မျှတဆင်ခြင်ထုတ်သုံးလျှင် သစ်တောများ တည်မြဲထာဝစဉ်
သစ်တောသယံဇာတများ
မြန်မာနိုင်ငံသည် သစ်တောသယံဇာတများ အလွန်ကြွယ်ဝသော နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း သစ်တောများဖြင့် ဖုံးလွှမ်းလျှက်ရှိပြီး မတူကွဲပြားသော ဂေဟစနစ်အမျိုးမျိုးတွင် သစ်တောအမျိုးအစား စုံလင်စွာ ပေါက်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံ မြောက်ဖျားမှသည် တောင်ဖျားအထိ အအေးပိုင်း သစ်တောများ၊ ရွက်ပြတ်ရောနှောတောများ၊ အပူပိုင်းသစ်တောများ၊ အမြဲစိမ်းတောများနှင့် ဒီရေတောများ စုံလင်စွာ ပေါက်ရောက်လျက်ရှိသည်။
အဆိုပါ သစ်တောများကို အမှီပြု ပေါက်ဖွားရှင်သန်ကြရသော တောရိုင်းတိရစ္ဆာန်များ၊ အပင် ဇီဝမျိုးစုံ မျိုးကွဲများလည်း အလွန်များပြားလှသည်။ မြန်မာနိုင်ငံတွင် မှတ်တမ်းတင်ထားနိုင်သော အပင်မျိုးစိတ် ၁၁၈၂၄ ၊ နို့တိုက်သတ္တဝါမျိုးစိတ် ၂၅၈ ၊ ငှက်မျိုးစိတ် ၁၀၉၈ ၊ တွားသွားသတ္တဝါမျိုးစိတ် ၂၉၁၊ ကုန်းနေရေနေမျိုးစိတ် ၁၁၉၊ လိပ်ပြာမျိုးစိတ် ၁၂၀၀၊ ရေချိုငါးမျိုးစိတ် ၅၂၀၊ ရေငန်ငါးမျိုးစိတ် ၅၇၈၊ သန္တာမျိုးစိတ် ၁၃၂၊ ပင်လယ်မြက်မျိုးစိတ် ၁၁၊ ပင်လယ်ရေမှော် ၃၈၊ ဝါးမျိုးစိတ် ၁၀၂ မျိုးနှင့် ဆေးဖက်ဝင်ပင်မျိုးစိတ် ၁၅၄၀ တို့ ရှင်သန်လျက်ရှိသည်။
သစ်တောအမျိုးအစားနှင့် ဂေဟစနစ်အလိုက် ပျံ့နှံ့ပေါက်ရောက်သော ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း အပါဝင် အဖိုးတန်သစ်များ၊ အပင်မျိုးစုံမျိုးကွဲများ၊ ကြိမ်၊ ဝါး၊ ငှက်သိုက်၊ ပျား ရည်၊ ဆေးဖက်ဝင်အပင်များ၊ စားသုံးနိုင်သော သစ်ဥ၊ သစ်မြစ်၊ အသီးအရွက်များ၊ စားနပ်ရိက္ခာများ အပါဝင် သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများသည် သဘာဝသစ်တောများမှသာ ရရှိနိုင်သည်။ ဒီရေတောများသည် ရေသတ္တဝါများ ပေါက်ဖွားရှင်သန်ရာ နေရင်းဒေသဖြစ်ပြီး ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေသတ္တဝါများသည် ကမ်းရိုးတန်း သစ်တောသယံဇာတဖြစ်သော ဒီရေတောများကို အမှီပြုပြီး ပေါက်ဖွားရှင်သန်ကြရသည်။
သစ်တောများမှ သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ထောက်ပံ့ပေးသကဲ့သို့ ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများစွာကိုလည်း ပံ့ပိုးပေးလျက်ရှိပြီး သက်ရှိလောကအတွက် အဖိုးတန်လှသည်။
- ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူ သိုလှောင်ခြင်း၊ ရေ၊ လေသန့်စင်ခြင်း၊ မြေတိုက်စားမှု မြေပြိုမှုများမှ ကာကွယ်ခြင်း၊ လေမုန်တိုင်းနှင့် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ ဝတ်မှုန်ကူးခြင်းနှင့် ပိုးမွှားကျရောက်မှုများမှ ကာကွယ်ခြင်းစသည့် ပတ်ဝန်းကျင်ထိန်းညှိမှုဆိုင်ရာ ဝန်ဆောင်မှုများ၊
- အပန်းဖြေခြင်း၊ မျက်စိပသာဒကောင်းမွန်စေခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာစေခြင်း၊ ယုံကြည်မှုကိုးကွယ်မှု၊ ရိုးရာဓလေ့ယဉ်ကျေးမှု စသည့် စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုများ ဖြည့်ဆည်းခြင်း စသည့်ဆိုင်ရာ ဝန်ဆောင်မှုများ၊
- မြေဆီလွှာနှင့် မြေဆီအာဟာရဓာတ် ကြွယ်ဝလာစေခြင်း၊ ရေ၊ မြေ၊ လေနှင့် ဇီဝမျိုးစုံ မျိုးကွဲများ၊ သက်ရှိများ လိုက်လျောညီထွေရှိစေရန် အပြန်အလှန် ချိတ်ဆက်ပေါင်းစပ် ထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများကို သစ်တောသစ်ပင်များက ပံ့ပိုးထောက်ပံ့ လျက်ရှိသည်။
သစ်တောများသည် ကမ္ဘာ့ကုန်းနေဇီဝမျိုးစုံမျိုးကွဲ ၈၀ ရာခိုင်နှုန်း၏ ခိုလှုံရာဖြစ်ပြီး သစ်ပင်မျိုးစိတ်ပေါင်း ခြောက်သောင်းကျော် ပါဝင်လျက်ရှိသည်။ ကမ္ဘာ့စီးပွားရေး ထုတ်လုပ်မှု၏ တစ်ဝက်ကျော်သည် သစ်တောဂေဟစနစ် ဝန်ဆောင်မှုအပါအဝင် ဂေဟစနစ်ဝန်ဆောင်မှုများအပေါ် မှီခိုလျက်ရှိသည်။ ကမ္ဘာ့လူဦးရေ ၁ ဒသမ ၆ ဘီလီယံခန့်သည် အစားအစာ၊ ခိုလှုံစရာ၊ စွမ်းအင်၊ ဆေးဝါးများနှင့် ဝင်ငွေအတွက် သစ်တောများအပေါ် တိုက်ရိုက်မှီခိုလျက်ရှိပြီး လူဦးရေ ၃၃ သန်းအတွက် အလုပ်အကိုင် ဖန်တီးပေးလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ဘက်စုံအကျိုးကျေးဇူးများကြောင့် သစ်တောများသည် ကျေးလက်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ သက်ရှိလောကအတွက် လည်းကောင်း အလွန်အရေးပါလှသည်။
သစ်တောများ ပြုန်းတီးခြင်း
ယနေ့အချိန်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့်တစ်ဝန်း လူဦးရေ တိုးတက်လာသည်နှင့်အမျှ သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း လိုအပ်ချက်များ များပြားလာခြင်း၊ သစ်တောအပေါ် မှီခိုမှုများ တိုးပွားလာခြင်း၊ သစ်တောမြေမှ စိုက်ပျိုးမြေအပါအဝင် အခြားမြေအသုံးချမှုများသို့ ပြောင်းလဲသွားခြင်း၊ သစ်တောများအတွင်း မြေလွှာဖွင့်၍ သတ္တုတူးခြင်းနှင့် အကြီးစားသတ္တုတူးဖော်ခြင်း၊ ဆည်/ တာတမံများ ဆောက်လုပ်ခြင်းနှင့် အကြီးစားလမ်းနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများဆောင်ရွက်ခြင်း၊ မြို့ပြကျေးရွာများ တိုးချဲ့လာခြင်း စသည်တို့ကြောင့် သစ်တောများ ဆုံးရှုံးပျက်စီး ပြုန်းတီးလျက်ရှိသည်။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာ (FAO FRA, 2020) အရ မြန်မာနိုင်ငံ၏ နှစ်ကာလအလိုက် သစ်တောဖုံးလွှမ်းမှုမှာ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအသီးသီးရှိကြောင်း တွေ့ရှိရသည်။ ၂၀၁၀၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ သစ်တောပြုန်းတီးမှုသည် နိုင်ငံဧရိယာ၏ ၀ ဒသမ ၉၆ ရာခိုင်နှုန်းရှိခဲ့ပြီး နှစ်စဉ်ပျမ်းမျှ (၇၁၄၁၃၄ ဧက) ပြုန်းတီးခဲ့ကြောင်း တွေ့ရှိရသည်။
သစ်ပင်သစ်တောများ ပြုန်းတီးခြင်း၊ ပျက်စီးဆုံးရှုံးခြင်းသည် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရရှိနိုင်မှု ဆုံးရှုံးသွားသည်သာမက ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သည့် သက်ရှိများအတွက် မရှိမဖြစ်လိုအပ်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများပါ ဆုံးရှုံးသွားခြင်းဖြစ်သည်။
ရာသီဥတုပြောင်းလဲ ဖောက်ပြန်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ မြေဆီလွှာ ခန်းခြောက်ခြင်း၊သဲကန္တာရ ဖြစ်ထွန်းနိုင်ခြင်းတို့အပါအဝင် သစ်တောများ ပျက်စီးခြင်း၊ ပြုန်းတီးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကား အလွန်များပြားလှသည်။ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး စသည့် ဆက်စပ်လုပ်ငန်း နယ်ပယ်များအပေါ်တွင်ပါ ဆိုးကျိုးသက်ရောက်ပြီး နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပါသည်။
စဉ်ဆက်မပြတ် ထုတ်ယူထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်း
သစ်တောများကို စနစ်တကျထိန်းသိမ်းခြင်း၊ ထုတ်ယူသုံးစွဲခြင်းမရှိလျှင် သစ်တော သယံဇာတများ အချိန်တိုအတွင်း ပျက်စီးပျောက်ကွယ်သွားမည်ဖြစ်သည်။ ပျက်စီးပြုန်းတီးသွားသော သဘာဝသစ်တောများကို ပြန်လည်ထိန်းသိမ်းနိုင်ရန်နှင့် သဘာဝတောများ၏ မူလဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲကြွယ်ဝမှု အခြေအနေသို့ ပြန်လည်ရောက်ရှိရန် နှစ်ပေါင်းရာချီ ကြာမြင့်မည်ဖြစ်သည်။
ကုလသမဂ္ဂသစ်တောဖိုရမ်က ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အတွက် ဦးတည်ချက်ဖြစ်သည့် “မျှတဆင်ခြင်ထုတ်သုံးလျှင်၊ သစ်တောများ တည်မြဲထာဝစဉ်” သည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် ၁၂ (SDG 12) ဖြစ်သည့် “ရေရှည်တည်တံ့စေသော စာသုံးမှုနှင့် ထုတ်လှုပ်မှုပုံစံများ ရရှိစေရန်” ဟူသော ပန်းတိုင်ကို အထူးပြုရည်ရွယ်ခြင်းဖြစ်သည်။
ထို့အပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၁၅) (SDG 15) ဖြစ်သည့် “ကုန်းမြေစနစ်များအား ကာကွယ်ရန်၊ ပြန်လည်မွမ်းမံ ထိန်းသိမ်းရန်နှင့် ရေရှည်တည်တံ့စေမည့် နည်းလမ်းများဖြင့် အသုံးပြုရန်၊ သစ်တောများအား ရေရှည်တည်တံ့စေမည့် နည်းလမ်းများဖြင့် စီမံအုပ်ချုပ်ရန်၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရန်၊ မြေဆီလွှာပြုန်းတီးမှု ရပ်ဆိုင်း၍ မြေအရည်အသွေး ပြန်လည်ကောင်းမွန်စေရန်၊ ဇီဝမျိုးစုံ မျိုးကွဲများဆုံးရှုံးမှု ရပ်တန့်ရန်” ဟူသည့် ပန်းတိုင်ကိုလည်း အောင်မြင်စေရေး ပံ့ပိုးနိုင်ရန် ဖြစ်သည်။
သစ်တောများကို ရေရှည်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် သစ်တောသယံဇာတ စနစ်တကျ အသုံးပြုခြင်းသည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လက်ရှိနှင့်အနာဂတ် မျိုးဆက်များ၏ ကောင်းကျိုးချမ်းသာများ တိုးပွားစေရေးအတွက် အဓိကသော့ချက်တစ်ခုလည်း ဖြစ်သည်။ သစ်တောသယံဇာတများကို ထိန်းသိမ်းခြင်း၊ ထုတ်ယူသုံးစွဲခြင်း ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စေသော နည်းလမ်းများကို ကျင့်သုံးရန် အထူးအရေးကြီးသည်။ သစ်တောသယံဇာတများနှင့် စွမ်းအင်ကို အကျိုးရှိရှိ အသုံးချနိုင်ခြင်း၊ ရေရှည်တည်တံ့သော အခြေခံအဆောက်အအုံများ၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မဖြစ်စေသော အလုပ်အကိုင်များနှင့် ပိုကောင်းမွန်သော ဘဝနေထိုင်မှုပုံစံများ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သိပ္ပံပညာနှင့် ဆန်းသစ်တီထွင်မှုများ တိုးတက်လာတာနှင့်အမျှ အစားအစာ၊ ဆောက်လုပ်ရေးပစ္စည်း၊ အလှကုန်များ၊ ဇီဝဓာတုပစ္စည်းများ၊ ဇီဝပလတ်စတစ်နှင့် ဆေးဝါးများအပါအဝင် စိတ်ဝင်စားဖွယ် ထုတ်ကုန်အသစ်များကို သစ်သားနှင့် သစ်ပင်များမှ ထုတ်လုပ်လာနိုင်ကြပြီဖြစ်သည်။
ရေရှည်တည်တံ့မှုနည်းသော ပစ္စည်းများနေရာတွင် ပြန်လည်ပြည့်ဖြိုးနိုင်သော၊ စနစ်တကျ ပြန်လည်စိုက်ပျိုးပြုစု ထိန်းသိမ်းနိုင်သော သစ်နှင့် သစ်ပင် အခြေခံထုတ်ကုန်များကို အစားထိုးအသုံးပြုလာခြင်းအားဖြင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပြီး ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှုကို လျှော့ချလာနိုင်မည်ဖြစ်သည်။ သဘာဝကို အခြေခံသော ဖြေရှင်းမှုနည်းလမ်းများ (Nature based Solutions) ဖြင့် သစ်တောထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ကြရမည် ဖြစ်သည်။ သို့မှသာ ရေရှည်တွင် လူသားများအတွက်သာမက ကမ္ဘာမြေကြီးအတွက်ပါ အကျိုးရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပုံစံကို တည်ဆောက်နိုင်မည် ဖြစ်သည်။
သစ်တောများ ထာဝစဉ်တည်တံ့ရေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနအနေဖြင့် သစ်တောပြုန်းတီးမှုလျှော့ချရေး၊ သစ်တောထိန်းသိမ်းရေးနှင့် သစ်တောများ ထာဝစဉ်တည်တံ့စေရေးအတွက် သစ်တောကဏ္ဍ ပြုပြင်ပြောင်းလဲမှုများစွာကို ဆောင်ရွက်လျက်ရှိသည်။ သစ်တောကဏ္ဍတွင် “ရေရှည်တည်တံ့စေသော စားသုံးမှုနှင့် ထုတ်လှုပ်မှုပုံစံများရရှိစေရန်” ဆိုသည့် ရည်မှန်းချက်ပန်းတိုင် အောင်မြင်စေရေးအတွက် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
- ၂၀၁၆၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၂၁၂၀၂ ဘဏ္ဍာနှစ်တို့တွင် သစ်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ပြီး သစ်တောကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြန်လည်ဆန်းစစ်ခြင်း၊
- ၂၀၁၆၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ ပဲခူးရိုးမဒေသတွင် သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ်ဆိုင်းခြင်းနှင့် သစ်တောများ အရှိန်အဟုန်ဖြင့် စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်း၊
- ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုစနစ်ဖြစ်သည့် မြန်မာ့ရွေးချယ်စနစ် (Myanmar Selection System)ကို ကျင့်သုံးပြီး ကျွန်းနှင့် သစ်မာများ ထုတ်လုပ်ရာတွင် နှစ်စဉ်တောထွက် (Annual Allowable CutAAC) ပမာဏထက် လျှော့ချထုတ်ယူခြင်း၊
- မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး ၁၀ နှစ်စီမံကိန်း (၂၀၁၇၂၀၁၈ မှ ၂၀၂၇၂၀၂၈ ခုနှစ်အထိ) ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အကောင်အထည်ဖော်ခြင်း၊
- တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း ၁၀ နှစ်စီမံကိန်း (၂၀၁၉၂၀၂၀ မှ ၂၀၂၈၂၀၂၉ ခုနှစ်အထိ) သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၉ ခုတွင် အကောင်အထည်ဖော်ခြင်း၊
- အမြဲတမ်းသစ်တောနယ်မြေများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် စနစ်တကျ အစီအစဉ်ရေးဆွဲ ဆောင်ရွက်လျက်ရှိခြင်း၊
- နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍပင်မ စီမံကိန်းလျာထားချက်နှင့်အညီ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာဧက ၂ ဒသမ ၂၇ သန်းကို စနစ်တကျ တည်ထောင်ဆောင်ရွက်လျက်ရှိခြင်း၊
- သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းလုပ်ငန်း (REDD+)ကို နိုင်ငံအဆင့် အစီအစဉ်များ အကောင်အထည်ဖော်လျက်ရှိခြင်း တို့ကို ဆောင်ရွက်ခြင်း၊
- သစ်သားများကို အပြည့်အဝ ထိရောက်စွာ အသုံးချနိုင်ရေးအတွက် သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီခြင်းနှင့် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့နှင့် သစ်တောများအခန်းကဏ္ဍ
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ပြည်သူများအကြား သစ်ပင်သစ်တော ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ သစ်တောများ၏ အရေးပါသည့် အခန်းကဏ္ဍကို ပိုမိုနားလည်လာစေရန်၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်နှင့် သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် A/C.2/67/L.4 ဖြင့် မတ်လ (၂၁) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” (International Day of Forests) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ယခုနှစ်အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဆောင်ပုဒ်မှာ “မျှတဆင်ခြင်ထုတ်သုံးလျှင်၊ သစ်တောများ တည်မြဲထာဝစဉ်” (Forests and Sustainable Production and Consumption) ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ် အခမ်းအနားများကို အနှစ်သာရပြည့်ဝစွာ ကျင်းပလျက်ရှိကြသည်။
ကမ္ဘာနှင့်အဝန်းတွင် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍကို ပိုမိုအသိအမှတ်ပြု အလေးထားလာကြသည်ဖြစ်ရာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကမ္ဘာ့ကုလသမဂ္ဂက ကြီးမှူးကျင်းပခဲ့သည့် ရာသီဥတုပြောင်းလဲမှု ထိပ်သီးဆွေးနွေးပွဲ (၂၀၁၄)တွင် သစ်တောများဆိုင်ရာ နယူးယောက်ကြေညာစာတမ်း ထုတ်ပြန်ကြေညာ၍ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ တွန်းအားပေး ဆောင်ရွက်ခဲ့သည်ကို တွေ့နိုင်မည်ဖြစ်သည်။ အဆိုပါကြေညာချက်တွင် ကမ္ဘာ့အပူချိန် ၂ ဒီဂရီဆဲလ်ဆီးယပ် လျှော့ချနိုင်ရန်အတွက် ၂၀၂၀ ခုနှစ်တွင် သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှု လုံးဝမရှိစေရေး ရည်မှန်းပြီး ဆောင်ရွက်သွားရန်၊ ၂၀၂၀ ပြည့်နှစ်တွင် တောနိမ့်တောပျက်ဧရိယာ ဟက်တာသန်း ၁၅၀ ကို သစ်တောစိုက်ခင်းအဖြစ် တည်ထောင်ရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တောနိမ့်တောပျက် ဟက်တာသန်း ၂၀၀ ကို ပြန်လည်တည်ထောင်ထိန်းသိမ်းရန် ရည်မှန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားပြီး အဆိုပါရည်မှန်းချက်များ ပြည့်မီရေးအတွက် “Net Zero Deforestation” “Forest Landscape Restoration” အစီအစဉ်များဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာ လှုပ်ရှားမှုများဖြင့် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ မှ ၂၀၃၀ ပြည့်နှစ်အထိကိုလည်း ကုလသမဂ္ဂ ဂေဟစနစ်များ ပြန်လည်တည်ထောင်ရေး ၁၀ စုနှစ် (United Nations Decade on Ecosystem Restoration) ဟု သတ်မှတ်ထားပြီး ဂေဟစနစ်များ ပြန်လည်တည်ထောင်ရေးကို ဆောင်ရွက်လျက်ရှိသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်များ၏ (၂၁) ကြိမ်မြောက် ညီလာခံ (COP 21) ကလည်း ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများအတွက် သစ်တောများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုခဲ့ပြီး ထုတ်ပြန်ခဲ့သည့် ညီလာခံဆုံးဖြတ်ချက်များနှင့် ပဲရစ်သဘောတူညီချက်တွင် သစ်တောကဏ္ဍကို ထည့်သွင်းရေးဆွဲခဲ့သည်ကို တွေ့ရှိရမည် ဖြစ်သည်။
မျှတဆင်ခြင်ထုတ်သုံးလျှင်၊ သစ်တောများ တည်မြဲ ထာဝစဉ်
အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့၏ အနှစ်သာရ၊ ရည်မှန်းချက်ဖြစ်သည့် “မျှတဆင်ခြင် ထုတ်သုံးလျှင်၊ သစ်တောများ တည်မြဲထာဝစဉ်” ဆိုသည်နှင့်အညီ သစ်တောများ ထာဝစဉ်တည်တံ့စေရေးနှင့် စဉ်ဆက်မပြတ် စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရေး အလွန်အရေးကြီးသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် မူလရည်ရွယ်ချက်အတိုင်း သစ်တောများ ပြုန်းတီးပျက်စီးနေသော မြေနေရာများတွင် ဆီအုန်းနှင့် ရော်ဘာကဲ့သို့ စက်မှုကုန်ကြမ်းစိုက်ခင်းများ တည်ထောင်ခြင်း၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ဆိုဖွယ်မရှိသော်လည်း ပတ်ဝန်းကျင်တည်ငြိမ်ရေးနှင့် ဂေဟစနစ်ကို အထောက်အပံ့ပြုပေးနေသည့် သဘာဝသစ်တောများကို ခုတ်ထွင်ရှင်းလင်း၍ အခြားမြေအသုံးချမှု ပြောင်းလဲခြင်းသည် အလွန်အန္တရာယ်များပါသည်။ ပတ်ဝန်းကျင်တည်ငြိမ်မှုနှင့် ဂေဟစနစ်ကို ပျက်စီးစေ၍ သဘာဝဘေးအန္တရာယ်များ ကျရောက်စေပါသည်။ သစ်တောများပြုန်းတီး၍ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြစ်ပေါ်စေပါသည်။ အပင်များအပါအဝင် သက်ရှိသတ္တဝါများသည် ဂေဟစနစ်တစ်ခုတွင် အချင်းချင်းမှီတည် နေကြရသည်။ သစ်မျိုးတစ်မျိုး၊ သက်ရှိမျိုးစိတ်တစ်ခု ပျောက်ကွယ်သွားပါက ဆက်စပ်မျိုးစိတ်များပါ ပျောက်ကွယ်ကြရသည်။
ရေရှည်အကျိုးကျေးဇူးများကို မျှော်မှန်း၍ ချင့်ချင့်ချိန်ချိန်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ အခြားဖွံ့ဖြိုးဆဲနိုင်ငံများ၏ သစ်တောများ ပြုန်းတီးပျက်စီးမှုဆိုင်ရာ ခါးသီးသော အတွေ့အကြုံကို သင်ခန်းစာယူပြီး ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းတို့ကို သဟဇာတမျှတအောင် ဘက်စုံပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ သဘာဝသယံဇာတများကိုသာ အသုံးပြု၍ မိရိုးဖလာလုပ်ရိုးလုပ်စဉ်များဖြင့် အလျားလိုက် ဖွံ့ဖြိုးတိုးတက်စေခြင်း (Horizontal Development)ထက် နည်းပညာများနှင့် သယံဇာတကို မျှတအောင်အသုံးပြု၍ ဒေါင်လိုက်ဖွံ့ဖြိုးတိုးတက်စေရန် (Vertical Development) ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသော သစ်တောများနှင့် ဇီဝမျိုးစုံ မျိုးကွဲများ၏ အကျိုးကျေးဇူးများကို ကောင်းစွာ နားလည်သဘောပေါက်၍ စနစ်တကျ ထိန်းသိမ်းကာကွယ်ပြီး အမြော်အမြင်ကြီးစွာဖြင့် စနစ်တကျ ထုတ်ယူသုံးစွဲ သွားကြရမည်ဖြစ်သည်။ သို့မှသာ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် သစ်တောများက ထောက်ပံ့ပေးစွမ်းသော ဂေဟစနစ်ဝန်ဆောင်မှု အကျိုးကျေးဇူးများကို စဉ်ဆက်မပြတ် အသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း “အပြည်ပြည်ဆိုင်ရာသစ်တောများနေ့”ကို ဂုဏ်ပြုရေးသား တင်ပြလိုက်ပါသည်။ ။
သစ်တောမောင်