Skip to main content

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ တစ်နှစ်တာ (အပိုင်း − ၁)

သမိုင်းကြောင်း

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ခေတ်အဆက်ဆက်တွင် အစိုးရ အဆက်ဆက်က ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။ လွတ်လပ်ရေးမရမီ အချိန်ကတည်းကပင် ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ထောက်ပံ့ရေး ပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည့် ကော်မတီ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ကော်မတီနှင့် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးရဲအဖွဲ့တို့ကို ဖွဲ့စည်း၍လည်းကောင်း၊ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်း၍ လည်းကောင်း၊ ၈-၁-၂၀၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉/ ၂၀၁၃) ဖြင့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ လည်းကောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၇-၈-၂၀၁၃ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ကို ပြဋ္ဌာန်းခဲ့ကာ ၂၅-၂-၂၀၁၄ ရက်နေ့တွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး ၄-၈-၂၀၁၄ ရက်နေ့တွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ ၂၃-၁၁-၂၀၁၇ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ကော်မရှင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ယခုအခါ ကော်မရှင်အဖွဲ့ဝင် ၁၃ ဦးဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက် ရှိပါသည်။

မဟာဗျူဟာချမှတ်ဆောင်ရွက်ခြင်း

ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) ကို အောက်ဖော်ပြပါ ရည်မှန်းချက် သုံးရပ် ချမှတ်ကာ နှစ်အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲ၍ ဆောင်ရွက်ခဲ့ပါသည် -

(က) အစိုးရဌာန/အဖွဲ့အစည်းများ၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တည်ဆောက်ခြင်း၊ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုများ ရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းများတွင် အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်နေသော ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေဆုံးရှုံးမှုကို ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် လျှော့ချနိုင်ရန်၊

(ခ) အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ ပျံ့နှံ့နေသော အဂတိ လိုက်စားမှုကို သိသာထင်ရှားစွာ ကျဆင်းသွားစေရန်၊

(ဂ) ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုဆိုင်ရာ ညွှန်းကိန်းတွင် အဂတိ လိုက်စားမှု ထိန်းချုပ်နိုင်ခြင်းညွှန်းကိန်း သိသာထင်ရှားစွာ အဆင့်တိုးတက်လာစေရန်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာ စီမံချက်ကို အောက်ဖော်ပြပါ လုပ်ငန်းဧရိယာ ငါးခု ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည် -

လုပ်ငန်းဧရိယာ (၁) အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်း၊စုံစမ်း စစ်ဆေးခြင်းနှင့် တရား စွဲဆိုခြင်း လုပ်ငန်းတို့ကို ထိရောက် ခိုင်မာစေသည့် အခြေခံကောင်းများ တည်ဆောက်ခြင်း၊

လုပ်ငန်းဧရိယာ(၂) ကိုယ်ကျင့်သိက္ခာနှင့် ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊

လုပ်ငန်းဧရိယာ (၃) အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ တွင် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊

လုပ်ငန်းဧရိယာ (၄) နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေပစ္စည်းများနှင့် နိုင်ငံသားများ၏ အကျိုး စီးပွားများကို ထိရောက်စွာ အကာအကွယ်ပေးခြင်း၊

လုပ်ငန်းဧရိယာ (၅) အဂတိလိုက်စားမှု ကင်းရှင်းသော စီးပွားရေးနယ်ပယ် ဖြစ်ပေါ်စေခြင်း၊ မဟာဗျူဟာစီမံချက်ကို အခြေခံကာ ကော်မရှင်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ စုံစမ်း စစ်ဆေးရေးနှင့် အသိပညာပေးလုပ်ငန်းများကို အောက်ဖော်ပြပါ လုပ်ငန်းအစီအစဉ်များ ချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည် -

(က) ပေါ်လစီမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး

(ခ) ဥပဒေမူဘောင်ခိုင်မာရေး

(ဂ) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး

(ဃ) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး

(င) ဌာနစွမ်းဆောင်ရည်မြှင့်တင်ခြင်း

(စ) ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း

(ဆ) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တွန်းလှန်တိုက်ဖျက်ရေး အစီအစဉ်များ အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး

(ဇ) အမြဲမပြတ်စောင့်ကြည့်ရေးနှင့် သုံးသပ်အကဲဖြတ်ရေး

(ဈ) ၂၀၂၂ခုနှစ်လုပ်ငန်းအစီအစဉ် ချမှတ်ရေး

(ည) ကော်မရှင်၏ တစ်နှစ်တာ ဆောင်ရွက်ချက်များကို ပြည်သူသို့ အစီရင်ခံတင်ပြရေး။

ဥပဒေမူဘောင် ခိုင်မာအားကောင်းစေရေး ဆောင်ရွက်ခြင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ဥပဒေမူဘောင် ခိုင်မာအားကောင်းစေရေး သည် အဓိကကျသဖြင့် ကော်မရှင်အနေဖြင့် ဥပဒေမူဘောင် ခိုင်မာအားကောင်းစေရေးအတွက် ၇-၈၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင် ဆောင်ရွက်ခဲ့ရာ စတုတ္ထအကြိမ် ပြင်ဆင်မှုကို ၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ စတုတ္ထအကြိမ် ပြင်ဆင် သည့် ဥပဒေနှင့် လိုက်လျောညီထွေဖြစ်စေရန် ၁၀၇-၂၀၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းဥပဒေကိုလည်း ၂၀၂၁ ခုနှစ်အတွင်းတွင် ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကြာမီထုတ်ပြန်နိုင်တော့မည် ဖြစ်ပါသည်။ ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇ (ည) အရ အဂတိ လိုက်စားမှုများကြောင့် အများပြည်သူ ထိခိုက်နစ်နာမှုများအတွက် သတင်းပေး ဖော်ထုတ် တိုင်ကြားသူ များကို ဥပဒေအရ အကာအကွယ်ပေးနိုင်ရေးနှင့် ထုတ်ဖော်တိုင်ကြားမှုယန္တရား ပိုမိုအားကောင်းလာစေရန်အတွက် အများပြည်သူအကျိုး သတင်းပေးဖော်ထုတ်သူများ အကာ အကွယ်ပေးရေးဥပဒေ မူကြမ်းကိုလည်း ရေးဆွဲနိုင်ခဲ့ပြီး ပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။

အဂတိလိုက်စားမှုသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ များ၏ လူနေမှုဘဝ သာယာလှပစေရေးတို့အတွက် အဓိကအဟန့်အတားတစ်ခုဖြစ်သဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အဂတိလိုက်စားမှုများနှင့် ပတ်သက်ပြီး၊ လုပ်ပိုင်ခွင့် ကျော်လွန်ဆောင်ရွက် ခဲ့သည့် အဂတိလိုက်စားမှုများကို ပြန်လည်စိစစ် အရေးယူဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း” ၈-၆-၂၀၂၁ ရက်နေ့ ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၂၁)တွင် လမ်းညွှန် မှာကြားခဲ့ပါသည်။

စုံစမ်းစစ်ဆေးအရေးယူခြင်း

ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စား မှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ဖော်ထုတ် စုံစမ်းစစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်းတွင် ပြည်သူများမှ ကော်မရှင်ရုံး နေပြည်တော်နှင့် ကော်မရှင်ရုံးခွဲများသို့ တိုင်ကြားသည့် တိုင်ကြားစာ စုစုပေါင်း ၁၃၃၄ စောင်လက်ခံရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း စိစစ်ရန် ကျန်ရှိသည့် တိုင်ကြားစာ ၂၉၉ စောင်အပါအဝင် တိုင်ကြားစာ စုစုပေါင်း ၁၆၃၃ စောင်ကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တိုင်ကြားစာများအနက် တိုင်ကြားစာ ၃၄၇ စောင်ကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များသို့ လွှဲပြောင်းပေးပို့ခဲ့ပြီး တိုင်ကြားစာ ၃၆ စောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်းတွင် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၅၆ ဦး၊ အဆင့်မြင့်အရာရှိလေးဦး၊ အရာထမ်းခြောက်ဦးနှင့် ပြင်ပပုဂ္ဂိုလ်သုံးဦး စုစုပေါင်း ၆၉ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့် တရားစွဲဆိုဆောင်ရွက်နိုင်ခဲ့ပါသည်။

(အပိုင်း -၂ ဆက်လက်ဖော်ပြပါမည်)

လင်းလက်