Skip to main content

သူရဲကောင်းများ

(၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ဂုဏ်ပြုဆောင်းပါး

“စစ်ခေါင်းဆောင် သို့မဟုတ် စစ်သူကြီးမှာ ဤအရည်အသွေး ငါးရပ် ရှိအပ်သည်-

၁။ ဉာဏ်ပညာကြီးခြင်း Wisdom

၂။ မှန်ကန်မှု(ရိုးသားမှု) Sincerity  

၃။ စာနာတတ်ခြင်း Humanity

၄။ ရဲစွမ်းသတ္တိ Courage

၅။ စည်းကမ်းကို တစ်သဝေမတိမ်း လိုက်နာတတ်ခြင်း strictness”

ဆွန်ဇု(ဘီစီ ၅၄၄-၄၉၆) (စစ်ပညာကျမ်းပြုစုသူစစ်သူကြီး)

နိဒါန်း

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံထက် လူဦးရေပိုမိုများပြားတဲ့နိုင်ငံ တွေ ၄၀ ဝန်းကျင်ရှိပါတယ်။ မြန်မာနိုင်ငံ လူဦးရေလောက်မရှိတဲ့ နိုင်ငံပေါင်းကတော့ ၁၀၀ ကျော်ရှိပါတယ်။ အကျယ်အဝန်းမှာလည်း ရုရှား၊ တရုတ်၊ အမေရိကန်၊ ဘရာဇီး၊ ကနေဒါ၊ သြစတြေးလျ၊ အိန္ဒိယ စသဖြင့် မြန်မာနိုင်ငံထက် ပိုမိုကျယ်ဝန်းကြတဲ့ နိုင်ငံတွေ ၃၀၊ ၄၀ လောက် ရှိပါရဲ့။ မြန်မာထက် ပိုသေးငယ်တဲ့နိုင်ငံပေါင်းကတော့ ရာကျော်ပါတယ်။ ဗြိတိန်၊ ဂျပန်၊ ဂျာမန်၊ ပြင်သစ်၊ ထိုင်း၊ မလေးရှား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ် စသဖြင့် တကယ်တော့ မြန်မာနိုင်ငံဟာ လူဦးရေလည်း မနည်းလှပါဘူး။ နိုင်ငံတော်နယ်မြေအကျယ်အဝန်းလည်း တော်တော်ကြီးမားတယ်။ ဒါ့အပြင် ရာဇဝင် အစဉ်အလာလည်း ရှိပါတယ်။

ယနေ့။ တတိယထောင်စုနှစ်အစ။ ၂၁ ရာစုမှာတော့တိုတိုရှင်းရှင်း ပွင့်ပွင့်လင်းလင်းပြောရရင်တော့ (ဘယ်အရာ အားနည်းနေသလဲဆိုရင်) အသိဉာဏ်ပညာ၊ အတွေးအခေါ် အမြော်အမြင်မှာ နိုင်ငံတကာထက် ချို့တဲ့နေတယ်။ အသက်မွေးဝမ်းကျောင်းအတတ်ပညာမှာ ရှေးရိုး သမားရိုးကျအဆင့်မျှနဲ့ ရပ်တန့်ရောင့်ရဲကျေနပ်နေခဲ့ပြီး စက်မှုခေတ်တို့၊ နည်းပညာခေတ်တို့၊ အဆင့်မြင့် နည်းပညာခေတ်တို့နဲ့ လုံးဝနီးပါး မချိတ်ဆက်မိအောင် နောက်ကျကျန်ရစ်ခဲ့ပါတယ်။ “tittle Knowledge is dangerous. အသိပညာနည်းခြင်းသည် အန္တရာယ်များတယ်”တဲ့ အင်္ဂလိပ်ဆိုရိုးစကားလည်း ရှိခဲ့တယ်။ အသုံးပြုတတ်ရင် ပြုတတ်သလောက် လူကိုကောင်းကျိုးပြုနိုင်တဲ့ အသုံးချစရာပေါင်း တစ်ရာလောက် ပါဝင်တဲ့ လက်ကိုင်ဖုန်း အင်တာနက်ကို ဆဲဆိုဖို့၊ ရန်ဖြစ်ဖို့၊ သတ်ဖြတ်လုယက်ဖို့၊ မီးရှို့ခွဲဖို့ပဲ အသုံးချသူအချို့ရဲ့ မိုက်မဲမှု အသိဉာဏ်ခေါင်းပါးမှုကို ကြည့်ပေတော့။

သတ္တိဗျတ္တိ

ပညာရေးကို ဝိုင်းဝန်းမြှင့်တင်ကြရဦးမှာပါ။ လူမှုကျင့်ဝတ်၊ လူမှု အသိတရား၊ ပြည်သူ့နီတိကိုလည်း အလေ့အထကောင်းများ ရှိလာအောင် လေ့ကျင့်ပြုစု ပျိုးထောင်ကြရဦးမှာပါ။ အားလုံးက ကြိုးစားကြ ရအောင်။

အထူအပါးအတိမ်အနက် နားမလည်တော့ ကိုယ့်ကိုနစ်မွန်းအောင် ဖျက်ဆီးမယ့် ရန်သူကို ခြေသလုံးသွားဖက်။ အချင်းချင်းအသက်ပေးပြီး သွေးစည်းချစ်ကြည်ရမယ့် နိုင်ငံသားချင်းကိုတော့ ရန်သူလုပ် အကြမ်းဖက်။ အဲဒီလိုဖြစ်အောင် ဆွဲဆောင်ကျုံးသွင်းပြီး လှည့်စားခံခဲ့ ရတာ သူတို့တော်လို့ဆိုတာထက် မိမိတို့က အလိမ်ခံပြီးညံ့ခဲ့ကြလို့ပါ။ သင်ခန်းစာတွေပေါ့။ ထားလိုက်ပါတော့။

အစဉ်အလာအရ မိမိတို့က အခက်အခဲအကျပ်အတည်း ဆင်းရဲ ဒုက္ခမျိုးစုံထဲက ရုန်းကန်ထပြီး ဇွဲရှိရှိတွန်းလှန်ရဲတဲ့ အောင်ပွဲခံတဲ့ လူမျိုးဆိုတာတော့ သေချာတယ်။ ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)ဟာ အမျိုးသား စာဆိုကြီးတစ်ဦး ဖြစ်ပါတယ်။ ဆရာကြီးဇော်ဂျီ(ဦးသိန်းဟန်)ရဲ့ စာကြည့်တိုက်ဆိုင်ရာ၊ ဘာသာပြန်ဆိုင်ရာ၊ မြန်မာမှုဆိုင်ရာ၊ သမိုင်း သုတေသနဆိုင်ရာ၊ ပလေတို၊ ရာမ စတဲ့ အတွေးအခေါ်ပညာဆိုင်ရာ၊ ရသစာပေအဖွင့်နှင့်ရသစာပေနိဒါန်း စတဲ့ မြန်မာစာပေအနုပညာဆိုင်ရာ စသဖြင့် စွမ်းဆောင်ချက်ပေါင်းများစွာရဲ့ ဂုဏ်ကျေးဇူးတွေဟာ ကြီးမားခမ်းနားခဲ့ပါတယ်။ အလားတူပါပဲ ကဗျာဆရာ အဖြစ်လည်း အလေးပြုထိုက်တဲ့ မှတ်တိုင်များစိုက်ထူခဲ့တာ စာဖတ်သူလည်း အသိပါ။ ဗေဒါလမ်းကဗျာများ ၄၁ ပုဒ်ကတော့ အထင်အရှားပေါ့။

ဗေဒါလမ်းကဗျာ(၁၀)

ဒီထဲက ဗေဒါလမ်းကဗျာ(၁၀) အဆုံးသတ်က မြန်မာတစ်မျိုးသားလုံးကို အညံ့မခံ အလံမလှဲ ပန်းပန်လျက်ပဲလို့ အားပေးဂုဏ်ပြုထားတာနော်။ မြင်ကွင်းကျယ်မြင်အောင် စဉ်းစားပါ။

“ဘဲအုပ်မှာ တစ်ရာနှစ်ရာ

မဗေဒါက တစ်ပင်တည်း။

အယက်အကန်ခံလို့၊

ဗေဒါပျံအံကိုခဲ

ပန်းပန်လျက်ပဲ။ ။”

UN, US, UK, OIC, ဘာဘာညာညာ။ ဂမ်ဘီယာဆိုတဲ့ ဗြိတိသျှ လက်အောက်မှ ၁၉၆၄ ခုနှစ်လောက်မှ လွတ်မြောက်တဲ့ လူမည်းဆင်းရဲမွဲတေ နယ်မြေအကျယ်အဝန်း ဆီးရွက်မျှသာရှိတဲ့ နိုင်ငံလေးက ပခုံးချင်းလာတိုက်နေသော ပြည်ထောင်စုမြန်မာနိုင်ငံသားတွေဟာ သူတစ်ပါးလက်အောက် ဒူးထောက်တဲ့ လူစားမျိုးမဟုတ်ခဲ့ဘူးဆိုတာ မွန်လူမျိုးနွယ်ကဗျာဆရာကြီး မင်းသုဝဏ်(ဦးဝန် ၁၉၀၉-၂၀၀၄)က မင်းရဲကျော်စွာဆိုတဲ့ အမည်နဲ့ လွမ်းဆွတ်တသစရာ ကဗျာတစ်ပုဒ် သီကုံးဖွဲ့ဆိုခဲ့ပါတယ်-

မင်းရဲကျော်စွာ

လှံ ဓား ပိုးဝင်း စစ်မြေခင်းတွင်

ဆင် မြင်း ရံလျက် ထိုနေ့က။

နေပြည်ရှိရာ၊ မျှော်ရှုကာလျှင်

အနာသည်းလည်း၊ ခံသည်းညည်းနှင့်

မညည်းမညူ၊ ကိုယ်ကိုထူလျက်

ယာမူ ရွှေဓား ဝဲရွှေလွှားနှင့်

အားပြုမှီတင်း နေသည်ခိုက်။

ငါရှိပေလျက်၊ ပြည်ကိုဝက်၍

နန်းထက်မင်းမူ၊ ငါ၏ တူ-ဟု

နိုင်သူမင်းက ဖိတ်ခေါ်သည်။

ဘကြီးတော်ယဲ့၊ ကျေးဇူးငဲ့လည်း

တိုင်းပြည်မဲ့သူ၊ မဟုတ်ပါ-တဲ့။

သမီးတော်နှင့် ဥကင်ဖွင့်၍

အသင့်မင်းမူ၊ ငါ၏ တူ-ဟု

နိုင်သူမင်းက ဖိတ်ခေါ်သည်။

ဘကြီးတော်ယဲ့၊ ကျေးဇူးလည်း

မယားမဲ့သူ မဟုတ်ပါ-တဲ့။

သားတော်ရင်နှစ်၊ သားရင်းစစ်သို့

ထီးလှစ်မင်းမူ၊ ငါ၏တူ-ဟု

နိုင်သူမင်းက ဖိတ်ခေါ်သည်။

ဘကြီးတော်ယုံ၊ ကျေးဇူးငဲ့လည်း

ဖခင်မဲ့သူ မဟုတ်ပါ-တဲ့။

ငါ၏ထံမှောက်၊ ဆေးဝါးသောက်၍

ထမြောက်ခါမူ၊ ပြန်လေ တူ-ဟု

နိုင်သူမင်းက ဖိတ်ခေါ်သည်။

ဘကြီးတော်ယုံ၊ ကျေးဇူးငဲ့လည်း

သေခြင်း မဲ့သူ မဟုတ်ပါ-တဲ့။

လှံ ဓား ကိုလှဲ၊ စစ်မြေထဲ၌

မင်းရဲကျော်စွာ၊ စေတီသာကို

ရာဇာဓိရာဇ၊ ရေစက်ချလျက်

အမျှယူလေ၊ သုံးကြိမ်ဝေသည်

မြိုင်ခြေ ဒလ တောကြီးတန်း။ ။

(၁၉၆၈ ဇွန်၊ ငွေတာရီ)

ဒုတိယကမ္ဘာစစ်နဲ့အတူ ၁၉၄၁ မှာ ဖက်ဆစ်နယ်ချဲ့ ဂျပန်ဟာ မြန်မာနိုင်ငံကို ဝင်ရောက်ကျူးကျော်ခဲ့ ပါတယ်။ ၁၉၄၄-၄၅ မှာ အနှိပ်စက်ခံ မြန်မာပြည်သူတွေနဲ့ ဖက်ဆစ်တော်လှန်ရေး ရဲဘော်တွေဟာ ဖက်ဆစ်ရန်သူတွေကို တွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်။ လူငယ် တော်လှန်ရေးရဲဘော်လေးမိုင်းထိပြီး ရွာသူရွာသားတွေရှေ့မှာပဲ ကျဆုံးသွားတယ်။ သူမှာကြားသွားတဲ့ နောက်ဆုံးမသေမီပြောစကား တွေဟာ မိမိတို့ရဲ့ နှလုံးသားကို တုန်ခါကြေကွဲစေပါတယ်။

သူ့မှာတမ်း

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်

ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို

ရွာသား ရွာသူ မေးကြမြူသည်

အူအူယမ်းငွေ့ ထတုန်းတည်း။

“အမောင်ပြောက်ကျား၊ ချစ်သူအားကို

ဘာများမှာခဲ့လိုသနည်း”။

“ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို

ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ”။

“အမောင်ပြောက်ကျား၊ မိဘအားကို

ဘာများမှာခဲ့လိုသနည်း”။

“မွေးသည့်မိခင်၊ မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြောပါလေ”။

“အမောင် ပြောက်ကျား၊ တိုင်းပြည်အားကို

ဘာများမှာခဲ့ လိုသနည်း”။

“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်

ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ”။

ယမ်းငွေ့အူအူ၊ တလူလူနှင့်

မေးမြူကြတုန်း၊ အနောက်ကုန်းတွင်

နေလုံးကွယ်လေပြီတကား။

(မြဝတီမဂ္ဂဇင်း၊ ၁၉၆၃ မတ်လ)

လူဆိုတာ ကိုယ်နေတဲ့ရပ်ရွာကို တာဝန်အရ လုံခြုံအောင်ကာကွယ် ရမယ်လို့တောသူတောင်သား တံငါလူငယ် ဖိုးမောင်ဆိုတဲ့ကောင်လေးတောင် သိနားလည်ပါတယ်။ ရွာကိုလုယက်ဖျက်ဆီးဖို့ ဓားပြတွေက သူ့ကိုဖမ်းပြီး ရွာတံခါးဖွင့်ဖို့ပြောစေတဲ့အခါ သူကအသေခံပြီး နှိုးဆော် အော်ဟစ်ခဲ့ရှာတယ်။ ရွာကလူတွေနဲ့ တစ်ရွာလုံးရဲ့ စည်းစိမ်ဥစ္စာကို အသက်ပေးပြီး ကာကွယ်တာလည်း သူရဲကောင်း စိတ်ထားမြတ်ပဲ။ ဘယ်မေ့နိုင်မလဲ-

ဖိုးမောင်လာပြီ

ဆောင်းတစ်ည၌

ချမ်းမြစိမ့်အေး လခြမ်းကွေး၍

ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ

ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်

ရွာပေါ်လွှမ်းအောင်၊ ကုပ်ကျားဟောင်သည်

ဖိုးမောင် လာချိန်ပါတကား။

သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့

တံခါးဝင်လို၊ သူမဆိုဘဲ

“မောင်းကိုထုပါ၊ လူစုပါဟေ့

ရွာကိုဘေးမှ၊ ကာကွယ်ကြလော့

ဓားပြငါ့အား ဖမ်း၍ထား”ဟု

စကားမဆုံး၊ ဟစ်အော်တုန်းတွင်

ဒိုင်း ဒုန်း ဒိန်း သံ ရွာလုံးညီသည်

ချောင်းယံ ပဲ့တင်ထပ်သတည်း။

ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း

ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍

ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်။

ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့

မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌

ရေဆိပ်အနား ရွာတံခါးမှ

ကုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်

ဖိုးမောင်လာပြီ ဆိုဆဲပင်။

(မြဝတီမဂ္ဂဇင်း၊ ၁၉၆၃ ဇန်နဝါရီ)

ဆရာကြီးမင်းသုဝဏ်က လောကဓံရဲ့ အထုအထောင်းကို ကိုယ်တိုင်တော်တော်ခံစားရပုံပေါ်ပါတယ်။ ဒီလိုအတိုက်အခိုက်တွေ ကြားထဲကပဲငယ်မူငယ်ရုပ်ဆင်ပြီး နုပျိုလန်းရွှင်နိုင်တဲ့သူမျိုးကို သူက ဂုဏ်တင် အသိအမှတ်ပြုချင်တယ်-

ပျဉ်းမငုတ်တို

ဖုထစ် ရွတ်တွ ငှက်လင်းတသို့

ပျဉ်းမ ငုတ်တို သက်ကျားအိုသည်

ကုန်းမို့ထက်တွင် တစ်ပင်တည်း။

ထိုပင် ငုတ်တို ပျဉ်းမအိုသည်

စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ်

ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်

လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း

နွေးသစ်လောင်းသော်

ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍

လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်

အသင်ယောက်ျားကောင်းတကား။ ။

တာရာမဂ္ဂဇင်း (၁၉၄၉)

လူတွေဟာ ကောင်းတာဆို ကိုယ်ယူမယ်၊ ရချင်တယ်။ ညံ့တာကို မင်းပဲယူ။ ဒီလိုလူစား သဘောထားနဲ့ များကြတယ်။ ကဗျာဆရာက အချစ်ဆိုတာ ရယူခြင်းမဟုတ်ဘဲ ပေးဆပ်ရခြင်းကမှ ပိုပြီးအဓိပ္ပာယ် ရှိတယ်လို့ စာဖတ်သူကို တိုတိုလေးနဲ့ နားလည်ခံစားအောင် ဖွဲ့ဆို သီကုံးပြခဲ့ပါတယ်။ ကြည့်ပါဦး-

နှင်းဆီပွင့်

လယ်တောက အပြန်

ပန်ချင်တယ် ခရေဖူးဆိုလို့

မောင်ခူးကာပေး

မနက်တုန်းဆီက

ကြော့ဆုံးကို မောင်မြင်တော့

သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့

ဂုဏ်တင့်တယ်လေး။ ။

(၁၉၃၂)

နိဂုံး

ရင်ထဲက ချစ်ရသူကို ငြိုငြင်မိခဲ့ရှာ ဂုဏ်ဝင့်တယ်ဟုမဆို ဂုဏ်မြင့်တယ်၊ ဂုဏ်ဆင့်တယ် စသဖြင့် မေးမှပါ၊ တင့်တယ်ပါတယ်။ လိုက်ဖက်ပါတယ်၊ လှပါတယ်လို့ ချစ်သောမျက်စိဖြင့် ချုံအကွယ်မှာပဲ တိတ်တခိုးနဲ့ ပြုံးနေရှာတဲ့ ဝမ်းသာနိုင်သူ ဒီလူငယ်လေးရဲ့ မေတ္တာစစ် မေတ္တာမှန်ကို နှလုံးသားနဲ့ နားလည်စာနာမိ ပါတယ်။ ဒါမှ သူရဲကောင်းပဲ။ စာနာတတ်ခြင်းဟာ သူရဲကောင်းတို့ရှိအပ်တဲ့ အရည်အသွေး လက္ခဏာ။

ဗညားကျန်းထော