အတန့်လေးတစ်ခုဟာ အလွန်ကို အရေးပါမှန်း သိသာပါတယ်။ သဘောထားချင်း မတိုက်ဆိုင်လို့ အချင်းများမိရင် စိတ်လှုပ်ရှားမှု နှလုံးစည်းချက်ဟာ အလွန်ကိုမြန်သွားပါတယ်။  လှုပ်ရှားနေတဲ့ စိတ်ကို မထိန်းနိုင်ရင် အလွန်ကို စိတ်ပျက်ဖွယ်ရာ တွေဖြစ်လာပြီး စိတ်မသက်မသာဖြစ်မှုကတစ်ဆင့်  တစ်ဦးနဲ့တစ်ဦးကြားမှာ ခါးသီးတဲ့နာကျင်မှုတွေ အထိ ရောက်ရှိသွားနိုင်ပါတယ်။

နားလည်မှုမှသည် ယုံကြည်မှုဆီသို့

ဒီအချိန် မိမိစိတ်ကို ထိန်းချုပ်နေတဲ့ ခဏလေး အတွင်းမှာ   “သူ့ကိုကိုယ်ချင်းစာပြီး    ကိုယ်က နားလည်မှုပေးရမယ်၊ သူ့ဆီကလည်း နားလည်မှု ရအောင် ကိုယ်ကလုပ်ရမယ်” ဆိုတဲ့ အတွေးလေး ဝင်လာပါစေ။ နားလည်မှုဆိုတဲ့   အချက်ကို များများလေ့ကျင့်ပေးပါ။ ကိုယ့်ဘက်က နားလည်မှု များများပေးလေ ကိုယ့်အပေါ် သူ့ရဲ့ယုံကြည်မှု ရလာလေလေဆိုတာ တွေ့ရပါလိမ့်မယ်။ နားလည်မှုမှ ယုံကြည်မှုသို့ ဆိုသလိုပေါ့။ ယုံကြည်မှုရလေလေ    တစ်ဦးနဲ့တစ်ဦးကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်လာနိုင်လေပါပဲ။ လိုချင်တာက ကောင်းမွန်နွေးထွေးပြီး ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ဖို့ပဲ မဟုတ်ပါလား။

စိတ်ဖိစီးမှုကို အလျင်အမြန်ဖြေရှင်းပါ  

ပြဿနာကို ရင်ဆိုင်နေစဉ်မှာနဲ့ သဘော ကွဲလွဲမှုကို   ဖြေရှင်းနေခိုက်မှာ မိမိဘက်က ကြောင့်ကြမှု၊ သောကနဲ့  ဖိစီးမှုတွေရှိနေရင် အလုပ်မဖြစ်ပါဘူး။ ဖိစီးမှုတစ်ခုခုရှိနေရင် သူ့ရဲ့စိတ်၊ သူ့ရဲ့အပြုအမူ၊ မျက်နှာပေး၊  ကိုယ်နေဟန်ထား၊ လက်ဟန်ခြေဟန်၊ အသံအနိမ့်အမြင့် စတာကို ဖတ်ဖို့ မလွယ်ပါဘူး။ သူဘာတွေပြောနေလဲ။  မကြားနိုင်ပါဘူး။ ဖိစီးမှုက သူ့ရဲ့လိုလားချက်ထက် ကိုယ့်ရဲ့ခံစားမှုကိုသာ ရှေ့တန်းတင်နေလို့ ဖြစ်ပါ တယ်။ အလွန်ကို ဖိစီးမှုများသွားရင် ကိုယ့်ရဲ့ အဓိကရင်းမြစ် ရည်ရွယ်ချက်တောင် ပျောက်သွားတတ်ပါတယ်။      ပြောဆိုဆက်ဆံရာမှာလည်း ရှင်းရှင်းလင်းလင်း မရှိနိုင်တော့ပါဘူး။

ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုပင်လျှင် ကိုယ့်ရဲ့ တကယ့်ကိုယ်ပိုင်အဇ္ဈတ္တပြဿနာတစ်ခု  ဖြစ်‌နေ ပါလားဆိုတာကို သတိထားမိတဲ့သူ ရှားပါတယ်။ အမြဲတမ်းဖိစီးမှုနဲ့ချည်း လုံးချာလိုက်နေတဲ့သူဆို ပိုဆိုးတာပေါ့။ မိမိမှာ စိတ်ဖိစီးမှုဖြစ်နေသလား။ အကဲခတ် ဆန်းစစ်ကြည့်လို့ရပါတယ်။ တင်းကျပ်နေတဲ့ မိမိခန္ဓာအနေအထား၊  အသက်ရှူမြန်နေ သလောက်  ရင်ဘတ်၊  ဗိုက် လှုပ်ရှားမှုကလည်း မြန်နေတာမျိုး၊  ဒီအချက်တွေဟာ  မိမိမှာဖြစ်နေ တဲ့ စိတ်ဖိစီးမှုကိုပြနေတာပါပဲ။ တစ်ခါတလေ ဖိစီးမှုရှိနေရင် ရည်မှန်းချက်လိုရာမရောက်၊ အာရုံစိုက်လို့မရ၊   အချိန်ကုန်လူပန်း ဖြစ်တတ်တယ်။ သတိပြုရမယ့် စိတ်ဖိစီးမှုလက္ခဏာရပ်တွေ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေ ကိုယ့်ဆီမှာ သို့မဟုတ် သူ့ဆီမှာရှိနေရင် သတိကပ်အခြားအာရုံတစ်ခုခုကို ခေတ္တပြောင်းပေးနိုင်ပါတယ်။ ဒီလိုနဲ့ ဖိစီးမှုကို အချိန်တိုအတွင်း   ဖြေလျှော့ပေးနိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

မတူတဲ့ခံစားချက်တွေကိုသာ ဖလှယ်နိုင်ကြပြီဆိုရင်

ကိုယ့်ရဲ့စိတ်ဖိစီးမှုအပြင် တစ်ဦးနဲ့တစ်ဦး ခံစားချက်ကို နားလည်သဘောပေါက်၊ သဘော ပေါက်နိုင်စွမ်း Emotional awareness လည်း လိုအပ်ပါတယ်။ တစ်ဦးခံစားချက်တစ်ဦး နားလည်မှ သူ့ရဲ့ဒုက္ခနဲ့ တကယ့်ပြဿနာကို နားလည်နိုင် မှာဖြစ်သလို သူဖြစ်ချင်တာကိုပါ သိရမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်မှာကော   ဘာအနှောင့် အယှက် ဖြစ်နေတာလဲ။ သိလာမှ ကိုယ့်ကိုယ်ကိုယ် နားလည်လာမှာဖြစ်ပါတယ်။ ခံစားချက်အသီးသီး ကို ဖလှယ်နိုင်စွမ်းရှိတာဟာ ပဋိပက္ခကိုဖြေရှင်းဖို့ တွန်းအားတစ်ခုဖြစ်လာစေပါတယ်။ ဒီလိုနဲ့ အဆုံးမှာ    တစ်ဦးနဲ့တစ်ဦး ဘယ်လိုဆက်ဆံ ဆက်သွယ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိသွားခြင်းအားဖြင့် ပဋိပက္ခကို  အောင်အောင် မြင်မြင် ဖြေရှင်းဖို့လမ်းစကို တွေ့သွားနိုင်ပါပြီ။

နောက်ဆုံးအချက်အနေနဲ့တော့ မှာချင်တာ တစ်ခုက ခွင့်လွှတ်တတ်ဖို့နဲ့ ခွင့်လွှတ်နိုင်ဖို့ပါပဲ။ ခွင့်မလွှတ်နိုင်ခြင်းဟာ ပဋိပက္ခကိုဖြေရှင်းရာမှာ ကြန့်ကြာနိုင်လို့ဖြစ်ပါတယ်။ ခွင့်လွှတ်ပြီး ထိပ်တိုက် ရင်ဆိုင်မှုမပြုဖို့နဲ့ တစ်ခါတလေ ဟာသဉာဏ်လေး နဲ့   ရယ်ရယ်မောမော   သဘောကွဲလွဲမှုတွေကို ဖြေရှင်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အပြုံးကို ပေးခြင်းဟာ  ပျော်ရွှင်မှုကိုပေးစွမ်းပြီး ပြဿနာကို ဘောင်ခတ် ဖိအားကိုလျော့ ဒေါသကို ပြေစေပါ တယ်။ ဒီလိုစွမ်းရည်တွေကိုသာ ပိုင်ဆိုင်နေမယ်ဆိုရင် ပြဿနာဘယ်လိုရှိရှိ၊ သဘောထားတွေ ဘယ်လိုကွဲကွဲ    တစ်ဦးနဲ့တစ်ဦး နီးစပ်သွားပြီး ပဋိပက္ခမှသည် ရင်းနှီးမှု၊ ချစ်ခင်မှုမှသည် စည်းလုံးခြင်းဆီသို့ပါ သယ်ဆောင်သွားနိုင်တဲ့ အခွင့်အလမ်း ကောင်းတစ်ခုရရှိလာမှာ ဖြစ်ပါကြောင်း ရေးသား တင်ပြရင်းနဲ့ ပဋိပက္ခမှန်သမျှ ငြိမ်းချမ်းစွာဖြေရှင်း နိုင်စွမ်းရှိတဲ့ ငြိမ်းချမ်းရေးတည်ဆောက်သူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။       ။