Skip to main content

အမျိုးသားလုံခြုံရေးနှင့် ခေတ်မီမျိုးချစ် တပ်မတော်

ယနေ့ ၂၁ ရာစုမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပေါင်းစပ်ဆင်နွှဲတဲ့ ခေတ်သစ် စစ်ပွဲအသွင်သဏ္ဌာန်တွေကို တွေ့မြင်နေ ပြီးကမ္ဘာ့၀င်ရိုးတန်းအပြောင်းအလဲတွေ ဖြစ်လာဖို့ ရှိနေပါတယ်။ စစ်အင်အားနဲ့ စီးပွားရေးအင်အား တောင့်တင်းပြီး နည်းပညာသာလွန်တဲ့ နိုင်ငံတွေကသာ စစ်ပွဲအနိုင်အရှုံးအဆုံးအဖြတ်ကို ပေးမယ့် သဘောဖြစ်ပြီး သာဓကအနေနဲ့ အခု ဖြစ်ပွားနေတဲ့ ရုရှား- ယူကရိန်းစစ်ပွဲက သက်သေပါပဲ။

ကမ္ဘာ့ပုံစံသစ်နဲ့အတူ

နည်းပညာတိုးတက်မှုနဲ့ အပြောင်း အလဲတွေက မြန်ဆန်လွန်းတဲ့အခါ နိုင်ငံ တိုင်းဟာ မိမိရဲ့ အမျိုးသားလုံခြုံရေး တစ်နည်း နိုင်ငံတော်လုံခြုံရေးကို စစ်ရေး အမြင်တစ်ခုတည်းသာမက စစ်ရေး မဟုတ်တဲ့ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွား ရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး ပတ်ဝန်းကျင်ဆိုင်ရာ စတဲ့ရှုထောင့် ပေါင်းစုံကနေ လွှမ်းခြုံဆက်စပ် စဉ်းစား ပြီး ကာကွယ်ရေးမူဝါဒတွေ ချမှတ်လာ ကြရတယ်။ မြန်မာနိုင်ငံအနေနဲ့ကလည်း မိမိရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရင်း ပြည်တွင်း ပြည်ပခြိမ်းခြောက်မှု အန္တရာယ်ပေါင်းစုံ ကို ရင်ဆိုင်ဆန့်ကျင် တွန်းလှန်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုရရှိ အောင်လုပ်ဆောင်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်။

ပြောင်းလဲနေတဲ့ ကမ္ဘာ့ပုံစံသစ်မှာ အမိနိုင်ငံရဲ့ စံတန်ဖိုး (core values) တွေ မပျောက်ပျက်အောင် ကာကွယ်နေရသလို နိုင်ငံတကာနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးကိုလည်းဖော်ဆောင်နေရပါတယ်။ တစ်ပြိုင်တည်းမှာပြည်သူတွေရဲ့ လူမှုဘဝလိုအပ်ချက်တွေကို တတ်နိုင်သမျှ ကြိုးစားဖြည့်ဆည်း ဆောင်ရွက်ပေး နေရပါတယ်။ ကမ္ဘာမှာ လုံခြုံရေးကင်းမဲ့တဲ့ နိုင်ငံမှန်သမျှဟာ တစ်ပါးသူတို့ရဲ့ ကျူးကျော်စွက်ဖက်တာကို အလွယ်တကူခံရနိုင်ပြီး ပြည်သူတွေဟာ ဆင်းရဲဒုက္ခများစွာနဲ့ ကြုံတွေ့ရင်ဆိုင် ရနိုင်ကြောင်း လေ့လာသိရှိထားရမှာ ဖြစ်ပါတယ်။

ကဏ္ဍပေါင်းစုံမှာ ပါဝင်နေတဲ့ တပ်မတော်ရဲ့ အဓိကရင်းမြစ်များ

ယနေ့နိုင်ငံရဲ့ ပကတိအခြေအနေ တွေအရ နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အမျိုးသားလုံခြုံရေးကို အကောင် အထည်ဖော်ဆောင်နေတဲ့ အဓိကမဏ္ဍိုင်ဟာ တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်း တည်ထောင်ထားတဲ့ ပြည်ထောင်စု တပ်မတော်ကြီးပဲ ဖြစ်ပါတယ်။ အရေး ကြီးတဲ့ နိုင်ငံ့အချုပ်အခြာအာဏာနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကိုယ် သွားချင်တဲ့ ဒီမိုကရေစီလမ်းကြောင်း တစ်ခုဟာ ဖိအားနဲ့ ခြိမ်းခြောက်မှုတွေ ကနေ မထိခိုက်၊ မတိမ်းစောင်းရလေအောင် တပ်မတော်က တာဝန်ယူ ကာကွယ်စောင့်ရှောက်နေရပါတယ်။

ကိုယ့်နိုင်ငံရဲ့ စီးပွားရေးစနစ်နဲ့ လွတ်လပ်ခွင့်ကို စီးပွားရေးစစ်ပွဲနဲ့ ဝင်ရောက်စွက်ဖက်မှု မခံရအောင်လည်း ကာကွယ်နေရပါတယ်။ စွမ်းအင်နဲ့ သဘာဝအရင်းအမြစ်တွေ မဆုံးရှုံးရလေ အောင်နဲ့ ပြည်သူတွေ လက်လှမ်းမီ သုံးစွဲနိုင်အောင်လည်း စီမံဆောင်ရွက် ပေးနေရပါတယ်။ အမိမြေလုံခြုံရေး တစ်နည်း ပြည်တွင်းလုံခြုံရေးအတွက်လည်း ရဲတပ်ဖွဲ့၊ ပြည်သူတို့နဲ့အတူ ပူးပေါင်းဆောင်ရွက် နေရတာတွေလည်း ရှိပါတယ်။

ယနေ့ နည်းပညာခေတ်ကြီးမှာ ဆိုက်ဘာလုံခြုံရေးကလည်း အထူးအရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ပြည်သူလူထု ရဲ့ လုံခြုံမှုတစ်နည်း လူသားလုံခြုံမှုပါ။ အခု ရင်ဆိုင်နေရတဲ့ ကပ်ဘေးကို ကာကွယ်ထိန်းချုပ်နိုင်အောင်နဲ့ ရောဂါ ဘယကင်းဝေးအောင်၊ ပညာသင်ကြားမှု အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်အောင်နဲ့ စားနပ်ရိက္ခာဖူလုံအောင် စတဲ့အချက် တွေဟာလည်း တပ်မတော်ရဲ့ အဓိကတာဝန်ပါပဲ။ ရာသီဥတုပြောင်းလဲမှုနဲ့ အတူပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေကနေ ပြည်သူတွေ ထိခိုက်သေဆုံးမှု၊ အခြေခံအဆောက်အအုံတွေ ပျက်စီး ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းအောင်၊ ဖြစ်လာရင်လည်း အရေးပေါ်ချက်ချင်း တုံ့ပြန်နိုင်အောင် ကြိုတင်စီမံစုဖွဲ့ ပြင်ဆင်နိုင်စွမ်းအားကလည်း တပ်မတော်ရဲ့ အဓိကရင်းမြစ်တွေထဲကပဲ ရရှိနိုင် တယ်ဆိုတာ တွေ့ရပါတယ်။

အမျိုးသားလုံခြုံရေးကို အမျိုးသားရေး တာဝန်တစ်ရပ်သဖွယ် ထမ်းရွက်နေ

အထက်ပါ ကဏ္ဍအားလုံးဟာ အမျိုးသားလုံခြုံရေးနဲ့ ဆက်စပ်စဉ်းစား ရတဲ့ လုံခြုံရေးကဏ္ဍတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံမှာအစဉ်အဆက်ကျင့်သုံးလာခဲ့တဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်း၊ ဘာသာတရား ကိုးကွယ် ယုံကြည်မှုဆိုင်ရာ လုံခြုံရေး (Identity security) တစ်ရပ်ကိုလည်း မေ့ထားလို့ မရပါဘူး။

နိုင်ငံတော်နဲ့ နိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးနဲ့သက်ဆိုင်တဲ့ အမျိုးသားရေး လက္ခဏာတွေဟာ ပျောက်ပျက်သွားလို့မရဘူးဆိုတာ သတိ ထားရမယ့် အချက်ပါ။ ပြည်သူအားလုံး နဲ့ဆိုင်တဲ့ အမျိုးသားရေးတာဝန်တစ်ရပ် လည်း ဖြစ်ပါတယ်။ တပ်မတော်သာ မရှိရင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုတာလည်း မရှိနိုင်သလို၊ တပ်မတော်အင်အား မကောင်းရင်၊ စွမ်းရည်မပြည့်ဝရင် ပြည်ထောင်စုကြီး ပြိုကွဲပြီး အချုပ်အခြာပါ ထိခိုက်ကာ နိုင်ငံလည်း ပျောက်သွားနိုင်တယ်ဆိုတာ ကမ္ဘာ့သမိုင်းပြန်ကြည့်ပြီး လက်ရှိနိုင်ငံ အခြေအနေနဲ့ ယှဉ်တွဲကာ သုံးသပ် သင်ခန်းစာ ယူနိုင်ရပါမယ်။

ဖိအားများ၊ အနှောင့်အယှက် အဖျက်အမှောင့်များကြားက ယနေ့ တပ်မတော်ဟာ ကိုယ့်စည်းကိုယ်လုံ

အောင် အမျိုးသားလုံခြုံရေးကို အမျိုး သားရေးတာဝန်တစ်ရပ် သဖွယ်ခံယူ ပြီး ထမ်းဆောင်နေတဲ့ ပြည်ထောင်စု တပ်မတော်ကြီးဖြစ်ပါတယ်။

ဘေးအန္တရာယ်ပေါင်းစုံအတွက် အမြဲတမ်း အသင့်ဖြစ်နေသည့် တပ်မတော်

တပ်မတော်အနေနဲ့ နိုင်ငံရဲ့အချုပ်အခြာ ပိုင်နက်နယ်နိမိတ်ကို လုံလုံခြုံခြုံ ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဆိုရင် တပ်မတော်ရဲ့ ကာကွယ်ရေးစွမ်းအားကို အစဉ်မြှင့်တင် တည်ဆောက်နေရမှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ လည်းသူတို့ရဲ့ ကြည်း၊ ရေ၊ လေစွမ်းပကား တွေကို တိုးချဲ့ တည်ဆောက် နေကြတယ် ဆိုတာ လေ့လာသိရှိနိုင်ပါတယ်။ ပြည်ထောင်စုတပ်မတော်အနေနဲ့လည်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေ ဘေးအန္တရာယ်ကျရောက်လာရင် ကူညီဆောင်ရွက်ပေးရမယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၃၄၁ မှာပါပြီး ဖြစ်ပါတယ်။ ဘေးအန္တရာယ်ဆိုတဲ့ နေရာမှာ သဘာဝအန္တရာယ်၊ လူကြောင့် ဖြစ် ရတဲ့အန္တရာယ် အားလုံးပါဝင်ပါတယ်။ ကျယ်ပြန့် များပြားတဲ့ တာဝန်တွေဖြစ်တဲ့ အလျောက် ပြောင်းလဲလာတဲ့ ကမ္ဘာ့အခြေအနေနဲ့ နိုင်ငံတကာတပ်မတော်ရဲ့ စစ်အခြေခံသဘောတရား တွေကို အမြဲတမ်းလေ့လာ၊ အမြဲတမ်းလေ့ကျင့်နေရပြီး အမြဲတမ်းလည်း အသင့်ဖြစ်နေအောင် တပ်မတော်ကို တည်ဆောက်နေ ရပါတယ်။

Global fire power ရဲ့ ကမ္ဘာ့စစ်အင်အား သတ်မှတ်ချက်နဲ့ချိန်ထိုးကြည့်သင့်

မြန်မာနိုင်ငံရဲ့ စစ်အင်အားဟာ Global fire power ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ အဆင့် သတ်မှတ်ချက်အရ နိုင်ငံ ၁၄၂ နိုင်ငံမှာ အဆင့် ၃၉ မှာရှိနေတယ်လို့ သိရပါတယ်။ အိမ်နီးချင်းအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်က အဆင့် ၃ နဲ့ အိန္ဒိယက အဆင့်၄ မှာ ရှိနေတယ်ဆိုတာ သတိပြုရပါမယ်။ အနောက်ဘက် အိမ်နီး ချင်း ဘင်္ဂလားဒေ့ရှ်က အဆင့် ၄၆ နဲ့ အရှေ့အိမ်နီးချင်း ထိုင်းက အဆင့် ၂၉ မှာ အသီးသီး ရပ်တည်နေကြပါတယ်။ အရှေ့တောင်အာရှမှာတော့ ထိုင်းအပါ အဝင်သုံးနိုင်ငံက မြန်မာ့ တပ်မတော်ထက် အဆင့်သတ်မှတ်ချက် ပိုမြင့်ပါတယ်။

ကာကွယ်ရေးဘတ်ဂျက် သုံးစွဲမှု အပိုင်း ကြည့်ပြန်ရင်လည်း ထိုင်းနိုင်ငံက ၇ ဘီလီယံနဲ့ ဘင်္ဂလားဒေ့ရှ်က ၃ ဒသမ ၇ ဘီလီယံလောက် သုံးနေတယ်ဆိုတဲ့ အချက်အလက်ဟာ မြန်မာနိုင်ငံထက်တော့ ပိုပြီးသုံးစွဲတဲ့ အနေအထားဖြစ် ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအနက် ကာကွယ်ရေး ဘတ်ဂျက်အပိုင်း မှာ မြန်မာထက်လျော့ပြီးသုံးတဲ့ နိုင်ငံတွေက ကမ္ဘောဒီးယား၊ လာအိုနဲ့ ဘရူနိုင်း သုံးနိုင်ငံလောက်သာ ရှိတာပါ။ မြန်မာရဲ့ဘေး ပတ်ဝန်းကျင်နိုင်ငံအချို့ဟာ သူ့ အကြောင်းနဲ့သူ အမျိုးသားအကျိုးစီးပွားအတွက် ကိုဗစ်-၁၉ ကပ်ဖြစ်နေတဲ့ကြားက စစ်အသုံးစရိတ်ကို မဖြစ်မနေ တိုးမြှင့် သုံးစွဲနေကြဆဲဖြစ်တာကိုလည်း တွေ့ရှိ ရပါတယ်။

အချက်အလက်တွေအရတော့ မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေးအဆင့် သတ်မှတ်ချက်ဆိုတာထက် ဘတ်ဂျက် သုံးစွဲမှုအပိုင်းမှာ လက်ရှိပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ စစ်ရေးအခြေအနေတွေအရ တိုက်စွမ်းရည်ပြည့်ဝတဲ့ ခေတ်မီ၊ တပ်မတော်တစ်ရပ် (Standard Army) ဖြစ်ဖို့ ရည်မှန်းချက်အတွက် ပိုပြီးတိုးမြှင့် သုံးစွဲမယ်ဆိုရင် တိုးပြီးသုံးစွဲသင့်တဲ့ အနေအထားတစ်ခုမှာ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Global firepower ရဲ့ သတ်မှတ်ချက်ဟာ နိုင်ငံတွေရဲ့ သမား ရိုးကျစစ်ပွဲတစ်ခုကို မိမိမှာရှိတဲ့ ကြည်း၊

ရေ၊ လေအင်အားနဲ့ ဘယ်လောက်တိုက် ခိုက်နိုင်စွမ်းရှိတယ်ဆိုတာ ချိန်ထိုးပြီး သတ်မှတ်ထားတဲ့ စစ်အင်အားပဲ ဖြစ်ပါတယ်။ စစ်မှုထမ်းနိုင်တဲ့ အသက်အရွယ် အတွင်းမှာရှိတဲ့မှ လူဦးရေနဲ့ စစ်သည်အင်အား၊ လက်နက် အင်အား၊ သယံဇာတပမာဏနဲ့ စီးပွား ရေးအင်အား၊ ပထဝီဝင် အချက်အလက် စတဲ့ တိုင်းတာတဲ့အချက်တွေ ဖြစ်ပါ တယ်။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံ တွေ၊ အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ တပ်မတော်ကို လူလက်နက်ဖွဲ့စည်း အဆင့်မြှင့်တင်တာကအစ စစ်ရေယာဉ်တွေကို ကိုယ်တိုင်တည်ဆောက်၊ ဝယ်ယူ ဖြည့်တင်းပြီး ခေတ်မီလေယာဉ်တွေရရှိဖို့၊ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ဖို့ ရည်ရွယ် ပြီး ဆက်လက်တိုးချဲ့ တည်ဆောက်သွား ရမယ့် အခြေအနေမှာ ရှိဆဲလို့ ယူဆရမှာ ဖြစ်ပါတယ်။

စိတ်ဓာတ်စွမ်းအား မြင့်မားနေရန်လို

အမှန်က တပ်မတော်ရဲ့ စွမ်းပကားကို မြှင့်တင်တယ်ဆိုတာ စစ်ရေးစစ်ရာ အတွက် သာမကပါဘူး၊ နိုင်ငံတည်ဆောက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက်ပါ ရည်ရွယ်ပြီး လုပ်သင့် လုပ်ထိုက်တာကို အမျိုးသားရေးတာဝန် တစ်ရပ်လို သတ်မှတ်ပြီး တပ်မတော်ရဲ့ အရင်းအမြစ်များအားလုံးကို ကဏ္ဍအားလုံးမှာ အစွမ်းကုန်အသုံးချနိုင်ဖို့အတွက်ပါ ရည်ရွယ်ပါတယ်။ စွမ်းရည် ထက်မြက်ဖို့ဆိုတဲ့ နေရာမှာ တပ်မတော်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်ရပ်လုံး ပါပါတယ်။ လူ ပစ္စည်းလက်နက်အဆင့် မြင့်မားနေရုံနဲ့ မပြီးပါဘူး။ စိတ်ဓာတ် စွမ်းအားပါ မြင့်မားနေဖို့ အထူးလို အပ် ပါတယ်။

တချို့နေရာတွေမှာ စိတ်ဓာတ် အင်အားသာလွန်ရင့်သန်မှုက အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးပါတယ်။ အဓိက က အားလုံးထက် သာလွန်တဲ့ မျိုးချစ် စိတ်ဓာတ်ပါပဲ။ ကိုယ့် နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာသာသနာအတွက် သစ္စာစောင့်သိပြီး အသက်သွေးချွေး စဉ်ဆက် မနှေးပေးဆပ်နေရမယ့် အခြေခံစိတ် ဓာတ်ဖြစ်ပါတယ်။ ဒီလိုအသက်ပေးရတာကိုလည်း ဂုဏ်ယူနေရမယ့်စိတ်ဓာတ်မျိုး ရှိရမှာ ဖြစ်ပါတယ်။ ဒီလို မျိုးချစ်စိတ်မျိုးကို ဥပဒေကို လေးစားလိုက်နာပြီး စည်းကမ်းကောင်းမွန်မှုက အထောက် အကူပြုပါတယ်။ တပ်မတော်သား တစ်ယောက်အနေနဲ့ စစ်စည်းကမ်း အပြင် အရပ်ဘက်စည်းကမ်းတွေကိုပါ လေးစားလိုက်နာရတဲ့ စံနမူနာပြ နိုင်ငံသားကောင်း စစ်သည်တော်တွေ ဖြစ်ဖို့ အပတ်တကုတ် ကြိုးစားအားထုတ်ခြင်း ဖြင့် စိတ်ဓာတ်စွမ်းပကားမြင့်မားမှုကို ပြသ နိုင်ရမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်တော့တပ်မတော်ဟာ ခေတ်အဆက်ဆက် မြန်မာ့တပ်မတော်ရဲ့ သမိုင်းပေး တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး နိုင်ငံနဲ့လူမျိုး အပေါ် အစဉ်သစ္စာစောင့်သိလျက် ရှိနေမှာပဲဖြစ်ပါတယ်။ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ရပ်တည်နေတဲ့ တပ်မတော်အနေနဲ့ ပစ္စုပ္ပန်ကာလ အခုလိုအခြေအနေမှာ အင်အားတောင့် တင်းဖို့နဲ့ စွမ်းရည်မြင့်မားနေဖို့ အထူး အရေးကြီးကြောင်း သိသာထင်ရှားပါတယ်။ သို့မှသာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အချုပ်အခြာ အာဏာကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနိုင်တဲ့၊ ကျစ်လျစ်ခိုင်မာ တောင့်တင်းတဲ့ ခေတ်မီ တပ်မတော်တည်ဆောက်ရေး ဦးတည်ချက်များ ပြည့်ဝမှာဖြစ်ပါကြောင်း ရေးသား လိုက်ရပါတယ်။

 

မိုးမြင့်

(၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ဂုဏ်ပြုဆောင်းပါး