Skip to main content

အဖိုးတန်ရေသယံဇာတကိ ထိန်းသိမ်းကြစေလို

“ထမင်းအသက်ခုနစ်ရက်ရေအသက်တစ်မနက်”ဟု ဆိုရိုးပြုရလောက်သည်အထိ ရေသည် သက်ရှိ တို့အတွက် အလွန်အရေးလှသည်။ ထို့ကြောင့် ရေကို “ဇီဝထု၏ အသက်သွေးကြော” (Bloodstream of biosphere) ဟုပင် တင်စားခေါ်ဆိုကြသည်။ ရေမရှိလျှင် သက်ရှိလောကကြီး မရှိနိုင်ပေ။သစ်ပင် ပန်းမန်တို့ မရှင်သန်နိုင်ပေ။ ရေသည် ကမ္ဘာပေါ်ရှိ သစ်ပင်ပန်းမန်နှင့် သက်ရှိ အားလုံးတို့အတွက် အဖိုး ထိုက်လှသော သယံဇာတတစ်မျိုးဖြစ်သည်။ ထို့ကြောင့်လည်း နှစ်စဉ် မတ် ၂၂ ရက်ကို “ကမ္ဘာ့ ရေသယံဇာတနေ့” (World Water Day)ဟု ကမ္ဘာ့ ကုလသမဂ္ဂက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ရေဂြိုဟ် သို့မဟုတ် ရေကမ္ဘာကြီး

စာရေးသူတို့နေထိုင်ရာ ကမ္ဘာကြီးသည် ကုန်းမြေဧရိယာထက် ရေပြင်ဧရိယာက ပိုများသည်။ ထို့ကြောင့် ကမ္ဘာကြီးကို ရေဂြိုဟ်ဟု တင်စားခေါ်ဝေါ်ကြသည်။ ခေါ်လည်း ခေါ်ဆိုထိုက်သည်။ ကမ္ဘာကြီးကို အာကာသမှကြည့်ပါက အပြာရောင်တောက်ပနေသည်။ ကမ္ဘာ့ကုန်းပိုင်းနှင့် ရေပိုင်းတွင် အပြာရောင်သည် ရေအပိုင်းကို ပြနေခြင်းဖြစ်သည့်အတွက် အပြာရောင်တောက် နေခြင်း ဖြစ်သည်။ ဤကား စာရေးသူတို့ကမ္ဘာမှာ ရေပေါများစွာရှိနေသည်ကို ဖော်ပြနေခြင်း လည်းဖြစ်ပြီး ထိုသို့ ရေအများအပြားရှိသည့်အတွက် ရေဂြိုဟ်ဟုခေါ်ခြင်းဖြစ်သည်။

လူ့ခန္ဓာကိုယ်အတွင်း ရေဓာတ် ၁ ရာခိုင်နှုန်း လျော့သွားပါက ရေငတ်ဝေဒနာကို ခံစားကြရ သည်။ ၁၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားပါက အသက်သေဆုံးနိုင်ပါသည်။ ကမ္ဘာ့မြေ မျက်နှာပြင် အားလုံး၏ ၇၁ ရာခိုင်နှုန်းသည် ရေများဖြင့် ပြည့်နေသလို သက်ရှိများကိုလည်း ရေများဖြင့်ဖွဲ့စည်းထားသည်။ သစ်ပင်များတွင်ရေ ၆၀ ရာခိုင်နှုန်း၊ လူနှင့်တိရစ္ဆာန်များတွင် ရေ ၅၀ ရာခိုင် နှုန်းမှ ၆၅ ရာခိုင်နှုန်းအထိ ပါဝင်နေသည်။ လူသားတို့ခန္ဓာကိုယ်၏ သုံးပုံ နှစ်ပုံသည် ရေဖြစ်သည်။

ကမ္ဘာ့ရေချိုသယံဇာတ

ကမ္ဘာကြီး၏ လေးပုံသုံးပုံကို ရေထုက ဖုံးလွှမ်း ထားသော်လည်း အမှန်စင်စစ် ကမ္ဘာ့ရေထု၏ ၉၇ ရာခိုင်နှုန်းသည် ပင်လယ်သမုဒ္ဒရာများရှိ ဆားငန်ရေများဖြစ်ပြီး အမှန်တကယ် သုံးစွဲ၍ရသော ရေချို မှာ ၃ ရာခိုင်နှုန်းသာ ရှိသည်။ ပင်လယ်သမုဒ္ဒရာ အတွင်းရှိရေများသည် စိုက်ပျိုးရန်၊ သောက်သုံးရန်နှင့် စက်မှုလက်မှုလုပ်ငန်းများတွင် အသုံးပြု၍ မရပေ။ သုံးစွဲနိုင်သော ရေချိုများတွင်လည်း အချို့က လူတို့နှင့် အလှမ်းကွာဝေးလှသောအရပ်ဒေသများ၌ တည်ရှိပြီး ရေခဲများဖုံးလွှမ်းနေသောဒေသများ၊ ရေခဲမြစ်များနှင့် မြေအောက်ရေများဖြစ်ကြသည်။ လူတို့ သောက်သုံးနိုင်သော မြစ်ရေ၊ ချောင်းရေနှင့် ကမ္ဘာ့အပေါ်ယံမြေအောက်ရေသည် ၀ ဒသမ ၀၀၈ ရာခိုင်နှုန်းသာရှိသည်။ ထို့ကြောင့် ရေချိုကို အဖိုး တန်သည့် သယံဇာတတစ်မျိုးဟု ဆိုခြင်းဖြစ် သည်။

ရေချိုသယံဇာတသုံးစွဲမှုနှင့် ရေရှည်ရေလိုအပ်ချက်

ရေချိုသည် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများတွင် အရေးပါလှသည်။ စိုက်ပျိုးရေးအတွက် သီးနှံ ကီလို ၁၀၀၀ ထုတ်လုပ်ရန် ရေကုဗမီတာ ၁၀၀၀ လိုအပ်သည်ဟု ဆိုပါသည်။ (၁ ကုဗမီတာသည် ရေ ၁၀၀၀ လီတာနှင့် ညီမျှသည်)။ သံမဏိ ကီလို ၁၀၀၀ ထုတ်လုပ်ရန် ရေလီတာ နှစ်သိန်း၊ စက္ကူ တစ်ကီလိုထုတ်လုပ်ရန် ရေလီတာ ၂၅၀ လိုအပ်သည်။ ကမ္ဘာတစ်ဝန်းတွင် ရေသုံးစွဲမှု အတွက် မြစ်ချောင်းများမှ ၆၅ ရာခိုင်နှုန်းကို ရရှိသည်။ စိုက်ပျိုးရေးအတွက် ၁၆ ရာခိုင်နှုန်းကို မြေအောက်မှ  ရရှိသည်။ သို့သော် ထိုရေများအနက် ၆၉ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးအတွက် အသုံးမပြုရသေးခင် အငွေ့ပျံခြင်းနှင့်မြေထဲသို့ စိမ့်ဝင်ခြင်းကြောင့်လည်း ဆုံးရှုံးရပါသည်။ ထို့အပြင် စွမ်းအင်ထုတ်လုပ်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများနှင့် အခြားသန့်ရှင်းရေ  လုပ်ငန်းများ အတွက် ရေသုံးစွဲမှုက ၂၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ အလူမီနီယမ် နှစ်ပေါင် ထုတ်လုပ်ရန် ရေဂါလန်၁၀၀၀လိုအပ်သည်။ နေ့စဉ် နေ့တိုင်း ကမ္ဘာတစ်ဝန်းလုံးရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ရေသုံးစွဲမှု ပမာဏမှာ ၁၃ ရာခိုင်နှုန်း မှ ၁၆ ရာခိုင်နှုန်းအထိ ရှိကြောင်းလည်း မှတ်သားရပါသည်။

လူတို့သည်မိမိတို့၏ လုပ်ငန်းဆောင်တာများအတွက် ရေချိုကို နေ့စဉ် သုံးစွဲနေကြရသည်။ ကမ္ဘာ့ ရေချိုသုံးစွဲနိုင်မှု ပမာဏနှင့်ဆိုလျှင် ရေရှည်တွင်  ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်ရနိုင်သည်။ နိုင်ငံတကာ ရေအရင်းအမြစ်များအဖွဲ့၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံသည် လာမည့် ၂၀၃၀ အရောက်တွင် ရေပြတ်လပ်မှုနှင့် ကြုံတွေ့ရနိုင်သည်ဟု ခန့်မှန်း ကြသည်။ တရုတ်နိုင်ငံတွင် စိုက်ပျိုးရေးနှင့် စက်မှု လက်မှုလုပ်ငန်းအတွက် ၂၀၀၉ ခုနှစ်က ရေကုဗ မီတာ ၅၈၆ ဘီလီယံသုံးစွဲခဲ့ပြီး ထိုသုံးစွဲမှုပမာဏကို အခြေခံ၍လာမည့်သက္ကရာဇ် ၂၀၃၀ ပြည့်နှစ် တွင် ရေကုဗမီတာ ၈၁၈ လိုအပ်မည်ဟုဆိုသည်။ နိုင်ငံအတွင်းရရှိသည့် ရေပမာဏမှာ ကုဗမီတာ ၆၁၉ ဘီလီယံဖြစ်သည်။ ဤကား နိုင်ငံတစ်နိုင်ငံ တည်းကိုသာ ကိုယ်စားပြုဖော်ပြခြင်းဖြစ်ပြီး အခြား သော နိုင်ငံများအနေဖြင့်လည်း ရေလိုအပ်ချက် ရှိပေလိမ့်မည်။

ရေသယံဇာတညစ်ညမ်းနေသော နိုင်ငံအချို့

ယနေ့ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ ရေရှားပါးမှုပြဿနာကို ရင်ဆိုင်ရဖွယ်ရှိသည်။ ရေရှားပါးခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်မှာ ရေထုညစ်ညမ်းမှုပင် ဖြစ်သည်။ ယနေ့ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ရေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ တရုတ်နိုင်ငံတွင် ၂၀၀၀ ပြည့်နှစ် စစ်တမ်းအရ မြစ်ပေါင်း ၅၁၄ စင်းရှိရာ ၆၀သည်ရေခန်းခြောက်နေသည်။ တောင်ကိုရီးယားနိုင်ငံတွင် သောက်သုံးရေမှာ ၅ ရာခိုင်နှုန်း သာရရှိပြီး အဓိကမြစ်ကြီးများမှာမူ စွန့်ပစ်ပစ္စည်းများကြောင့် အဆိပ်ဖြစ်၍ ညစ်ညမ်းနေသည်။ ထို့အတူ ဖိလစ်ပိုင် နိုင်ငံ၌လည်း မြစ်အစင်းပေါင်း ၄၁၉ စင်းအနက် ၃၆၂ စင်းမှာ ရေညစ်ညမ်းလျက်ရှိသည်။ ဂျပန်နိုင်ငံ  တွင် ရေတွင်းပေါင်း ၁၈၀၀ အနက် ၁၂၀၀ ခန့်မှာ အဆိပ်သင့်လက္ခဏာများကို တွေ့ရသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံတွင် မိလ္လာရေဆိုးများနှင့် စက်မှုအမှိုက်များကြောင့် ရေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်  နေရသည်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်း မြစ်အတွင်းသို့ မာကျူရီများ စွန့်ပစ်မှုကြောင့် ညစ်ညမ်းလျက် ရှိပြီး မြို့ပြရေပေးဝေမှုအတွက် သန့်ရှင်းသောရေမှာ ၆၀ ရာခိုင်နှုန်းသာ ရှိတော့သည်။ ဤကားသိသာရုံမျှ  ဖော်ပြခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ရေထုညစ်ညမ်းမှုများ ရှိနိုင်ပါသေးသည်။ ထို့ကြောင့်  ယနေ့ကမ္ဘာပေါ်ရှိလူဦးရေ ၁ ဒသမ ၅ဘီလီယံသည်  ရေကောင်းရေသန့် မရကြောင်းနှင့် နှစ်စဉ်လူပေါင်း ၅ သန်းကျော်သည် ရေကြောင့်ဖြစ်သော ရောဂါများကြောင့် သေဆုံးနေရကြောင်းကို ဆောင်းပါးတစ်ပုဒ် ၌ ဖော်ပြထားသည်ကို တွေ့ရသည်။ ဤဖြစ်စဉ်များ မှာ ရေထုညစ်ညမ်းခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများပင် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ရေသယံဇာတ

မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင်ပေါများ သောနိုင်ငံဖြစ်သည်။ မြေပေါ်မြေအောက် ရေသယံ ဇာတ ပေါကြွယ်ဝလှသည်။ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်၊ ချင်းတွင်းစသည့် မြစ်ကြီးများသည် စာရေး သူတို့နိုင်ငံ၏ ပင်မရေချိုသယံဇာတ သိုက်ကြီးများပင်ဖြစ်သည်။ အခြား ရေချိုမြစ်ကြီး များစွာလည်း ရှိသည်။

ဧရာဝတီမြစ်သည် မိုင်ပေါင်း ၁၃၅၀ ကျော်ရှည် လျားသောမြစ်ဖြစ်ပြီး မြန်မာပြည်၏ အသက် သွေးကြောမြစ်ကြီးဟုပင် ဆိုကြသည်။ လယ်ယာ စိုက်ပျိုးရေးအတွက် အားထားရသောကြောင့် ဖြစ်သည်။ သံလွင်မြစ်သည်လည်း တရုတ်ပြည် မြောက်ပိုင်းတွင် မြစ်ဖျားခံပြီး ရှမ်းကုန်းမြေမြင့် ကိုဖြတ်၍ မွန်ပြည်နယ်မှတစ်ဆင့် မုတ္တမပင်လယ်ထဲသို့ စီးဝင်ပြီး မိုင်ပေါင်း ၁၇၄၉ မိုင် ရှည်လျားသည့်  သဘာဝရေသယံဇာတ အရင်းအမြစ်ကြီးတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ရေသုံးစွဲမှုမှာ စိုက်ပျိုးရေးအတွက် ၉၀ ရာခိုင်နှုန်းရှိပြီး စက်ရုံအလုပ်ရုံနှင့် သောက်သုံးရေ အတွက် ရေသုံးစွဲမှုမှာ ၁၀ ရာခိုင်နှုန်းသာ ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ရေသုံးစွဲမှုမှာ ရေအရင်းအမြစ်၏ ၁၂ ရာခိုင် နှုန်းသာ ရှိသေးသည်။ မြန်မာနိုင်ငံအနေဖြင့် အားရကျေနပ်စရာ တစ်ခုလည်း ရှိပါသေးသည်။ ယင်းမှာ ယနေ့လူဦးရေသန်း ၅၀ ကျော်မှလာမည့် သက္ကရာဇ် ၂၀၃၀ အတွင်း ယခုလက်ရှိလူဦးရေထက် များပြားစွာကျော်လွန်သွားပါကလည်း သောက်သုံးရေနှင့် စိုက်ပျိုးရေးအတွက်သုံးစွဲမည့် ရေပမာဏမှာ တိုးလာ မည်မဟုတ်ကြောင်း ဆောင်းပါးတစ်ပုဒ်၌ ဖတ်လိုက် ရသည်။

သို့သော် ယခုအခါ ရေသယံဇာတ ညစ်ညမ်းလာသည့်အပြင် ကန်ချောင်းများ၌ ရေခန်းခြောက် လာသည်ကိုတော့ သတိပြုသင့်ပါသည်။ ထိုသို့ဖြစ် ပေါ်လာခြင်းသည် ရေသယံဇာတကို ထိန်းသိမ်းကြဟု သတိပေးနေသယောင်ပင် ဖြစ်သည်။

မြစ်ရေခွဲဝေသုံးစွဲနေသောနိုင်ငံများ

ရေသည် ရှားပါး၍ တန်ဖိုးကြီးမားသည်ကို အထက်တွင် စာရေးသူဖော်ပြခဲ့သည်များကို ကြည့်ခြင်းအားဖြင့် သိသာနိုင်မည်ဖြစ်သည်။ ရေချို ပမာဏနည်းပါးလှသည့်အထဲ နေ့စဉ်သုံးစွဲမှု ပမာဏ၊ စက်မှုလက်မှုလုပ်ငန်းများမှ သုံးစွဲမှုပမာဏအပြင် ရေထုညစ်ညမ်းခြင်းကြောင့် ရေချို ရှားပါးလာခြင်းတို့ကိုပါ ထည့်သွင်းပါက နည်းပါးလှသော ရေချိုပမာဏသည် ပို၍နည်းပါး သွားမည်ဖြစ်သည်။

ထို့အပြင် ယနေ့တိုးတက်လာသော လူဦးရေ အရလည်း ရေချိုပမာဏ နည်းပါးလာနိုင်ပြန်သည်။ ထို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ်လောက်တွင် ကမ္ဘာ့လူဦးရေ၏ ငါးပုံနှစ်ပုံသည် ရေရှားပါးမှုနှင့် ကြုံ တွေ့နိုင်သည်ဟု သိရသည်။

ကမ္ဘာပေါ်တွင် ရေသယံဇာတကို အကြောင်းပြု၍ အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်ကြောင်းလည်း မှတ်သားရသည်။ ယနေ့ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများသည် ရေကိုအကြောင်းပြု၍ ပြဿနာများ ဖြစ်ပွားနေဆဲဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ရေသည် လူမှုရေး၊ စီးပွားရေး အတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သောကြောင့်ဖြစ်သည်။ ယနေ့အချိန်အထိ ရေပြဿနာကို ရင်ဆိုင်ဖြေရှင်းနေကြရသော နိုင်ငံရှစ်နိုင်ငံရှိသည်ဟု သိရသည်။ ဗြဟ္မပုတ္တရမြစ်ရေနှင့် ဂင်္ဂါမြစ်ရေကြောင့် ဘူတန်၊ နီပေါ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ များသည် ရေပြဿနာနှင့် ရင်ဆိုင်နေရသည်။ ယူဖရေးတီးမြစ်နှင့် တိုက်ဂရစ်မြစ်ကို အကြောင်းပြု၍ အီရတ် - ဆီးရီးယား နှင့် တူရကီနိုင်ငံများ၊ ကော်လိုရာဒိုမြစ်နှင့် ရီယိုဂရန်ဒီမြစ်ကို အကြောင်းပြု၍ အမေရိကန်နှင့် မက္ကဆီကိုနိုင်ငံ၊ နိုင်းမြစ်ကို အကြောင်းပြု၍ အီဂျစ် - အီသီယိုးပီးယားနှင့် ဆူဒန်နိုင်ငံများ၊ ဘီယာဆူလက်မြစ်နှင့် ရာဗီမြစ်ကို အကြောင်းပြု၍ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံ စသည့် နိုင်ငံအသီးသီးသည် မြစ်ရေဆိုင်ရာ ပြဿနာများကို ဖြေရှင်းနေရဆဲဖြစ်ကြောင်း သိရသည်။ ထိုနိုင်ငံများသည် ထိုမြစ်များ၏ ဘေးတစ်ဖက်တစ်ချက်တွင် တည်ရှိပြီး ရေသုံးစွဲရာတွင် သူများသည် ငါများသည်ဟူ၍ ပြဿနာတက်နေသည်မှာ ယနေ့တိုင်ဖြစ်သည်။ ဤအချက်များ အရ ရေသယံဇာတ၏ တန်ဖိုးကို သိနိုင်သည်။

ရေသယံဇာတ ချွေတာသုံးစွဲကြ

အင်္ဂလိပ်ဆိုရိုးစကားတစ်ခု ရှိသည်။ "The best things in life are free"ဟူ၍ ဖြစ်သည်။ ဘဝမှာ အကောင်းဆုံးအရာများကို အခမဲ့ရနိုင်အောင် သဘာဝကြီးက ဖန်တီးပေးထားသည်ဟု  အဓိပ္ပာယ်ရသည်။ “ဖားသူငယ်သည် သူအသက် ရှင်နေထိုင်ခွင့်ရသည့် ကန်ထဲကရေကို မသောက်" ဟု  ရှေးက အင်ကာလူမျိုးတို့ အဆိုလည်းရှိသည်။ ဤစကားမှာ သတ္တဝါများပင် မိမိ၏အသက်ဇီဝ တည်ရာရေကို တန်ဖိုးထားကြောင်း သာဓကပင်ဖြစ်သည်။ ထို့ကြောင့် ရေချိုသယံဇာတကို ချွေတာ သုံးစွဲသင့်သည်။

ရေချွေတာရန် နည်းလမ်းအချို့

ချွေတာသုံးစွဲရမည့်နည်းလမ်းအချို့မှာ ရေကို မလိုအပ်ဘဲ မသုံးစွဲခြင်းနှင့် လိုအပ်မှသာ ထိရောက် အောင်သုံးစွဲခြင်း၊ ရေအလေအလွင့်ဖြစ်စေသော ပိုက်ပေါက်များကို ပြုပြင်ခြင်း၊ အိုးခွက်များကို ဆေးကြောရာတွင် ပထမဆုံးရေအစား ဆန်ဆေးရေ ကိုသုံးစွဲခြင်း၊ ပန်းကန်ဆေးရေကို သစ်ပင်ရေလောင်းရာတွင် အသုံးပြုခြင်း၊ မိုးရေကို စနစ်တကျခံယူ သုံးစွဲခြင်း၊ ရေထုညစ်ညမ်းမှု မဖြစ်အောင် ထိန်းသိမ်းပေးခြင်းနှင့် ရေသောက်ရာတွင် ရေကိုကုန်နိုင် သလောက်သာ ခပ်သောက်ခြင်းစသည်တို့ဖြစ်သည်။

ရေအရင်းအမြစ် ထိန်းသိမ်းစို့

ရေသည် ကမ္ဘာပေါ်တွင် သဘာဝအလျောက်  ရရှိနေသော အဖိုးတန်သယံဇာတတစ်မျိုး ဖြစ်သည်။ သဘာဝကပေးသဖြင့် အလကားရနိုင်သော်လည်း အလဟဿမဖြစ်အောင် သုံးစွဲဖို့ လိုသည်။ ကမ္ဘာ့ လူဦးရေတိုးပွားမှုအရ ရေကိုစနစ်တကျ သုံးစွဲရေးသည် အရေးကြီးသော အခန်းကဏ္ဍဖြစ်လာသည်။ စားနပ်ရိက္ခာဖူလုံစေဖို့အတွက်လည်း ရေအရင်း  အမြစ်သည် အထူး လိုအပ်သည်။ ထို့ကြောင့်လည်း “ကမ္ဘာ့စားနပ်ရိက္ခာဖူလုံဖို့ ရေအရင်းအမြစ်  ထိန်းသိမ်း စို့” ဟူသောဆောင်ပုဒ်များ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရေသယံဇာတကို ထိန်းသိမ်းနိုင်စေရန်အတွက် ၁၉၉၃ ခုနှစ်မှစ၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက မတ် ၂၂ ရက်ကို ပထမဆုံး ကမ္ဘာ့ရေသယံဇာတနေ့အဖြစ်သတ်မှတ်၍ ကျင်းပ လာခဲ့သည်မှာ ယခုဆို ၂၉ နှစ်ရှိပြီ ဖြစ်သည်။ ကမ္ဘာကြီးတွင်ရှိသော ရေများအနက် အမှန်တကယ်သုံးစွဲ နိုင်သောရေပမာဏမှာ ၃ ရာခိုင်နှုန်းသာရှိသဖြင့် အလွန်နည်းသော ပမာဏ ဖြစ်သည်။ ထိုအထဲတွင် စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ အခြားအထွေ ထွေအသုံးပြုမှုနှင့် ကမ္ဘာ့ရေထုညစ်ညမ်းမှုကြောင့် သုံးစွဲနိုင်သည့် ကမ္ဘာ့ရေပမာဏသည် အလွန်နည်းပါးလာသည် ဖြစ်၍ အဖိုးတန်သော ရေသယံဇာတကို ထိန်းသိမ်းကြရန် ကမ္ဘာ့ရေသယံဇာတနေ့တွင် တိုက်တွန်းရေးသားလိုက်ပါသည်။ ။

ကျော်စွာ (ကျိုက်ပိ)