နိုင်ငံတကာဥပဒေစံနှုန်းများကို ချိုးဖောက်နေသော NUG၊ PDF အဖွဲ့များ၏ ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးမှုများ
စာမရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ကို ဒီဆောင်းပါးရေး ဖြစ်အောင် စေ့ဆော်ခဲ့တဲ့ လူမှုကွန်ရက်က စိတ်မကောင်းစရာသတင်း တစ်ပုဒ်အကြောင်း ပြောချင်ပါတယ်။ Facebook သုံးစွဲသူ တော်တော် များများ မြင်တွေ့ကြားသိပြီးဖြစ်မယ့် သတင်းလို့လည်း ယူဆမိပါတယ်။
အကြမ်းဖက်ဝါဒီတွေရဲ့ ဆိုးရွားတဲ့လုပ်ရပ်
ဒီသတင်းကတော့ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် တမ္မကောက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ကို PDF အကြမ်းဖက်သမား များက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ CDM မလုပ်လို့၊ ကျောင်းမပိတ်ဘဲ ကလေးတွေကို ပညာသင်ကြားပေးနေ လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အသတ်ခံလိုက်ရတဲ့ ဆရာမကြီးအတွက် များစွာယူကျုံးမရ ဝမ်းနည်းကြေကွဲမိပါတယ်။ PDF အဖွဲ့က ကျောင်းဆက်မတက်ဖို့ ခြိမ်းခြောက်စာပို့အပြီး တစ်ပတ်ခန့်အကြာမှာ ဆရာမကြီးဟာ ဖခင်နဲ့အတူ ကျောင်းကအပြန်မှာ ရန်ငြိုးရန်စမရှိဘဲ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ် ခံရတာ ဖြစ်ပါတယ်။ ဆရာမကြီးနဲ့ သူရဲ့ ဖခင်တို့ဟာ လက်အုပ်ချီတောင်းပန်နေတဲ့ကြားထဲက ဖခင်ကို ကြိုးတုပ် သမီးဖြစ်သူ ဆရာမကြီးကို လည်လှီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ PDF တွေရဲ့ လုပ်ရပ်ဟာ အလွန်ရိုင်းစိုင်းယုတ်မာပြီး ဘယ်လိုမှလက်ခံလို့မရတဲ့ အကြမ်းဖက်ဝါဒီ တွေရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။
အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နဲ့ ငါနဲ့မတူ ငါ့ရန်သူအယူအဆ၊ ငါတို့ထောက်ခံတဲ့ ပါတီမဟုတ်ရင် အုပ်ချုပ်လို့မရစေရဘူးဆိုပြီး နိုင်ငံရေးအစွန်းရောက်သမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ပညာ အခြေခံအားနည်းပြီး ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ အယူအဆ လွဲမှားပြီး လိုက်ပါလုပ်ဆောင်နေတဲ့ PDF အမည်ခံအကြမ်းဖက် သမားများကြောင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်လဲ့လဲ့လို အပြစ်မဲ့နိုင်ငံ ဝန်ထမ်းကောင်းတွေ ကြွေလွင့်ခဲ့ရတာက ရင်နာစရာ ကောင်းလွန်းလှပါတယ်။ ။
သက်သေအထောက်အထားများစွာ
နိုင်ငံရေးရည်မှန်းချက်အတွက် တိုင်းပြည်ရဲ့ အနာဂတ်ပညာရေး ကဏ္ဍကို တိုက်ခိုက်ဖျက်ဆီး နေတဲ့ NUG၊ PDF အကြမ်းဖက်သမားများက ကျောင်းတွေမဖွင့်ဖို့၊ ကလေးသူငယ်တွေ ကျောင်းမတက်ဖို့၊ ဆရာ ဆရာမနဲ့ ပညာရေး ဝန်ထမ်းတွေ CDM ပြုလုပ်ကြဖို့ အမျိုးမျိုး ခြိမ်းခြောက်ဟန့်တားမှုတွေ ပြုလုပ်ခဲ့တဲ့ ငြင်းမရနိုင်တဲ့ သက်သေ အထောက်အထားများစွာ ရှိပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ NUG ၊ PDF နဲ့ NLD နိုင်ငံရေးအစွန်းရောက်တွေရဲ့ ပညာရေးကဏ္ဍကို တိုက်ခိုက်မှုတွေအနေနဲ့ စာသင်ကျောင်း တွေကို မီးရှို့ ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်မှု ၃၆၇ ကြိမ်၊ စာသင်ကျောင်းအနီးဝန်းကျင် ပစ်ခတ်တိုက်ခိုက်မှု ၁၂ ကြိမ်၊ စာသင်ကျောင်းတွေ မဖွင့်ဖို့ ခြိမ်းခြောက်မှု ၄၉ ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် CDM မပြုလုပ်တဲ့အကြောင်းပြချက်နဲ့ ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ရက်ရက် စက်စက်လုပ်ခဲ့ကြလို့ သေဆုံးသူ ဆရာ ရှစ်ဦး၊ ဆရာမ ကိုးဦး၊ ပညာရေးဝန်ထမ်း ခြောက်ဦး ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသူ ဆရာ ကိုးဦး၊ ဆရာမ ၁၄ ဦး၊ ပညာရေးဝန်ထမ်း ငါးဦး စုစုပေါင်း သေဆုံး ၂၃ ဦး၊ ဒဏ်ရာရ ၂၈ ဦးရှိနေပြီဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို အစိုးရမီဒီယာတွေက သတင်းများထုတ်ပြန် ခဲ့သလို အမြင်အမျိုးမျိုး ရှုထောင့်အဖုံဖုံကနေ လူမှုကွန်ရက်မှာ ဝေဖန် ရှုတ်ချပြီး ရေးသားနေကြတာတွေ ကိုလည်း တွေ့မြင်နေရပါတယ်။
CDM မလုပ်လို့၊ စာသင်ကျောင်းဖွင့်လို့၊ ကလေးတွေကို စာသင် ပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆရာ ဆရာမတွေကို သတ်ဖြတ်ခဲ့ ကြတာက ဖြစ်သင့်ပါရဲ့လား။
ရန်ငြိုးရန်စမရှိဘဲ လူတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သူတွေရဲ့ လုပ်ရပ်က ဓမ္မလား၊ အဓမ္မလား။
အသတ်ခံရသူတွေရဲ့ မိဘဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကြေကွဲဝမ်းနည်းမှုတွေ၊ နာကြည်းမုန်းတီးမှုတွေကိုရော ကိုယ်ချင်း စာနာမိကြပါရဲ့လားလို့ မေးလိုက်ချင်ပါတယ်။
သံချွန်နဲ့ထိုးဆွသလိုပဲ နာကျင်ခံစားရ
စာသင်ကျောင်းတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အားလုံးမှာ မေ့ပျောက်လို့မရနိုင်တဲ့ ကျောင်းသားဘဝဆိုတာရှိခဲ့ကြသလို အနာဂတ်ကိုထုဆစ်မယ့် လူငယ်တွေကို လေ့ကျင့် သင်ကြားပေးရာ၊ ပညာရည်နို့သောက်စို့ကြရာ ကွန်းခိုရိပ်တွေ၊ ဥယျာဉ်ကြီးတွေ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံရဲ့ အနာဂတ်နဲ့သက်ဆိုင်တဲ့ ဥယျာဉ်ကြီးတွေကို မီးရှို့ဖျက်ဆီးပြီး ဥယျာဉ်မှူးတွေကို သတ်ဖြတ်နေကြတာတွေ မြင်ရကြားရတော့ ကျွန်တော့်နှလုံးသားကို သံချွန်နဲ့ထိုးဆွသလိုပဲ နာကျင် ခံစားရပါတယ်။ ဆရာ ဆရာမတွေဆိုတာ ကျွန်တော်တို့ရဲ့ မြန်မာ့ ယဉ်ကျေးမှုမှာ အနန္တောအနန္တငါးပါးမှာ တစ်ပါးအပါအဝင်ဖြစ်သလို ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ် ပန်းကလေးတွေကို ဖူးပွင့်စေ၊ မွှေးကြိုင်လန်းဆန်းစေသူတွေဖြစ်ပါတယ်။
မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းမှာမဆို နိုင်ငံရေးအရ အမြင်မတူတာတွေ၊ သဘောထား ကွဲလွဲတာတွေ ရှိနိုင်ပါတယ်။ သို့သော်လည်း နိုင်ငံရေးခံစားချက်ကနေ အစွန်းရောက်အတွေး အခေါ်တွေဝင်လာပြီး ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကို မိမိတို့ကိုယ်တိုင် ဖျက်ဆီးနေကြတာကတော့ အင်မတန်ရုပ်ဆိုး အကျည်းတန်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ အခုဆိုရင် ဆရာ ဆရာမတွေကို သတ်ဖြတ်တာ၊ စာသင်ကျောင်းတွေ မီးရှို့တာတင်မကတော့ဘဲ စာသင်ကျောင်းတွေကို စစ်စခန်းတွေဆောက်တာ၊ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်တဲ့နေရာတွေ အဖြစ် အသုံးပြုတာတွေကို စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်က မာရသိမ် စာသင်ကျောင်းမှာ မြင်တွေ့ခဲ့ရပါတယ်။
နိုင်ငံတကာဥပဒေစံနှုန်းတွေအရ ကြည့်မယ်ဆိုရင်လည်း ဒီလို စာသင်ကျောင်းတွေနဲ့ ဆရာ ဆရာမတွေကို အကြမ်းဖက်နေကြတဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဂျီနီဗာကွန်ဗင်းရှင်းရဲ့ နောက်ဆက်တွဲ Protocols နှစ်ခုမှာ ကလေးသူငယ်တွေ၊ စာသင်ကျောင်းတွေနဲ့ ပညာသင်ကြားမှုကို ကာကွယ်မှု “The two Additional Protocols to the Geneva Conventions outline further protections for children, schools, and education, including recognizing that receiving an education is a "fundamental guarantee" for children, even in situations of non-international armed conflict.” ဆိုပြီး ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၀၉ ခုနှစ်မှာ လည်း ကုလသမဂ္ဂကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကော်မတီ (United Nations Committee on the Rights of the Child-OHCHR) က ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ၊ ဝင်ရောက် စီးနင်းသိမ်းပိုက်တာမျိုးတွေကို ကာကွယ်ဖို့တိုက်တွန်းနှိုးဆော်ထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ United Nations Children's Fund (UNICEF) United Nations Educational, Scientific and Cultural Organization (UNESCO), Office of the United Nations High Commissioner for Refugees (UNHCR) နဲ့ အခြားသော နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး တည်ထောင်ထားတဲ့ Global Coalition to Protect Education from Attack-GCPEA ဆိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုရှိပါတယ်။
ဒီအဖွဲ့ကနေ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ စာသင်ကျောင်း တွေနဲ့ တက္ကသိုလ်တွေကို စစ်ရေးအတွက် အသုံးပြုတာကနေ ကာကွယ်ဖို့နဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ဆရာဆရာမတွေကို တိုက်ခိုက်တာတွေကို ကာကွယ်ဖို့အတွက် “Guidelines for Protecting Schools and Universities from Military Use During Armed Conflict” ကို ထုတ်ပြန်ထားပါတယ်။ ဒီလမ်းညွှန်ချက်တွေအရ ပညာရေးနဲ့ဆိုင်တဲ့ နေရာတွေကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချလို့မရသလို ကျောင်းအုပ်ချုပ်သူတွေကိုလည်း စာသင်ကျောင်းတွေကို စွန့်ခွာဖို့ ဖိအားပေးအကျပ်ကိုင်တာ၊ မက်လုံးပေး စည်းရုံးတာတွေတောင် လုပ်လို့မရပါဘူး။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ၂၀၀၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Resolution 2427 မှာလည်း လက်နက်ကိုင်ပဋိပက္ခကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ပိတ်ထားရတာကို ရှုတ်ချထားပါတယ်။ နောက်ပြီး လက်နက်ကိုင်တိုက်ခိုက်သူတွေအနေနဲ့ ကလေးသူငယ် တွေရဲ့ ပညာသင်ကြားခွင့်တွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အနှောင့်အယှက် ဖြစ်စေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှု ဥပဒေ (International Humanitarian Law) အရလည်း လက်နက်ကိုင်တိုက်ခိုက်သူတွေအနေနဲ့ စာသင်ကျောင်းတွေကို အသုံးမပြုဖို့၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက အစိုးရတွေအနေနဲ့လည်း အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့တွေက စာသင်ကျောင်းတွေကို အသုံးပြုတာကို ထိထိရောက်ရောက် တားဆီးပေးဖို့၊ ကလေးတွေရဲ့ ပညာသင်ကြားခွင့်ကို အနှောင့်အယှက်မပြုဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။
နိုင်ငံတကာစံနှုန်းတွေအရ လက်ခံနိုင်စရာမရှိ
အခုမြန်မာနိုင်ငံမှာ NUG/PDF အကြမ်းဖက်သမားတွေ ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေက နိုင်ငံတကာစံနှုန်းတွေအရ လက်ခံနိုင်စရာ မရှိသလို မြန်မာနိုင်ငံရဲ့ ဥပဒေတွေ၊ ယဉ်ကျေးမှုတွေ အရလည်း လက်ခံလို့မရတဲ့ ကိစ္စတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတော် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ Nationwide Ceasefire Agreement (NCA)၊ အခန်း (၃) မှာ စာသင်ကျောင်းတွေကို စစ်ဘက်ဆိုင်ရာအတွက် အသုံးမပြုဖို့၊ ကလေးသူငယ်တွေ ပညာသင်ကြားခွင့်ကို မနှောင့်ယှက်ဖို့၊ စာသင်ကျောင်းတွေနဲ့ ပညာရေးဆိုင်ရာ အဆောက်အအုံတွေကို မဖျက်ဆီးဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ ။
နိုင်ငံနဲ့ ကလေးသူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီး စာသင်ကျောင်းတွေကို တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာ၊ ဆရာ ဆရာမတွေကို သတ်ဖြတ်တာတွေကို NUG/PDF အကြမ်းဖက်သမား တွေနဲ့ NCA ကို မလိုက်နာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့က လုပ်ဆောင်နေကြပါတယ်။ ဒီလို အပြစ်မဲ့တဲ့ ဆရာ ဆရာမ တွေကို လုပ်ကြံသတ်ဖြတ်နေတဲ့ NUG/PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေက နိုင်ငံနဲ့ ကလေးသူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ အပြုအမူတွေဖြစ်ပြီး မြန်မာ့လူအဖွဲ့အစည်းအပါအဝင် ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံ မည်သည့်လူ့အဖွဲ့အစည်းကမှ လက်ခံနိုင်စရာမရှိတဲ့ အကြမ်းဖက် လုပ်ရပ်တွေဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ CRPH၊ NUG၊ PDF နဲ့ NLD အစွန်းရောက် သမားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံတာ မပြုလုပ်သင့်သလို နိုင်ငံတစ်ခုရဲ့ အနာဂတ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတဲ့ ပညာရေးကဏ္ဍ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဆန့်ကျင်ရှုတ်ချတားဆီးပေးကြဖို့ လိုအပ်လှပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေကို သက်သေ အထောက်အထား ခိုင်လုံစွာနဲ့ UNCTED၊ INTERPOL၊ ASEANPOL အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးကော်မတီ၊ အိမ်နီးချင်းနိုင်ငံများ၊ ပြည်တွင်းရှိ သံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံနဲ့ အကြမ်းဖက်မှုတိုက်ဖျက် ရေးပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးထားတဲ့ အာဏာပိုင်တွေထံ သတင်းအချက် အလက်တွေ ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပေးပို့ထားတဲ့ အချက် အလက်တွေမှာ ပညာရေးကဏ္ဍသာမက NUG/PDF အဖွဲ့တွေရဲ့ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ နိုင်ငံတစ်ဝန်း ပုံဖော်ဆောင်ရွက်နေတဲ့ အကြမ်းဖက်လုပ်ရပ်ပုံစံအမျိုးမျိုးဖြစ်တဲ့ အပြစ်မဲ့အရပ်သားတွေကို ရက်စက်စွာ သတ်ဖြတ်မှုတွေ၊ မိုင်းထောင်ဖောက်ခွဲမှုတွေ၊ နိုင်ငံပိုင်နဲ့ ပုပ္ပလိကပိုင် အဆောက်အအုံတွေကို ဖောက်ခွဲမီးရှို့ ဖျက်ဆီးမှုတွေ ပါဝင်ပါတယ်။ ။
အကြမ်းဖက်ဝါဒကို အားပေးလက်ခံ
ဖြစ်ရပ်မှန်အထောက်အထားတွေ၊ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ ဗီဒီယိုမှတ်တမ်းတွေ ပါဝင်တဲ့ CRPH၊ NUG၊ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ် သတင်းပေးပို့ချက်တွေကို မမြင်ချင် ယောင်ဆောင်၊ မသိချင်ယောင်ဆောင်နေတဲ့နိုင်ငံအချို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အကြမ်းဖက်ဝါဒကို အားပေးလက်ခံနေတယ်လို့ ယူဆရမလို ဖြစ်နေပါတယ်။ ။
အထူးသဖြင့် ဥပဒေနဲ့အညီ အာဏာထိန်းပြီး အရေးပေါ်ကာလ နိုင်ငံကို ထိန်းကျောင်းပေးနေတဲ့ တပ်မတော်ကို ဖိအားပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ အနောက်နိုင်ငံတချို့ရဲ့ NUG၊ PDF တွေကို အသိအမှတ် ပြုအားပေးလိုတဲ့ သဘောထားပြသနေတာဟာ အကြမ်းဖက်ဝါဒ (Terrorism) ကို ပံ့ပိုးပေးနေသလိုဖြစ်နေပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေးကို အထောက်အကူ မပြုသူတွေ ဖြစ်ပါတယ်။ ။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားပါတယ်ဆိုတဲ့ ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးအချို့ဟာ NUG၊ PDF တို့ရဲ့ ငြင်းလို့မရတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိချင်ယောင်၊ မမြင်ချင်ယောင်ဆောင်ပြီး ဒီမိုကရေစီလှုပ်ရှားသူတွေအဖြစ် ပုံဖော်နေမှုဟာ ဆရာမကြီး ဒေါ်လဲ့လဲ့တို့လို အပြစ်မဲ့အသတ်ခံရသူတွေအတွက် တရားမျှတမှု မရှိဘူးလို့ ဆိုချင်ပါတယ်။ ။
အစွန်းရောက်နိုင်ငံရေးသမားတွေက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေ တည်ငြိမ် အေးချမ်းရေးကို မျက်ကွယ်ပြုပြီး ကိုယ့်ပါတီ အာဏာပြန်လည်ရရှိဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေ ဘဝပေါင်းမြောက်မြားစွာ စတေးပြီး အသုံးချခံနေရတာက နိုင်ငံတော်အတွက် အင်မတန်မှ ဆုံးရှုံးမှုကြီးမားပါတယ်။ သူတို့ရဲ့ အလုံးစုံ ပျက်သုဉ်းရေးလမ်းစဉ်ကြောင့် ပြည်သူအများစုရဲ့ တည်ငြိမ်အေးချမ်းမှု ပျက်စီးပြီး မိသားစုဘဝပေါင်းမြောက်မြားစွာ ထိခိုက်ပျက်စီးမှုတွေက လည်း ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေကို ဘယ်သူတွေက ပြုလုပ်နေသလဲ၊ ဘယ်သူတွေက စေခိုင်းနေသလဲဆိုတာ မေးစရာမလိုလောက်အောင် မြင်တွေ့ကြားသိနေ ကြရပါတယ်။ သက်သေအထောက်အထား မှတ်တမ်းများ အခိုင်အမာ ရှိနေပြီး သက်ဆိုင်ရာ တွေကို ပေးပို့ထားပြီးလည်း ဖြစ်ပါတယ်။ ။
ဒါ့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံကို အမှန်တကယ် တည်ငြိမ်အေးချမ်း စေလိုတယ်ဆိုရင် လတ်တလော ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် သတ်ဖြတ်မှုဖြစ်စဉ်တွေကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်ပြီး နိုင်ငံရေး ရည်မှန်းချက်အောင်မြင်ဖို့ အကြမ်းဖက်လမ်းစဉ်နဲ့ လုပ်ဆောင်နေကြတဲ့ ပြည်တွင်း/ပြည်ပ အကြမ်းဖက်သမားတွေကို ဝိုင်းဝန်းဆန့်ကျင် တားဆီးပေးကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။ ။
Reference
. THE GENEVA CONVENTIONS OF 12 AUGUST 1949
. UN Committee on the Rights of the Child (CRC), General comment No. 12 (2009): The right of the child to be heard, 20 July 2009, CRC/C/GC/12
. Guidelines for Protecting Schools and Universities from Military Use During Armed Conflict, GCPEA, 2014
. UN Security Council Resolution 2427 (Children and Armed Conflict), 9 July 2018
မင်းခန့်