Skip to main content

စနစ်ကျ ချွေတာသုံးစွဲသင်သော သောက်သုံးရေနှင့် လျှပ်စစ်မီး

ယခုအခါ နွေရာသီကာလသို့ ရောက်တော့မည်ဖြစ်သည်။ ပူပြင်းခြောက်သွေ့ရာသီတွင် သောက်ရေသုံးရေ ပိုမိုလိုအပ်လာသကဲ့သို့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာလည်း ပိုမိုများပြားလာမည်ဖြစ်သည်။ နေ့စဉ်လူနေမှုဘ၀တွင်ရေနှင့် လျှပ်စစ်မီးတို့က မရှိမဖြစ် အရေးကြီးသည်။ သန့်ရှင်း၍ ဘေးကင်းသည့် သောက်သုံးရေနှင့် လျှပ်စစ်မီးတို့ကို မိမိတို့နိုင်ငံ၏ မြို့ပြနှင့် ကျေးလက် ဒေသအသီးသီးတို့ရှိ အိမ်ထောင်စုများအားလုံး သုံးစွဲခွင့်မရရှိသေးပေ။ အိမ်တိုင်း၊ မိသားစုတိုင်း သောက်သုံးရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးတို့အတွက် ကြိုးပမ်းနေရဆဲ အခြေအနေတွင်သာ ရှိသေးသည်။

သို့ရာတွင် ရေနှင့် လျှပ်စစ်မီးတို့ကို ပုံမှန်သုံးစွဲခွင့် ရရှိနေသူတို့ကမူ တန်ဖိုးထားရကောင်းမှန်းမသိဘဲ လေလွင့်ပြုန်းတီးမှုများစွာဖြင့် သုံးစွဲနေကြဆဲဖြစ်သည်။ ရေနှင့် လျှပ်စစ်မီးကို စနစ်တကျ သုံးစွဲရေး၊ ချွေတာသုံးစွဲရေးသည် ခြောက်သွေ့ရာသီ ရောက်လာသည်နှင့်အမျှ ပို၍လိုအပ်လာမည်ဖြစ်ကာ နွေ၊ မိုး၊ ဆောင်း ရာသီအားလုံးတွင်လည်း ရေနှင့် လျှပ်စစ်မီးကို စနစ်တကျသုံးစွဲတတ်ကြဖို့ လိုပါသည်။

ချွေတာသုံးစွဲသင့်သောရေ

ကမ္ဘာတစ်ဝန်း၌ ရေရရှိရေး အထူးသဖြင့် ရေချို ရရှိရေးအတွက် ရှာဖွေလျက်ရှိရာ နည်းလမ်းကောင်းများ တိုးတက်လာသော်လည်း လူဦးရေသန်းပေါင်းများစွာသည် သန့်ရှင်းသောသောက်သုံးရေ၊ ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေရရှိမှု နည်းပါးနေသေးသည်။ ထို့ပြင် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေကိုအခြေခံသည့် ရောဂါများနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဒေသများ၌ ရေလိုအပ်ချက်ရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သုံးသပ်ထားသည်။

မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါများသည့် နိုင်ငံဖြစ်သည့်အလျောက် မြန်မာလူမျိုးတို့၏အမြင်တွင် ရေသည် အပေါများဆုံးသော အရာဝတ္ထုအဖြစ် ရှုမြင်သည့်အကျင့်က စွဲနေသည်။ စင်စစ်အားဖြင့်မူ လူတို့ဘေးကင်းစွာ သောက်သုံးနိုင်သည့် သန့်ရှင်းသောရေသည် ထင်သလောက် ပေါများသည့်အတွက် တန်ဖိုးထားပြီး စနစ်တကျသုံးစွဲရန်လည်း လိုအပ်သည်။ ကမ္ဘာကြီးသည် ရေကမ္ဘာကြီးဟု ဆိုရလောက်အောင် ကုန်းမြေထက် ရေများက ဖုံးလွှမ်းနေသော်လည်း ၉၈ ရာခိုင်နှုန်းဖြစ်သော ပင်လယ်ရေများသည် သောက်သုံး၍မရဘဲ နှစ်ရာခိုင်နှုန်းမျှသာရှိသော ရေချိုကို သောက်သုံးနေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေကို နိုင်ငံအတွင်းရှိ အိမ်ထောင်စုများ၏ ၄၁ ဒသမ ၄ ရာခိုင်နှုန်းသာ သုံးစွဲခွင့်ရရှိနေကြောင်း ပညာရှင်များက သုံးသပ်ထားသည်။ သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေဆိုသည်မှာ ရောဂါပိုးမွှားကင်းစင်ပြီး ကောင်းမွန်သော ရေအရင်းအမြစ်မှ အချိန်မရွေး လက်တစ်ကမ်းတွင် ရနိုင်သောရေ ဖြစ်သည်။ အိမ်ထောင်စုများ၏ ၁၂ ဒသမ ၄ ရာခိုင်နှုန်းသည် မြစ်များ၊ ချောင်းများ၊ ဆည်များ၊ တူးမြောင်းများ၊ ကန်များ စသည့် မြေပေါ်ရေများကို သုံးစွဲနေကြရသည်။

ဆည်တမံများမှ ရေကို ဓာတ်အားထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေးအတွက် သုံးစွဲကြရာတွင် ခြောက်သွေ့ရာသီ ရောက်သည်နှင့်အမျှ သိုလှောင်ထားသည့် ရေပမာဏ လျော့နည်းလာချိန်တွင် ရေကိုစနစ်တကျသုံးစွဲရန် လိုအပ်လာသည်။ ထိုအခါ နွေရာသီတွင် ဓာတ်အားသုံးစွဲမှုပမာဏ ပိုမိုများပြားလာပြီး နွေစပါးကဲ့သို့သော စိုက်ပျိုးသီးနှံများအတွက်လည်း ရေပေးဝေရန် လိုအပ်လျက်ရှိရာ ရေသုံးစွဲသူတို့ အလေအလွင့်မရှိ သုံးစွဲခြင်းဖြင့်သာ အဆင်ပြေနိုင်မည်ဖြစ်သည်။

ခေတ်အဆက်ဆက် နွေကာလရောက်သည်နှင့်တစ်ပြိုင်နက် အချို့ဒေသများ၌ ကြုံတွေ့နေရသည့် အခက်အခဲတစ်ခုမှာ ရေပြတ်လပ်မှုပြဿနာ တစ်နည်းအားဖြင့် သောက်သုံးရေ ရှားပါးမှုပြဿနာပင် ဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ နေ့စဉ်လုံလောက်စွာ သောက်သုံးနေသော ရေပမာဏသည် ထိုသူ၏ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ထိန်းသိမ်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လူတို့သည် နေ့စဉ် ရေကို သုံးလီတာခန့် သောက်သုံးပေးပါမှ ကျန်းမာရေး ကောင်းမွန်နိုင်မည် ဖြစ်ပေသည်။

လူတစ်ဦး ရေလုံလောက်စွာ သောက်ထားပါက ဦးနှောက်၊ ခန္ဓကိုယ်ဆဲလ်များ၊ အစာခြေစနစ်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများ၏ လုပ်ဆောင်ချက်များကို အထောက်အပံ့ ဖြစ်စေရုံသာမက အသားအရေခြောက်သွေ့မှု၊ ပြင်ပရောဂါပိုးဝင်ရောက်မှုတို့ကို ပါကာကွယ်ပေးနိုင်သည်။ ထို့ပြင် ရေလုံလောက်စွာ သောက်ပေးခြင်းဖြင့် ပင်ပန်းနွမ်းနယ်မှု လျော့ပါးသက်သာစေခြင်း၊ စိတ်ရွှင်လန်းစေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မူးဝေအော့အန်သည့် ဝေဒနာများမှ သက်သာစေခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ခြင်း၊ အစာကြေလွယ်ပြီး ခန္ဓာကိုယ်အလေးချိန် လျော့ကျစေခြင်း စသည့် ကောင်းကျိုးချမ်းသာကို ရရှိစေမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများ ဖြစ်ကြသည်။ ထိုကျေးလက်နေ ပြည်သူအများစုသည် သောက်သုံး ရေချို ရှားပါးမှုဒဏ်ကို ခံစားနေကြသည်။ ယနေ့အထိ ကျေးရွာများတွင် လူများသာမက ကျွဲ၊ နွား တိရစ္ဆာန်များအတွက်ပါ နွေကာလ သောက်သုံးရေ အခက်အခဲများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ ထို့ကြောင့် နွေကာလတွင် ရေရှားပါးပြတ်လပ်မှုများ အထူးသဖြင့် သောက်သုံးရေ ရေချို ရှရှားပါး ပြတ်လပ်မှုများ ကြုံတွေ့နိုင်သော ဒေသများကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများက မြေသားရေလှောင်ကန်များ၊ အဝီစိရေတွင်းများ တူးပေးလျက်ရှိသည်။

ထို့ပြင် နိုင်ငံတော်က “သက်ရှိကမ္ဘာကြီး ရှင်သန်ရပ်တည်ဖို့၊ သဘာဝတောတောင်များ ထာ၀ရ တည်တံ့စေဖို့၊ သင့်ဘဝ သန့်ရှင်းကျန်းမာလှပစေဖို့၊ နေ့စဉ်နှင့်အမျှ ရှားပါးလာသော အဖိုးတန်ရေကို ချွေတာကြပါစို့” ဟု နေ့စဉ်ထုတ်သတင်းစာများမှ အစဉ်သတိပေး နှိုးဆော်လျက်ရှိပါသည်။ ထို့ကြောင့် ရေကိုသုံးစွဲရာတွင် လူတစ်ဦးချင်းစီက ချွေတာသုံးစွဲ သွားကြရမည်ဖြစ်သည်။ ဥပမာ ရေချိုးရာတွင်လိုအပ်သည့် မာဏထက် ပို၍ရေကိုသုံးခြင်း၊ လက်ဆေးကြောရာတွင် ဆပ်ပြာပွတ်တိုက်နေစဉ်အတွင်း ရေပိုက်ခေါင်း ဖွင့်ထားခြင်းမျိုး မပြုလုပ်ခြင်း၊ အဝတ်လျှော်၊ ပန်းကန်ဆေးရာတွင် ပြန်လည်သုံးစွဲ၍ ရနိုင်သောရေကို သွန်ပစ်ခြင်းမပြုဘဲ သိမ်းထားကာ သုံးစွဲခြင်း၊ သစ်ပင် ပန်းပင် ရေလောင်းရာ၌ ရေတစ်စက်တလေမျှ အလေအလွင့်မရှိအောင် စီမံခြင်း၊ မလိုအပ်ဘဲ လမ်းမပေါ်ရေဖြန်းခြင်း စသည်ဖြင့် နေ့စဉ်ဘဝတွင် ရေကို ချွေတာသုံးစွဲကြရပါမည်။

ချွေတာသုံးစွဲသင့်သော လျှပ်စစ်မီး

လျှပ်စစ်မီးသည်လည်း မလိုအပ်ဘဲ မသုံးရန်၊ မဖြုန်းတီးရန်၊ စနစ်တကျသုံးစွဲရန်၊ ချွေတာသုံးစွဲရန် လိုအပ်ပါသည်။ ဓာတ်အားခ တစ်ယူနစ်ဈေးနှုန်းများ မြင့်တက်လျက်ရှိခြင်းကလည်း ချွေချွေတာတာ သုံးစွဲကြရန် တွန်းအားတစ်ရပ်ပင် ဖြစ်သည်။ ဓာတ်အားမဖြုန်း၊ ချွေတာသုံးခြင်းဖြင့်ပင် မိသားစုအတွက်လည်း စရိတ်သက်သာ၊ နိုင်ငံအတွက်လည်း အကျိုးဖြစ်ထွန်းစေပါသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ချွေသုံးစွဲရေးနည်းလမ်းများကို နိုင်ငံပိုင်မီဒီယာများက မကြာမကြာဖော်ပြ၍ အသိပညာပေးလျက်ရှိသည်။

“မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကိုချွေတာပါ”၊ “လျှပ်စစ်ကို ချွေတာသုံးစွဲခြင်းဖြင့် မီတာခများများ ကျသင့်ခြင်းမှ ရှောင်ရှားပါ၊” “ကုန်ကျသက်သာ သူငါဝေငှ၊ လျှပ်စစ်အသုံး ချွေတာကြ”၊ “လျှပ်စစ်မီးကို ချွေတာလို၊ မလိုလျှင် မဖွင့်နှင့်”ဟု နိုင်ငံတော်က နေ့စဉ်ထုတ် သတင်းစာများတွင် ပြည်သူများအား အစဉ်သတိပေး နှိုးဆော်လျက်ရှိပါသည်။ ထို့ပြင် လူမရှိသည့် အခန်းများ၌ မီး၊ ပန်ကာ၊ အဲကွန်းတို့ပိတ်ထားရန်၊ လူမကြည့်သည့် တီဗွီများ ပိတ်ထားရန်၊ ဘုရားမီးများ အချိန်ပြည့်မထွန်းရန်၊ ရေပိုက်များ မပွင့်နေစေရန် (ရေမော်တာ ခဏခဏ မောင်းမနေရ စေရန်အတွက်) စသည်ဖြင့် စနစ်တကျသုံးရန်၊ မဖြုန်းရန်အတွက်ကိုလည်း ရေဒီယို၊ တီဗွီ၊ သတင်းစာ စသည့် မီဒီယာပေါင်းစုံမှတစ်ဆင့် နေ့စဉ်သတိပေး ဆော်သြလျက်ရှိပါသည်။

လျှပ်စစ်မီးကို ချွေတာသုံးစွဲရေး မည်မျှပင် ဆော်ဩနေသော်လည်း ပြည်သူတစ်ဦးချင်းစီက စည်းကမ်းလိုက်နာမှု အားနည်းနေပါက အလေအလွင့် မီတာခများကို ပေးဆောင်ရသဖြင့် အိမ်သုံးစရိတ် မြင့်တက်မှုကို လက်ငင်းကြုံတွေ့ရနိုင်ပါသည်။ ထို့ပြင် လျှပ်စစ်ဓာတ်အား ပြည့်မီစေရန် ဖြည့်ဆည်းပေးနေရသဖြင့် နိုင်ငံတော်မှာ ကြီးလေးသော ဝန်ထုပ်ဝန်ပိုး ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးရေးအတွက် အဓိကအဖော်မွန်ဖြစ်သော လျှပ်စစ်မီးကို လူတစ်ဦးတစ်ယောက်မှသည် အိမ်ထောင်စုတိုင်းက -

- ဝန်နှင့် မျှတအောင်သုံးစွဲရပါမည်။

- လေလွင့်ပျောက်ဆုံးမှုမရှိအောင် ဂရုစိုက်ရပါမည်။

- အန္တရာယ်မဖြစ်အောင် သတိပြုရပါမည်။

- နေ့စဉ်အကျိုးရှိစွာ ချွေတာသုံးစွဲရပါမည်။

- လမ်းမီးများကို အလင်းရောင်ရှိသော အချိန်များ၌ ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာ ရပါမည်။ ပြင်ပအလင်းရောင်ကို အသုံးချ၍ မလိုအပ်သော အိမ်တွင်းလျှပ်စစ်မီးများကို လျှော့သုံး ရပါမည်။

- LED မီးချောင်း၊ မီးလုံးများ ပြောင်းလဲသုံးစွဲရပါမည်။

- လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ်အား အတတ်နိုင်ဆုံး အသုံးပြုရပါမည်။

- ဟန်းဖုန်းများ၊ ကွန်ပျူတာများကိုလည်း ဘက်ရီ(charging) အားဖြည့်ရာ၌ လိုအပ်ချိန် ပိုမိုကြာမြင့်စွာ အားဖြည့်ခြင်း မလုပ်သင့်ပေ။ ထိုသို့ပြုလုပ်ခြင်းက ဘက်ထရီလောင်စေရုံမျှမက စက်ပစ္စည်းသက်တမ်းလည်း လျော့သွားစေပါသည်။

- ဖုန်းပြောရာတွင်လည်း တိုတိုနှင့် လိုရင်းပြောခြင်းက ဖုန်းဘေလ်ကုန်ကျစရိတ် သက်သာစေရုံမျှမက ၎င်းဖုန်းဘက်ထရီအား ပြန်လည်ဖြည့်ချိန် လျော့သွားသည့်အတွက် လျှပ်စစ်ဓာတ်အားကို ချွေတာရာရောက်ပါသည်။

ထို့ပြင် စက်သုံးဆီအသုံးစရိတ် လျော့ကျစေရေးအတွက် ခြေကျင်သွား၍ ရသောခရီးကို ကား၊ ဆိုင်ကယ် မသုံးစွဲပါနှင့်။ ခြေကျင် အတက်၊ အဆင်း ပြုလုပ်နိုင်သောနေရာတွင် ဓာတ်လှေကား၊ စက်လှေကား မသုံးခြင်းဖြင့် မိမိကိုယ်ကို အားကိုးကြစေလိုပါသည်။ ထိုသို့ပြုမူခြင်းက သက်လုံကောင်းစေကာ ကျန်းမာရေးနှင့် ညီညွတ်မျှတစေပါသည်။ ထိုမျှမက ကိုယ်လက်လှုပ်ရှားမှုများခြင်းကြောင့် ယနေ့ကမ္ဘာတွင် လူသားအများစု ခံစားနေရသည့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးနှင့် နှလုံးသွေးကြော ရောဂါများ၊ နာတာရှည် အိပ်မပျော်ရောဂါတို့ကို ၊ ရှောင်ရှားနိုင်မည် ဖြစ်ပေသည်။

အထူးသတိပေးလိုသည်မှာ ခြောက်သွေ့ရာသီမှသည် နွေရောက်လာသည်နှင့်အမျှ ရေနှင့် လျှပ်စစ်မီးတို့ကို ပို၍သုံးစွဲရန် လိုအပ်လာမည်ဖြစ်သော်လည်း ဆည်တမံများ၌ ရေလျော့နည်းမှုနှင့်အတူ ဓာတ်အားထုတ်လုပ်မှု လျှော့ချရသည့်ကာလလည်း ဖြစ်ပါသည်။ ထို့ကြောင့် ရေနှင့်လျှပ်စစ်မီးတို့ကို စနစ်တကျ သုံးစွဲကြရေး၊ ချွေတာသုံးစွဲကြရေးအတွက် လူတိုင်း၊ အိမ်ထောင်စုတိုင်းက လိုက်နာဆောင်ရွက်ခြင်းဖြင့် မိသားစုအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်ကြပါစေရန် အထူးမေတ္တာရပ်ခံချင်ပါသည်။

အချုပ်အားဖြင့်ဆိုသော် နွေရာသီသာမက တစ်နှစ်ပတ်လုံးမှာ “ရေအသက် တစ်မနက်” ဆိုသည့်အတိုင်း လူသားတို့အနေဖြင့် ရေကို အသက်ရှင်နေထိုင်နိုင်ရေးအတွက် အသုံးပြုကြရသဖြင့် ရေသည် အလွန်တန်ဖိုး ကြီးလှပါသည်။ ထို့ကြောင့် အဖိုးတန်ရေ တစ်စက်ချင်းစီကို အလဟဿမဖြစ်စေဘဲ စနစ်တကျ ချွေတာသုံးစွဲ သွားကြရမည် ဖြစ်ပါကြောင်းနှင့် လျှပ်စစ်မီးကဏ္ဍတွင်လည်း “လိုအပ်မှသုံး ချွေတာသုံး ဖြုန်းတီးမပစ်နှင့်”ဆိုသည့်အတိုင်း မိမိတို့နေအိမ်၊ ရုံးခန်း၊ အလုပ်ရုံများ၌ မလိုအပ်သော မီးခလုတ်များကို ပိတ်ထားခြင်းဖြင့် လိုအပ်သူများ အလင်းရကြပါစေကြောင်း တိုက်တွန်းလိုက်ရပါသည်။      ။

တင်ထက်ထက်ဇော်