Skip to main content

အရွယ်ရောက်သူတိုင်း နိုင်ငံသားကတ်ရှိဖို့လိုသည်

မြန်မာနိုင်ငံ၌ လာမည့်ရွေးကောက်ပွဲတွင် အရွယ်ရောက်သူတိုင်း မဲပေးခွင့်ရရှိရေးကို အကြောင်းပြု၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက် ရှိရာ ယခုအခါ အဆိုပါ ပန်းခင်းစီမံချက်လုပ်ငန်းကြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ကြုံတွေ့လာသည့် အခက်အခဲများကြားမှ စီမံချက် လျာထားချက်အတိုင်း ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ်ညှိနှိုင်း အစည်းအဝေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က နေပြည်တော်ရှိအဆိုပါ ဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နောင်လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် စိစစ်ချက် အရ ၁၆ နှစ်နှင့် အထက်ရှိသူ ၃ဒသမ ၄ သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်ရမည့်စီမံချက် တစ်ခုဖြစ်ပါကြောင်း၊ ယခုအခါ စီမံချက်ကာလ ၁၀ လကြာရှိပြီဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့ပါသည်။

ယခုအခါ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တို့သည် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပြီး ဖြစ်ကြောင်း၊ လျာထားချက်မပြီးသေးသော်လည်း လျာထားချက်၏ ၉၀ ရာခိုင်နှုန်းအထက် ပြီးစီးမှုမှာ မကွေး၊ တနင်္သာရီနှင့် မန္တလေးတိုင်းဒေသကြီးတို့ဖြစ်ကြောင်း၊ လက်ရှိ ကာလအထိပြီးစီးရမည့် လျာထားချက်အောက်တွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ရှိနေသည်ကို တွေ့ရကြောင်း၊ အခက်အခဲ အဟန့်အတားများ ရှိသော်လည်း ဖြစ်နိုင်သမျှ နည်းလမ်းရှာကြံကာ လျာထားချက်အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရပါသည်။

မိုးပွင့်စီမံချက်၏ အဆက်

ဤပန်းခင်းစီမံချက်သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်ကာလက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ခဲ့သည့် မိုးပွင့်စီမံချက်၏ အဆက်ဖြစ်ကြောင်း၊ မိုးပွင့်စီမံချက်ဖြင့် နိုင်ငံတစ်ဝန်း နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း ၈ ဒသမ ၄ သန်း ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ယင်းနောက် သစ္စာစီမံချက်ကို ချမှတ်ကာ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း ၆ ဒသမ ၂ သန်းကိုလည်း ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် မိုးပွင့်၊ သစ္စာမှသည် ပန်းခင်းဆီသို့ ဦးတည်ရည်မှန်းကာ နိုင်ငံတစ်ဝန်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း မှတ်သားသိရှိရပါသည်။

ရှိထားသင့်သော သက်သေခံအထောက်အထား

အမှန်တကယ်တော့ နိုင်ငံသားစိစစ်ရေးကတ်သည် အရွယ်ရောက်သူတိုင်း ရှိထားသင့်သော သက်သေခံ အထောက်အထားဖြစ်ပါသည်။ အနိမ့်ဆုံးအဆင့် ခရီးသွားလာရာတွင် လည်းကောင်း၊ လုပ်ငန်းကိစ္စတစ်ခုခု ဆောင်ရွက်လုပ်ကိုင်ရာတွင် လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်သည် မရှိမဖြစ် လိုအပ်မည်ဖြစ်ပါသည်။ နိုင်ငံသားစိစစ်ရေး ကတ်ဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နိုင်သော လုပ်ငန်းနေရာများစွာ ရှိပါသည်။ ဘဏ်ကိစ္စ၊ ငွေရေး ကြေးရေးကိစ္စ စသည်ဖြင့် ကိစ္စများစွာအတွက် နိုင်ငံသားစိစစ်ရေးကတ်ကို အသုံးပြုရခြင်း ဖြစ်ပါသည်။ မိမိသည် မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့် အမျိုးအနွယ်မှ မွေးဖွား ကြီးပြင်းလာသူဖြစ်ကြောင်း၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာ ကိုးကွယ်ယုံကြည်သူ ဖြစ်ကြောင်း အတိအကျ မှတ်ပုံတင်ထားခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် မိမိကိုယ်မိမိ မည်သူမည်ဝါဖြစ်ကြောင်း နိုင်ငံတော်အစိုးရထံတွင် မှတ်ပုံတင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ၎င်းကတ်ပြားကို နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံသားကတ် (မှတ်ပုံတင်) ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ထို နိုင်ငံသားကတ်ကို ယခုလို စီမံချက်ကာလမဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ် လ၀ကဦးစီးဌာနများသို့ သွားရောက် လျှောက်ထားလုပ်ကိုင်မည်ဆိုပါ လွယ်လွယ်ကူကူမဖြစ်ပါ။ အချိန်ကြာမြင့် တတ်ပါသည်။ နိုင်ငံသားကတ်ရရှိရန် ခက်ခဲတတ်ပါသည်။ ယခုလို စီမံချက်ကာလကဲ့သို့ လွယ်ကူလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် မိုးရွာတုန်းရေခံ၊ လသာတုန်းဗိုင်းငင် ဆိုသည့်စကားအတိုင်း အခြေအနေပေးနေသော အချိန်အခါတွင် နိုင်ငံသားကတ်ကို ပြုလုပ်ထားခြင်းဖြင့် အလွယ်တကူ ရရှိနိုင်မည် ဖြစ်ပါသည်။

ကျပျောက်ပျက်စီးခဲ့လျှင်

ဆိုခဲ့သည့်အတိုင်း နိုင်ငံသားကတ်သည် ရွေးကောက်ပွဲ မဲပေးနိုင်လောက်ရုံ သက်သက်မျှ အသုံးဝင်ခြင်းမဟုတ်ဘဲ လူ့ဘဝအသက်ရှင်နေထိုင်သမျှ ကာလပတ်လုံး အသုံးဝင်နေမည် ဖြစ်ပါသည်။ ယခုပြုလုပ်ပေးလိုက်သော နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် နိုင်ငံသားကတ် (မှတ်ပုံတင်) နံပါတ်သည် ဘဝတစ်လျှောက်လုံး အသုံးပြုရမည့် နံပါတ်ဖြစ်ပါသည်။ မတော်တဆ ကျပျောက်ပျက်စီးခဲ့လျှင် မိမိရရှိထားသော နံပါတ်အတိုင်း မိမိအား ထုတ်ပေးခဲ့သော မြို့နယ်လဝကရုံးတွင် ပြန်လည် လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် မိမိသည် ပုဇွန်တောင်မြို့နယ်ရှိ လဝကရုံး၌ လုပ်ခဲ့သည်ဆိုလျှင် ထိုရုံးမှ နံပါတ်အထောက်အထားကို ရယူပြီး နိုင်ငံသားကတ်ကို ပြန်လုပ်ရပါသည်။ ထိုအခါ နိုင်ငံသားကတ်သည် အသစ်ဖြစ်သော်လည်း အစစ်မဟုတ်တော့ဘဲ မိတ္တူသာရရှိမည် ဖြစ်ပါသည်။ စာရေးသူကိုယ်တိုင် နှစ်ကြိမ်ကျပျောက်ဖူးပါသည်။ သက်ဆိုင်ရာမြို့နယ်ရုံးသို့ သွားရောက်လုပ်ကိုင် မည်ဆိုလျှင် ထုတ်ပေးသော နိုင်ငံသားကတ်သည် အသစ်ဖြစ်သော်လည်း အစစ်မဟုတ်တော့ပါ။ မိမိ နံပါတ်အဟောင်းနှင့် မိတ္တူမျှသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ နိုင်ငံသားတစ်ဦး နံပါတ်တစ်ခုသာ ရှိပါသည်။ တချို့ မှတ်ပုံတင် နှစ်ခု၊ သုံးခု ကိုင်ဆောင်သည်ဟု ကြားဖူးသည်။ နိုင်ငံသားစိစစ်ရေး ကတ်သည် လူတစ်ဦး တစ်ကတ်သာဖြစ်ပါသည်။ ထိုတစ်ကတ်သည်လည်း သက်ဆိုင်ရာမြို့နယ် လဝကရုံးက ထုတ်ပေးထားသော နံပါတ်သာဖြစ်ပါသည်။ မတော်တဆ ကျပျောက်ခဲ့ပါက ထိုနံပါတ်အတိုင်း ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသားစိစစ်ရေးကတ်တွင် ပါသောနံပါတ်သည် သင့်အားမှတ်ပုံ တင်ထားခြင်းဖြစ်ပါသည်။ ထိုနံပါတ်သည် လူတိုင်း လူတိုင်းအတွက် အရေးကြီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ်ပင် ဖြစ်ပါသည်။ ။

မဖြစ်မနေ ပြုလုပ်ထားသင့်

သို့ပါ၍ နိုင်ငံသားစိစစ်ရေးကတ်သည် အရွယ်ရောက်သူတိုင်း အသုံးပြုရမည့် ကတ်ပြား ဖြစ်ခြင်းကြောင့် မဖြစ်မနေပြုလုပ်ထားသင့်ပေသည်။ ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အသိပေးကြေညာချက် တစ်ရပ်ကိုလည်း ထုတ်ပြန်ထားပါသည်။ ထိုထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရမည့် လုပ်ငန်းများတွင် လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်) ကို ၁ - ၄ -၂၀၂၂ နေ့မှစ၍ ပြသ စစ်ဆေးခံရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် ထောက်ခံစာပြသ၍ ခရီးသွားလာမှုကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) အတုကိုင်ဆောင်ခြင်းနှင့် ကတ်အပို ထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် အရွယ်ရောက်သူတိုင်း ပြည်သူများအနေဖြင့် ယခုကဲ့သို့ ပန်းခင်းစီမံချက်ကာလတွင် နိုင်ငံသားစိစစ်ရေးကတ်၊ နိုင်ငံသားကတ် မှတ်ပုံတင်ကို အချိန်မီ ပြုလုပ်ထားသင့်ပါကြောင်း အသိပေး တင်ပြလိုက်ရပါသည်။ ။

မြင့်မောင်စိုး