လူသုံး၊ အိမ်သုံးပစ္စည်းအတု ပြဿနာ
ပြီးခဲ့တဲ့ စနေနေ့က မြန်မာဟာသ ဗီဒီယိုကားလေး တစ်ခု ကို ကြည့်ဖြစ်တယ်။ ဇာတ်လိုက်က ဆင်းရဲသားဖြစ်တဲ့ သူ့ကို စွန့်ခွာပြီး မိဘတွေအတင်းစီစဉ်လို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ သူဌေးသားတစ်ဦးကို လက်ထပ်ခါနီး မျက်ရည် ခံထိုးလာတဲ့ သူ့ချစ်သူကို ရင်နာနာနဲ့ မင်းငါ့ကို အချစ်တု၊ မေတ္တာတု၊ သံယောဇဉ်တုတွေနဲ့ သစ်မရှိခင် ဝါးပေါင်းကွပ် သဘောနဲ့တွဲခဲ့တာ မဟုတ်လား။ အခုမှမျက်ရည်တုတွေ သုံးပြီး တယောထိုးမနေပါနဲ့တော့၊ ငါ့အချစ်တွေ၊ ငါ့မေတ္တာ တွေနဲ့ ဝေးရာကို ထွက်သွားပါတော့၊ ငါ့နှလုံးသားဝန်းကျင်ကို ဘယ်တော့မှ ပြန်မလာပါနဲ့တော့တဲ့။ သာမန်ဟာသ ကားလေးတစ်ခုဖြစ်ပေမယ့် အချစ်စစ်ကို အရောင်ဆိုးတဲ့ သူတွေရဲ့ဘဝ မလှမပဖြစ်ပုံကို ရသစုံစွာ ရိုက်ကူးထားလို့ သဘောကျမိတယ်။ အတုတွေဟာ နောက်ဆုံးအစစ်ကို ဘယ်လိုပဲပြိုင်ပြိုင် မနိုင်ဘဲ အရှုံးပေးရပုံကို ရိုက်ပြထား လို့ ကြည့်ပြီး မည်သည့်အတုမှ အစစ်လောက်မကောင်း ကြောင်း သင်ခန်းစာရရှိခဲ့တယ်။ ။
လိမ်ညာခြင်းသည် အကျိုးမဲ့
လွန်ခဲ့တဲ့သုံးနှစ်လောက်က သူငယ်ချင်းတစ်ဦးနဲ့တွေ့ရင်း ဟိုပြော၊ ဒီပြော၊ တောင်ပြော၊ မြောက်ပြော စကားဖွဲ့ကြရင်း သူကပြောတယ် ငါက ယမကာလုလင်ဆိုတော့ ယမကာနံ့က နံနေတယ်တဲ့၊ မနက်ဆွမ်းလောင်း လှူတော့ ဆွမ်းခံကြွလာတဲ့သံဃာတစ်ပါးက ဒကာကြီး ယမကာ မှီဝဲနေသလား၊ ယမကာကကောင်းကျိုးမပေးလို့ ဖြတ်လိုက်ပါလို့ မိန့်ကြားတယ်တဲ့။ သူလည်း သံဃာကိုကြောက်ရတာနဲ့ မှန်ပါ့ဘုရား၊ တပည့်တော် ယမကာမှီဝဲ နေတာကို ဖြတ်လိုက်ပါမယ်။ တကယ်လို့ ပြန်မှီဝဲရင် သောက်တိုင်း မူးနေရပါစေဘုရားလို့ လျှောက်ခဲ့တော့ သံဃာလည်း ကျေနပ်သွားတယ်။ သူလည်း နေ့တိုင်းပုံမှန် မှီဝဲနေတာပဲတဲ့၊ ဂုဏ်ယူတဲ့ မျက်နှာနဲ့ ပြောပြခဲ့တယ်။
မှီဝဲနေတာပဲတဲ့၊ ဂုဏ်ယူတဲ့ မျက်နှာနဲ့ ပြောပြခဲ့တယ်။ ယမကာပဲ မှီဝဲရင်မူးမှာပဲလေ သံဃာတစ်ပါးကို စကားတု တွေသုံးပြီး ဝိနည်းလွတ် လိမ်ညာလျှောက်ထားတာကတော့ မကောင်းပါဘူး။ အခုသူလည်း လွန်ခဲ့တဲ့ တစ်လခန့်က ယမကာမှီဝဲလွန်း၍ အသည်းရောဂါဖြင့် ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ လိမ်ညာခြင်းသည် အကျိုးမဲ့ ဖြစ်စေပါသည်။
ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးသော ချိုတကူးနှင့် ဂုဏ်ရည်မတူ ဇာတ်လမ်းလေးကို မှတ်မှတ်ရရ ဖြစ်မိသည်။ ဘယ်သူကမွေး၍ ဒီကိုရောက်လာမှန်းမသိသော တိုင်းတစ်ပါးသားချိုတကူးလေးသည် အမိ၊ အဖဘယ်သူ မှန်းမသိ၊ မိမိဒီကိုဘယ်လိုရောက်လာမှန်းမသိ၊ ခက်ခဲပင်ပန်းကြမ်းတမ်းစွာ ဘဝကိုရုန်းကန်လှုပ်ရှားခဲ့ရသည်ကို ဝမ်းနည်းရမှန်း မသိခဲ့သော်လည်း ဂုဏ်ရည်မတူ ရုပ်ရှင်ကားကြည့်မိသောအခါ သရုပ်ဆောင်ကောင်းလွန်း သောကြောင့် ချိုတကူးလေး ဝမ်းနည်းကြေကွဲစွာ မျက်ရည်ကျခဲ့သည်။ ဘဝစစ်ကို ကြေကွဲစရာလို့မမြင်ဘဲ သဏ္ဌာန်လုပ် သရုပ်တူစွာ သရုပ်ဆောင်နေသော ဘဝတုကိုကြည့်ပြီး မျက်ရည်ကျခဲ့သည်။ တစ်ခါကလည်း ပင်စင်ယူသွားသည်မှာ အနှစ် ၂၀ လောက်ရှိပြီဖြစ်သော ဆရာသမားတစ်ဦးထံသို့ ဆရာသမား နေ့စဉ် ဆေးဖြစ်ဝါးဖြစ် မှီဝဲသော အသားတံဆိပ်ပါ ရမ်အရက်အစစ်သုံးလုံးကို သွားရောက်ဂါရဝပြုခဲ့သည်။ နှစ်လလောက်ကြာ၍ အိမ်သွားလည်သောအခါ မင်းပေးတဲ့ ရမ်အရက်တွေက အတုတွေတဲ့၊ ဒါတွေကမှ အစစ်တဲ့ကွ။ အဲဒါနဲ့ကျွန်တော်လည်း လက်နဲ့စမ်းကြည့်တော့ ဆရာသမား အစစ်ဆိုတဲ့ တံဆိပ်တွေမှာ အသားတံဆိပ် ပါမလာဘူး။ ဒါကြောင့် အတုတွေဖြစ်မှန်း ကျွန်တော်ချက်ချင်းသိခဲ့တယ်။ အတုရော၊ အစစ်ရော အားလုံးပုလင်းခွံတွေပဲ ကျန်တော့တာပဲ။
ကျွန်တော်လည်း မငြင်းတော့ပါဘူး။ အတုတွေသောက်တာ များလာတော့ အတုတွေကို အစစ်လို့ထင်လာပြီး အစစ် တစ်ခါတစ်ရံသောက်မိတော့ အတုလို့ထင်တာ မမှားပါဘူးလေ။
တစ်ကမ္ဘာလုံးနှင့် အကျုံးဝင်
တစ်ချိန်က မြန်မာနိုင်ငံတွင်ထုတ်လုပ်သော နာမည်ကြီးရွှေဝါဆပ်ပြာသည် လူသုံးများ၊ အရောင်း တွင်ကျယ်လာသောအခါ ရွှေငါး ရွှေပါတံဆိပ်ဖြင့် ဆပ်ပြာအတုများ ပေါ်ပေါက်ခဲ့ဖူးသည်။ ပို၍ဆိုးသည်မှာ အဆိုပါ ဆပ်ပြာအတုများကို အမြတ်ကြီးစား စီးပွားရေးသမားများက ယမ်းမီးခြစ်ဆံခေါင်းလေးနဲ့ စာလုံးများကို ရွှေဝါဟုပြင်ကာ ရွှေဝါဆပ်ပြာနှင့် ဈေးနှုန်းအတူတူ ရောင်းချခဲ့ကြသည်ကို ကြုံတွေ့ခဲ့ရသည်။ ယခုအချိန်တွင် အတုပြဿနာသည်တစ်ကမ္ဘာလုံးနှင့် အကျုံးဝင်ပတ်သက်လာနေသည်။ အလှကုန်အတုများကြောင့် အလှပျက်ခဲ့တာတွေ၊ ဆေးဝါးအတုတွေကြောင့် သေဆုံးခဲ့ရတာတွေ၊ စားဆီအတုတွေကြောင့် ရောဂါဖြစ်ရတာတွေ၊ စက်ဆီအတုတွေကြောင့် စက်ပစ္စည်းတွေ အချိန်မတန်ဘဲ ပျက်စီးခဲ့ရတာတွေ၊ ဘိလပ်မြေ အတုတွေကြောင့် အဆောက်အဦ ပြိုကျပျက်စီး၍သေဆုံးခဲ့ရတာတွေ၊ အစားအစာ အတုတွေကြောင့် နာတာရှည် ရောဂါများဖြစ်ပွားခဲ့ရတာတွေ၊ ဓာတ်မြေသြဇာ အတု၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး အတုတွေကြောင့် လယ်ထွက်ကုန်ပစ္စည်းတွေ ထိခိုက်ခဲ့ရတာတွေ စသည်ဖြင့် စုံလို့ပါပဲ။ ဒါပေမယ့် အတုတွေကတော့ ပန်းပန်လျက်ဆဲပင်၊ ပျော်ရွှင်ရယ်မောနေဆဲပင် ဖြစ်သည်။ အတုမျိုးစုံ ဈေးကွက်သည် ဆင်းရဲနွမ်းပါး၍ တစ်ဦးချင်းဝင်ငွေ နည်းပါးသောနိုင်ငံများတွင် ပို၍များပြားလာနေသည်ကိုလည်း ပညာရှင်များက ထောက်ပြကြသည်။ အတုကို အတုမှန်းသိလျက် ဈေးနှုန်းချိုသာမှုတစ်ခုတည်းကိုသာ ကြည့်ကာ ဝင်ငွေနှင့် ချိန်ထိုး၍ ဝယ်ယူအသုံးပြုနေကြ၍ ဖြစ်သည်။
ထို့ကြောင့် ကုန်ပစ္စည်းအတုပြုလုပ်ရောင်းချသူများသည် အဆမတန်အကျိုးအမြတ်များ ရရှိလာကြသည်။ စီးပွားရေးကျင့်ဝတ်နှင့်အညီဆောင်ရွက်သော လုပ်ငန်းများကို အန္တရာယ်ပေးလာကြသည်။ အနှစ်နှစ်အလလက ပြုစုပျိုးထောင်ခဲ့သော၊ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသော လုပ်ငန်းများအောင်မြင်စပြုချိန်၊ အကျိုးအမြတ် ရခါနီးအချိန်တွင် ဒုတိယဖိုးစိန်ဟု အရပ်တွင်ခေါ်သော၊ နိုင်ငံတကာတွင် မီးခိုးရောင်ဈေးကွက်ဟုခေါ်သော မသမာစီးပွားရေးလုပ်ငန်း များက အဆိုပါပစ္စည်းအတုများကို ထုတ်လုပ်၍ ဈေးပေါပေါ ဖြင့် အများကြီးရောင်း၊ အကျိုးအမြတ်မြန်မြန်ယူကာ ဆောင်ရွက်နေသဖြင့်တရားမျှတသန့်ရှင်းစွာကောင်းရောင်း၊ ကောင်းဝယ် ဆောင်ရွက်သော လုပ်ငန်းရှင်များကို များစွာ အထိနာစေခဲ့သည်။
အတုပြဿနာများသည် ကမ္ဘာ့ကုန်သွယ်ရေးလောကတွင် နိုင်ငံတိုင်းရင်ဆိုင်နေရသော စိန်ခေါ်မှုကြီး ဖြစ်လာ နေသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကလည်း ကုန်ပစ္စည်း အတုအပများကို ထိရောက်စွာနှိမ်နှင်းရန် နည်းလမ်းရှာဖွေ လျက်ရှိသည်။ ဆွေးနွေးညှိနှိုင်း အဖြေရှာလျက်ရှိသည်။ ကုန်ပစ္စည်းအတုနှင့် ကုန်အမှတ်တံဆိပ်အတုပြဿနာ များမှာ ပို၍ပင်ကြီးထွားလာသည်။ အကျိုးအမြတ်များစွာ ရရှိ၍ ရဲတင်းလာကြသည်။ အတုပြဿနာများကိုခြုံ၍ အကြမ်းဖျင်းခွဲခြားလျှင် အမျိုးအစားလေးမျိုးရှိနေသည်ကို တွေ့ရှိရသည်။ ကုန်ပစ္စည်းအတုပြုလုပ်ခြင်းနှင့် ရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ်အတုပြုလုပ်ခြင်းနှင့် ရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှားသုံးစွဲခြင်း၊ ကုန်အမှတ် တံဆိပ်ကို ယှဉ်ပြိုင်တင်သွင်းခြင်းနှင့် သုံးစွဲခြင်း ဖြစ်ပါသည်။
တချို့သောနိုင်ငံများတွင် အတုပြဿနာများကို နှိမ်နင်းရန်၊ ဥပဒေများရေးဆွဲရန် ဆောင်ရွက်နေဆဲဖြစ်သော် လည်း မြန်မာနိုင်ငံတွင်မူ အသင့်ပြဋ္ဌာန်းထားသော ဥပဒေများရှိပြီး ဖြစ်သည်။ အချို့သော ဥပဒေများသည် လွတ်လပ်ရေးမရခင်ကပင် ကြိုတင်ရေးဆွဲထားပြီးဖြစ်သည်ကို ထူးခြားစွာတွေ့ရှိရပါသည်။ အချို့သော ဥပဒေများသည် နိုင်ငံတကာသတ်မှတ်ချက်များနှင့်အညီ လိုအပ်၍ ကြိုတင်မြော်တွေးကာရေးဆွဲ၍ ပြဋ္ဌာန်းကျင့်သုံးလျက်ရှိပါသည်။ ရာဇသတ်ကြီးဥပဒေ၊အကောက်ခွန်ဥပဒေ၊အမျိုးသားအစား အသောက်ဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ အမျိုးသားဆေးဝါး ဥပဒေ၊ ဗဟိုဘဏ်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေများ သည် ထင်ရှားသည်။ အခြားပြဋ္ဌာန်းထားသော ဥပဒေများသည်လည်း အလားတူအသက်ဝင်၍ စားသုံးသူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး၊ စီးပွားရေးကျင့်ဝတ်နှင့် အညီဆောင်ရွက်သော လုပ်ငန်းရှင်များကို ကာကွယ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ အတုပြဿနာများကို ဥပဒေများအရ ဖြေရှင်းရန်၊ နှိမ်နှင်းရန် ဆောင်ရွက်လျက်ရှိပါသည်။
တဖြည်းဖြည်း ကွယ်ပျောက်
ပစ္စည်းအတုများကို စားသုံးသူပြည်သူများသုံးစွဲ၍ အသက်သေဆုံးခြင်း၊ အဆိပ်မိခြင်း၊ နာတာရှည်ရောဂါ ဖြစ်ပွားခြင်းများ ကြုံတွေ့ခံစားနေရပါသည်။ ထိုသို့မဖြစ် ရန် လူသုံး၊ အိမ်သုံးပစ္စည်းများ ဈေးကွက်တွင်နေရာမရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် အချိန်ကျရောက်ပါပြီ။ ဘယ်သူ သေသေ ငတေမာလျှင်ပြီးရော၊ အကျိုးအမြတ်များများရလျှင်ပြီးရော သဘောမျိုးဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ မဆောင်ရွက်သော ပစ္စည်းအတုရောင်းချသူများကို ဥပဒေအရရော စားသုံးသူများကပါ လက်မခံဘဲ ကျူးလွန်သူများကိုဖော်ထုတ်ကြရန် လိုပါသည်။ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုပါသည်။ သို့မှသာ လူသုံး၊ အိမ်သုံးပစ္စည်းများကို အတုပြုလုပ်ရောင်းချသောသူများ တဖြည်းဖြည်း ကွယ်ပျောက်သွားမည် ဖြစ်ပါသည်။
ကုန်အမှတ်တံဆိပ်ပစ္စည်းအတုများ ရောင်းချခြင်း၊ သုံးစွဲခြင်းများနှင့်ပတ်သက်၍ ဈေးကွက်တွင် ကောင်းသော၊ နာမည်ဂုဏ်သတင်းဖြင့် ကျော်ကြားသော လူသုံး၊ အိမ်သုံး ပစ္စည်းများကိုသာ ကုန်အမှတ်တံဆိပ်တုပ၍ လိမ်လည် ရောင်းချခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော ငါးနှစ်ကျော်ခန့်က စတိုးဆိုင်တစ်ခုရှိ ရှိုးကေ့စ်ထဲတွင် ဘလက်လေဘယ်လ်ပုံစံတူ တစ်လီတာဝင် ပုလင်းသုံးမျိုးကို ပြသထား၍ ကြည့်ဖြစ်သည်။ ဈေးနှုန်းကို ကြည့်မိတော့ မတူညီသဖြင့် မေးကြည့်ရာ ၁၁၀၀၀ ကျပ်တန်က အတု၊ ၁၅၀၀၀ ကျပ် တန်က အတုနဲ့အစစ်က တစ်ဝက်စီ၊ ၂၂၀၀၀ တန်က အစစ်တဲ့။ သူတို့မပြောလျှင် သိနိုင်မည်မထင်ပေ။ ထိုသို့ထုတ်လုပ်သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ (၄၈၆)အရ ကုန်ပစ္စည်းအတုများ ရောင်းချခြင်းကို ကျူးလွန်လျှင် ထောင်ဒဏ် တစ်နှစ်အထိ ကျခံရမည့်အပြင် ပစ္စည်းကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်သည်ကို မသိ၍ပဲလား၊ အကျိုးအမြတ်များများရရှိ၍ပဲလား မသိနိုင်ပေ။ အဆိုပါ ပစ္စည်းအတုများကို ပြည်ပနိုင်ငံက တင်သွင်းလာလျှင်လည်း ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေပုဒ်မ (၁၆၇) အရ ပစ္စည်းသိမ်းပြီး တန်ဖိုးသုံးဆအထိ ငွေဒဏ်တပ်ရိုက်နိုင် ကြောင်း ပြဋ္ဌာန်းထားပါသည်။
ကုန်အမှတ်တံဆိပ်အတုနှင့် လူသုံး၊ အိမ်သုံးပစ္စည်းသည် မူရင်းလူသုံး၊ အိမ်သုံးပစ္စည်းလောက် အရည်အသွေး မမီသည်မှာ သေချာလှသည်။ ထို့ကြောင့် မူရင်းပစ္စည်းထက် ဈေးလျှော့ရောင်းချနိုင်သည်။ ဈေးချိုသဖြင့် ဝင်ငွေနည်း စားသုံးသူများ အကြိုက်တွေ့ကြသည်။ ဘေးဥပဒ်အန္တရာယ်ဖြစ်မှာ မပူပင်ကြ။ မူရင်းထုတ်လုပ်၊ တင်ပို့၊ တင်သွင်း၊ရောင်းချသူများမှာမူ နှစ်နာလှသည်။ ငွေကြေးအရင်းအနှီး၊ နာမည်ဂုဏ်သတင်းများ ဆုံးရှုံးရသည်။ သူများ မိုးခါးရေသောက်နေတာ ကိုယ်ပါသောက်မယ်ဖြစ်လာပါက ဈေးကွက်တစ်ခုလုံးအတုဖြစ်လာမှာ စိုးရိမ်ရပါသည်။ သစ်ကုလားအုတ်ပုံပြင်ထဲကလို မိုးရွာနေ၍ တဲလေးထဲကို ခေါင်းကလေးဝင်ပါရစေမှ တဖြည်းဖြည်း တစ်ကိုယ်လုံး ဝင်လာသောအခါ တဲလည်းပျက် တဲပိုင်ရှင်လည်းမိုးမိ ခဲ့သလိုဈေးကွက်ထဲသို့ အတုများ တဖြည်းဖြည်းဝင်ရောက်လာပြီး မူရင်းထုတ်လုပ်သော စစ်မှန်သည့်ကုန်ပစ္စည်းများ ကွယ်ပျောက်သွားမှာ စိုးရိမ်ရသည်။ စစ်မှန်သည့် ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များ နာလန်မထူ နိုင်မှာပူရသဖြင့် အချိန်မီကာကွယ်ပေးရန် လိုအပ်ပါသည်။
ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှားသုံးစွဲခြင်းဆိုရာတွင် မသမာစိတ်၊ မရိုးမဖြောင့်သောစိတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတစ်ပါး၏ ကောင်းသောဂုဏ်သတင်း ဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်း၏ လုပ်ငန်းအမည်၊ ရုပ်ပုံ၊ စာလုံး၊ အမှတ်အသား၊ ကိန်းဂဏန်း စသည့်အမှတ် တံဆိပ်များကို မသိမသာဖြစ်စေ၊ ဆင်တူယိုးမှားဖြစ်စေ၊ မူရင်းကုန်အမှတ်တံဆိပ်ပိုင်ရှင်၏ တရားဝင်ခွင့်ပြုချက် မရဘဲသုံးစွဲ၍ ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ချိရောင်းချ ခြင်း ဖြစ်သည်။
ဥပဒေ၏ အကာအကွယ်
ကုန်အမှတ်တံဆိပ်ကို ဆင်တူယိုးမှား သုံးစွဲပါက ရာဇဝတ်ဥပဒေအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေတရားစွဲဆိုနိုင်ပါသည်။ သို့သော် အမျိုးအစားတူသော ကုန်စည်၊ ဝန်ဆောင်မှုများတွင်သာ ဆောင်ရွက်နိုင်သည်ကို သတိပြုသင့်သည်။ မော်မော်စန်း ၊ မန္တလေးထိုးမုန့်နှင့် မော်မော်စန်း တည်းခိုရိပ်သာသည် (အမည်တူသော်လည်း လုပ်ငန်းအမျိုးအစားမတူပေ။ စာလုံးပုံစံ၊ ရုပ်ပုံများလည်း မတူညီ၍ တရားစွဲဆိုခွင့် မရှိပေ။ သို့ရာတွင် စာလုံးပုံစံ၊ ရုပ်ပုံများလည်း တူညီနေပါက တားဝရမ်းထုတ်နိုင်သည်။ နှစ်နာမှုများအတွက် တရားစွဲဆိုနိုင်သည်ကို သတိပြုသင့်ပါသည်။ လုပ်ငန်း များဆောင်ရွက်ရာတွင် ကုန်အမှတ်တံဆိပ်ကို ကြိုတင်၍ မှတ်ပုံတင်ရန်လိုအပ်ပါသည်။ သို့မှသာ မိမိ၏ ကုန်အမှတ်တံဆိပ်ကို ကွဲပြားစွာ သီးသန့်သုံးစွဲနိုင်မည်ဖြစ်သည်။ အခြားသူများ မိမိကုန်အမှတ်တံဆိပ်ကို ဆင်တူယိုးမှား သုံးစွဲပါကလည်း ဥပဒေအရ တားဝရမ်းထုတ်ပိုင်ခွင့်ကို ရရှိနိုင်မည်ဖြစ်ပြီး နှစ်နာမှုများအတွက်လည်း ဥပဒေ၏ အကာအကွယ်ကို ရရှိနိုင်မည်ဖြစ်ပါသည်။
ကုန်အမှတ်တံဆိပ်ကို ယှဉ်ပြိုင်သုံးစွဲမှုနှင့်ပတ်သက်၍ မိသားစုပိုင်လုပ်ငန်းများဖြစ်သည့် မိဘ၊ ဘိုးဘွား လက်ထက်က နာမည်ကြီးစားသောက်ကုန်၊ တိုင်းရင်းဆေး၊ ဆေးပေါ့လိပ် စသည့်လုပ်ငန်းများကို မိသားစုဝင် များက သီးခြားစီလုပ်ကိုင်ကြရာ၌ တုပခြင်းမဟုတ်သော် လည်း၊ ကုန်အမှတ်တံဆိပ်ကို မည်သူသုံးစွဲသင့်ကြောင်း အငြင်းပွားရာမှ ညှိနှိုင်း၍ မူလအရည်အသွေးအတိုင်း ယှဉ်ပြိုင်သုံးစွဲကြခြင်းပင် ဖြစ်သည်။ အထူးသတိထား သင့်သည်မှာ ကုန်အမှတ်တံဆိပ်သည် ပစ္စည်းဥစ္စာများ ကဲ့သို့ တစ်ဦးမှတစ်ဦးသို့ လွှဲပြောင်းပိုင်ခွင့်၊ ရောင်းချ ပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့်ရှိသော တန်ဖိုးရှိပစ္စည်းတစ်ခု ဖြစ်ပါသည်။ ။
အတုပြုလုပ်ရောင်းချသူများသည် နာမည်ကြီး ကုန်အမှတ်တံဆိပ်များကိုသာ ပစ်မှတ်ထားကြသည်။ တန်ဖိုးကြီးမားသော ကုန်ပစ္စည်းများကိုသာ တုပဆောင်ရွက်ကြသည်။ သို့မှသာ ဈေးကွက်ရှာဖွေစရာမလိုဘဲ အဆင်သင့်တုပရောင်းချကာ အကျိုးအမြတ်ကြီးမားစွာ ရရှိကြသည်။ ငွေစက္ကူအတုများ၊ လူသုံး၊ အိမ်သုံးပစ္စည်း အတုများ၊ ဆင်တူယိုးမှားအတုများ လှိုင်လှိုင်ပေါများနေ ကြခြင်း ဖြစ်သည်။ ထိုသို့ အတုဈေးကွက်ကြီး သက်တမ်း ရှည်ကြာစွာ ရပ်တည်နေနိုင်ခြင်းသည် ဈေးနှုန်းချိုသာ ခြင်း၊ နည်းပညာအဆင့်မြင့်မားလာခြင်း၊ စားသုံးသူများ၏ ဗဟုသုတအားနည်းခြင်း၊ တစ်ဦးချင်းဝင်ငွေနည်းပါးခြင်း စသည့်အကြောင်းများကြောင့်လည်း ပါဝင်ပါသည်။
လူသုံး၊ အိမ်သုံးပစ္စည်းများနှင့်ပတ်သက်၍ အတုလား၊ အစစ်လားခွဲခြားရန် လွန်စွာခက်ခဲလာသည်။ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် အတုများသည် အစစ်လောက်နီးနီး ပြင်ပလက္ခဏာများတွင် အစစ အရာရာ တူညီလာခဲ့သည်။ လက်ရှိတွင် ကုန်ပစ္စည်းအတု ဖြစ်ကြောင်းထောက်ခံချက်ကို အစိုးရ၏ တရားဝင်အဖွဲ့ အစည်းဖြစ်သည့် မှုခင်းတပ်ဖွဲ့ (CID) ထံမှလည်းကောင်း၊ တရားဝင်ဖွဲ့စည်းထားသည့် ကုန်ပစ္စည်းစစ်ဆေးရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျွမ်းကျင်သူများ၊ ဓာတုဝန်ရုံးများ စသည်တို့မှ ဆောင်ရွက်လျက်ရှိပါသည်။
ရိုးသားကြိုးစားမှုဖြင့်
နိုင်ငံတော်က ဟန်ချက်ညီသော ဘက်စုံဖွံ့ဖြိုးရေးအတွက် စေတနာထားကာ ဆောင်ရွက်နေချိန်တွင် အဟန့်အတားဖြစ်လျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေး၍ လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိရန် လမ်းဖွင့်ပေးထားသည်ကို စေတနာဖြင့်သာ ရိုးသားကြိုးစားမှုဖြင့် အောင်မြင်မှု၊ တိုးတက်မှုများဖြင့် သက်သေပြသင့်သည်။ မရိုးမဖြောင့်သော၊ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော၊ အကျိုးအမြတ် များများရရှိရေးသာ ဦးတည်သော၊ စီးပွားရေး ကျင့်ဝတ်နှင့်မညီသော၊ စားသုံးသူများကို စာနာမှုကင်းသော၊ စားသုံးသူများကို ဘေးဥပဒ်အန္တရာယ် ဖြစ်စေသော လူသုံး၊ အိမ်သုံးပစ္စည်းများကို အတုပြုလုပ်၍ ရောင်းချခြင်းများဖြင့် သက်သေမပြကြရန် လိုအပ်ပါသည်။
လူသုံး၊ အိမ်သုံး အတုပြဿနာများနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနက လက်ရှိပြဋ္ဌာန်းကျင့်သုံးလျက်ရှိသော စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး လွှမ်းခြုံ၍ဆောင်ရွက်ရာတွင် ထိုက်သင့်သော အောင်မြင်မှုများကို ရရှိလျက်ရှိသော်လည်း အောက်ပါအားနည်းချက်အချို့ကို ကြုံတွေ့ရလျက်ရှိသည်ကို တွေ့ရှိရပါသည်
(က) ဘာသာစကားအမျိုးမျိုး ကွဲခြားနေခြင်း။
(ခ) အသိပညာ၊ အတတ်ပညာ အားနည်းခြင်း။
(ဂ) စားသုံးသူဆိုင်ရာ သိသင့်သည့်အချက်များကို သိရှိမှုအားနည်းလျက် ရှိနေခြင်း။
(ဃ) တစ်ဦးချင်းဝင်ငွေ နည်းပါးခြင်း။
(င) ပစ္စည်းအရည်အသွေးစစ်ဆေးရန် ကျွမ်းကျင်သူ၊ ပစ္စည်းကိရိယာ၊ အဆောက်အဦ မပြည့်စုံခြင်း။
(စ) ထုတ်ကုန်များ လုံခြုံစိတ်ချရမှုအတွက်လုပ်ငန်းစဉ် စံနှုန်းသတ်မှတ်ချက်များ အားနည်းခြင်း။
(ဆ) ကောင်းမွန်သည့် လုပ်ငန်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ အားနည်းခြင်း။
(ဇ) ဓာတ်ခွဲခန်းများ လုံလောက်မှုမရှိခြင်း။
(ဈ) ကုန်ပစ္စည်းများထုတ်လုပ် ရောင်းချမှု လုပ်ငန်းစဉ်များတွင် နောက်ကြောင်းပြန် ခြေရာကောက်နိုင်သည့်စနစ် အားနည်းခြင်း။
(ည) လုပ်ငန်းရှင်များက စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်မှုအားနည်းခြင်း။
(ဋ) လုပ်ငန်းရှင်များက တာဝန်ယူမှု၊ တာဝန်ခံမှုအားနည်းနေခြင်း။
(ဌ) လုပ်ငန်းရှင်များသည် ကုန်ပစ္စည်းများဝန်ဆောင်မှု လုပ်ငန်းများနှင့်ပတ်သက်၍ အလွန်အမင်းကြော်ငြာခြင်း။ ။ (ဍ) အကျင့်ပျက်ခြစားမှုများ ရှိနေခြင်း။
(ပ) စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လုပ်ငန်းရှင်ရော စားသုံးသူပါ သိရှိလိုက်နာရန် လိုအပ်ခြင်း။
(ဏ) သက်ဆိုင်ရာဌာနများက ပြဋ္ဌာန်းထားသော ဥပဒေများ၊ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ မတူညီကွဲပြားမှုရှိနေခြင်း။
(တ) ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း။
(ထ) အထောက်အကူပြုပစ္စည်းများ အားနည်းခြင်း။
(ဒ) စားသုံးသူများအား ယခုထက် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်ရန် လိုအပ်ခြင်း။
(ဓ) ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အားနည်းနေဆဲဖြစ်ခြင်း။
စသည့်အချက်များကို လိုက်နာဆောင်ရွက်ကြပါက လူသုံး၊ အိမ်သုံးပစ္စည်းအတု ပြဿနာကို တတ်နိုင်သရွေ့ ဖြေရှင်းနိုင်မည်ဟု ယူဆမိပါသည်။
သို့ဖြစ်ပါ၍ ၅၄သန်းကျော်သော စားသုံးသူ ပြည်သူများကို စေတနာထားသောအားဖြင့် ဘေးဥပဒ်အန္တရာယ် ရှိသော၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသော မူရင်းပစ္စည်း များကိုသာ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ရောင်းချ ကြပါရန်၊ စားသုံးသူပြည်သူများကို အန္တရာယ်ဖြစ်စေမည့် ကုန်ပစ္စည်းအတုများ ထုတ်လုပ်ရောင်းချခြင်း၊ ကုန်အမှတ် တံဆိပ်အတုများ ပြုလုပ်ရောင်းချခြင်း၊ ဆင်တူယိုးမှား သုံးစွဲခြင်း၊ ကုန်အမှတ်တံဆိပ်များ ယှဉ်ပြိုင်ဆောင်ရွက် ခြင်းများ မပြုလုပ်ကြပါရန်၊ စားသုံးသူများ ကိုယ်၊ စိတ်၊ နှလုံးအေးချမ်းစွာဖြင့် ယုံကြည်စိတ်ချစွာဖြင့် သုံးစွဲနိုင်သည့် စစ်မှန်၍ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များ နှင့်အညီကိုက်ညီသော ပစ္စည်းအစစ်များကိုသာ တင်သွင်းတင်ပို့၊ ဖြန့်ဖြူးရောင်းချကြပါရန်၊ ကုန်ပစ္စည်းအတု ပြဿနာများကြောင့် နှစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြပါရန် စေတနာထား တိုက်တွန်းအပ်ပါသည်။ ။
နိုင်ဦး (DOCA)