Skip to main content

တက္ကသိုလ်စာမေးပွဲမှာ ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း မွှေးကြပါစေ

မကြာမီဖြေဆိုကြမည်

အခုဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲတွေ မတ်လ ၃၁ ရက်နေ့မှာ ဖြေဆိုကြပါတော့မယ်။ ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူအားလုံး ထူးထူးချွန်ချွန်နဲ့ ကိုယ်စီပညာရေး ရည်မှန်းချက်တွေ ပြည့်ဝစေချင်တယ်။ ပညာရေးရည်မှန်းချက်ဆိုရာမှာ ပညာရေးဆိုင်ရာတွေပါဝင်သလို တစ်ဖက်မှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။ ကျောင်းသားတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရည်မှန်းချက်တွေဆိုတာ မတူညီကြပါဘူး။ တစ်ယောက်မှမကျန် ကျောင်းသားအားလုံးရဲ့ ရည်မှန်းချက်တွေ ပြည့်ဝစေချင်ပါတယ်။

ဒါပေမယ့် ကိုယ့်ရဲ့ရည်မှန်းချက်တွေ ပြည့်ဝဖို့ဆိုရင် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုတွေ ဟန်ချက်ညီဖို့တော့ လိုတာပေါ့။ အခုဆို စာမေးပွဲဖြေဆိုဖို့ ရက်ပိုင်းသာလိုတော့ပေမယ့် နောက်ဆုံးအချိန်အထိ မလျှော့တဲ့ဇွဲနဲ့ ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ စာမေးပွဲမှာ ထူးထူးချွန်ချွန်အောင်မြင်မှ ကိုယ်လိုလားတဲ့ ရည်မှန်းချက်တွေကို ဆက်ပြီးလျှောက်လှမ်းနိုင်မှာမဟုတ်လား။

အချိန်ကို အထိရောက်ဆုံးအသုံးပြု

အခုလိုစာမေးပွဲနီးလာချိန်မှာ ကျောင်းသားတစ်ယောက်အနေနဲ့ စိတ်လှုပ်ရှားမှု အရှိဆုံးအချိန်ပါ။ ကျောင်းသားတိုင်းဖြစ်နေကျပါပဲ။ အခုအချိန်မှာ ကိုယ့်ရဲ့စိတ်ကို အတည်ငြိမ်ဆုံးထားပြီး ဘာသာရပ်တစ်ခုချင်းကို ဆန်းစစ်လိုက်ရင် သေချာပေါက်ရတဲ့ အပုဒ်တွေ၊ မကျေတကျေသာရတဲ့ အပုဒ်တွေ၊ လုံးဝမရသေးတဲ့ အပုဒ်တွေဆိုပြီး တွေ့ရမှာပါ။ အဲဒီတော့ အခုရတဲ့အချိန်ပမာဏနဲ့ ကျက်ရမယ့် စာပမာဏကို ဦးစားပေးအလိုက် ကျက်မှတ်ဖို့လိုပါတယ်။ စိတ်လှုပ်ရှားပြီး စာမရသေးလို့ စိတ်ဓာတ်ကျမသွားဖို့ အရေးကြီးပါတယ်။ ထူးထူးချွန်ချွန် အောင်မြင်လိုသူအတွက် နည်းလမ်းတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ထူးထူးချွန်ချွန်ကြိုးစားတဲ့ နည်းလမ်းပါပဲ။

ဒီတော့စာမေးပွဲမှာ အကောင်းဆုံးဖြေဆိုနိုင်ဖို့ တစ်ဘာသာချင်းစီကို အချိန်ဇယားချပြီး ကျက်မှတ်မယ်ဆိုရင် အချိန်တွေမလေလွင့်သလို စာတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် ကျက်မှတ်နိုင်ပါလိမ့်မယ်။ စာမေးပွဲအတွက် စိတ်လှုပ်ရှားမှုများနေရင် စိုးရိမ်စိတ်ဖြစ်ပြီး စာကျက်တာကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ စာမေးပွဲနီးလို့ အချိန်နည်းလာရင် အခုချိန်ကစလို့ရတဲ့ အချိန်တိုင်းကို အကျိုးရှိရှိအသုံးချဖို့ အကြံပေးလိုပါတယ်။ အချို့ဆို အိမ်သာတက်နေချိန်မှာတောင် ပါးစပ်က စာရွတ်နေကြပါတယ်။ ဒါကတော့ အချိန်ကို ဘယ်လိုအကျိုးရှိရှိ သုံးတယ်ဆိုတာကို ပြောတာပါ။ အဲဒီအတိုင်းလုပ်ဖို့ပြောတာမဟုတ် ပါဘူး။

တက္ကသိုလ်ဝင်စာမေးပွဲဟာ ဘဝတစ်ခုလုံးအတွက် အဆုံးအဖြတ် တစ်ခုလို့ မဆိုနိုင်ပေမယ့် ဘဝတစ်ခု အပြောင်းအလဲဖြစ်ဖို့အတွက်တော့ လုံလောက်တဲ့ စာမေးပွဲတစ်ခုလို့တော့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း ကျောင်းသား ကျောင်းသူတိုင်း၊ မိဘတိုင်းက တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ကြ၊ အပတ်တကုတ် ကြိုးစားနေကြရတာပါ။

ထူးထူးချွန်ချွန်ကြိုးစား

ကျောင်းသားတိုင်း စာမေးပွဲအတွက် အပတ်တကုတ်ကြိုးစားပြီး ပြင်ဆင်နေကြချိန်မှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ အကောင်းဆုံး ငါဘယ်လိုကြိုးစားမလဲဆိုတာပဲ စဉ်းစားစေချင်ပါတယ်။ အခုအချိန်ဟာ စက္ကန့်မလပ်၊ မိနစ်မလပ် အရေးကြီးတယ်လို့ အကြံပေးလိုပါတယ်။ ဒီလိုပြောလို့ စိတ်ပူဖို့ပြောတာမဟုတ်ပါဘူး။ အချိန်ကိုအကျိုးရှိရှိ အသုံးချကြဖို့ပါ။ တစ်သက်လုံးကောင်းစားဖို့ ဒီလောက်အချိန်ပေးဆပ်ရတာ ဈေးတွက်တွက်ရင် တန်ပါတယ်။ နောက်ပြီး အခုလိုကြိုးစားလို့ ရလာတဲ့ အသီးအပွင့်တွေကို ပထမဦးဆုံးခံစားရမှာက ကာယကံရှင် မိမိကိုယ်တိုင်ပဲ မဟုတ်လား။

ဘဝမှာအောင်မြင်နေသူတိုင်းဟာ လွယ်လွယ်ကူကူနဲ့ အောင်မြင်ခဲ့ကြတာ မဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ပေးဆပ်မှုတွေနဲ့ ကြိုးစားခဲ့ကြရတာပါ။ တက္ကသိုလ်ဝင်စာမေးပွဲ ဆိုတာလည်း အဲဒီလိုပါပဲ။ ကိုယ့်ဘဝရဲ့ အချိုးအကွေ့တစ်ခုအတွက် ကြိုးစားအားထုတ်ရခြင်းပါ။ စာမေးပွဲမတိုင်မီမှာ မကြိုးစား အားမထုတ်ရင်တော့ ထွက်လာတဲ့ရလဒ်က မကောင်းနိုင်ပါဘူး။ ကြိုးစားမှုနဲ့ညီတဲ့ ရလဒ်ပဲရမှာပါ။ ဒီတော့ အောင်စာရင်းထွက်မှနောင်တမရစေဖို့ဆိုရင် အခုအချိန်မှာ ကိုယ်အစွမ်းဆောင်နိုင်ဆုံး ကြိုးစားကြရမှာပါ။

ကိုယ့်ဘဝရည်မှန်းချက် အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ အတွက်ဆိုရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲလ် ပြောသလိုပါပဲ။ အိပ်မက်တစ်ခုကို မှော်အတတ်ပညာနဲ့ လက်တွေ့ဖြစ်မလာနိုင်ပါဘူး။ အိပ်မက်တွေ လက်တွေ့ ဖြစ်လာဖို့ဆိုရင် ချွေး၊ သန္နိဋ္ဌာန်နဲ့ ကြိုးစားအားထုတ်မှုတွေ လိုအပ်တယ်ဆိုတဲ့ စကားကို အကြံပေးချင်ပါတယ်။ ဒါ့အပြင် ကောလင်းပါဝဲလ်က ထပ်ပြောထားပါသေးတယ်။ အောင်မြင်မှုရဖို့အတွက် လျှို့ဝှက်ချက်မရှိပါဘူး၊ အောင်မြင်မှုဆိုတာ ကြိုတင်ပြင်ဆင်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေနဲ့ ကျရှုံးမှုကနေ သင်ယူမှုတွေရဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်ဆိုတော့ ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း လုံလောက်တဲ့ ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ နှောင်းနောင်တတွေ မရဖို့အတွက် အခုအချိန်ဟာ အကောင်းဆုံးကြိုးစားရမယ့်အချိန်ပဲ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်၏ ပံ့ပိုးမှု

ကျောင်းသားတစ်ယောက် ထူးချွန်ထက်မြက်ဖို့၊ ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုရာမှာ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ ရေခံမြေခံရှိကြရမှာပါ။ သစ်ပင်တစ်ပင် ကြီးထွားဖို့၊ အဖူးအပွင့်အသီးတွေ ဝေဝေဆာဆာဖြစ်ဖို့ စိုက်ပျိုးရ၊ ပျိုးထောင်ရ၊ မြေဩဇာထည့်ရ၊ ပေါင်းသင်ရသလိုပါပဲ။ ပြုစုပျိုးထောင်မှုတွေ၊ ပံ့ပိုးမှုတွေလိုအပ်ပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲမှာလည်း ကျောင်းသား ကျောင်းသူတွေ ထူးထူးချွန်ချွန် အောင်မြင်ဖို့ မိဘ၊ ဆရာ၊ ကျောင်းသားအကြား ဟန်ချက်ညီတဲ့ ပေါင်းစပ်မှုရှိကြရမှာပါ။

မိဘတွေအနေနဲ့ဆိုရင် ကိုယ့်သားသမီး တက္ကသိုလ်ဝင်စာမေးပွဲအတွက် မျှော်မှန်းချက်တွေ၊ ကြိုးစားအားထုတ်မှုတွေ၊ လူအား ငွေအား ရင်းနှီးမြှုပ်နှံမှုတွေ ကိုယ်စွမ်းသလောက် ပေးဆပ်တတ်ကြပါတယ်။ ဒါပေမယ့် မိဘတွေ၊ ဆရာ ဆရာမတွေဟာ ပံ့ပိုးပေးသူတွေသာဖြစ်ပြီး ကာယကံရှင်ကတော့ ကျောင်းသား ကျောင်းသူတွေကိုယ်တိုင်သာ ဖြစ်ပါတယ်။ ဆိုတော့ ကာယကံရှင်ဖြစ်တဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ သန္နိဋ္ဌာန်စိတ်၊ ကြိုးစားချင်စိတ်က ပိုပြီးအဓိကကျပါတယ်။ ကျောင်းသား ကျောင်းသူတွေမှာ အဲဒီလိုစိတ်တွေဖြစ်လာအောင် ပတ်ဝန်းကျင်က တိုက်တွန်းပျိုးထောင် ပေးနိုင်ပါတယ်။ ဒီလိုစာမေးပွဲကာလမှာ ကျောင်းသားတွေအတွက် ပတ်ဝန်းကျင်ကောင်း လိုအပ်ပါတယ်။ မိဘတွေ၊ အုပ်ထိန်းသူတွေ၊ ဆရာ ဆရာမတွေရဲ့ ထိရောက်တဲ့ ပံ့ပိုးမှုတွေ၊ အကြံဉာဏ်တွေနဲ့ဆို ကျောင်းသားတွေအတွက် အထောက်အကူအများကြီး ဖြစ်စေပါတယ်။

ဒါပေမယ့် ဒီလိုပံ့ပိုးမှုမရနိုင်တဲ့ ကျောင်းသား ကျောင်းသူတွေလည်း တွေ့ဖူးပါတယ်။ ပံ့ပိုးသူမရှိလို့ စိတ်ဓာတ်မကျကြပါနဲ့။ မြတ်စွာဘုရားဟာ တစ်ယောက်တည်း ကျင့်ကြံအားထုတ်ပြီး ဘုရားဖြစ်လာတာကို သတိရစေချင်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ထူးထူးချွန်ချွန် အောင်မြင်လာတဲ့သူတွေ နှစ်တိုင်းတွေ့ရပါတယ်။ တော်လိုက်ကြတာ။ အဲဒီလိုကျောင်းသားတိုင်းကို ချီးကျူးမိသလိုသူတို့ကို အတုယူဆဲပါ။ သူတို့လို ကြိုးစားဖို့လိုတယ်ဆိုတဲ့ အသိရပါတယ်။ ဒီတော့ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့မရနိုင်တဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေချင်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်နေသူတွေကို အားကျအတုယူဖို့ အကြံပေးချင်ပါတယ်။

အချိုးအကွေ့ ပညာရေးအဆစ်အပိုင်းတစ်ခု

တက္ကသိုလ်ဝင်တန်း ကျောင်းသားဘဝကို လွန်ခဲ့သောနှစ်ပေါင်း ၃၇ နှစ်က ဖြတ်သန်းခဲ့ဖူးပါတယ်။ ဆယ်တန်းစာမေးပွဲကို ကိုယ်တွေ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အခုအချိန် ပြန်စဉ်းစားမိတိုင်း ကျေနပ်တာတွေရှိခဲ့သလို သင်ခန်းစာယူရမယ့် နောင်တတွေလည်း တစ်ပုံတစ်ပင် တွေ့ရဆဲပါ။ စာမေးပွဲမတိုင်ခင်က မသိခဲ့တဲ့နောင်တဟာ အောင်စာရင်းထွက်လာတဲ့အချိန်မှာ ဘဝအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ စာမေးပွဲပြီးလို့ အောင်စာရင်း ထွက်လာပြီးနောက်မှာတော့ အချိန်နှောင်းခဲ့ပါပြီ။ ကိုယ်လိုချင်တဲ့၊ ကိုယ်ဝါသနာပါတဲ့ ဘဝလမ်းကြောင်းကို မရခဲ့ပါဘူး။ ဒါပေမယ့် ပြင်ဆင်လို့မရတော့ပါဘူး။ ကိုယ်ကြိုးစားခဲ့သလောက်သာရခဲ့တဲ့ ဆယ်တန်းအောင်စာရင်းရဲ့ ရလဒ်အတိုင်း ဘဝလမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ခဲ့ရပါတယ်။ ဖြစ်ချင်တဲ့ရည်မှန်းချက်နဲ့ ရွေးချယ်ရတဲ့ဘဝလမ်းကြောင်း ထပ်တူမကျခဲ့ပါဘူး။ ကိုယ်ကိုယ်တိုင်တွေ့ကြုံ ခံစားခဲ့ရတဲ့ အဲဒီလိုသင်ခန်းစာကို မျိုးဆက်သစ်ကျောင်းသား ကျောင်းသူတွေ မဖြစ်စေချင်၊ မခံစားစေချင်ပါဘူး။ ရည်မှန်းချက်နဲ့ လက်တွေ့ဘဝ ထပ်တူကြစေချင်ပါတယ်။

ပညာကို စာမေးပွဲတစ်ခုတည်းနဲ့ မဆုံးဖြတ်နိုင်ပေမယ့် ဘဝလမ်းကြောင်းတွေကိုတော့ စာမေးပွဲနဲ့ ဆုံးဖြတ်နေတာမို့ စာမေးပွဲတစ်ခုတည်းနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ ဘဝလမ်းကြောင်း မတိမ်းစောင်းစေချင်ပါဘူး။ ဒီတော့ အဖြေက တက္ကသိုလ်ဝင်စာမေးပွဲကို ထူးထူးချွန်ချွန် ကြိုးစားရုံကလွဲလို့ အခြားမဖြေမတွေ့မိပါဘူး။ ကြိုးစားမှုနဲ့သာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ရပြီး စိတ်ကျေနပ်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေကို ဆက်ပြီးရနိုင်ပါလိမ့်မယ်။

ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း မွှေးပါစေ

မတ်လ ၃၁ ရက်နေ့မှာကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား ကျောင်းသူတိုင်း ထူးထူးချွန်ချွန် အောင်မြင်စေချင်ပါတယ်။ နိုင်ငံကို ပညာနဲ့တည်ဆောက်ဖို့ ပညာတတ်တွေ အများကြီး လိုအပ်ပါတယ်။ ပညာခေတ်ကြီးမှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် မျိုးဆက်သစ်တွေကို ကမ္ဘာ့အဆင့်မီပညာရေးတွေ၊ ပညာရေးအနှစ်သာရတွေနဲ့ ပညာတတ် လူသားရင်းမြစ်တွေ မွေးထုတ်ကြရမှာပါ။ ဒီလိုပဲ ကျောင်းသား ကျောင်းသူတွေ တစ်ဦး တစ်ယောက်ချင်းစီက ထူးချွန်ထက်မြက်လာကြမယ်ဆိုရင် သူတို့ရဲ့ ဆန္ဒနဲ့ဘဝ ထပ်တူကျလာပြီး နိုင်ငံအတွက်လည်း အထောက်အကူဖြစ်စေမှာပါ။ ကျောင်းသား ကျောင်းသူတိုင်းရဲ့ ဘဝရည်မှန်းချက်တွေ ပြည့်ဝဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားအားထုတ်ကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲဆိုတာက ကျောင်းသား ကျောင်းသူတိုင်းအတွက် အရေးပါတဲ့ စာမေးပွဲတစ်ခုဖြစ်တော့ ဒီအချိုးအကွေ့တစ်ခုမှာ ဘယ်သူမှ ဘဝရည်မှန်းချက်တွေကို မလွဲချော်စေချင်ပါဘူး။ ဒါကြောင့် ကျောင်းသား ကျောင်းသူတိုင်း လာမယ့်တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာ ပန်းတိုင်းပွင့်ပြီး ပွင့်သောပန်းတိုင်းလည်း မွှေးကြပါစေလို့ မေတ္တာစကား ပါးလိုပါတယ်။  ။

မျိုးငြိမ်းငယ်