Skip to main content

နိုင်ငံတော်၏ ပုံနှိပ်မီဒီယာခရီး နှစ်ငါးဆယ်ရှိပြီ

နေသူရိန်

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (PPD) သည် ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် နှစ် (၅၀) ပြည့် (ရွှေရတုသဘင်) သက်တမ်း ရှိလာပြီဖြစ်ပါသည်။ တစ်နည်း အားဖြင့် နိုင်ငံတော်အတွက် ပုံနှိပ်လုပ်ငန်းများ စာပေလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းရွက် ခဲ့သည်မှာ ရွှေရတုတိုင်ခဲ့ပြီဖြစ်ပါသည်။ နှစ် (၅၀) ကာလအတွင်း ဖြတ်ကျော် တာဝန်ထမ်းဆောင်ခဲ့ ရသည်များကို မှတ်တမ်းတင်ဂုဏ်ပြုရေးသားဖော်ပြလိုပါသည်။

ဌာန၏ နောက်ခံသမိုင်းကြောင်း

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမဖြစ်မိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ ထိုမတိုင် မိက ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်း၊ ယင်းရှေ့က ဗဟိုပုံနှိပ်စက်ရုံအဖြစ် နိုင်ငံတော်၏ပုံနှိပ်လုပ်ငန်းများကို ဦးစွာဝေခင်ရွက်ခဲ့ပါသည်။

ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း၏အောက်တွင် -

(၁) စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့။

(၂) ဗဟိုပုံနှိပ်တိုက်၊ (ဗဟိုပုံနှိပ်စက်ရုံ)

 (၃) လက်အောက်ခံပုံနှိပ်တိုက်များ။

(၄) ပြည်သူပိုင် ပုံနှိပ်တိုက်များနှင့်

(၅) ပြည်နယ်ပုံနှိပ်တိုက်ခွဲများ ဟူ၍ ရှိခဲ့ပါသည်။

စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ စာပေဗိမာန်အဖွဲ့ကို ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်းအမည်ဖြင့် မှတ်ပုံတင်၍ ဖွဲ့စည်းခဲ့သည်။ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလတွင် ဂျပ်ဆင်ကောလိပ် ကျောင်းဝင်းအတွင်း၌ အိမ်တစ်ဆောင်ငှားရမ်းပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ ယာယီအသင်းတိုက် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ၁၉၄၈ ခုနှစ် မေလတွင် ပြည်လမ်း ဟံသာဝတီအဝိုင်းရှိ ဆိုရန်တိုဗီလာအဆောက် အအုံသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် ထိုအဆောက်အအုံ၌ စာပေဗိမာန်က ထုတ်ဝေသော စာအုပ်များကို ပုံနှိပ်ထုတ်ဝေနိုင်ရန် စာပေဗိမာန် ပုံနှိပ်တိုက်ကို တည်ထောင်ခဲ့သည်။

၁၉၅၃ ခုနှစ် ဇူလိုင်လတွင် ကုန်သည်လမ်းနှင့် (၃၇) လမ်းရှိ စာပေဗိမာန် အဆောက်အအုံသစ်ကို အုတ်မြစ်ချ၍ ဆောက်လုပ်ခဲ့ပြီး ၁၉၅၅ ခုနှစ် မေလတွင်ပြီးစီးသဖြင့် ယင်းအဆောက်အအုံသစ်ကို နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက စာပေဗိမာန်ရုံးအဖြစ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်) သည် ပြန်ကြားရေး ဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းရောက်ရှိခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေကောင်စီ၏ ဥပဒေအမှတ် ၂၁ ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ စာပေဗိမာန်အုပ် ချုပ်ရေးအဖွဲ့ ဥပဒေကို ပြဋ္ဌာန်းကာ စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့က စာပေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

၁၉၆၅ ခုနှစ် မေလ၂၆ ရက်နေ့အထိ အဖွဲ့ ဝင် သုံးဦးပါဝင်သော မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်း (စာပေဗိမာန်)၊ ယာယီထိန်းသိမ်းရေး ကော်မတီက စာပေဗိမာန်၏ လုပ်ငန်းများကို ရပ်ဆိုင်းသွားခြင်းမရှိစေဘဲ ဆက်လက်ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။

နောက်ပိုင်းတွင် နိုင်ငံတော်၏အုပ်ချုပ်ရေး စနစ်သစ်နှင့်အညီ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းကို ပြန်ကြားရေးဝန်ကြီးဌာန၏ ၁၉၇၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ဗဟိုပုံနှိပ်စက်ရုံ၊ စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူပိုင်ပုံနှိပ်တိုက်များ ကွပ်ကဲအုပ်ချုပ်မှုအဖွဲ့ နှင့် ပြည်နယ် ပုံနှိပ်တိုက်ခွဲများကိုစုပေါင်း၍ ပုံနှိပ်ရေးနှင့်စာအုပ် ထုတ်ဝေရေးကော်ပိုရေးရှင်း (PPC) အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ဌာနအကြီးအကဲမှာဦးဆောင်ညွှန်ကြား ရေးမှူးဖြစ်ပြီး ဒုတိယအကြီးအကဲမှာ အထွေထွေ မန်နေဂျာဖြစ်ပါသည်။ ထိုစဉ်က စာပေဗိမာန် ၏ အကြီးအကဲမှာအုပ်ချုပ်ရေးမှူးဖြစ်ပြီး ပထမဦးဆုံးအုပ်ချုပ်ရေးမှူး ဦးစံထားဖြစ်ပါသည်။

 

၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်းအမည်မှ ပုံနှိပ် ရေးနှင့်စာအုပ်ထုတ် ဝေရေးလုပ်ငန်း (PPE) ဟူသော အမည်သစ်ဖြင့် ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ပါသည်။ နောက်ပိုင်းတွင် စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ အစား “စာပေဗိမာန် ဟုပြောင်းလဲခေါ်ဆိုပြီး စာပေဗိမာန်၏ အကြီးအကဲကို အုပ်ချုပ်ရေးမှူးအစား ညွှန်ကြားရေးမှူး (စာပေ)၊ ၎င်းမှ စာတည်းမှူးချုပ်ဟူ၍ ပြောင်းလဲလာခဲ့ပါသည်။  

ဗဟိုပုံနှိပ်စက်ရုံ၏ သမိုင်းနောက်ခံအကျဉ်းချုပ်

ဗဟိုပုံနှိပ်စက်ရုံကို လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ ခန့်က မစ္စတာကာဘတ်ဆိုသူက အုပ်ချုပ်ပြီး သူ၏လက်အောက်တွင် ဝန်ထမ်း ၁၅၀ ခန့်ဖြင့် ဖွဲ့စည်း၍ လုပ်ငန်းတည်ထောင်ခဲ့ပါသည်။ မူလ တည်ထောင်ခဲ့စဉ်က မြန်မာနိုင်ငံအစိုးရ၏ အတွင်း ဝန်များရုံးအတွက် စာပုံနှိပ်လုပ်ငန်းများ ဆောင်ရွက် ရန်အတွက်သာဖြစ်ပါသည်။ သို့ရာတွင် အခြားဌာနများ၏ ပုံနှိပ်လုပ်ငန်းများ တစ်စတစ်စ ပေးပို့လာခဲ့ကြရာမှ ၁၈၈၀ ပြည့်နှစ်တွင် ဝန်ထမ်းပေါင်း ၃၀၀ အထိ တိုးမြှင့် ခန့်ထားပြီး လုပ်ကိုင်ခဲ့ရပါသည်။ ယာယီအဆောက်အအုံမှာ ရန်ကုန်စာတိုက်ကြီး၏ အရှေ့ဘက် တွင်ဖြစ်ပါသည်။  ၁၈၉၀ ပြည့်နှစ် ဩဂုတ်လ၂၀ရက်နေ့တွင် အောက်ပါဌာန ခွဲများပါဝင်သော အစိုးရ၏ပုံနှိပ်လုပ်ငန်းများကို စီမံအုပ်ချုပ်ရန် ပုံနှိပ်ဝန်တစ်ဦးကို ခန့်ထားခဲ့ပါသည် -

(၁) ဗဟိုပုံနှိပ်တိုက် (ဗဟိုပုံနှိပ်စက်ရုံ)

(၂) ထောင်ပုံနှိပ်ဌာနစု

(၃) မေမြို့ပုံနှိပ်တိုက်ဌာနစု

၁၉၀၆ ခုနှစ်တွင် ယခုလက်ရှိ ဗိုလ်တထောင် မြို့နယ်သိမ်ဖြူလမ်း အမှတ်၂၈ ရှိမြေနေရာတွင် ဗဟိုပုံနှိပ်စက်ရုံအဆောက်အအုံကို အုတ်မြစ်ချခဲ့ပါသည်။ ၁၉၁၁ ခုနှစ်တွင် အဆိုပါအဆောက် အအုံ သစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ စာရေးကိရိယာ ဌာနစုကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ပြီး သည့်နေခက် အစိုးရဌာနများ အရေအတွက်မှာ တိုးတက်များပြားလာသဖြင့် ပုံနှိပ်လုပ်ငန်း များမှာလည်း ပိုမိုတိုးတက် များပြားလာခဲ့ပါသည်။ တင်ပုံနှိပ်တိုက်ဌာနစုကို ရုံးသုံးမူသေပုံစံများ ရိုက်နှိပ်ရန် အကျဉ်းသား ၂၅၀ နှင့် လခစားဝန်ထမ်း ၅၀ တို့ဖြင့် ရန်ကုန် ဗဟိုအကျဉ်းထောင် အတွင်း စတင်တည်ထောင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင်ပင် ထောင်ပုံနှိပ်ဌာနစုကို ရန်ကုန်ဗဟို အကျဉ်းထောင်မှ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဝန်ထမ်းအင်အားကို အကျဉ်းသား အလုပ်အမား ၆၀၀ ကျပ်နှင့် လခစား ဝန်ထမ်း ၁၂၁ ဦးအထိတိုးတက် ဖွဲ့စည်း ခဲ့ပါသည်။

 

၁၉၄၂ ခုနှစ် ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ပြန်လည် ဆုတ်ခွာသွားသည့်အချိန်တွင် ဗဟိုပုံနှိပ် တိုက်၌ ဝန်ထမ်းပေါင်း ၈၀၀ ကျပ်ရှိလာပြီး မေမြို့ ပုံနှိပ်တိုက်ဌာနစုတွင်လည်း ဝန်ထမ်းအင်အား တိုးတက် များပြားလာခဲ့ပါသည်။

 

ဗဟိုပုံနှိပ်စက်ရုံတည်ထောင်ခဲ့စဉ် အစောဆုံးကာလများ၌ အလုပ်သမားဝန်ထမ်းများကို အိန္ဒိယ တိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးများသာ ခန့်ထား လုပ်ကိုင်ခဲ့ကြပါသည်။ ထို့နောက်ပိုင်းတွင်မှ မြန်မာ လူမျိုးတချို့တလေတို့ အလုပ်ဝင်ရောက် လျှောက်ထားကြပြီး ထိုအိန္ဒိယနွယ်ဖွားများ၏ လက်အောက်တွင် အတူတကွရောနှေးလုပ်ကိုင်ခွင့် ရခဲ့ကြသည်။ ဝန်ထမ်းများသည် မြန်မာစာ မြန်မာ စကားမတတ်ကြဘဲ အင်္ဂလိပ်လိုသာ ပြောဆိုသုံးနှုန်းကြ၏။ အလုပ်ခွင်ထဲတွင် ထိုခေတ်က ထုတ်ဝေခဲ့သော အင်္ဂလိပ်သတင်းစာများကို မြန်မာလူမျိုး အလုပ်သမားများ ဖတ်ရှုလေ့လာခွင့် မရခဲ့ကြပေ။ မြန်မာလူမျိုးများ အမြင်ကျယ်မျက်စိပွင့် လာကြမည်ကို မလိုလားသော ကြောင့်ဖြစ်သည်။ ရုံးသို့ခွင့်စာရေး၍ ခွင့်တင်ရသည့်အခါ ထိုအိန္ဒိယလူမျိုး အင်္ဂလိပ်စာတတ်သူများကို အင်္ဂလိပ်လို ရေးခိုင်း ကြရလေ သည်။

မြန်မာလူမျိုးများကိုလုပ်ငန်းနှင့်ပတ်သက်၍ လူမျိုးခြားတို့စေခိုင်းသမျှကိုသာ သိခွင့်၊ လေ့လာ ခွင့်ရကြပါသည်။ အခြားလုပ်ငန်းခွင် ဗဟုသုတများသိခွင့်၊ လေ့လာခွင့်မရရှိခဲ့ကြပေ။ ဤသို့သော အခက်အခဲများကြားမှ မြန်မာလူမျိုးတို့သည်ခဲစာလုံး စာစီခြင်းအတတ်ပညာ၊ ပုံနှိပ်စက်ရိုက် အတတ် ပညာ၊ စ၁အုပ်ချုပ်လုပ်ငန်းအတတ်ပညာတို့ကို နားလည်အောင်၊ တတ်အောင်၊ ကျွမ်းကျင်အောင်၊ သည်းခံ၍ ပညာယူခဲ့ကြရလေသည်။ ၎င်းတို့၏အခိုင်း အစေကျွန်ပမာ ခေါင်းငုံ့ပြီး စေခိုင်းသမျှ လုပ်ကိုင်ကြသောအချို့ အလုပ်သမား အနည်းငယ်မျှကိုသာ ပုံနှိပ်ပညာ အမွေပေးခဲ့ကြသည်။ ပုံနှိပ်ပညာ လိုလားတတ်ကျွမ်းလိုသည့် မြန်မာလူမျိုးများက ၎င်းတို့အား ဆရာတစ်ဆူပမာ ချစ်ခင်၊ ယုံကြည်အောင်၊ ခင်အောင်၊ နေတတ်ထိုင်တတ်၊ ခက်ကျိုတတ် ကြမှသာ ၎င်းတို့ထံမှ  ပုံနှိပ်ပညာကိုရကြ လေသည်။

အစောပိုင်းကာလက ဗဟိုပုံနှိပ်စက်ရုံကို (၁) Government Press (၂) Book Depot (၃) Stationary လုပ်ငန်းဟူ၍ သုံးပိုင်းခွဲခြားထား လေသည်။ ဌာနအကြီးအကဲကို ထိုခေတ်က ပုံနှိပ် ဝန် (Superintendent) ဟုခေါ်ပြီး ၎င်း၏ လက်အောက် တွင် ဒုတိယပုံနှိပ်ဝန် (Deputy Superintendent) တစ်ဦးရှိပါသည်။ မြန်မာလူမျိုးများမှ ပုံနှိပ်တန် (Superintendent) ဖြစ်ခဲ့ကြသူ များမှာ ဦးဝကြီး (၁၉၄၅။ ဦးဘကျော် (၁၉၄၉)၊ ဦးလှ (၁၉၅၂) ဦးစောမောင် (၁၉၅၃) တို့ဖြစ်ကြပြီး ဒုတိယပုံနှိပ်ဝန် (Deputy Superintendent) ဖြစ်သူမှာ ဦးထင်လျှင် ဖြစ်ပါသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက် အစိုးရပုံနှိပ်တိုက် (Government Printing Press) အဖြစ် ပုံနှိပ်လုပ်ငန်းများကိုခင်ရွက်ခဲ့ပါသည်။  ၁၉၆၃ ခုနှစ်တွင် ဗဟန်းမြို့နယ် ဓမ္မစေတီလမ်း  ယခင် ဘောင်ဒရိလမ်းရှိ ပုဂ္ဂလိကပိုင် ဗမာ့ခေတ်  သတင်းစာတိုက်တွင် အခွန်ငွေများ နိုင်ငံတော် သို့  မပေးဆောင်နိုင်ခဲ့သဖြင့် မြေ၊ အဆောက်အအုံနှင့်  ပုံနှိပ်စက်များကို အမြတ်ခွန် လေလံ စနစ်အရ ငွေကျပ် ၆ ဒသမ ၅ သိန်းဖြင့် ဝယ်ယူကာ ဗဟိုပုံနှိပ်စက်ရုံခွဲအဖြစ်တိုးချဲ့လည် ပတ်ခဲ့ ပါသည်။

နောက်ပိုင်းတွင် ဗဟိုပုံနှိပ်စက်ရုံသည် မြန်မာနိုင်ငံအစိုးရ၏ အုပ်ချုပ်ကွက်ကဲမှုအောက်တွင်ရှိပြီး ဝန်ထမ်းပေါင်း ၄၀၀ ကျော်ဖြင့် လုပ်ငန်းများ လည်ပတ်လုပ်ကိုင်ခဲ့သည်။ များသောအားဖြင့် ဗဟို တရားရုံးချုပ် (High Court) က ထုတ်ဝေသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းစာ အုပ်များ၊ ဗုဒ္ဓဘာသာကျမ်းစာများ၊ ဗုဒ္ဓဘာသာသင်တန်း သင်ခန်းစာများ၊ အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန အသီးသီးတို့နှင့် ပတ်သက်သောစာအုပ်များ၊ လုပ်ငန်းများ၊ ပုံစံဇယားများကို ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ များသောအားဖြင့် အင်္ဂလိပ်လိုသာစာစီကြရပြီး မြန်မာဘာသာဖြင့် ပြန်တမ်း၊ ဥပဒေပြဋ္ဌာန်းချက် အချို့တို့လောက်သာ စာစီကြရသည်။

တော်လှန်ရေးကောင်စီခေတ်တွင် နိုင်ငံပိုင်အစိုးရ၏ အာဘော်သတင်းစာတစ်ခုဖြစ်သော လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာကို စတင်ပုံနှိပ် ထုတ်ဝေနိုင်ကြစေရန် နည်းလမ်းရှာဖွေကြ ရာတွင် သတင်းစာပုံနှိပ်ရန် သင့်တော်သောပုံနှိပ်စက်အဖြစ် ဂျာမနီနိုင်ငံမှ Heidelberg ပုံနှိပ်စက်ကိုစဉ်းစား ရွေးချယ်ခဲ့ကြသည့်နောက်ပိုင်းတွင် ထိုပုံနှိပ်စက်မျိုး ရှိကြသော ပုဂ္ဂလိကပိုင် ပုံနှိပ်တိုက်အချို့ကို ပြည်သူပိုင်သိမ်းခဲ့သည့်အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။

ထိုစဉ်အခါက အခြေခံပညာအထက်တန်း (၁၀ တန်း) မေးခွန်းများကို မြန်မာနိုင်ငံအတွင်း၌ ပုံနှိပ်ခြင်းကို မပြုလုပ်ဘဲ အိန္ဒိယနိုင်ငံတွင် ပုံနှိပ်ခဲ့ကြပါသည်။ ထိုသို့နှစ်စဉ်အိန္ဒိယနိုင်ငံသို့ သွားရောက်၍ မေးခွန်းများ ပုံနှိပ်ခဲ့ကြစဉ်တစ်ကြိမ်၌ ထိုသို့သွားရောက် တာဝန်ယူပုံနှိပ်သူ ဦးကောင်း ဆိုသူမှာ အိန္ဒိယနိုင်ငံ၌ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရပါသည်။ ထိုအချိန်မှစ၍ နောက်ပိုင်း နှစ်များ ၁၉၅၉ ခုနှစ်မှစ၍ ၁၀ တန်းမေးခွန်းများကို မြန်မာနိုင်ငံတွင်သာ လက်ခံပုံနှိပ် ပေးခဲ့ကြပါသည်။ ခေါင်းဆောင်မှာ ပုံနှိပ်ဝန်ထောက်တစ်ဦး ဖြစ်သူ ဦးထင်လျောင်ဖြစ်ပြီး ဒုတိယ ခေါင်းဆောင်မှာ သူ၏ လက်ထောက်ပုံနှိပ်အရာရှိ ဦးမဏိ (ခေါ်) မစ္စတာမန်းနီးပင်ဖြစ်သည်။ စက်မှု/လျှပ်စစ် အင်ဂျင် နီယာအဖြစ် ဦးဝါကင်းက တာဝန်ယူဆောင် ရွက်ခဲ့ပြီး ဗဟိုပုံနှိပ်စက်ရုံ၏ လက်အောက်စက်ရုံခွဲ ဖြစ်သော ဗမာ့ခေတ်ပုံနှိပ်စက်ရုံတွင် ပုံနှိပ်ခဲ့ကြပါသည်။ စက်ရုံအတွင်း၌ မေးခွန်းနှင့်အဖြေလွှာများ ပုံနှိပ်နေကြသည့် ဝန်ထမ်းများရှိပြီး စက်ရုံပြင်ပမှနေ၍ လုံခြုံရေး တပ်က တာဝန်ယူ စောင့်ရှောက်ပေးပါသည်။ အချိန်အားဖြင့် တစ်လကျော်ကျော် ပြင်ပနှင့် အဆက်အသွယ်မရှိဘဲ လုပ်ကိုင်ကြရပြီး အစားအသောက်နှင့် လိုအပ်သောအသုံး အဆောင် ပစ္စည်းများကို ထုတ်လုပ်မှုဌာနမှ ဦးဘခင်က ထောက်ပံ့ပေး ပါသည်။

ပုံနှိပ်စက်များ၊ စာအုပ်ချုပ်စက်များချို့ယွင်းပါက ဗဟိုပုံနှိပ်စက်ရုံ အင်ဂျင်နီယာဌာနမှ လာရောက်ပြု ပြင်ပေးကြပါသည်။ အဆိုပါအဖွဲ့မှာ လုပ်ကိုင်ပြီး၊ လုပ်ကိုင်ဆဲလုပ်ငန်းများကို ထိတွေ့ ကြည့်ရှုခြင်းမပြုကြရပေ။ စက်ပြင်ဆင်ပြီးပါက အခန်းမှ အမြန်ဆုံးပြန်လည်ထွက် ခွာကြရ လေသည်။

အခြေခံပညာအထက်တန်းစာမေးပွဲ နောက်ဆုံးနေ့ မေးခွန်းလွှာများ ဖြန့်ဝေပြီးချိန်ကျမှသာ နေအိမ်သို့ပြန် ခွင့်ရရှိကြပါသည်။ ရှစ်တန်းအစိုးရ စစ်သောနှစ်မှစ၍လည်း ရှစ်တန်းမေးခွန်းများ ကို ၁၀ တန်း မေးခွန်းများကဲ့သို့ပင် ဘုရင့်နောင် ပုံနှိပ် စခန်းမှပင် ပုံနှိပ်ဖြန့်ဝေပေးခဲ့ပါသည်။

မြန်မာလူမျိုးဝန်ထမ်းများထဲမှ နိုင်ငံခြားသို့ ပထမဦးဆုံး ပညာတော်သင်သွားရောက်ခဲ့ကြရ သူများမှာ ဦးအုန်းမောင်နှင့် ဦးနီသန်းတို့နှစ်ဦး ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့အထိ အင်္ဂလန်နိုင်ငံသို့ လိုင်နိုနှင့် မိုနိုစက် စာစီလုပ်ငန်းများနှင့်ပတ်သက်ပြီး လေ့လာရန် ပညာတော်သင် သွားရောက်ခဲ့ကြရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသမိုင်းတစ်လျှောက်တွင် ဗဟိုပုံနှိပ်စက်ရုံ၏ ထူးခြားစွာပါဝင်ခဲ့သော အခန်းကဏ္ဍ တို့မှာ ၁၉၆၃-၆၄ ခုနှစ် မြန်မာနိုင်ငံ၏နယ်စပ်၊ နယ်ခြားဒေသနယ်နိမိတ် သတ်မှတ်တိုင်းတာခြင်း လုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်းစာအုပ်ကို ဗဟိုပုံနှိပ်စက်ရုံ၌ ဦးအုန်းမောင်အပါအဝင်ဝန်ထမ်း များကနေ့ရောညပါ နှစ်လကြာ တာဝန်ယူပုံနှိပ် လုပ်ကိုင်ပေးခဲ့ရပါသည်။ ထို့ပြင် ၁၉၆၆-၆၇ ခုနှစ် မြန်မာ-တရုတ်အရေးအခင်းကာလများတွင်လည်း လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ နေ့စဉ် ရက်ဆက် ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ဦးအုန်းမောင်နှင့် ဝန်ထမ်း၁၀ ဦးတို့သည် ဂါဒီးယန်း သတင်းစာတိုက်သို့ အခက်အခဲများကြားမှ သွားရောက်ပြီး စာစီ/ပုံနှိပ် လုပ်ကိုင် ပေးခဲ့ကြရပါသည်။

ထို့ပြင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ  အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက်  မဲလက်မှတ်များ၊ မဲစာရင်းပုံစံအမျိုးမျိုး၊ အခြေခံ ဥပဒေ (မူကြမ်း) ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်ပုံနှိပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင် ပေးခဲ့ကြရပါသည်။ လမ်းစဉ်ပါတီခေတ်တွင် လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီညီလာခံ  အသီးသီးတွင် ပုံနှိပ်စက်၊ အထောက် အကူပြု စက်များဖြင့် ပါတီညီလာခံကျင်းပရာ ဝင်းအတွင်းသို့ သွားရောက်တာဝန်ယူ လုပ်ကိုင် ဆောင်ရွက် ပေးခဲ့ကြရပါသည်။

လျှို့ဝှက်ပုံနှိပ်လုပ်ငန်းများအနေဖြင့် (Secret Section) ခေါ်လျှို့ဝှက်ခန်း သီးသန့်ဖွဲ့စည်းလျက် စာစီ၊ စက်ရိုက် စာအုပ်ချုပ်ဝန်ထမ်းများဖြင့် စာရင်းကိုင်၊ စာရင်းစစ်သင်တန်းကျောင်း၊ ဓမ္မာစရိယ သင်တန်းအမျိုးမျိုး၊ ဗိုလ်လောင်းသင်တန်းဝင်ခွင့် စာမေးပွဲမေးခွန်းများကို တာဝန်ယူပုံနှိပ်ပေး ခဲ့ရပါသည်။

စာရေးကိရိယာ ဖြန့်ဖြူးရေးဌာနစိတ်သည် ၁၉၆၂ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ပြည်နယ်၊ တိုင်းများ အားလုံးအပါအဝင် အစိုးရဌာနအသီးသီးသို့ ရုံးသုံးမူသေပုံစံများ နှစ်စဉ်ပျမ်းမျှခြင်း ငွေကျပ် ၄၅ သိန်းမှ ငွေကျပ်သိန်း ၈၀ အထိ၊ရုံးသုံးစာရေးကိရိယာများ နှစ်စဉ်ပျမ်းမျှငွေကျပ် ၄၅ သိန်းမှ ငွေကျပ် သိန်း ၇၀ အထိ ဗဟိုပုံနှိပ်စက်ရုံရသုံးမှန်းခြေစာရင်းမှ အခမဲ့ထောက်ပံ့ဆောင်ရွက် ပေးခဲ့ရ ပါသည်။

ဗဟိုပုံနှိပ်စက်ရုံတွင် ၁၉၈၀ ပြည့်နှစ်အထိ ခဲစာလုံး စာစီစက်ဖြင့် စာစီလုပ်ငန်းများ လုပ်ကိုင် ခဲ့ပြီး ခဲချောင်းစာစီစက်ဖြင့် ၂၀၁၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ခဲဖြင့် စာစီသည့်လုပ်ငန်းများ ရပ်နားခဲ့ပါသည်။

ဗဟိုပုံနှိပ်စက်ရုံ၏ ပထမဆုံးပုံနှိပ်စက်ရုံမှူး တာဝန်ထမ်းဆောင်ခဲ့သူမှာ ဦးအုန်းမောင်ဖြစ်ပါ သည်။ ဦးအုန်းမောင်မှာ ခဲစာစီဝန်ထမ်းဘဝအောက်ခြေမှ အဆင့်ဆင့်တတ်ကျွမ်းနားလည်ခဲ့ပြီး စက်ရုံမှူး အဆင့်ထိရောက်ခဲ့သူဖြစ်သည်။

ဗဟိုပုံနှိပ်စက်ရုံအဆောက်အအုံကို (၉-၈၂၀၁၅) ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ရန်ကုန်မြို့ပြ အမွေအနှစ် အထိမ်းအမှတ်အဖြစ် အပြာရောင် ကမ္ပည်း တပ်ဆင် ပေးခဲ့ပါသည်။ ယခုအခါ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် လုပ်ငန်းဌာနများမှ အပ်နှံသည့်လုပ်ငန်း များကိုခေတ်မီစက်များဖြင့် ပုံနှိပ်ထုတ်ဝေလျက်ရှိပြီး အဆောက်အအုံမှာ လည်း မူလလက်ရာမပျက်  အခိုင်အခံ့တည်ရှိနေဆဲဖြစ်ပါသည်။ ။

(ဆက်လက်ဖော်ပြပါမည်)