Skip to main content

ဖွဲနုဆီ၏ကောင်းကျိုးလက္ခဏာများ

ကမ္ဘာပေါ်ရှိ ဆီစားသုံးမှုများသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာလူမျိုးတို့၏ နေ့စဉ်အစားအသောက်များ ချက်ပြုတ်ရာမှာ စားသုံးဆီက အရေးပါလျက်ရှိသည်။ ဟင်းချက်ဆီ အမျိုးအစားများစွာရှိကြသည်။ ၎င်းတို့မှာ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ ပြောင်းဖူးဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ စသည်တို့အပြင် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ထောပတ်သီးဆီကဲ့သို့ အခြားစားသုံးဆီ အမျိုးအစားများလည်း ရှိကြသည်။

မြောက်မြားစွာသော ဆီအမျိုးအစားများစွာထဲမှ မိမိတို့နေ့စဉ်အသုံးပြုနေသည့် ဟင်းချက်ဆီ သည် ကျန်းမာရေးအတွက် အသင့်လျော်ဆုံးသောဆီကို ရွေးချယ်တတ်ဖို့လိုပါသည်။ အဆီ ထုတ်ယူသည့် အခြေခံပစ္စည်းပေါ်မူတည်၍ ရရှိလာသော စားသုံးဆီသည် ပြည့်ဝဆီ(Saturated fat) နှင့် မပြည့်ဝဆီ (Unsaturated fat) ဟူ၍ ကွဲပြားသွားသည်။ ၎င်းနှစ်မျိုး အနက်  မပြည့်ဝဆီကသာ လူသားတို့ ကျန်းမာရေးအတွက် အထောက်အပံ့ ဖြစ်စေပါသည်။

ဖွဲနုဆီ၏ အားသာချက်များ

Unsaturated fat အမျိုးအစားများစွာရှိရာ လူသိနည်းသော ဖွဲနုဆီ (Rice Bran Oil) အကြောင်း ကို ဖော်ပြပေးလိုပါသည်။ ဖွဲနုဆီ၏ အားသာချက်များမှာ အရသာနှင့် အနံ့မရှိခြင်းဖြစ်သည်။ ဖွဲနုဆီသည် ဆန်၏ အပြင်ဘက်ဆုံး အစိတ်အပိုင်းဖြစ်သဖြင့် Brown Husk က ထုတ်ယူထား သော ဆီတစ်မျိုးဖြစ်ရာ အခြားစားသုံးဆီ များကဲ့သို့ အနံ့နှင့်အရသာကို ဖွဲနုဆီ၌ မတွေ့ရှိနိုင်ပေ။ ထို့ကြောင့် ဖွဲနုဆီကို အသုံးပြု၍ ဟင်းလျာများ ချက်ပြုတ်ကြော်လှော်ခြင်းဖြင့် မူလပာင်း ၏  အနံ့နှင့် အရသာတို့ကို ဆီကြောင့် မပျက်ယွင်း မပြောင်းလဲနိုင်ပေ။ ထို့ပြင် ဖွဲနုဆီ၏ သဘောသဘာဝအရ အခြားဆီများကဲ့သို့ စေးကပ်ပျစ်နှစ်ခြင်း မရှိပေ။ ထိုအားသာချက်အဖြစ် ဆီစားပြီးနောက် လည်ချောင်းထဲ ဆီကပ်နေခြင်း မခံစားရတော့ပေ။ တစ်နည်းဆိုသော် ဖွဲနုဆီဖြင့် ကြော်လှော်ထားသော အစားအစာမှာ ဆီများစိမ့်ဝင်ပါဝင်မှု နည်းသည့်အတွက် လူတို့အစာအိမ်အတွင်း ဆီစားသုံးရောက်ရှိမှုကို တစ်ဖက်တစ်လမ်းက လျော့နည်းစေသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် ဘေးမဖြစ်စေတော့ပေ။

ဖွဲနုဆီထုတ်ယူခြင်း

ကမ္ဘာ့ဒေသအသီးသီးရှိ အပူပိုင်းဒေသများတွင် ဆန်ကို အဓိကထား စိုက်ပျိုးကြသည်။ အပူချိန် ၂၀ - ၄၀ ဒီဂရီစင်တီဂရိတ်မှ မြေဆီလွှာတွင် မြေဆွေးနှင့် ရွှံ့စေးတို့များပြားပြီး စပါးပွင့်ပါသည်။ စပါးဆိုသည်မှာ စပါးစေ့ တစ်စေ့စီပါဝင်သော စပါးတစ်မျိုးဖြစ်ပြီး ၎င်းတွင် အလွှာများစွာ ရှိသည်။ ပထမအလွှာကို Husk ဟုခေါ်သည်။ စပါးခွံအောက်တွင်  ဖွဲနု ရှိသည်။ ဖွဲနုတွင် စပါး၏ဆီပါဝင်မှု ၇၅ ရာခိုင်နှုန်းကျော် ပါဝင်သည်။ အဆီနှင့် ဗီတာမင်ဓာတ်ပေါင်းစုများလည်း ကြွယ်ဝသည်။ ပထမဦးစွာ   ဖွဲနုကိုဆီထုတ်သည့်တိုင်အောင် စည်အတွင်းပိုင်း ဝက်အူကို ဖိထား သည့် ဖယ်ထုတ်စက်တွင်ထားရသည်။ ထိုအခါ ဖွဲနုကိတ် ခေါ် ဆီတစ်ဝက်တစ်ပျက်ဖြစ်နေသော ဖွဲနုချပ်ကျန်ရစ်သည်။ ထို့နောက် ၎င်းဖွဲနုကိတ်တွင် ကျန်ရှိသော ဆီမှန်သမျှကို Hexane ခေါ် ဖျော်ရည်တစ်မျိုးကို အသုံးပြု၍ ထုတ်ယူကြသည်။ ယင်းထုတ်ယူထားသော ဆီသည် စားသုံးရန် အဆင်သင့်ဖြစ်သည်အထိ စစ်ထုတ်ခြင်းနှင့် ဖြတ်တောက်ခြင်းတို့ကို လုပ်ဆောင်သည်။ ဤ နည်းအားဖြင့် ဖွဲနုသည် Expeller   Pressing နှင့် Solvent Extraction လုပ်ငန်းစဉ်များအောက် သိပ္ပံနည်းကျဖြတ်သန်းပြီးသောအခါ နောက်ဆုံး၌ စားသုံးနိုင်သော “ဖွဲနုဆီ” ရရှိပါသည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းချက်ဆီသည် ကျန်းမာရေးကို ထိန်းညှိရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ မိမိရွေးချယ် လိုက်သော စားသုံးဆီက  ကိုလက်စထရောအဆင့်၊ ဇီဝဖြစ်ပျက်မှု ပြောင်းလဲမှုဖြစ်စဉ်၊ ရောင်ရမ်းမှုပြဿနာ၊ နှလုံးသွေးကြော ရောဂါတို့နှင့် တိုက်ရိုက်ဆက်နွှယ်နေပါသည်။ ကမ္ဘာကြီး တိုးတက်ခေတ်မီလာသည့်အလျောက် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှ လူသားအများစုသည် ကျန်းမာရေးအသိအမြင် ရှိလာကြကာ စားသုံးဆီနှင့်ပတ်သက်၍ ချက်ပြုတ်ရန် ရွေးချယ်သည့် ဆီများအကြောင်းကို သတိထားမိလာကြသည်။ ထိုအခါ Unsaturated fat  အမျိုးအစား တစ်ခုဖြစ်သော ဖွဲနုဆီ (Rice Bran Oil) ၏ အာဟာရဆိုင်ရာ အချက်အလက်များ (Nutrition Facts) ကို လေ့လာကြည့်ရာ ၁၃ ဂရမ် အလေးချိန်ရှိသော ဖွဲနုဆီတွင် အဆီပါဝင်မှု ရာနှုန်းပြည့်၊ ကယ်လိုရီ ၁၂၀၊ ဗီတာမင်ကေ ၃ ဒသမ ၃ မိုက်ကရိုဂရမ်၊ ဗီတာမင်အီး ၄ ဒသမ ၄ မီလီဂရမ်၊ Nutrition Facts ၁၆၁ မီလီဂရမ် စသည်တို့ အသီးသီး ပါဝင်နေကြောင်း တွေ့ရသည်။ ထို့ပြင် လူကိုကောင်းကျိုးမပြုသော သကြားနှင့် ဆိုဒီယမ်တို့ လုံးဝမပါရှိပေ။ ထို့ကြောင့် ဖွဲနုဆီကို စားသုံးကြရန် ကျန်းမာရေးသုတေသီများက တိုက်တွန်းထားကြပါသည်။

ဖွဲနုဆီကို စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

ဖွဲနုဆီကို စားသင့်သော  အဓိကအချက်မှာ သဘာဝအစွမ်းထက် Antioxidants များစွာပါဝင်ပြီး အထူးသဖြင့် Oryzanol ပါဝင်မှုကြောင့် ဖြစ်သည်။ Oryzanol ဆိုသည်မှာ ဆန်နှင့် ဆန်မှရသော ဖွဲနုတစ်မျိုးတည်းတွင်သာ ပါဝင်သည့် အစွမ်းထက်သဘာ၀ Powerful Natural Antioxidant တစ်မျိုးဖြစ်သည်။ အထူးသဖြင့်  ဆန်မှာသာ ရရှိနိုင်သော Oryzanol က အမျိုးသမီးများအတွက် ဟော်မုန်းဆိုင်ရာရောဂါများကို ကာကွယ်စေနိုင်ပြီး သွေးဆုံးကိုင်ဝေဒနာကို လျော့ပါးသက်သာ စေသည်။ ထို့ပြင် Antioxidants များစားသုံးခြင်းဖြင့် ကုသရန်ခက်ခဲသော ကင်ဆာရောဂါများ ဖြစ်နိုင်ခြေမှ ကာကွယ်ထားနိုင်သည်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာတို့၏ ကင်ဆာဆဲလ်တွေပွားများခြင်းကို တားဆီးပေးနိုင်ပါသည်။

အရွယ်တင်နုပျိုစေခြင်း၊ အသားအရေ စိုပြည်ချောမွေ့စေခြင်းဖြင့် ကောင်းကျိုးပြုသည်။  ထို့ပြင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်နိုင်ပါသည်။ သွေးထဲရှိမကောင်းသော ကိုလက်စထရော LDL များကိုလျှော့ချပေးပြီး ကျန်းမာရေးအတွက် ကောင်းသော ကိုလက်စထရော HDL များကို တိုးပွားစေသည်။  နှလုံးရောဂါရှိသူများ၊ သွေးတိုးရောဂါ ရှိသူများ၊  ခန္ဓာကိုယ်အဝလွန် ရောဂါများ၊ အသည်းအဆီဖုံးရောဂါရှိသူများအတွက်ကိုလည်း ဖွဲနုဆီကိုစားပေးခြင်းက အထူးသင့်လျော်ပါသည်။

ထို့ပြင် ဖွဲနုဆီကိုစားသုံးပေးခြင်းဖြင့် အောက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင်ပါမည်။

  • ဖွဲနုဆီထဲတွင် ကောင်းသောအဆီများ ဖြစ်ကြသည့် Monounsaturated Fatty Acid (MUFA) နှင့် Polyunsaturated Fatty Acid (PUFA) တို့ ပါဝင်နေကြသည်။ ၎င်းအဆီ များက  သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်လေငန်း ရောဂါ စသည့်နာတာရှည်ရောဂါများ ဖြစ်ပွားနှုန်းကို  လျှော့ချပေးနိုင်သည်။
  • ဖွဲနုဆီထဲရှိ အော်ရီဇန်နော(Oryzanol) ခေါ် အာဟာရဓာတ်တစ်မျိုးက ဓာတ်တိုး ဆန့်ကျင် သတ္တိရှိသည့်အတွက် အဆီဓာတ်တွေ ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးခြင်းကို ကာကွယ်ပေးသည့်အတွက် ကိုလက်စထရောကျစေသည်။ ထိုဖြစ်စဉ်က နှလုံး ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေကာ အထူးသဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါကိုကာကွယ်ပေးနိုင်ပါသည်။
  • ဆီကြော်အစားအစာများ ကြော်စားသည့်အခါ  အသုံးပြုသည့် တချို့ဆီများက Oxidation (ဓာတ်တိုးခြင်း) ဖြစ်ပြီးနောက်  ပြောင်းလဲဆီ (Trans Fat) အနေနှင့် ပြောင်းလဲသွားပြီး  စားသုံးသူကို   ဘေးဖြစ်စေသည်။ သို့သော် ဖွဲနုဆီက အပူချိန်ကို ၃၅၄ ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်သည့်အတွက် အခြားပြည့်ဝဆီများကို အသုံးပြုမည့်အစား ဖွဲနုဆီဖြင့်ကြော်လှော်စားပါက ကျန်းမာရေးပြဿနာလျော့ပါး သက်သာစေပါသည်။ (မှတ်ချက်မည်သည့်  ဆီမျိုးကိုမဆို ဆီကြော်အစားအစာအဖြစ် အမြဲမကြော်လှော် သင့်ပေ)
  • ဓာတ်တိုးဆန့်ကျင်သတ္တိရှိသော ဗီတာမင်တစ်မျိုးဖြစ်သည့်  ဗီတာမင်အီး ပါဝင်နေသဖြင့် ဖွဲနုဆီက ကင်ဆာရောဂါများကို ကာကွယ်ပေးသည့်အပြင် ကိုယ်ခံစွမ်းအားကိုပါ မြှင့်တင် ပေးပါသည်။
  • ဖွဲနုဆီမှာ အထက်ဖော်ပြပါ ဓာတ်တိုးဆန့်ကျင်သတ္တိများ မြောက်မြားစွာပါဝင်သည့် အတွက် Basal Metabolic Rate (BMR) ခေါ် တစ်နေ့တာ ဇီဝကမ္မဖြစ်စဉ်အတွက် လိုအပ်သော ကယ်လိုရီပမာဏတွေမြင့်တက်လာမှုကို မျှခြေဖြစ်စေနိုင်သည်။ ထို့ကြောင့် ကိုယ်အလေးချိန်   ထိန်းသိမ်းလိုသူများအတွက် ဖွဲနုဆီကအသုံးဝင်ပါသည်။
  • Squalene ဆိုသော ဓာတ်တစ်မျိုးကို ဖွဲနုဆီတွင်တွေ့ရသည်။ ထိုဓာတ်က အသားအရေ ကို နူးညံ့ချောမွေ့စေသည်။ ထို့ပြင် အရေပြားရောင်ရမ်းခြင်းကို သက်သာစေပါသည်။
  • ကိုလက်စထရော (Cholestrol) နှင့် Trans Fatty Acid လုံးဝမပါဝင်ဘဲ ဆီစေးပျစ်နှုန်း နည်းပါးသောကြောင့်  ကြော်စားလျှင် အစားအစာတွင် ဆီများစွာ  ပါမသွားနိုင်သဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ အသည်းအဆီဖုံးရောဂါနှင့် အဝလွန်သူများအတွက် အသင့်လျော်ဆုံးသော ဆီဖြစ်သည်။

ဖွဲနုဆီနှင့် လှပမှုရေးရာ

  • ဖွဲနုဆီတွင် အိုမီဂါ-၃ နှင့် အိုမီဂါ-၆ ဖက်တီးအက်စစ်များ မြင့်မားစွာ ပါဝင်ခြင်းကြောင့် ၎င်းသည် ဆံကေသာကို အထူးကောင်းမွန်သော လိမ်းဆေးတစ်ခု ဖြစ်လာစေသည်။ ခေါင်းမလျှော်ခင် ဦးရေပြားနှင့် ဆံသားအနှံ့ကို ဖွဲနုဆီဖြင့် နှိပ်နယ်ပေးပါက ဆံပင်ကျွတ်ခြင်းမှ သက်သာစေကာ ဆံကေသာထူစေပါသည်။
  • ဖွဲနုဆီက အရေပြားထိန်းသိမ်းမှုအတွက် လွန်စွာအကျိုးပြုသည်။ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးခြင်း၊ လေထုညစ်ညမ်းမှုကြောင့် အသားအရေ ညစ်ထေးခြင်းမှ ကာကွယ်ပေးခြင်းအဖြစ် ဖွဲနုဆီကအသုံးဝင်သည်။ နေလောင်ကာ ခရင်မ်အဖြစ် အိမ်ပြင်မထွက်ခင် ဖွဲနုဆီကို ခန္ဓာကိုယ်အနှံ့ လိမ်းနိုင်သည်။
  • ဖွဲနုဆီကို မိတ်ကပ်ဖျက်ဆေးအနေနဲ့လည်း သုံးနိုင်သည်။ ရလဒ်အနေဖြင့် အသားအရေ ပိုမိုနူးညံ့ပျော့ပျောင်းစေပါသည်။
  • အရေပြားပေါ်တွင် ပုံမှန်လိမ်းပေးခြင်းဖြင့် သွေးလည်ပတ်မှုကို အားကောင်းစေကာ အသားအရေကို ကြည်လင်စေပြီး  မျက်ရည်အိတ် ဖောင်းခြင်းနှင့်  မျက်နှာပေါ်က အမည်းစက်များကိုပင်ကာကွယ်ပေးသည်။  ကော်လာဂျင်ထုတ်လုပ်မှုကို  မြှင့်တင်ပေးပြီးချွေးပေါက်များ ကျဉ်းစေသည်။  အရေးအကြောင်းများကို လျော့ပါးသက်သာစေပါသည်။
  • ဖွဲနုဆီက ကနဦးအဆင့် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပါသည်။
  • ဖွဲနုဆီဖြင့် အရေပြားပေါ်တွင် နှိပ်နယ်ပေးခြင်းက   ရောင်ရမ်းနေသော သို့မဟုတ် ဒဏ်ရာရှိသော အသားအရေကို သက်သာစေနိုင်သည်။ ထို့ပြင် နှင်းခူနှင့် အရေပြားရောင်ရမ်းခြင်း ကဲ့သို့သော အရေပြားအခြေအနေများကို သက်သာစေသည်။
  • ဖွဲနုဆီထဲတွင် ဂမ်မာ-အော်ရီဇန်နော နှင့် ဗီတာမင် E ပမာဏများသောကြောင့် နှုတ်ခမ်းကို အစိုဓာတ်ထိန်းပေးခြင်း၊ လက်သည်းဆိုးဆေးများ၏ ပျံ့နှံ့မှုကိုလည်း ထိန်းညှိရာမှာ အထောက်အကူပြုသည်။ အရေပြားခရင်မ်၊ ဆပ်ပြာများ၊ နေကာခရင်မ် များနှင့် နှုတ်ခမ်းနီများပြုလုပ်ရာမှာ ဖွဲနုဆီကို ထည့်သွင်းဖော်စပ်ကြကြောင်း လေ့လာ သိရပါသည်။

(သတိပြုရန်) ဖွဲနုဆီသည် ဘေးကင်းသော ထုတ်ကုန်တစ်ခုဖြစ်ပြီး   လူတိုင်းစားသုံးနိုင်ပါသည်။ သို့သော် အချို့လူများက ၎င်းကိုစားသုံးပြီးနောက် ဓာတ်မတည့်မှုများနှင့် သီးခြားတုံ့ပြန်မှုများ ခံစားရတတ်သည်။ မွေးရာပါဖွဲနုနှင့် ဓာတ်မတည့်သူများတွင် ဖွဲနုမှာပါသော အမျှင်ဓာတ်က အစာခြေလမ်းကြောင်း ကို  ပိတ်ဆို့စေပြီး မအီမသာ ဖြစ်စေတတ်သည်။  ဖွဲနုဆီ လွန်ကဲစွာ စားသုံးခြင်းက ပိုလျှံသော ဖက်တီးအက်စစ်များ ဖြစ်ပေါ်စေနိုင်၍ ရလဒ်အနေဖြင့် ကိုယ်အလေးချိန် တိုးလာနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုသော်  လောကသဘာဝအရ အကောင်း၊ အဆိုးဒွန်တွဲလျက်ရှိနေသော်လည်း ဖွဲနုဆီက ကျန်းမာရေးအတွက် ကောင်းကျိုးပြုရာ၌ အားသာချက်အလွန်များသည်။ ခန္ဓာကိုယ် အတွက်သင့်လျော်သည့် အကောင်းဆုံးဆီ ရွေးချယ်ခြင်းကလည်း မိမိတို့ကျန်းမာရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ထို့ကြောင့် အားသာချက်များသော ဖွဲနုဆီကို ဦးစားပေးရွေးချယ် နိုင်ကြပါစေကြောင်း အကြံပြု လိုက်ရပါသည်။  ။

ပေါက်ပေါက်