အပူဒဏ်အန္တရာယ် သတိပြုကာကွယ်
ကမ္ဘာကြီးတွင် ပူပြင်းခြောက်သွေ့ခြင်း၊ ရာသီ ဥတုဆိုးရွားလာခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီး ရေလျှံခြင်း၊ ရောဂါအသစ်အဆန်းများ ပေါ်ပေါက် လာခြင်း စသည်ဖြင့် ဘေးဒဏ်အမျိုးမျိုးတို့ကို လူသားတို့တွေ့ကြုံရင်ဆိုင်နေကြရသည်။ အကြောင်းအကျိုးဆက်စပ်မှုဖြစ်စဉ်အရ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲများအရည်ပျော်ကာ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာသည်။ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည်။ လူသားတို့ နေထိုင်ရန်၊ စက်မှုလုပ်ငန်းများ တိုးချဲ့ရန်၊ သဘာဝသယံဇာတများ ထုတ်ယူရန် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်များ ခုတ်လှဲမှုကသဘာဝပတ်ဝန်းကျင် ဂေဟစနစ်များကို ပျက်စီးစေကာ ဥတုရာသီများဖောက်ပြန်ခြင်း၊ အပူ လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပေါ် လာရသည်။ စက်မှုလုပ်ငန်းများမှ စွန့်ထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကြောင့် အိုဇုန်းလွှာပျက်စီးကာ တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်တက်လာနေ သည်။ ဘယ်သူမပြု မိမိမှုဆိုသလို လူသားတို့၏ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုများကြောင့် ဖြစ်ပေါ်လာရသောကြောင်းကျိုးဆက်နွှယ်မှု အကြောင်းရင်းများပင် ဖြစ်သည်။
နွေရာသီအပူဒဏ်၏ အန္တရာယ်များ
အပူရှပ်ခြင်းနှင့် ချွေးထွက်လွန်ခြင်းကဲ့သို့သော နွေရာသီအပူဒဏ်၏ အန္တရာယ်များကို လူအများ သိရှိကြပြီး ဖြစ်သည်။ လူအများ သတိမမူမိသည့် နွေရာသီအပူဒဏ်၏ နှိပ်စက်မှုများလည်း ရှိသေးသည်။ နွေရာသီအပူဒဏ်၏ အန္တရာယ်များကို အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။
အပူရှပ်ခြင်း - အပူရှပ်ခြင်းသည် ခန္ဓာကိုယ် အပူချိန် လွန်စွာမြင့်တက်လာခြင်းကြောင့် ဖြစ်ပွား သည်။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့ခြင်း၊ ပူပြင်းသည့်အခြေအနေ၌ လှုပ်ရှားမှုများ ပြင်းပြင်း ထန်ထန် လုပ်ဆောင်ခြင်းတို့ကြောင့် ခန္ဓာကိုယ် အပူချိန်မြင့်တက်လာခြင်းဖြစ်သည်။ ခန္ဓာကိုယ် အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် သို့မဟုတ်ယင်းထက် မြင့်တက်နေခြင်းမျိုးဖြစ်သည်။ အပူရှပ်သည့်အခါ အရေးပေါ်ပြုစုကုသမှု လုပ်ဆောင်ပေးရန် လိုအပ်သည်။ မကုသဘဲထားလျှင် အပူရှပ်ခြင်းကြောင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားတို့ အချိန်တိုအတွင်း ထိခိုက်ပျက်စီးသွားနိုင်သည့်အပြင် ပြင်းထန်သော နောက်ဆက်တွဲဝေဒနာများကြောင့် အသက် သေဆုံးသည်အထိဖြစ်နိုင်သည်။ လေထဲ၌ ဝတ်မှုန်ပါဝင်မှုနှုန်း မြင့်မားမှုကြောင့် လူအများ ဓာတ်မတည့်ခြင်းဖြစ်ကာ နှာချေ၊ နှာရည်ယိုခြင်း ဖြစ်ကြရသည့်အပြင် မျက်လုံးများ ယားယံမှု များလည်း ဖြစ်တတ်သည်။ ဓာတ်မတည့်ခြင်း ပြင်းထန် သူများအနေဖြင့် ဖြစ်နိုင်သမျှ အပြင် ထွက်ခြင်းကို ရှောင်ရှားခြင်း သို့မဟုတ် နှာခေါင်းစည်းများ တပ်ထားခြင်းတို့ဖြင့် ကာကွယ်ရ သည်။
နှစ်အနည်းငယ်အတွင်း ပြင်းပြင်းထန်ထန်ခံစား
ကမ္ဘာပေါ်တွင် နေထိုင်ကြသည့် လူသားတိုင်း မိမိတို့သုံးစွဲသောပစ္စည်းများကို ပြန်လည်သုံးစွဲနိုင် အောင် ကိုယ်တိုင်ဆောင်ရွက်ပြီး အများကလိုက်ပါ ဆောင်ရွက်နိုင်အောင် ကူညီဆောင်ရွက်ခြင်း၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချခြင်း၊ လေထုသန့်စင်စေရန်နှင့် ရာသီဥတုမျှတစေရန် လူတိုင်း သစ်ပင်စိုက်ပျိုးခြင်း၊ စိုက်ပြီးသစ်ပင်များရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကမ္ဘာကြီးအတွက် အဘက်ဘက်က အကူအညီပေးနိုင်သည့် လူသားကောင်းတစ်ယောက် ဖြစ်စေရန် မိမိကိုယ်ကို တည်ဆောက်ခြင်း တို့ဖြင့် မိမိတို့ဝန်းကျင်တစ်ခုမှသည် ကမ္ဘာ့ ပတ်ဝန်းကျင် သာယာလှပရေး အားသွန်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတု ဆိုးရွားစွာ ပြောင်းလဲမှုကို ရင်ဆိုင်နေရသည့်နိုင်ငံဖြစ်ရာ မိုးရာသီတွင် ရေကြီးမှု၊ နွေရာသီတွင် အပူချိန် မြင့်မားမှုကြောင့် သောက်သုံး ရေရှားပါးမှု၊ ဆောင်းရာသီကာလ တိုတောင်းမှုဒဏ်များကို နှစ်အနည်းငယ်အတွင်း ပြင်းပြင်းထန်ထန် ခံစားလာကြရသည်။
သစ်ပင်စိုက်ပျိုးခြင်းသည် ငွေကြေးကုန်ကျမှု သက်သာသည့်အပြင် အကျိုးကျေးဇူးများစွာရရှိစေ သည်။ သစ်ပင်တစ်ပင်ရှင်သန်ဖြစ်ထွန်းလာပြီဆိုလျှင် သက်ရှိလောကအားလုံး အကျိုးဖြစ်ထွန်း စေသည်။ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများသည် ကျေးလက်နေပြည်သူများအတွက် လေအေးပေးစက်ထက်ပင် တန်ဖိုးကြီးမားသည်။ အရိပ်ရပင်ဖြစ်စေ၊ စားပင်သီးပင်ဖြစ်စေ ရှင်သန်ဖြစ်ထွန်းမည်ဆိုလျှင် များစွာအကျိုးရှိသည်။ မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုး ကြောင့် သစ်တောများ တဖြည်းဖြည်းပြုန်းတီးလျက်ရှိသည်။ ထိုသို့ ပြုန်းတီးသွားသော သစ်တောများနေရာတွင် အစားထိုးသစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်စွမ်းမရှိလျှင် မဝေးတော့သည့်အနာဂတ်တွင် သဲကန္တာရများ ဖြစ်လာနိုင်ပေသည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း၌ သစ်တောများပြုန်းတီးလာမှုကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခံစားနေကြရပြီဖြစ်သည်။ နှစ်စဉ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရာ၌ တာဝန်ကျေ စိုက်ပျိုးခြင်းထက် စိတ်စေတနာဖြင့် ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသင့်ပေသည်။ သစ်တောပြုန်းတီးမှု များပြားလာသော မြို့၊ ရွာများတွင် လမ်းများနှင့် အဆောက်အအုံများသည် အပူပိုမိုစုပ်ယူလေ့ရှိသည်။ သစ်တော သစ်ပင်ထူထပ်သော မြို့၊ ရွာများတွင် အရိပ်အာဝါသကောင်းမွန်သဖြင့် လမ်းများနှင့် အဆောက်အအုံများကို အေးမြစေသည်။
နွေရာသီကောင်းကင်၌ မီးခိုးမြူများ ဆိုင်းနေ
လူအများစုအတွက် အိပ်၍ကောင်းသော အခန်းအပူချိန် ၆၇ ဒီဂရီဖာရင်ဟိုက်၊ ၁၉ ဒသမ ၄ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ အပူချိန်မြင့်တက် လာသည်နှင့်အမျှ အိပ်စက်မှုအရည်အသွေးသည် လည်း ကျဆင်းသွားသည်။ မှန်ကန်သည့်အပူချိန် သည်တစ်ညလုံး ကောင်းမွန်စွာ အိပ်စက် နိုင်စေသကဲ့သို့ အိပ်စက်မှုအရည်အသွေးကိုလည်း ကောင်းမွန်စေသည်။ နိုးလာသည့်အချိန်တွင် ပင်ပန်းနွမ်းနယ်နေပြီး မူးဝေနေပါက အပူချိန်ကိုထိန်းညှိရန်လိုသည်။ နှလုံးက ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် ခုန်ရခြင်း၊ အပူချိန်မြင့်မားခြင်းသည် နှလုံးအပေါ်သို့ သွယ်ဝိုက်၍သာမက တိုက်ရိုက်ပါ သက်ရောက်မှုများရှိသည်။ မြို့ပြ၌ နေထိုင်ပါက နွေရာသီ ကောင်းကင်၌ မီးခိုး မြူများ ဆိုင်းနေသည်ကို မြင်တွေ့ရနိုင်သည်။
လေထုအရည်အသွေးသည် ပိုမိုဆိုးရွား၍ လာတတ်ပြီး လေထုညစ်ညမ်းခြင်းသက်သက်သည် ပင်လျှင် နှလုံးနှင့် သွေးကြောစနစ်များကို ကောင်းစွာဒုက္ခပေးနိုင်သည်။ အရေပြားမျက်နှာပြင် များဆီသို့ ပင်မခန္ဓာကိုယ်မှနေ၍ အလွန်ပူနွေးနေသော သွေးများကို ပန်းထုတ်ရန်အတွက် နှလုံးသည် ပို၍လျင်မြန်စွာခုန်ရသည်။ ခန္ဓာကိုယ်ကို အေးစေရန်အတွက် နှလုံးခုန်မြန်လိုက် ရခြင်းဖြစ်သောကြောင့် ကာကွယ်နိုင်သည့် နည်းလမ်းမှာ ရေများများ သောက်၍ လှုပ်ရှားမှု များများစားစားမလုပ်ခြင်း ဖြင့်သာ ကာကွယ်နိုင်သည်။
အပူရှပ်ခြင်းနှင့် ချွေးထွက်လွန်ခြင်းတို့သာမက သိသာထင်ရှားခြင်းမရှိသော နွေရာသီအပူဒဏ်၏ အခြားဘေးအန္တရာယ်များကိုလည်း သတိပြုကာကွယ်ရန်လိုအပ်သည်။ ပူပြင်းသောနွေရာသီတွင် လိုက်လျောညီထွေရှိသော အဝတ်အထည် ပါးပါးချောင်ချောင်ကို ဝတ်ဆင်သင့်သည်။ နေရောင်ခြည်ကို စုပ်ယူသောအရောင်ရင့်အနီရောင်၊ အမည်းရောင် စသောအဝတ်အထည်များ မဝတ်ဆင်သင့်ပေ။ နေရောင်ခြည်ကို ပြန်စေသော အရောင်နုနု အရောင်ဖျော့ဖျော့ ပွပွချောင်ချောင် ဝတ်ဆင်သင့်သည်။ အရက်နှင့် ဘီယာသောက်ခြင်းမှ ရှောင်ကြဉ်ရမည်။ အရက်ဘီယာသည် ခန္ဓာကိုယ်၏အပူရှိန်ကို ထိန်းညှိပေးခြင်းကို ထိခိုက်စေပြီး ခန္ဓာကိုယ်အတွင်း ရေဓာတ်ကို ညစ်နွမ်းစေခြင်းကြောင့် ရေများများသောက်ရန် လိုအပ်လာသည်။ ရေဆာပါက ရေသောက်သင့်သည်။
ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်ဆုံးရှုံးမှု များပြား
နေပူပြင်းလွန်းသောကြောင့် ကြွက်တက်ခြင်း၊ နုံးခွေခြင်းတို့ဖြစ်လျှင် ဓာတ်ဆားရည်သောက်သင့် သည်။ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင် သို့သွားပါက ထီးနှင့် ဦးထုပ် ဆောင်းသင့် သည်။ နွေရာသီတွင် အရေပြားပြောင်းလဲခြင်း၏ အဓိကအကြောင်းရင်းမှာ ခရမ်းလွန် ရောင်ခြည်ကြောင့် ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများသော မျက်နှာ၊ လက်၊ လည်ပင်း၊ ခြေထောက်များမှာ နေလောင်ခံရနိုင်သည်။ အပူချိန်မြင့်မားမှုကြောင့် ကလေးငယ်၊ သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါ ခံစားရသူ၊ သွေးချို၊ ဆီးချို၊ နှလုံး၊ အဆုတ်ရောဂါရှိသူ၊ အစားအသောက်တွင် ဆားလျှော့စားသူများ နွေရာသီအပူကြောင့် အပူရှပ်မှုဒဏ်ခံစားရနိုင်သည်။ အပူကြောင့် ကြွက်တက်ခြင်း၊ ရေငတ်ခြင်း၊ ခြေထောက်၊ လက်၊ ဝမ်းဗိုက်၊ ကြွက်သားနာခြင်း စသည်များ ခံစားရနိုင်သည်။ အပူကြောင့် နုံးခြင်း၊ ပျို့အန်ခြင်း၊ ခန္ဓာကိုယ်အပူရှိန် ၁၁၂ ဒီဂရီဖာရင်ဟိုက်၊ ၃၉ ဒီဂရီ စင်တီဂရိတ်အထိ တက်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်နိုင်သည်။
သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ၊ အရေပြားအေးစက်ခြင်းတို့ဖြစ်လာလျှင် နီးစပ်ရာ ဆရာဝန်ထံ ပြသရန်လိုသည်။ နွေအပူကြောင့် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုလည်း မြင့်မား လျက်ရှိသည်။ အပူဒဏ်ကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်ဆုံးရှုံးမှု များပြားနိုင်သည်။ ဆုံးရှုံးမှုကြောင့် မိတ်နှင့် ယားဖုထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်းနှင့် အသက်အန္တရာယ် စိုးရိမ်ရခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုး ဆက်များ မဖြစ်ပေါ်စေရန် နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင် မြစ်ကမ်းနားရေဆိပ်တို့မှာ ရေချိုးခြင်းရှောင်ကြဉ်ကာ အရိပ်ရအေးမြသောနေရာတွင် နေသင့်သည်။ နေပူထဲတွင် ပြင်းထန် သော ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ရ၊ အရက်သောက်ခြင်းကြောင့် အပူဒဏ်အန္တရာယ် ဖြစ်ပေါ်နိုင်သည်။ နေခင်းဘက် အပြင်ထွက်လိုပါက ထီး၊ ဦးထုပ်၊ အကာအကွယ်ဖြင့် သွားသင့်သည်။ အပူရှိန်မြင့်မားသည့် နွေကာလ အရိပ်ခိုခြင်း၊ ရေချိုးခြင်း၊ ရေကစားခြင်း ရှောင်ကြဉ်ပြီး အပူဒဏ်မှ ကာကွယ်နိုင်ရေးနှင့် သက်ဆိုင်ရာကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက် ကြရန် တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
အောင်ထက်လင်း (ကြိမ်ချောင်း)