တပ်မတော်သားမျိုးဆက်လေးဆက်
(ယမန်နေ့မှအဆက်)
ကျွန်တော် ကြည်း/သုတေသနဌာနသို့ ရောက်ချိန်တွင် အကြီးအကဲက ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကြီးဖြစ်ပြီး လေတပ်မှဖြစ်ပါသည်။ သူသည် စာအလွန်ဖတ်သူဖြစ်ပြီး အလွန်တော်သည့်အပြင် အလွန်လည်း ကောင်းသူဖြစ်ပါသည်။ မျိုးချစ်ပီသသူ၊ ဖြူစင်သူ ဖြစ်ပါသည်။ နောင်မကြာမီတွင် ဗိုလ်မှူးကြီး၊ ကုန်သွယ်ရေးဝန်ကြီးဖြစ်ပြီး “တစညပါတီ” ၏ အထွေထွေအတွင်းရေးမှူးချုပ်ဘဝဖြင့် အငြိမ်းစားယူခဲ့ပါသည်။
နိုင်ငံခြားသတင်းကောက်နုတ်ချက် - ပြည်ပ
သူ၏လက်အောက်၌ တာဝန်ထမ်းဆောင်ရသည်မှာ မလွယ်ကူပါ။ တစ်နေ့လုံး စာရေး၊ စာဖတ်နေရပါသည်။ တစ်ညလုံးလည်း ညနေပိုင်းထွက်လာသည့် NAB နိုင်ငံခြားသတင်းများကို ဖတ်၊ နိုင်ငံခြားသတင်းစာများကိုဖတ်၊ ရေဒီယိုလေးဖြင့် နိုင်ငံခြားသတင်းများကို နားထောင်၊ မနက်ခင်းတွင် သတင်းအသစ်များအား ကောက်နုတ်ပြီးနောက် “နိုင်ငံခြားသတင်း ကောက်နုတ်ချက်ပြည်ပ” စာစောင်အမည်ဖြင့် စာစောင် (၄)မျက်နှာလောက်ကို copier စက်ဖြင့်ကူးပြီး ဗိုလ်ချုပ်ကြီးစန်းယုနှင့် အခြားသော လူကြီးများထံသို့ နေ့စဉ်ပေးပို့ တင်ပြရပါသည်။ “အပတ်စဉ်” စာစောင် တစ်ခုအပြင် အခြားသော သုတေသန စာတမ်းများကိုလည်း ရေးရသည်။ ထုတ်ဝေတင်ပြရပါသည်။ ဌာနတွင် Hong Kong မှလာသော သုတေသန စာစောင်များ၊ Keesing Archive သတင်း စာစောင်များ၊ နိုင်ငံခြားသတင်း မဂ္ဂဇင်းများ၊ အိမ်နီးချင်းနိုင်ငံများမှ သတင်းစာများအားလုံး ယူထားရသည်။ ကျွန်တော်၏ အဓိကတာဝန်ကို ဖော်ပြရမည်ဆိုလျှင် “တရုတ်ပြည်ကျွမ်းကျင်သူ” ပင် ဖြစ်ပါသည်။ ယင်းသည် အထက်အမိန့်ပင် ဖြစ်ပါသည်။
ကြည်း/ သုတေသနဌာနသို့ ကျွန်တော် ပြောင်းရွှေ့ရခြင်းမှာ ကျွန်တော်သည် ဂျာမန်ဘာသာဒီပလိုမာ ဂုဏ်ထူး (Diploma in German Hons) အောင်ထားသည့်အတွက်ကြောင့် ဖြစ်ပါသည်။ သို့သော် ထိုစဉ်က တရုတ်ပြည်၏ International Communist Movement အရဗကပတို့ကို အားပေးကူညီ ထောက်ပံ့နေသည့်အတွက် တရုတ်ပြည်၏ အခြေအနေနှင့် ဆက်ဆံရေးက အလွန်အရေးကြီးနေသည့် အချိန်ဖြစ်ပါသည်။ သို့ဖြစ်၍ Hong Kong ထုတ်သုတေသနစာစောင်၊ စာတမ်းများအား အဓိကထားလေ့လာပြီး တင်ပြနေရသည့် အချိန်ဖြစ်ပါသည်။
ထူးခြားသည့် တိုက်ဆိုင်မှုလေးတစ်ခု
ကျွန်တော် ဗိုလ်မှူးကြီးဖြစ်ပြီးနောက် ကျွန်တော့်အား ကြည်း/ သုတေသနဌာနတွင် ဆက်လက်တာဝန် ပေးထားသည့်အချက်က ကျွန်တော့်တစ်သက်မှာ ဂုဏ်ယူစရာ အကောင်းဆုံးပင် ဖြစ်ပါသည်။ ယင်းကာလ ၁၂ နှစ်အတွင်း “ကကမော်” အကြီးအကဲလည်းဖြစ်ပြီး “နဝတသတင်းထုတ်ပြန်ရေးအဖွဲ့ဝင်” နှင့် “အမျိုးသားညီလာခံကျင်းပရေးကော်မရှင်” အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါသည်။ ကျွန်တော့်တူအရင်းလေး မောင်ခိုင်လင်းကလည်း ကျွန်တော်တာဝန်ယူခဲ့သည့် ကြည်း/ သုဌာနတွင် အကြီးအကဲဖြစ်လာခြင်းကလည်း ထူးခြားသည့် တိုက်ဆိုင်မှုလေးတစ်ခုပါပဲ။ သူကတော့ တတိယမျိုးဆက်မှာ ပါဝင်သူပါ။
ကကမော်၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ၁၂ နှစ်တာကာလအတွင်း တပ်မတော်သမိုင်းကို စတင်ချိန် ၁၉၄၁ ခုနှစ်မှ “န၀တ” ခေတ် ၁၉၉၀ ပြည့်နှစ်အထိ အတွဲ ကိုးတွဲ ရေးသားထုတ်ဝေ ဖြန့်ချိခဲ့ပါသည်။ တပ်မတော် အဆင့်မြင့်သင်တန်းအားလုံး၊ နိုင်ငံတော်၏ အဆင့်မြင့်အထူးသင်တန်းအားလုံး၊ စည်ပင် (မြို့တော်စည်ပင်)က ပြုလုပ်သည့် အဆင့်မြင့်သင်တန်းအားလုံးတွင် ကျွန်တော်သည် “မြန်မာ့သမိုင်းနှင့် တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ” ကို သင်တန်းအချိန် ရှစ်ကြိမ်၊ နာရီအားဖြင့် ခြောက်နာရီ ပို့ချပေးခဲ့ပါသည်။ ဆိုလိုသည်မှာ တစ်နေ့လုံးအချိန်ယူပြီး ပို့ချပေးခဲ့ရခြင်း ဖြစ်ပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး/ဇီးပင်ကြီး) တို့တွင်လည်း အထူးသင်တန်းပေါင်း ရာချီပြီးပို့ချပေးခဲ့ပါသည်။ ထို ၁၂ နှစ်တာ ကာလအတွင်း သင်တန်းသား ငါးသောင်းကျော် ရှိခဲ့ပါသည်။ ကျွန်တော်၏ ဆရာဖြစ်သူ “ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်” (တိုင်းမှူး/ဝန်ကြီး) ပြောသည့် “တပည့်မရှား၊ ( တစ်ပြားမရှိ၊ ပီတိကိုစား၊ အားရှိပါ၏” ဆိုသည်မှာ ကျွန်တော်ပါပင်။ တပ်မတော်အတွက် ထိုသို့တာဝန် ထမ်းဆောင်ပေးခဲ့ရသည့်အတွက်လည်း ဂုဏ်ယူမိပါသည်။ ကျွန်တော်နှင့်အတူ ကြည်း/သုတွင် ဝိုင်းတော်သားများ ဖြစ်ခဲ့ကြသည့် ကိုတင်ဦး၊ ကိုဝဏ္ဏမောင်လွင်၊ ကိုကိုကိုလှိုင်၊ ကိုခင်ရီ၊ ကိုဇာနည်ဝင်း၊ ကိုထွန်းထွန်းညီ တို့ဆိုလျှင်လည်း ယခုအချိန်အထိ တိုင်းပြည်ကို အကျိုးပြုဆဲပင် ဖြစ်ပါသည်။
တော်လှန်ရေးကောင်စီခေတ်
ကျွန်တော့်လို ဒုတိယမျိုးဆက် ကျွန်တော့်ညီမ၏ ခင်ပွန်းသည်လည်း တပ်မတော်သား ဒုတိယမျိုးဆက်ပင် ဖြစ်ပါသည်။ ကျွန်တော်၏ဖခင်က အိမ်ထောင် သုံးဆက်ရှိသည်ဖြစ်ရာ ဒုတိယဇနီး၏ သမီး၊ ကျွန်တော်နှင့် ဖအေတူမအေကွဲ ညီမလေးက ကျွန်တော့် အဖေ၏ ဦးနှောက်တစ်ခြမ်းကို ရထားသူဖြစ်ပါသည်။ ဉာဏ်အလွန်ကောင်းသူဖြစ်ပြီး ၁၀ တန်းကို ခြောက်ဘာသာ ဂုဏ်ထူးဖြင့် အောင်သူ၊ တော်လှန်ရေးကောင်စီခေတ် “လူရည်ချွန်” ခြောက်ထပ်ကွမ်း ခြောက်ကြိမ် ရရှိခဲ့သူ၊ နောင်တွင် MRCOG/FRCOG မီးယပ်၊ ဝမ်းဆွဲ အထူးကုဆရာဝန်ကြီး ဖြစ်ပါသည်။ သူ၏ခင်ပွန်း ဆရာဝန်လေးက စစ်သားစိတ်။ စစ်တပ်ထဲ ဝင်ပါသည်။ သူတို့ညားခါစ ဇနီးမောင်နှံနှင့် ပဲခူးရှိအဖေ့အိမ်မှာ ဆုံခဲ့ကြပြီးနောက် ကျွန်တော် ညနေပိုင်း ရန်ကုန်သို့အပြန်တွင် ယောက်ဖလေးကို ဗိုလ်သင်တန်းတက်ဖို့ မှော်ဘီသို့ဝင်ပြီး ဗိုလ်သင်တန်းကျောင်းသို့ ပို့ပေးခဲ့သည်ကို အမှတ်ရမိပါသေးသည်။ သူသည် ပထမဆုံး လေထီးခုန်သည့် ဆရာဝန်။ တကယ့်ကို စစ်သားဆရာဝန်ပီသလှသူ ဖြစ်ပါသည်။
သူ့ကို အကြီးအကဲများ သဘောကျသွားသည်က ကရင်ပြည်နယ်တွင် နဝတ အစိုးရခေတ် စစ်ဆင်ရေးကြီးများ ဆင်နွှဲချိန်တွင် ရန်သူများ ဆုံးရှုံးမှုများခဲ့ပြီး မြန်မာ့နယ်နိမိတ်အတွင်း ရပ်တည်နိုင်မှုမရှိတော့သည့် အခြေအနေဖြစ်သွားပါသည်။ မိမိတို့ တပ်မတော်သားများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ အထူးသဖြင့် မိုင်းဒဏ်ရာ (Mine Injury) ဖြစ်သည်။ ထိုလူနာများ အသက်မဆုံးရှုံးလေရအောင် ရှေ့တန်းကျကျနေရာတွင် ဆေးတပ်ဖွဲ့ ကုသရေးစခန်း (စစ်မြေပြင်ကုသရေး) ဖွင့်လှစ်၊ ပဏာမကုသမှုများ လုပ်ပြီးမှ စိတ်ချရသည့် အချိန်ရောက်မှသာ မင်္ဂလာဒုံဆေးရုံကြီးသို့ Air Lift ဖြင့် ပို့ပေးသည့်အတွက် များစွာသော ဒဏ်ရာရ တပ်မတော်သားများ အသက်မဆုံးရှုံးစေရန် စွမ်းဆောင်ပေးနိုင်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ပေးနိုင်ခြင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် သဘောကျ နှစ်ခြိုက်သည့်အတွက် ဦးစီးချုပ်၏ ကိုယ်ရေးဆရာဝန်၊ မိသားစုဆရာဝန် ဖြစ်လာခဲ့ရပါသည်။ သူဆေးတပ်ဖွဲ့၏ အကြီးအကဲ ဖြစ်လာတော့လည်း တပ်မတော်ဆေးတပ်ဖွဲ့ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျယ်ပြန့်ကြီးမားလာစေရန် အထူးကုဆေးရုံများ၊ အထွေထွေကုသရေး ဆေးရုံကြီးများ အသစ်တည်ဆောက်ပြီး ကုသနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဝန်ကြီးအဆင့်အထိ ဖြစ်လာချိန်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနကြီး တိုးတက်ကျယ်ပြန့်အောင် နိုင်ငံတကာအကူအညီ ရယူဆောင်ရွက်ပေးနိုင်ခဲ့သည်။ သူသည်ကား ကျွန်တော်နှင့်အတူ ဒုတိယမျိုးဆက်ပင်။
တပ်မတော်ရိက္ခာဖြည့်တင်းရေး
တတိယမျိုးဆက်မှာတော့ ညီမလေးကဲ့သို့ ဉာဏ်ကောင်းသည့်တူ မောင်ခိုင်လင်းအကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ မောင်ခိုင်လင်း အိမ်ထောင်ကျပြန်တော့လည်း အချက်ပြဆက်သွယ်ရေးတပ်မှ အငြိမ်းစားဗိုလ်မှူးကြီး လှမိုး၏ သမီးဖြစ်သူနှင့် အကြောင်းပါပြန်ပါသည်။ စစ်မျိုးချင်း ပေါင်းဖက်ကြတော့လည်း သူတို့သားများလည်း စစ်သည်တော်များ ဖြစ်ကြမည်ဖြစ်ပါသည်။ တတိယမျိုးဆက်တွင် ဒုတိယစစ်သားကတော့ ကျွန်တော့်သမီး၏ ခင်ပွန်း၊ ကျွန်တော်၏ သမက်ပင် ဖြစ်ပါသည်။ သူက တိုက်ရည် ခိုက်ရည်ရှိသူ၊ အကြမ်းဖက်နှိမ်နင်းရေးတပ် လေထီးစစ်သားတစ်ဦး၊ တပ်ရင်းမှူး၊ ဦးစီးအရာရှိအဖြစ် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီးနောက် တပ်မတော် မှ MEC သို့ရောက်သွားပါသည်။ MYTEL တွင် အရာရှိ၊ ထို့နောက် စက်ရုံမှူး စသည့် အဆင့်များတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု MEC တွင် GM အထွေထွေမန်နေဂျာ ဖြစ်နေပါသည်။ တပ်မတော်ရိက္ခာ ဖြည့်တင်းရေးတွင် များစွာအထောက်အကူပြု အကျိုးပြုပေးနေသူဖြစ်ပါသည်။
သမီးနှင့် သမက်တို့၏ ပထမဦးဆုံးသမီး၊ ကျွန်တော်၏ မြေးဦးကလေးက တက္ကသိုလ်မှာ Industiral Chemistry ဘွဲ့ကို Hons ဂုဏ်ထူးဖြင့် အောင်မြင်ပြီး မဟာတန်း ဒုတိယနှစ်တက်ချိန်တွင် အရပ်အမောင်းကောင်း၊ သိပ္ပံပညာ ထူးချွန်သည့်အတွက် သူက လေသူရဲတစ်ဦး ဖြစ်ချင်ခဲ့ပါသည်။ ဗိုလ်သင်တန်းတက်ရင်း ကျန်းမာရေးကိစ္စတစ်ခုကြောင့် အထူးစိစစ်သောတပ်ကို မရောက်တော့ဘဲ ကျောင်းဆင်း Posting က ပြင်ဦးလွင်ရှိ တပ်မတော်သိပ္ပံပညာ နည်းပညာ သုတေသနတပ်ဖွဲ့ကို ရောက်ရှိပြီး တပ်မတော် အရာရှိအဖြစ် တာဝန်ထမ်းဆောင် နေပြီဖြစ်ပါသည်။ သူသည်ကား စတုတ္ထမျိုးဆက်၊ သုတေသနမျိုးဆက်ဟုလည်း ဆိုနိုင်ပါသည်။
ကျွန်တော်တို့ မျိုးဆက်ဆက်သည် “ဒို့တတန်အရေးသုံးပါး” ကို ဦးထိပ်ထားပြီး သစ္စာရှိရှိ၊ ဂုဏ်ရှိရှိတာဝန် ထမ်းရွက်ခဲ့ကြသည်။ တပ်မတော်တွင်သာ တစိုက်မတ်မတ်ဖြင့် သက်ပြည့်တာဝန်ယူခဲ့ကြသည်။ ပြင်ပဌာနများတွင် အခွင့်အလမ်းကောင်းများ ရနိုင်သော်လည်း တပ်မတော်သည်သာ အမိ၊ အဖ၊ ကိုးကွယ်ရာ ဖြစ်ခဲ့ကြပါသည်။
“နေသူရိန်” လူထုက်ပွဲကြီး
တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ကြီးနှင့် တပ်မတော်ကြီးကို ထူထောင်ခဲ့သည့် ခေါင်းဆောင်ကြီး မော်စီတုန်းက "The Army is a great school “တပ်မတော်သည် မဟာကျောင်းကြီးပါပဲ” ဟု မိန့်ဆိုခဲ့ပါသည်။ “တကယ်တမ်းသာ လိုက်နာနိုင်မယ်ဆိုရင် တပ်မတော်ဟာ လူကောင်တွေကို မွေးထုတ်တဲ့ ကျောင်းကြီး” ဟူသည့် ဆိုရိုးလည်း ရှိပါသည်။ မြန်မာ့လွတ်လပ်ရေးပိသုကာ ဗိုလ်ချုပ် အောင်ဆန်းလည်း တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကို “နေသူရိန်” လူထုထောက်ပွဲကြီးတွင် ထုတ်ဖော်တင်ပြ အတည်ပြုပေးခဲ့သည်။
၁၉၄၆ ခုနှစ်အတွင်း ကျင်းပခဲ့သော လူထုအစည်းအဝေးကြီး ဖြစ်ပါသည်။ ဤသည်မှာ ဗိုလ်ချုပ်၏ တပ်မတော် အတွေ့အကြုံက ပေးခဲ့သည့် သမိုင်းပေးတာဝန်ပင် ဖြစ်ပါသည်။
တပ်မတော်၏ ဒုတိယဖခင်ကြီးဖြစ်သည့် ဗိုလ်ချုပ်ကြီး နေဝင်းကလည်း “ဒို့တပ်မတော်ဟာ နိုင်ငံတကာ ကမ္ဘာတပ်မတော်တွေမှာရှိတဲ့ အရည်အချင်းအားလုံး ဒို့တပ်မတော်မှာ ရှိရမယ်။ အထူးသဖြင့် နှစ်မျိုးမှာ ထူးချွန်ရမယ်။(၁) အမျိုးအစား ပိုကောင်းရမယ်။ (၂) ပြည်သူလူထုနဲ့ တစ်ဆက်တည်း ရှိရမယ်” ဟု မိန့်ဆိုခဲ့ဖူးပါသည်။
ကျွန်တော်တို့ အရာရှိငယ်ဘဝမှ တပ်မတော်ကို သမားရိုကျဘဝမှ “ပြည်သူ့တပ်မတော်” အဆင့်သို့ တက်လှမ်းခဲ့ပါသည်။ တပ်မတော်၏ တတိယသခင်ကြီး ဗိုလ်ချုပ်ကြီး စန်းယုက “တပ်မတော်ဟာ (၁) “တိုက်ရင်း စည်းရုံ၊ စည်းရုံးရင်းတိုက်”၊ (၂) “တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက်”၊ (၃) “တိုက်ရင်း ကုန်ထုတ်၊ ကုန်ထုတ်ရင်း တိုက်” ဟူသည့်ဩဝါဒကို ပေးထားသည့်အတွက် ကျွန်တော်တို့ကိုယ်တိုင် ကျောပိုးအိတ်ဖြင့် ကောက်စိုက်၊ ကောက်သိမ်း စသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ပါသည်။ စစ်ဆင်ရေး ကာလများအတွင်း ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့ကြသည့်အတွက်လည်း ပြည်သူနှင့် တစ်ဆက်တည်း၊ တစ်သားတည်း ဖြစ်ခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်း အမိန့်ရှိသော အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းဆိုတာဘာလဲ။ “အမျိုးသား နိုင်ငံရေးဆိုတာ အချိန်ကာလတစ်ခုမှာ ခြေနေတွေအရ ပြည်သူတွေအကြား ပါတီနိုင်ငံရေးနှင့် ကွဲပြားပါသည်။ လွတ်လပ်ရေမရမီက လွတ်လပ်ရေးသည် ပထမ။ လွတ်လပ်ရေးသည် ဒုတိယ။ လွတ်လပ်ရေးသည် တတိယ” ဖြစ်ခဲ့ကာ ယင်းကို ပြည်သူများက တောင်းတခြင်းပင်ဖြစ်သည်။ “လွတ်လပ်ရေးရခါနီးလာတော့ လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီအရေးသည် ဒုတိယ၊ ဆိုရှယ်လစ်အရေးသည် တတိယ” ဟူ၍ နေက်တစ်ဆင့် ဖြစ်လာပါသည်။
ဖက်ဆစ်တော်လှန်ရေးနှင့် ကိုလိုနီအဆုံးသတ်ရေး တိုက်ပွဲတွင် တပ်မတော် ပြည်သူ့အရေးတော်ပုံပါတီ ဆိုဒ်လစ်ပါတီ၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူတစ်ရပ်လုံး တစည်းတလုံးတည်း ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြနှင့် သခင်သန်ထွန်း၊ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်နု စသည့် ပုဂ္ဂိုလ်ကြီးများ၏ ခေါင်းဆောင်မှုအောက်တွင် ပြည်သူတစ်ရပ်လုံး စည်းလုံးစွာ ပါဝင်ခဲ့ကြသော်လည်း လွတ်လပ်ရေးရပြီဆိုသည်နှင့် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒတို့ကြောင့် လွတ်လပ်ရေး ပြန်လည်ဆုံးရှုံးနိုင်သည်အထိ ပြင်းထန်သော ပြည်တွင်းသောင်းကျန်မှု ပြစ်လာခဲ့ရပါသည်။
နှစ်ပေါင်း ၇၅ နှစ်
၁၉၄၈ ခုနှစ် မတ်လ ကွန်မြူနစ်တော်လှန်ရေးက တင်လိုက်သော ပြည်တွင်းသောင်းကျန်းမှု စစ်မီးသည် ယခုအချိန်အထိ တောက်လောင်နေဆဲပင်။ နှစ်ပေါင်း ၇၅ နှစ်အထိ ရှည်ခဲ့ပါပြီ။ တိုင်းပြည် မပြိုကွဲရလေအောင် ထိန်းသိမ်းခဲ့သူက ပြည်သူတွင်းမှ ပေါက်ဖွားလသည့် တပ်မတော်ပင်။ ထိုစဉ်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အစဉ်အလာအရ ငြိမ်းချမ်းရေးကိုပါ အတော်အတန် တည်မြဲစေခဲ့ပါသည်။ ငြိမ်းချမ်းရေး အပြည့်အဝ ရဖို့ကတော့ ပါးစပ်အလုပ်တစ်ခုတည်းဖြင့် မရနိုင်ကြောင်း ခေတ်အဆက်ဆက်တွင် သင်ခန်စာပေးခဲ့ပြီး ဖြစ်ပါသည်။ Ho Chi Minh ဗီယက်နမ် ခေါင်းဆောင်ကြီး) ပြောကြားခဲ့သကဲ့သို့ “Talk ၊ Talk ၊ Fight ၊ Fight” လုပ်ရပါမည်။
ယနေ့ဆိုလျှင် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များ တိုး၍သာ ပေါ်ပေါက်နေသည်။ ဦးရေအားဖြင့် ၂၀ ဝန်းကျင်တွင် ရှိနေသည်။ အကြမ်းဖက်အနိုင်ကျင့်ပြီး ဥပဒေပြင်ပ စီးပွားရေများဖြင့် ရှင်သန်နေသည်။ အမေရိကန် လက်ရှိသမ္မတ Biden (ဘိုင်ဒင်) က သမ္မတဟောင်း Trump (ထရမ့်) အရေးတော်ပုံကို ညွှန်းပြီးသွားသည်မှာ အကြမ်းဖက်မှုဟာ ဒီမိုကရေစီအတွက် အကြီးဆုံးခြိမ်းခြောက်မူပါ" ဟူ၍ဖြစ်ပါသည်။ ခြိမ်းခြောက်မှု ဆက်လက်တိုးပွားနေဦးမည်ဟုလည်း အမေရိကန်ပြည်သူအများစုက ယုံကြည်နေကြပါသည်။ ငြိမ်းချမ်းရေးသည် သော့ချက်ဖြစ်ပြီး သူရှိလျှင် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပုံစံစနစ်ရော မရနိုင်ပါ။
နေ့ဖြစ်ပေါ်နေသည့် အမျိုးသားရေးတောင့်တချက်မှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ဖြစ်ပါသည်။ ငြိမ်ချမ်းရေးမရှိလျှင် စစ်မှန်သည့် ဒီမိုကရေစီ မရှိနိုင်ပါ။ စစ်မှန်သည့် ဒီမိုကရေစီကို မရှိပြန်လျှင်လည်း ဖက်ဒရယ်စနစ် မရှိနိုင်ဆိုသည်ကို ကမ္ဘာ့သမိုင်းက သက်သေခံနေပါသည်။ ထို့ကြောင့် အမျိုးသားနိုင်ငံရေး လိုလားချက်ကို မည်သို့ကိုင်တွယ်သင့်ပါသလဲ။ ဤသည်မှာ အကြီးမားဆုံးသော ပဟေဋိပင် ဖြစ်ပါသည်။
လူမျိုးပေါင်း ၁၀၀ ကျော်
မြန်မာနိုင်ငံကဲ့သို့ ဝိသေသထူးခြားပြီး လူမျိုးပေါင်း ၁၀၀ ကျော်၊ နိုင်ငံရေး ပါတီပေါင်း မြောက်များစွာကွဲပြားနေသည့်် အခြေအနေမျိုးတွင် ငြိမ်းချမ်းရေးအတွက် ပုံဖော်ရန် ဒေါက်တိုင်သုံးတိုင် လိုအပ်ပါလိမ့်မည်။ ပထမ အမျိုးသားနိုင်ငံ ကိုယ်စားပြုတပ်မတော်၊ ဒုတိယ နိုင်ငံရေးပါတီအတွင်းမှ ပြည်သူ့ဆန္ဒ အစစ်အမှန်ကို အများဆုံးရှိသည့် ပါတီနှင့် အထိုက်အလျောက်မဲဆန္ဒများကို ရရှိသည့်ပါတီများကို PR စနစ်ဖြင့်ရွေးပြီး အစိုးရဖွဲ့ပေမည့် လွှတ်တော်၊ တတိယ လူမျိုးစုများကို အချိုးကျထည့်သွင်း ဖွဲ့စည်းမည့် ဖက်ဒရယ်ကိုယ်စားပြု လွှတ်တော်တို့ပင် ဖြစ်သည်။ ဤသုံးခုက အာဏာကို မျှမျှတ ခွဲဝေကျင့်သုံးမည်ဆိုလျှင် တန်းတူရည်တူ အဆရှိမည် ဖြစ်ပါသည်။
သို့မှသာ ပြည်သူ၏ လိုအင်ဆန္ဒကို ထင်ဟပ်နိုင်မည်၊ ငြိမ်းချမ်းရေးထာတရ တည်မြဲစေရန် အလုပ်လုပ်နိုင်လိမ့်မည် ဖြစ်ပါသည်။ အဓိကအကျဆုံးအချက်က တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ကဏ္ဍအဓွန့်ရှည်ဖို့ပင် ဖြစ်ပါသည်။
တပ်မတော်ခေါင်းဆောင်အားလုံးကို အလေးပြုလျက် ဤဆောင်းပါးဖြင့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
တပ်မတော်သားသုတေသီတစ်ဦး
[၁၉၉၁ အမျိုးသားစာပေဆုရ၊ စီမံထူးချွန် (ပထမအဆင့်)]