Skip to main content

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းသုံးမြို့ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ)

နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံအလိုက် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအမွေအနှစ်/ အရင်းအမြစ်များ အသီးသီးရှိကြသည်။ ဖော်ပြပါ ရှေးဟောင်းယဉ်ကျေးမှု   အမွေအနှစ်များသည် သက်ဆိုင်ရာနိုင်ငံတို့၏   ယဉ်ကျေးမှုနှင့်   သမိုင်း သက်တမ်း၊ ယဉ်ကျေးမှုထွန်းကားတိုးတက်လာမှု၊ အနုပညာလက်ရာ၊ သမိုင်းတန်ဖိုးတို့ကို ညွှန်ပြလျက် ရှိပါသည်။

မိမိတို့နိုင်ငံ၏  အမျိုးသားယဉ်ကျေးမှု အမွေ အနှစ်တို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့  တင်သွင်း ခြင်းအားဖြင့် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်     လေးစားတန်ဖိုးထားကြစေရန် ရည်ရွယ်ပါသည်။     သို့ဖြစ်၍     မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များမှ ကမ္ဘာ့အမွေအနှစ် ဖြစ်ထိုက်သော မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ကို  စာရင်းပြုစုခြင်း၊  ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းခြင်း စသည့်လုပ်ငန်းများကို နိုင်ငံတော်က ဆောင်ရွက်လျက်ရှိပါသည်။

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ကြီး (UNESCO− United Nations of Educational, Scientific and Cultural Organization) သည် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းကိစ္စတို့ကို ဆောင်ရွက် လျက်ရှိသော အပြည်ပြည်ဆိုင်ရာအဖွဲ့ကြီး ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိအမွေအနှစ်များကို အမွေအနှစ်တည်ရှိရာ   နိုင်ငံတစ်နိုင်ငံတည်းက သာမကဘဲ  နိုင်ငံတကာကပါ အသိအမှတ်ပြု လက်ခံကာ ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းနိုင်ရန် အတွက်  ယူနက်စကို (UNESCO) အဖွဲ့ကြီးက ကြီးမှူးဆောင်ရွက်လျက်ရှိပါသည်။

ယူနက်စကိုအဖွဲ့ကြီးသည်  ကမ္ဘာပေါ်ရှိ   နိုင်ငံအသီးသီး၏ အမွေအနှစ်များအတွက်  ၁၉၇၂ ခုနှစ် တွင် အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုညီလာခံကြီးကို ကျင်းပခဲ့ပါသည်။ ယင်းညီလာခံကြီး၏  အဓိကအကြောင်းရင်းမှာ  ကမ္ဘာပေါ်ရှိ   ယဉ်ကျေးမှု အမွေအနှစ်နှင့်      သဘာဝအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းနိုင်ရန်  (the Protection of the World Cultural and Natural Heritage) အတွက် နိုင်ငံအသီးသီးတို့က သဘောတူညီမှုရရှိ စေရန် ဆောင်ရွက်ခဲ့သည့် ညီလာခံကြီးဖြစ်သည်။ မြန်မာနိုင်ငံသည် ဖော်ပြပါညီလာခံမှ သဘောတူ ဆုံးဖြတ်ခဲ့သောစာချုပ်ဖြစ်သည့်  “Convention Concerning the Protection of the World Cultural and Natural Heritage 1972 (WHC Convention, 1972)” ကို ၁၉၉၄ ခုနှစ် ဧပြီလ  ၂၄ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့်  အတွက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အဆိုပြုတင်သွင်းမှုလုပ်ငန်းစဉ်

ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းတင်သွင်း မည့်နိုင်ငံသည် မိမိအဆိုပြုတင်သွင်းမည့် ယဉ်ကျေး မှုဆိုင်ရာ(သို့မဟုတ်)   သဘာဝဆိုင်ရာ    ထူးခြား ထင်ရှားသည့်နေရာဒေသများကို   ဦးစွာရှာဖွေ လေ့လာပြုစုမှုများ  ဆောင်ရွက်ရမည်။   ယင်းပြုစု ထားသော  အဆိုပြုတင်ပြလွှာကို ပဏာမစာရင်း (Tentative List) တင်သွင်းမှုဆောင်ရွက်ရပါသည်။ ပဏာမစာရင်း တင်သွင်းထားခြင်းမရှိသော နိုင်ငံ သည် ယင်းနိုင်ငံ၏ အမွေအနှစ်များကို ကမ္ဘာ့အမွေ အနှစ်အဖြစ်  အဆိုပြုတင်သွင်းခွင့်   မရနိုင်ပေ။ ထို့နောက် တင်သွင်းလာသော  အဆိုပြုနေရာဒေသ များကို   ကမ္ဘာ့အမွေအနှစ်ကော်မတီ  (World

Heritage Committee) ၏ သဘောတူဆုံးဖြတ်ချက် များဖြင့် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ကာ စာရင်းဝင်နိုင်ငံဖြစ်စေပါသည်။

တင်သွင်းလာသော   အဆိုပြုတင်ပြလွှာကို (ICOMOS- International Council in Monument and Sites) အဆောက်အအုံနှင့် နေရာဒေသဆိုင်ရာ အပြည်အပြည်ဆိုင်ရာကောင်စီနှင့် IUCN (International   Union  for  Convention of Nature) သဘာဝအမွေအနှစ်ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာသမဂ္ဂတို့က အကဲဖြတ်ဆုံးဖြတ်မှုများ ဆောင်ရွက်ပါသည်။ ယင်းအဖွဲ့အစည်းများ၏ ထောက်ခံချက်များဖြင့်    အဆိုပြုတင်ပြလွှာကို ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ တင်သွင်းပါသည်။ ကမ္ဘာ့ အမွေအနှစ်ဗဟိုသည် တင်ပြလာသော  အဆိုပြုတင်ပြလွှာကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်သွင်း ပါသည်။ ယင်းကော်မတီသည် တင်ပြလာသော အဆိုပြုတင်ပြလွှာများကို အတည်ပြုသင့်/မသင့်ကို  တစ်နှစ်လျှင်တစ်ကြိမ်   အစည်းအဝေး ဆုံးဖြတ်မှုများ ဆောင်ရွက်ပါသည်။ တစ်ခါတစ်ရံ တွင် တင်ပြ အဆိုပြုလွှာ၌ လိုအပ်ချက်များရှိပါက ယင်းအဆိုပြုလွှာကို အတည်ပြုခြင်းမရှိသေးဘဲ ပြန်လည်ပြင်ဆင် ဆောင်ရွက်နိုင်ရန် ရွှေ့ဆိုင်းပါသည်။  အဆိုပြုတင်ပြလွှာများကို   အမွေအနှစ် အမျိုးအစားပေါ်မူတည်၍  သက်ဆိုင်သည့်စံနှုန်း သတ်မှတ်ချက်များဖြင့် တိုက်ဆိုင်သုံးသပ်အတည်ပြုမှုကို လုပ်ဆောင်ပါသည်။

ကမ္ဘာ့အမွေအနှစ်စံနှုန်းများ (World Heritage Criteria)

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန်အတွက် စာရင်းတင်သွင်းထားသောဒေသ    (သို့မဟုတ်) နေရာသည် လူသားအားလုံးအသိအမှတ်ပြုနိုင်သော တန်ဖိုးရှိရန်လိုအပ်သကဲ့သို့ သတ်မှတ်ထားသော စံနှုန်းများ နှင့်လည်း အနည်းဆုံးတစ်ချက်ကိုက်ညီရန် လိုအပ်ပါသည်။ ၂၀၀၄ ခုနှစ်ကုန်ပိုင်းအထိ ကမ္ဘာ့ယဉ်ကျေးမှု  အမွေအနှစ်ဒေသ(သို့မဟုတ်)နေရာများအတွက် စံနှုန်းသတ်မှတ်ချက်ခြောက်ချက်နှင့် ကမ္ဘာ့သဘာဝ အမွေအနှစ် နေရာဒေသများအတွက် စံနှုန်းသတ်မှတ်ချက် လေးချက်အပေါ် မူတည်ကာ ရွေးချယ် ကြပါသည်။ ၂၀၀၅ ခုနှစ်တွင် ယင်း ၁၀ ချက်စလုံးကို  တပေါင်းတစည်းတည်း အထူးပြုကာ သတ်မှတ်ခဲ့ပါသည်။ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ သဘောတူညီမှုညီလာခံတွင် နိုင်ငံအသီးသီးက တင်သွင်း လာသော အမွေအနှစ်များကို စံနှုန်းသတ်မှတ်ချက်များနှင့် တိုက်ဆိုင်စစ်ဆေး ဆုံးဖြတ်မှုများ ဆောင်ရွက်ကြပါသည်။ အမွေအနှစ်များကို အတည်ပြုသတ်မှတ်ရာတွင် အမွေအနှစ်အမျိုး အစားများအလိုက် ခွဲခြားသတ်မှတ်ရသည်။   ကမ္ဘာ့ အမွေအနှစ်များအဖြစ် သတ်မှတ်ရာတွင် ယဉ်ကျေး မှုအမွေအနှစ်၊ သဘာဝအမွေအနှစ်နှင့် ယဉ်ကျေးမှု နှင့် သဘာဝ ရောယှက်အမွေအနှစ်ဟူ၍ ခွဲခြားနိုင်ပါ သည်။

လူသားအားလုံးအသိအမှတ်ပြုနိုင်သောတန်ဖိုး (Outstanding Universal Value)

လူသားအားလုံး အသိအမှတ်ပြုနိုင်သောတန်ဖိုး (Outstanding  Universal  Value) ဆိုသည်မှာ  ယဉ်ကျေးမှု(သို့မဟုတ်)  သဘာဝ (သို့မဟုတ်) ရောယှက်လျက်ရှိသည့် ယဉ်ကျေးမှုနှင့် သဘာဝတို့သည်   အမျိုးသားရေးအဆင့်အနေဖြင့် ဖြစ်ပြီး ဖြစ်စဉ်ထက် သာလွန်တည်ရှိနေပြီး မျက်မှောက်ခေတ်ကာလနှင့်    နောင်အနာဂတ် မျိုးဆက်သစ်လူသားမျိုးနွယ်များအတွက် အရေးပါသောအရာအဖြစ်   တည်ရှိနေသော အရာများကို သတ်မှတ်သည်။

ထူးခြားထင်ရှားသည့် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး 

မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းဖြစ်စဉ်အဆင့်တွင် ဖြစ်တည်ပေါ်ထွန်းခဲ့သော ယဉ်ကျေးမှုအမွေအနှစ် ဒေသ ကမ္ဘာ့အ​မွေအနှစ်စာရင်းသတ်မှတ်နိုင်ရန် အတွက် ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်း ၁၉၇၂ (WHC-1972)၏ သတ်မှတ်ပြဋ္ဌာန်းထားသော စံတန်ဖိုး (Criteria) ရှိကြောင်း၊ ကိုက်ညီမှုရှိကြောင်း ရွေးချယ်ဆုံးဖြတ်တင်ပြရပါသည်။ ဖော်ပြပါ စံတန်ဖိုး သတ်မှတ်ချက်ပေါ်မူတည်၍  မြေပေါ် မြေအောက်   အထောက်အထား    (Tangible Evidence)တို့နှင့်ဆက်စပ်ညှိနှိုင်း၍ ရေးသားဖော်ပြ ရပါသည်။

ပျူမြို့ဟောင်းများရှိ Criteria နှင့်ကိုက်ညီမှုများ

Criteria (ii) Interchange ခေါ်  ဒေသတွင်း ယဉ်ကျေးမှုဖြစ်ပေါ်ပြောင်းလဲခြင်းကို ကိုယ်စားပြု ဖော်ပြခြင်း၊ တစ်နည်းအားဖြင့် Transmission of Buddhism Across Southeast Asia ဆိုသည့်အတိုင်း    အရှေ့တောင်အာရှဒေသကြီး အတွင်း၌ ဗုဒ္ဓဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု စတင်ခဲ့သော  ရှေးဟောင်းမြို့ပြများအဖြစ် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့က ကိုယ်စားပြုဖော်ပြနိုင် ပါသည်။ ရှေးဦးမြို့ပြယဉ်ကျေးမှု မထွန်းကားမီက အရှေ့တောင်အာရှဒေသသည် ရာစုနှစ်ပေါင်းများစွာ ကြာသည်အထိ ကြေးခေတ်၊ သံခေတ်  ယဉ်ကျေးမှု များဖြင့်  တည်ရှိခဲ့ပါသည်။   ၎င်းယဉ်ကျေးမှုကို Chiefdom Culture ခေါ်  အကြီးအကဲအုပ်ချုပ်မှု စနစ်၊ ကျေးရွာများ လူမျိုးစုအလိုက် ပျံ့နှံ့အခြေချ နေထိုင်သော ကျေးလက်လူမှုအဖွဲ့အစည်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးကိုအားပြုသော စီးပွားရေးပုံစံနှင့် တမလွန်ဘဝ ယုံကြည်မှု၊ ဘိုးဘွားအစဉ်အဆက်ကို ရိုသေကိုးကွယ်ကိုင်းရှိုင်းမှု၊ နတ်ကိုးကွယ်မှု စသည့် ဓလေ့ထုံးတမ်းအစဉ်အလာများ ထွန်းကားသော လူမှုဓလေ့တို့ရှိခဲ့ပါသည်။ ယင်းကဲ့သို့ ကျေးလက် ဓလေ့ လူမှုအဖွဲ့အစည်းအတွင်းသို့ အိန္ဒိယယဉ်ကျေး မှုဓလေ့များ   မောရိယခေတ်နောက်ပိုင်း (BC  ၃ ရာစု၊ ၂ ရာစု)မှာ   ဝင်ရောက်လာခဲ့ပါသည်။     BC ၂ ရာစုခန့်မှစ၍ အရှေ့တောင်အာရှ လူ့အဖွဲ့အစည်း တွင် ဝင်ရောက်လာသော  ဗုဒ္ဓယဉ်ကျေးမှုအခြေခံ ဓလေ့သည် ပျူမြို့ပြနိုင်ငံများကို ပေါ်ထွန်းလာစေခဲ့ ပြီး ဒေသတွင်းရှိ အုပ်ချုပ်သူ လူတန်းစားနှင့် သာမန် ပြည်သူအားလုံးကို တူညီသောယုံကြည်သက်ဝင်မှု ဖြစ်ပေါ်စေခဲ့ပါသည်။

ဤသို့ အရေးပါသော လူမှုဓလေ့အပြောင်းအလဲနှင့် နောက်ပိုင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ချိန်ကာလတွင် ပျူမြို့ဟောင်း များသည် အထင်ရှားဆုံးနှင့်   အဓိကကျသည့် အစောဆုံး   ဗုဒ္ဓယဉ်ကျေးမှုအခြေခံမြို့တော်များ အဖြစ် အရှေ့တောင်အာရှဒေသတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်းက ရပ်တည်နိုင်ခဲ့ပါ သည်။ ပျူမြို့ပြယဉ်ကျေးမှုနှင့်အတူ   စီးပွားရေး၊ လူမှုဓလေ့၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအပါအဝင်လူမှု၊ စီးပွားလက္ခဏာရပ်များ အားလုံးသည် အသွင်သစ်၊ ပုံစံသစ်တို့ဖြင့် ဒေသဆိုင်ရာတွင် အစောဆုံး၊ အကြီးကျယ်ဆုံး၊ သက်တမ်း အရှည်ဆုံးအဖြစ်         တည်တံ့နိုင်ခဲ့ပါသည်။ ပျူမြို့ဟောင်းတို့၏ သက်တမ်းသည် ဘီစီ ၂ ရာစုမှ  အေဒီ ၉ ရာစုအထိ ထောင်စုနှစ်တစ်ခုစာ သက်တမ်း ကြာရှည်ခဲ့ပါသည်။

Criteria (iii) Testimony ခေါ် သက်သေအထောက်အထား ခိုင်လုံမှုဆိုသည့် အမျိုးအစားတွင် ပျူမြို့တော်ဟောင်းများသည် အရှေ့တောင်အာရှ၏ ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသော အစောဆုံးမြို့ပြ ယဉ်ကျေးမှုဖြစ်သည်ဆိုသော သမိုင်းဝင်အထောက် အထားပင်ဖြစ်ပါသည်။   ဤသမိုင်းဝင်အထောက် အထားတွင်   ပညာရေးစနစ်နှင့် လူ့ဘောင်တည် ဆောက်မှုတို့  ပြိုင်တူတိုးတက်ဖြစ်ထွန်းလာခဲ့သော အထောက်အထားပုံစံဖြစ်ပါသည်။

ပျူမြို့တော်များတည်ရှိသည့် ဧရာဝတီမြစ်ဝှမ်း ဒေသသို့ အိန္ဒိယနိုင်ငံ မဇ္စျိမဒေသမှတစ်ဆင့် ဗုဒ္ဓ ယဉ်ကျေးမှုရောက်ရှိလာရာတွင်   ကုန်သွယ်ရေး၊ သာသနာပြုအဖွဲ့၊ အထူးအားဖြင့် ရဟန်းသံဃာများ နှင့်  ဗုဒ္ဓအဆုံးအမ၊ တရားဓမ္မ၊ ပိဋကတ်တော်တို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ပျူမြို့တော်များတွင် တွေ့ရှိရသော ဘာသာစာပေနှင့် ကမ္ပည်းကျောက်စာ မှတ်တမ်းအထောက်အထားသည်    အိန္ဒိယ ဗြဟ္မီ အက္ခရာကိုလက်ခံ၍ တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင် ကျင့်သုံးရေးသားတီထွင်ထားသော    ပျူအက္ခရာ အရေးအသားများဖြစ်ပါသည်။ ထို့ကြောင့် ပျူစာပေ အရေးအသား ပျူအက္ခရာဟု ဖော်ပြနိုင်ခြင်းဖြစ်ပါ သည်။  ပျူယဉ်ကျေးမှုကာလအတွင်း   ပျူစာပေ သင်ကြားတတ်မြောက်မှုသည်  ဘုန်းကြီးကျောင်း ပညာရေးနဲ့အတူ ရှိခဲ့ပါသည်။ ၎င်းပညာရေးစနစ် နှင့်အတူ ပြုပြင်ပြောင်းလဲနိုင်လိုက်သော ပျူတို့၏ လူမှုအဖွဲ့အစည်း   ပုံစံအသစ်၊      စိုက်ပျိုးရေးနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုများ၊   အုတ်အခြေခံ ဘာသာရေးအဆောက်အအုံများနှင့် ထူးခြားသည့် အရိုးအိုး မြှုပ်နှံသင်္ဂြိုဟ်မှုတို့ကို ဆက်လက်တွေ့ရှိလာ ခဲ့ရပါသည်။

Criteria (iv) Typology အမျိုးအစားသည် အမွေအနှစ်၏   ပုံသဏ္ဌာန်ကို   ဖော်ပြခြင်းဖြစ်ပါ သည်။ ပျူမြို့တော်များသည် innovative urban prototypes ခေါ် အရှေ့တောင်အာရှဒေသကြီး တစ်ခုလုံး၏     စဦးတီထွင်တည်ဆောက်ခဲ့သည့် ရှေ့ပြေးမြို့ပြကြီးများ ဖြစ်ပါသည်။ ၎င်းမြို့ကြီးများတွင် သဘာဝ ရင်းမြစ်များအပေါ် နည်းစနစ်တကျ ဖန်တီးတည်ဆောက်နိုင်သည့် နည်းပညာများ ရေသွင်း၊   ရေထုတ်နှင့် ရေအသုံးချမှုစနစ်များ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အုတ်များထုတ်လုပ်ခြင်း၊ သံထည်ပစ္စည်းကိရိယာ ထုတ်လုပ်ခြင်းများကို တွေ့ရှိလာရပါသည်။ ပျူတို့၏ မြို့ပြစနစ်နှင့် မြို့ပြအခင်းအကျင်းများ၊  ဘာသာရေးနှင့်   အခြား သောအဆောက်အအုံဆောက်လုပ်ခြင်း   ရှေ့ပြေး မြို့ပြစီမံကိန်းများ   ဖန်တီးချမှတ်နိုင်ခြင်း  စသော လက္ခဏာရပ်များသည် နောက်ဆက်တွဲပေါ်ပေါက် လာသည့်   အရှေ့တောင်အာရှရှိ  ရှေးဟောင်းမြို့ပြ နိုင်ငံများအ​ပေါ်       သြဇာသက်ရောက်စေခဲ့ပါ
သည်။

ပျူမြို့ဟောင်းသုံးမြို့၏တန်ဖိုးကို ဖော်ပြပေး လျက်ရှိသည့် ရုပ်ဝတ္ထုပစ္စည်း အကြွင်းအကျန်များ သည် ပျူယဉ်ကျေးမှုကြီး၏ အစ၊ အလယ်၊ အဆုံးကို ထင်ဟပ်ဖော်ပြပေးနေပါသည်။ ၎င်းပျူယဉ်ကျေးမှုရှိ အိန္ဒိယဗြဟ္မီအက္ခရာ အခြေခံမှတစ်ဆင့် ပေါက်ဖွား လာသော ပျူစာပေအရေးအသားသည်  ပျူဗုဒ္ဓ ဘာသာ ပိဋကတ်တော်များကို ရေးသားနိုင်ရုံမျှမက ပျူလူမျိုးစုတို့၏ ဒေသိယဘာသာစကားများကိုပါ မှတ်တမ်းတင် ရေးသားလာနိုင်ခဲ့ပါသည်။ ဗုဒ္ဓသာသနိကဆိုင်ရာ ကျောင်းကန်ဘုရားများတည်ဆောက်မှု တစ်မူထူးခြားသည့် ပျူတို့၏အရိုး အိုးကုန်းအဆောက်အအုံ ဓလေ့၊ ကျွမ်းကျင်သည့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုတို့မှ ပေါ်ပေါက်လာသည့် စိုက်ပျိုးရေးထွက်ကုန်၊ စားနပ်ရိက္ခာဖူလုံမှုတို့နှင့်အတူ  နည်းစနစ် အမျိုးမျိုးဖြင့်  ထုတ်လုပ်ရသော သတ္တုထည်၊ ကျောက်မျက်ရတနာပစ္စည်းများ အစရှိ သည့် လူသုံးကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက် ကားခဲ့သည့် ခရီးဝေးကုန်သွယ်မှုတို့ပါ ထွန်းကား ခဲ့ပါသည်။

ပျူတို့၏ သက်တမ်းရှည်ကြာပြီးဖြစ်သည့် လူမှုစီးပွားဘဝတည်ငြိမ်မှုသည်    နောက်တစ်ဆင့် အားဖြင့်      တီထွင်ဖွံ့ဖြိုးမှုအခြေခံများဖြစ်သည့် အဆောက်အအုံ ဆောက်လုပ်မှုနည်းပညာ၊ မြို့ပြ စီမံကိန်း၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုတို့ကိုပါ တိုးတက်လာစေခဲ့ပါသည်။ ပထမထောင်စုနှစ်၏ အစောပိုင်း ကာလများအတွင်း ပျူတို့တည်ဆောက်ခဲ့ သည့် မြို့ပြပုံသဏ္ဌာန်နှင့် ယဉ်ကျေးမှုဓလေ့များသည် နောက်ထပ်ပေါ်ထွန်းလာသော မြန်မာ့ရှေး ဟောင်းမြို့များသာမက ပိုမိုကျယ်ဝန်းသော အရှေ့ တောင်အာရှ၏  ရှေးဟောင်းမြို့ပြများကိုပါ  သြဇာ သက်ရောက်စေခဲ့ပါသည်။

သမိုင်းတန်ဖိုးနှင့် ယဉ်ကျေးမှုလက္ခဏာ

ပျူမြို့ဟောင်းများသည် မြန်မာနိုင်ငံတွင် အစောဆုံး မြို့ပြတည်ထောင်ခဲ့ကြသော ပျူယဉ်ကျေးမှု စတင်ရာဖြစ်သည်။ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာကို စတင်အခြေပြု လက်ခံခဲ့ပြီး   ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် ဆက်လက်ရှင်သန်တည်ရှိလျက်ရှိသည်။ ဗုဒ္ဓဘာသာနှင့်ဆက်နွှယ်၍       ကိုးကွယ်မှုဆိုင်ရာဗိသုကာ အနုပညာလက်ရာများအဖြစ် အုတ်ဖြင့် တည်ဆောက်ထားသော  စေတီ၊ ဘုရား၊ ကျောင်း၊ သိမ် စသည့် ပျူဘာသာစကားနှင့် ပန်းဆယ်မျိုး အနုပညာလက်ရာများသည် ပျူခေတ်မှသည် ယနေ့မျက်မှောက်ကာလအချိန်အထိ ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ထို့ပြင် မြို့ပြ တည်ဆောက်မှု ဗိသုကာ အတတ်ပညာတွင်လည်း မြို့ပြတည်ဆောက်ရာမြေ၊ သဘာဝ ပတ်ဝန်းကျင် ရွေးချယ်မှု၊ မြို့ရိုးမြို့တာ၊ မြို့ဝင်ပေါက်များ၊ ကျုံး၊ နန်းတော်ရာ၊ ပျူတိုက်များ စသည့် ထူးခြား ထင်ရှားသော ဝိသေသလက္ခဏာများ ရှိနေကြောင်း တွေ့ရှိနိုင်ပါသည်။

မြို့ပြနိုင်ငံများသည် အရှေ့တောင်အာရှဒေသအတွင်း  ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေခံ၍ ပထမဆုံး ပေါ်ထွန်းလာခဲ့သော မြို့ပြနိုင်ငံများအဖြစ် အရေးပါသော ပြောင်းလဲမှုတစ်ရပ်ကို ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့ပါသည်။ ပျူယဉ်ကျေးမှုဖြစ်တည်ပေါ်ထွန်းခဲ့သော  လူမှုစီးပွားရေးဓလေ့   အထောက် အထားအဖြစ် ရေသွင်းစိုက်ပျိုးရေးလုပ်ငန်းများ၊ သတ္တုအခြေခံ ထုတ်လုပ်မှုဖြစ်သော ငွေ၊ ကြေးဒင်္ဂါး များသုံးစွဲခြင်းနှင့်   ကိရိယာတန်ဆာပလာများ ထုတ်လုပ်ခြင်း၊ ရှေးခေတ် နိုင်ငံတကာဆက်ဆံရေး နှင့်  ကုန်သွယ်မှုအထောက်အထားများ၊   အုတ်အသုံးပြု၍  မြို့ပြတည်ဆောက်မှုနှင့်   ဘာသာရေး ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်မှုဆိုင်ရာ ဗိသုကာပညာတို့သည် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်တန်ဖိုးကို   ဖော်ညွှန်းလျက်ရှိပါသည်။ ထို့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနသည် ပျူယဉ်ကျေးမှုအမွေအနှစ်များအနက်မှ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းများကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်သို့ တင်သွင်းနိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှု) အတွက် သတ်မှတ်ထားသည့်စံနှုန်းများ

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (ယဉ်ကျေးမှု)ဖြစ်ရန်အတွက် သတ်မှတ်ထားသော စံနှုန်း (Criteria) ခြောက်ချက်ရှိရာ  ယင်းတို့မှာ  အောက်ပါ အတိုင်းဖြစ်ပါသည် -

(က)    လူသားများ၏ ဖန်တီးပြုလုပ်ထားသော ယဉ်ကျေးမှု    သမိုင်းတစ်လျှောက်တွင် တုနှိုင်းမရသော၊    စံပြုလောက်သော၊ ဂန္ထဝင်တွင်သော ပြောင်မြောက်လှသည့် လက်ရာများ၊

(ခ)     လူသားများ၏တန်ဖိုးကို   ပြောင်းလဲစေ သော  အရေးပါမှု၊   အချိန်ကာလတစ်ခု အတွင်း (သို့မဟုတ်) ယဉ်ကျေးမှုဒေသ တစ်ခုအတွင်း   ဗိသုကာလက်ရာ (သို့မဟုတ်) နည်းပညာ၊   အဆောက်အအုံ အနုပညာ (သို့မဟုတ်) မြို့တည်ဖွဲ့မှုနှင့် သဘာဝရေမြေပုံစံများ တိုးတက် ပြောင်းလဲလာမှု၊

(ဂ)     တည်ရှိနေဆဲဖြစ်သော (သို့မဟုတ်) ကွယ်ပျောက်သွားခဲ့သော   ယဉ်ကျေးမှု ဓလေ့ (သို့မဟုတ်) မြို့ပြယဉ်ကျေးမှုတစ်ခု ၏ အတုမရှိမှု (သို့မဟုတ်) ပြယုဂ်တစ်ခု အနေဖြင့်ကျန်ရှိနေမှု၊

(ဃ)    လူ့သမိုင်းတွင်သိသာထင်ရှားရသော အဆင့်အတန်း (သို့မဟုတ်)  ထိုထက်ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံ များ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊

(င)     လူသားအားလုံး  အသိအမှတ်ပြုလက်ခံနိုင်သော သဘာဝတရားအရဖြစ်ပေါ်လာသော  ယဉ်ကျေးမှုနှင့်   လူသားများ၏ အခြေချနေထိုင်ခဲ့မှု၊     ပင်လယ်များကို အသုံးချခဲ့မှု၊

(စ)     လူသားအားလုံး  အသိအမှတ်ပြုလက်ခံ နိုင်သော အရေးပါထင်ရှားမှုများ၊ ရှင်သန် နေဆဲ ထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်မှု၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ။

(ဆက်လက်ဖော်ပြပါမည်)

မောင်ဇော်(ရှေး/သု)