Skip to main content

တပ်မတော်ကို အင်အားတောင့်တင်းခိုင်မာအောင် မပြတ်ပြုစုပျိုးထောင်

ယနေ့ပြန်လည်ဆန်းသစ်၍ ခေတ်စားလျက်ရှိသော တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုသည့်သီချင်းမှာ အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စာသားများရေးသားပြီး ဆရာဦးရွှေ တိုင်ညွန့်အား သံစဉ်သွင်း၍ သီကုံးရေးစပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်ကြီးကို အင်အားတောင့်တင်း ခိုင်မာအောင်ပြုစု ပျိုးထောင် လိုသည်။ တိုးချဲ့ဖွဲ့စည်းရန် ဆန္ဒပြင်းပြခဲ့သည်။ ယင်းသို့ တပ်မတော်အင်အားတောင့်တင်း ခိုင်မာပါမှလည်း နိုင်ငံတော်၏အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။

မြန်မာနိုင်ငံသမိုင်းတွင် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ အနော်ရထာမင်း၊ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ တတိယမြန်မာ နိုင်ငံတော်ကိုတည်ထောင်ခဲ့သူ အင်လောင်းမင်းဘုရား ဦးအောင်ဇေယျဟူ၍ အထင်အရှား မှတ်တမ်းတင် ထားခဲ့ကြသည်။ တပ်မတော် အင်အား ခိုင်မာတောင့်တင်းအောင် တည်ထောင်ခဲ့ကြသည့် အထက်ဖော်ပြပါ မင်းများလက်ထက်တွင် မြန်မာနိုင်ငံတော်သည် ခံ့ညားထည်ဝါစွာ တင့်တယ် ဝင့်ကြွားစွာ နေနိုင်ခဲ့သည်။ အမျိုးဘာသာ သာသနာအကျိုးကို ထိရောက်ဆင်မြင်စွာ သယ်ပိုးနိုင်ခဲ့ ကြသည်။ နိုင်ငံသူ နိုင်ငံသားများ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက်ပေးနိုင်ခဲ့သည်။ တိုင်းတစ်ပါးက လေးစားခံ့ညားခဲ့ကြသည်။

ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူ

ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူဟု သမိုင်းမှတ်တမ်းတွင်ခဲ့သည့် အနော်ရထာမင်း (အေဒီ ၁ဝ၄၄-၁ဝ၇၇)သည် နိုင်ငံတော်၏ ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာစေရန်အတွက် ပဒေသရာဇ်မြို့ပြနိုင်ငံများဖြစ်သည့် သထုံ၊ ပဲခူး၊ ရခိုင် စသည့်နယ်ပယ်များကို ဩဇာအာဏာအောက်ကို သိမ်းသွင်းခဲ့သည်။ စစ်သည်ရဲမက်များကို ဖွဲ့စည်းရာ၌ ကျေးရွာ၊ မြို့နယ်၊ ခရိုင်တို့၏ အင်အားအလိုက် ရာပြုမြို့၊ ထောင်ပြုမြို့များ သတ်မှတ်တည်ထောင်ခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးအခင်း ပေါ်ပေါက်လာသည့်အခါ ယင်းခရိုင်မြို့ရွာများမှ သတ်မှတ်ရတိုင်း လက်နက်ကိုင် တပ်ဖွဲ့များ စုစည်းလွှတ်ပေးရသည်။ အေဒီ ၁၀၆ဝ ပြည့်နှစ်ခန့်က နန်းစောနှင့် အခြားပြည်ပကျူးကျော်မှုအန္တရာယ်များကို ခုခံကာကွယ်နိုင်ရန် ခံတပ်မြို့ပေါင်း ၄၃ မြို့ကိုလည်း တည်ထောင်ခဲ့သည်။ ယင်းသို့နိုင်ငံတော် ကာကွယ်ရေး ပြင်ဆင်ကြိုးပမ်းတည်ဆောက်ခဲ့ခြင်း ကြောင့်လည်း နိုင်ငံတော်၏ အခြေခံအုတ်မြစ် ခိုင်ခံ့ခဲ့သည်။

အနော်ရထာမင်း၏ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်း၌ အရေးပါသည့် အချက်တစ်ချက်မှာ စွမ်းရည် သတ္တိနှင့်ပြည့်စုံသော သူရဲကောင်းများကို မြတ်နိုးစွာချီးမြှင့်မြှောက်စားခြင်းပင် ဖြစ်သည်။ အနော်ရထာမင်းလက်ထက်တွင် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ဟူသည့် သူရဲကောင်းများ ပေါ်ထွန်းခဲ့သည်။ သထုံကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ယင်းသူရဲကောင်းများ၏ စစ်ရေးစွမ်းရည်များက များစွာအကျိုးပြုခဲ့သည်။ သထုံကိုအောင်နိုင်ခဲ့သဖြင့် ပိဋကတ်တော်များနှင့် သံဃာတော်များကို ပုဂံသို့ ပင့်ဆောင်ကိုးကွယ်ကာ မြန်မာနိုင်ငံတော်တစ်ဝန်းလုံး စစ်မှန်သည့်ထေရဝါဒ ဗုဒ္ဓဘာသာကို ထွန်းကားစည်ပင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ထေရဝါဒဗုဒ္ဓဘာသာ စည်ပင်ထွန်းကားလာ သည်နှင့်အမျှ တိုင်းသူပြည်သားများ၏ ကိုယ်ကျင့် တရားများ တိုးတက်မြင့်မားကာ လူမှုရေးလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နိုင်ငံတော်အေးချမ်း သာယာလာသည်နှင့်အမျှ စားရေရိက္ခာ ပိုမိုစိုက်ပျိုး ထုတ်လုပ် နိုင်ရေးအတွက် ပန်းတင်မြစ်၊ မတ္တရာ မြစ် စသည်တို့မှ ဆည်ပေါင်းများစွာ တည်ဆောက်ကာ လယ်ယာစိုက်ပျိုးရေးကို အားပေးချီးမြှောက် ခဲ့ခြင်းကြောင့် ဆန်ရေစပါးပေါကြွယ်ဝကာ တိုင်းပြည်စည်ပင်ဝပြောခဲ့သည်။

ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ဦးဆောင်တည်ထောင်ခဲ့သူ

အဒီ ၁၆ ရာစုအဦးပိုင်း၌ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ရှမ်းမြန်မာပဒေသရာဇ်တို့က လည်းကောင်း၊ တောင်ပိုင်းတွင် ပဲခူးကို အခြေပြုလျက် မွန်ပဒေသရာဇ်များကလည်းကောင်း၊ ဇင်ငူကို ဗဟိုပြုလျက် ဗမာခေါင်းဆောင်များက လည်းကောင်း နိုင်ငံသစ် တည်ထောင်ရေးအတွက် စည်းလုံးမှုကင်းမဲ့စွာဖြင့် ကွဲကွဲပြားပြာလှုပ်ရှားမင်းမူလျက်ရှိကြသည်။ ယင်း အခြေအနေများကို တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းကာ စည်းလုံးညီညွတ်သာ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ဦးဆောင်တည်ထောင်ခဲ့သူမှာ ဘုရင့်နောင်(အေဒီ ၁၅၅၁-၁၅၈၁)ပင် ဖြစ်သည်။ ဘုရင့်နောင်သည် အစည်းပြေလျက်ရှိသော နိုင်ငံတော် တစ်ဝန်းလုံးကို စစ်ရေးအင်အားဖြင့် သိမ်းသွင်းစုစည်းနိုင်ခဲ့ရုံသာမက ကသည်း၊ ဇင်းမယ်၊ လင်းပင်စသည့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်မြို့များကိုပါ ချီတက်တိုက်ခိုက် သိမ်းပိုက်ပြီး မြန်မာနိုင်ငံနှင့် တစ်ဆက်တစ်စပ်တည်း တပါင်းတစည်းတည်းဖြစ်စေခဲ့သဖြင့် မြန်မာ့တပ်မတော်သည် ၁၆ ရာစုနှစ်၌ အာရှတိုက်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ပြိုင်ဘက်ကင်းသည့် တပ်မတော်ကြီးအဖြစ် ထင်ရှားခဲ့သည်။

ယင်းသို့တပ်မတော်ကြီး အင်အားတောင့်တင်း ခိုင်မာခဲ့သည့်အခါ ပြည်တွင်း၌ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု ပိုမိုကျစ်လျစ်ကောင်းမွန်ကာ ကုန်းကြောင်း၊ ရေကြောင်းမှ ပြည်တွင်း၊ ပြည်ပ စီးကုန်သွယ်မှုလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်၍ တိုင်းပြည်အင်အား တောင့်တင်းခိုင်မာ လာခဲ့သည်။ အဒီ ၁၇၅၂ ခုနှစ် အင်းဝဘုရင် မဟာဓမ္မရာဇာဒိပတိ သမာဂီပဲခူးသို့ ဟံသာဝတီ မင်းက ခေါ်ဆောင်သွားခံရပြီး နောက်ပိုင်းတွင်ကား မြန်မာတစ်နိုင်ငံလုံး ဝါးအစည်းပြေသကဲ့သို့ ဖရိုဖရဲ ပြိုကွဲမည့်အခြေအနေရောက်ခဲ့ရသည်။ တိုင်းရင်းသား လူမျိုးစုများ အချင်းချင်းသွေးကွဲကာအင်အားပြိုင် နေကြချိန်ဖြစ်ရာ မြန်မာနိုင်ငံမြောက်ပိုင်းတွင် မဏိပူရတို့ကလည်းကောင်း၊ တနင်္သာရီ၊ မြိတ်၊ ထားဝယ်ဘက်တွင်လည်း ဒိုးဒယားတို့ကလည်းကောင်း ပြောင်ပြောင်တင်းတင်း ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့ကြသည်။

နိုင်ငံ့အင်အား အထွတ်အထိပ်ရောက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သူ

ယင်းအခြေအနေတွင် မြန်မာတစ်နိုင်ငံလုံး ပြန်လည်စည်းလုံး၍ နိုင်ငံ့အင်အား အထွတ်အထိပ် ရောက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သူမှာ အလောင်းဘုရား(အေဒီ ၁၇၅၂-၁၇၆၀) ဖြစ်သည်။ အလောင်းဘုရားသည် မိမိဒေသအတွင်း ပထမဦးစွာ စစ်ရေးအင်အား စတင်တည်ဆောက်လေ့ကျင့် မှုများ ပြုလုပ်ခဲ့သည်။ မြင်းရည်တက်သွေးသောက် အဖွဲ့များ ဖွဲ့စည်းလေ့ကျင့်၍ မြေလှန်စနစ်ကို စစ်နည်းဗျူဟာမြောက် ကျင့်သုံးခဲ့ကာ တပ်အင်အား ကို ကြီးမားစေခဲ့သည်။ ၁၇၅၄ ခုနှစ်မှ ၁၇၅၇ ခုနှစ် အတွင်း ချင်းတွင်း၊ အင်းဝ၊ မိုးညှင်း၊ မိုးကောင်း၊ ပြည်၊ မြန်အောင်၊ ဒဂုံ၊ သန်လျင်၊ ဟံသာဝတီ စသည် ဖြင့် အကွဲကွဲအပြားပြား သူတစ်လူငါတစ်မင်း ဖြစ်နေသော မြို့ပြနိုင်ငံငယ်လေးများအား တိုက်ခိုက် သိမ်းသွင်းကာ တပ်မတော်အင်အားကြီးမားစေခဲ့ သည်။ တပ်မတော်အင်အားကြီးမားလာသည်နှင့် အမျှ ၁၇၅၈ ခုနှစ်တွင် မဏိပူရအားလည်းကောင်း၊ ၁၇၅၉ ခုနှစ်တွင် အယုဒ္ဓယမြို့အားလည်းကောင်း ချီတက်တိုက်ခိုက်ခဲ့ခြင်းဖြင့် မိမိနိုင်ငံကို ကျူးကျော် စော်ကားလေ့ရှိသော မဏိပူရနှင့် ယိုးဒယားတို့အား မြန်မာ့တပ်မတော်၏ အင်အားစွမ်းပကားကို တုံ့ပြန်ပြသခဲ့သည်။

မြန်မာလူမျိုးတို့သည် ထီးကျိုးစည်ပေါက်၍ ကျွန်ဘဝရောက်ခဲ့ရသည့် မြန်မာ-အင်္ဂလိပ် စစ်ပွဲ သုံးပွဲ၏ တိုက်ပွဲစဉ်များကို အသေးစိတ်လေ့လာ သုံးသပ်မည်ဆိုပါကလည်း မြန်မာလူမျိုးတို့၌ မယှဉ် သာသော ဇာတိသွေးဇာတိမာန်နှင့် သူ့ကျွန်မခံလိုသော ဇွဲသတ္တိ အားမာန်အပြည့်အဝရှိငြားပါသော်လည်း လူ၊ လက်နက် တောင့်တင်းခိုင်မာသည့် တပ်မတော်မှ တစ်ရပ်မရှိခဲ့ခြင်းကြောင့် မိမိတို့ထက် လူလက်နက် အင်အားအရာတွင် အဆများစွာ သာလွန်သည့် ဗြိတိသျှနယ်ချဲ့တို့အား အားမတန်၍ မာန်လျှော့ ခဲ့ရခြင်းဖြစ်သည်ကို နိုင်ငံသားအားလုံး အသိပင် ဖြစ်သည်။ မြန်မာလူမျိုးတို့သည် ဓားကိုဓားချင်း၊ လှံကို လှံချင်း အသက်ချင်းလဲ၍ ယှဉ်ပြိုင်တိုက်ခိုက် နိုင်သူများဖြစ်ကြသော်လည်း အင်္ဂလိပ်-မြန်မာ စစ်ပွဲများတွင် ဓားနှင့် သေနတ်၊ လှံနှင့် အမြောက် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။

 

ထို့ကြောင့် ကျွန်ုပ်တို့ အဘိုးအဘွားများ၏ အသက်သွေးပေါင်းများစွာဖြင့် ရင်းနှီးရယူခဲ့ရသော လွတ်လပ်ရေးကြီး အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေး အတွက် ထာဝစဉ်ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်ကြီးကို မပြိုကွဲအောင် ဝိုင်းဝန်းကူညီ စောင့်ရှောက်ရန် လိုအပ်ပါသည်။ တပ်မတော်ကြီး ပိုမိုခေတ်မီတိုးတက်အောင် ခိုင်မာတောင့်တင်း အောင်လည်း အဘက်ဘက်မှ ဝိုင်းဝန်းကူညီရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။

 

Military Might ရှိမှသာ တိုင်းပြည် ငြိမ်းချမ်းသာယာ

 

နိုင်ငံတစ်နိုင်ငံ၏လွတ်လပ်ရေးအချုပ်အခြာ အာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် Military Might ခေါ်တပ်မတော်အင်အားတောင့်တင်းခိုင်မာ မှုသည် မရှိလျှင်မဖြစ်သည့် အဓိကစွမ်းအားတစ်ရပ် ဖြစ်သည်။ Military Might ရှိမှသာ တိုင်းပြည် ငြိမ်းချမ်းသာယာ၍ Unity Might ခေါ် စည်းလုံး ညီညွတ်မှုစွမ်းအားနှင့် Economic Might ခေါ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စွမ်းအားများ ပြည့်ဝလာ မည်ဖြစ်သည်။ ယခုအခါ Economic Might နှင့် ပြည့်စုံ၍ ခေတ်မီတိုးတက်လျက်ရှိသော ကမ္ဘာ့နိုင်ငံ အချို့ပင် Military Might ကို အပူတပြင်း ပြန်လည်တည်ဆောက်နေကြပြီဖြစ်သည်။

 

ထို့ကြောင့် စစ်သည်လက်နက်အင်အားနှင့် ပြည့်စုံနိုင်ခဲ့ပါလျှင် တစ်ပါးသူတို့ ကြံဝံ့မည်မဟုတ်၊ စစ်မက် များငြိမ်းချမ်း၍ ပြည်သူပြည်သားတို့ ချမ်းသာစည်ကားကြမည်ဖြစ်သည်။ သို့မဟုတ်က နှာခေါင်း ရှည်ရှည်နှင့် လူမျိုးခြားတို့က ကျွန်ုပ်တို့ မြန်မာအမျိုးသမီးများကို နမ်းရှုပ်ခြင်းပြုကြလိမ့်မည် ဟူသော ယောမင်းကြီးဦးဖိုးလှိုင် (မြန်မာ သက္ကရာဇ် ၁၁၉၁-၁၂၄၅)၏မျိုးချစ်စိတ်ဓာတ် နိုင်ငံကာကွယ် ရေး စိတ်ဓာတ်များဖြင့် ရေးသားဆုံးမချက်သည် ယခုအခါနှစ်ပေါင်း ၁၃၀ ကျော်ပြီဖြစ်သော်လည်း မှန်ကန် နေဆဲပင်ဖြစ်ပါသည်။ နောင်နှစ်ပေါင်း ထောင်သောင်းသိန်းသန်းမက ကမ္ဘာတည်သရွေ့ လည်း ဆက်လက်မှန်ကန်နေဦးမည့်၊ ကျွန်ုပ်တို့ သားစဉ်မြေးဆက် ထာဝရ မှတ်သားလိုက်နာကြရ မည့် ဆုံးမဩဝါဒများပင်ဖြစ်သည်။

 

Standard Army အဖြစ် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် တည်ဆောက်

 

တပ်မတော်အင်အားခိုင်မာတောင့်တင်းမှုနှင့် ပတ်သက်၍ လက်ရှိမြန်မာ့တပ်မတော်ကို လေ့လာ ဆန်းစစ်ကြည့်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်(ကြည်း)ကို standard Army အဖြစ် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် တည်ဆောက် လျက်ရှိသလို တပ်မတော်(ရေ)ကိုလည်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း မင်းရဲသိင်္ခသူ ရေငုပ် သင်္ဘောကြီး ဝယ်ယူဖြည့်တင်း၍ တပ်တော်ဝင်ခဲ့ ပေးပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက တပ်မတော်သမိုင်းတွင် ကမ္ပည်းမော်ကွန်းရေးထိုး ရမည့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ Myanmar Coast Guard ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါ သည်။

 

တပ်မတော်(လေ)အနေဖြင့်လည်း အမိနိုင်ငံ တော်၏ ဝေဟင်ပိုင်နက်၊ မြေပြင်ပိုင်နက်နှင့် ရေပြင်ပိုင်နက်တို့ကို ထိရောက်စွာ ကာကွယ်စောင့် ရှောက်နိုင်ရန်အလို့ငှာ စွမ်းအားမြင့် ဘက်စုံသုံး လေယာဉ်များ၊ ရဟတ်ယာဉ်များ ဝယ်ယူဖြည့်တင်း စီမံဆောင်ရွက်ခြင်းများကို မျက်ဝါးထင်ထင်တွေ့မြင် နေရသည့်အပြင် တပ်မတော်(လေ)သမိုင်းတွင် သာမက မြန်မာ့စစ်တပ်ကြီးတစ်ခုလုံး၏ သမိုင်း မှာပါ မှတ်တမ်းမော်ကွန်းရေးထိုးရမည့် အမျိုးသမီး လေသူရဲ ၂၀ ကို အောင်မြင်စွာလေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ခြင်းနှင့် ၎င်းတို့အနက်မှ အမျိုးသမီး လေသူရဲ နှစ်ဦးသည် တပ်မတော်(လေ)၏ ပထမဦးဆုံးသော တိုက်ပွဲဝင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ကြမည့် အမျိုးသမီးတိုက်လေသူရဲ များအဖြစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင် တာဝန်ထမ်းဆောင်နေကြကြောင်း သိရှိရသည့် အတွက် များစွာမှပင် နှစ်ထောင်းအားရကြည်နူးရ ပါကြောင်း (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုရင်း ဆရာရွှေတိုင်ညွန့်၏ အောက်ပါ တေးတစ်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ပါသည်။

 

“တပ်မတော်သာလျှင် နိုင်ငံအတွက်ကိုပေးအပ် နိုင်လိမ့်မည် xxx တပ်မတော်သာလျှင် နိုင်ငံအကျိုး ကိုတိုးတက်စေနိုင်သည်။ပလတပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် xxx တပ်မတော်အင်အား ရှိအောင် စွမ်းဆောင်ကာကြံစည်၊ ------------- --------- -------------

တပ်မတော်သည် နိုင်ငံ့လက်နက်အကြီးဆုံး ဖြစ်တော့သည်”

စိုးဝင်းမောင်

 

ကျမ်းကိုး

အနော်ရထာ - ဒေါက်တာကျော်ဝင်း

ဘုရင့်နောင် - ကထိက ဦးစိန်လွင်လေး

အလောင်းမင်းတရား - ဒေါ်အုန်းကြည်