ယနေ့လူငယ်နှင့် မြန်မာ့ယဉ်ကျေးမှု
အသက်အရွယ်ကန့်သတ်ချက်တို့ ကွဲပြားနေ ကြငြား အနာဂတ်ခြေလှမ်းတို့ကို ပိုင်ဆိုင်နေသူ သည် လူငယ်ပင်ဖြစ်သည်။ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း စဉ်ကမူ အသက် (၁၅) နှစ်မှ (၃၅) နှစ်အထိကိုလူငယ် ဟု ဆိုသည်။ ပျိုမျစ်နုနယ်သောအရွယ်ရှိသူသည် လူငယ်ပင် ဖြစ်သည်။ ယနေ့လူငယ်ဟူသည် ၂၀၂၂ ခုနှစ်ကာလအတွင်း ပျိုမျစ်နုနယ်သောလူငယ် အားလုံးပါဝင်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စုအကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်း သည် ကလေးသူငယ်များဖြစ်ကြ၍ ယင်းလူငယ်ထု သည် ယနေ့လူငယ်ကဏ္ဍတွင် နိုင်ငံအတွက် အရေး ပါသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်နေသည်။ လျစ်လျူရှု၍မရနိုင်သော ထိုစွမ်းအားစုကြီးသည် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းပေးနိုင်သော လူငယ်ထုကြီးဖြစ်လာရန် အရေးကြီးသည်။
လူငယ်တို့ထံ ကျရောက်လာပြီ
ယဉ်ကျေးမှုတွင် “သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားသော လူမှု အဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်း တည်ရှိလာသော ဓလေ့ထုံးတမ်း” စသည်တို့ပါဝင် သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိစမြဲပင်ဖြစ်သည်။ မြန်မာ အမျိုးသား တိုင်းရင်းသားများတွင်လည်း မြန်မာ တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ စရိုက်လက္ခဏာသည် တသီးတခြား ထင်ရှားခိုင်မာစွာရှိသည်။ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းတို့သည် ရှေးဘိုးဘေးဘီဘင် တို့က အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသောကြောင့်ယနေ့ထက်တိုင် ခိုင်မြဲတည်ရှိနေခြင်း ဖြစ်သည်။ ခိုင်မြဲတည်ရှိနေသည့် မြန်မာ့ယဉ်ကျေးမှုကို ဆက်လက်သယ်ဆောင် ထိန်းသိမ်းရမည့် တာဝန်သည် ယနေ့လူငယ်တို့ထံ ကျရောက်လာပြီ ဖြစ်သည်။
“ထိန်း” ခြင်းသည် ကြည့်ရှုစောင့်ရှောက်ခြင်းပင် ဖြစ်သည်။ အဘိုးက၊ အဘွားက၊ အဖေက၊ အမေက လူငယ်ထံ ယုံကြည်စွာ ပေးအပ်လာ၍ဖြစ်စေ၊ ဆက်ခံရမည့် အစဉ်အလာဖြစ်စေ၊ ဘိုးဘွားတို့၏ ယဉ်ကျေးမှုအမွေကို လက်ခံရရှိလာသည့်လူငယ် သည်ထိန်းသည့်သဘောဖြင့် ကြည့်ရှုစောင့်ရှောက်ရ မည်ဖြစ်သည်။ ကြည့်ရှုစောင့်ရှောက်ရုံသာမက မပျောက်မပျက်၊ မထိမရှ၊ မပွန်းမပဲ့အောင်လည်း သိမ်းရတော့မည် ဖြစ်သည်။ “သိမ်း” ခြင်းသည် လုံ ခြုံအောင်ထားခြင်းပင်ဖြစ်သည်။ သို့ကြောင့် ထိန်းသိမ်းခြင်းသည် လုံခြုံအောင် ကြည့်ရှု စောင့်ရှောက်ခြင်းပင် ဖြစ်တော့သည်။ ယဉ်ကျေးမှု သည် တိုင်းပြည်တည်ရှိလာသော စံနှုန်းသတ်မှတ် ချက်ဖြစ်သည်။ တိုင်းပြည်၏မျက်နှာစာလည်း ဖြစ်သည်။ ထိုအရာတို့ ဆက်လက်မြဲမြံစေခြင်းသည် လုံခြုံအောင် ကြည့်ရှုစောင့်ရှောက်ခြင်းပင် ဖြစ်သည်။ တစ်ခါတစ်ရံဝယ် လေးနက်စွာဖြင့် ယဉ်ကျေးမှုကိုပင် ရိုးရာယဉ်ကျေးမှုဟုလည်း တင်စားကြသည်။ ဥပမာဆိုရလျှင် အဘိုးတို့က ပုဆိုး တိုက်ပုံဝတ်ခဲ့သည်။ အဖေကလည်း ပုဆိုး၊ တိုက်ပုံ ဝတ်ခဲ့သည်။ အဘိုးတို့၊ အဖေတို့ ပုဆိုး၊ တိုက်ပုံဝတ် ခဲ့ခြင်းသည် ရိုးရာဖြစ်သည်။ ပုဆိုး၊ တိုက်ပုံဝတ်ခဲ့ ကြခြင်းကို သမိုင်းတွင် ရေးထိုးခဲ့ကြသည်။ ရိုးရာ သည်သမိုင်းဖြစ်လာ၍ သမိုင်းသည် ယဉ်ကျေးမှုပင် ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုသည် မြန်မာ့သမိုင်း ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီစွာ ဝတ်စားဆင်ယင်မှုများ၊ နေထိုင်စားသောက်မှုများ၊ ပြုမူဆက်ဆံမှုများ၊ စာပေ၊ ဂီတ၊ သဘင်၊ ပြဇာတ် စသည့် အနုပညာများ၊ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုများ အစရှိသည့် အကြောင်းအရာများသည် လူငယ်တို့ ထိန်းသိမ်းရမည့်အရာများပင်ဖြစ်သည်။
ယဉ်ကျေးမှုဟုဆိုရာ၌ Culture နှင့် Civilization တို့သည် ရောထွေးသွားပြန်သည်။ လူမှုဗေဒပညာ ရှင်များကမူ Culture နှင့် Civilization တို့သည် တသီးတခြား စည်းခြားသတ်မှတ်ထားသောအရာ များဟု ပြတ်သားစွာ ပြောကြသည်။ Culture သည် အဆုံးသတ်ရလဒ်ဖြစ်ပြီး Civilization သည် ယင်းရလဒ်အတွက် နည်းလမ်းဟုဆိုကြသည်။ ယဉ်ကျေးမှု(Culture) တစ်ခုတည်း၊ ယဉ်ကျေးမှု သက်သက်၌ စံတန်ဖိုးမပါသော်လည်း လူမှုဘဝ တိုးတက်မှု (Civilization)ကို အကဲဖြတ်တိုင်းတာ ရာတွင် ယဉ်ကျေးမှုသည် မရှိမဖြစ် ပါဝင်လာရသည်။ ယဉ်ကျေးမှုသည် မျက်နှာစာ၌ အမြဲနေနေခြင်း မဟုတ်ပါချေ။ ခေတ်မီလူ့အဖွဲ့အစည်းကမူ ရှေ့သို့ ထိုးထွက်တတ်သည့်သဘော ရှိလေသည်။ သို့ကြောင့်ပင် ခေတ်မီလူ့အဖွဲ့ အစည်းအတွင်းရှိ လူငယ်တို့နှင့် ယဉ်ကျေးမှုစံနှုန်းများနှင့် ယဉ်ကျေးမှု ကို ထိန်းသိမ်းသောသူများအကြား ပွတ်တိုက်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ယဉ်ကျေးသော လူ့အဖွဲ့ အစည်းတစ်ရပ်သည် Civilization များ ထွန်းကားခြင်းမဟုတ်ဘဲ Culture ဖွံ့ဖြိုးမှု အားကောင်းရန် တောင်းဆိုခြင်းသာဖြစ်သည်။ တောင်းဆိုသင့်သောအရာလည်းဖြစ်သည်။
ကြီးမားသောအပြောင်းအလဲသုံးခု ဖြစ်ပေါ်
လူ့သမိုင်း၏ ဖြစ်ပေါ်တိုးတက်မှုတွင် ကြီးမား သောအပြောင်းအလဲသုံးခု ဖြစ်ပေါ်ခဲ့သည်ဟု ဆိုကြသည်။ ယင်းကို လှိုင်း(wave)ပမာ တင်စားကြသည်။ ပထမလှိုင်းသည် လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှု ဖြစ်ပြီး ဘီစီ ၈၀၀၀ မှ အေဒီ ၁၆၅၀-၁၇၅၀ အထိ နှစ်ပေါင်းတစ်သောင်းခန့်ကြာမြင့်ခဲ့သည်။ ထိုကာလ သည် အပြောင်းအလဲနှေးကွေးသည့်လှိုင်းပင် ဖြစ်သည်။ ဒုတိယလှိုင်းမှာ စက်မှုယဉ်ကျေးမှု ဖြစ်သည်။ အေဒီ၁၆၈၀-၁၉၈၀အထိနှစ်ပေါင်းသုံးရာ ခန့် ကြာမြင့်သည်။ ထိုကာလတွင် ပြင်သစ် ရူပဗေဒ ပညာရှင် ဒင်းနစ်ပစ်ပင်က ရေနွေးငွေ့ အင်ဂျင်၊ သောမက်စ်နယူးကိုမင်းက အင်ဂျင်တို့ကို တီထွင် ဖန်တီးနိုင် ခဲ့သည်။ တတိယလှိုင်းကာလကို ၁၉၈၀ ပြည့်နှစ်မှ ယနေ့အထိဟု ဆိုကြသည်။ ထိုလှိုင်း ခေတ်ကို အာကာသခေတ်၊ သတင်းခေတ်၊ အီလက်ထရွန်နစ်ခေတ်၊ ကမ္ဘာ့ရွာ၊ စက်မှုလွန်ခေတ် ဟု အမျိုးမျိုး တင်စားခေါ်ဝေါ်ကြသည်။ ကမ္ဘာ့ရွာဟု ဆိုသည့်အတိုင်း ကမ္ဘာအနှံ့ဖြစ်စဉ် (Globalization) သည်လည်း သက်ရောက်လာတော့သည်။ ယဉ်ကျေးမှု အထွေထွေ၊ လူမျိုးအများအပြား၊ စရိုက်ပေါင်းစုံကို မြင်ရတွေ့ရလာပြီး မိမိအမျိုးသားယဉ်ကျေးမှုကို စည်းထိန်းသိမ်းရာ၌ စိန်ခေါ်မှုများ ရှိလာတော့ သည်။ နိုင်ငံတစ်ခုအတွင်းမှာပင်ရောထွေးယှက်နွှယ် လာသည့် ဗဟုယဉ်ကျေးမှုများ ဖြစ်ပေါ်လာသည်။ ထိုအခါ ယဉ်ကျေးမှုချင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ် စေ၊ ပေါင်းစပ်ခြင်းဖြစ်စေ ဖြစ်လာနိုင်သည်။ စိုးရိမ် စရာကောင်းသည်။ ယဉ်ကျေးမှုရှော့ခ် (Culture Shock) ရသွားနိုင်သည်ဟု ဆိုကြသည်။
ဆိုကရေးတီးပြိုင်ပွဲမျိုးဖြင့် ထိန်းသိမ်း
Globalization ကြောင့်ပင် ယဉ်ကျေးမှု တစ်သားတည်းဖြစ်ခြင်း (Homogenization)၊ ယဉ်ကျေးမှု နှစ်ခြမ်းကွဲခြင်း (Polarization)နှင့် ယဉ်ကျေးမှုမျိုးကွဲခြင်း၊ ပေါင်းစပ်ခြင်း (Hybridization) တို့ ဖြစ်လာ နိုင်သည်။ ယဉ်ကျေးမှု တစ်သားတည်းဖြစ်လာခြင်းဆိုသည်မှာ အနောက်တိုင်း သို့မဟုတ် အမေရိကန် ပုံစံအတိုင်း ဖြစ်လာ ခြင်းကိုဆိုသည်။ ယဉ်ကျေးမှုနှစ်ခြမ်းကွဲခြင်းဆို သည်မှာ အနောက်တိုင်း Globalization နှင့်ယင်းကို ဆန့်ကျင်သူများအကြား ယဉ်ကျေးမှုအရ စစ်ပွဲများဖြစ်ပွားခြင်းပင်ဖြစ်သည်။ ယဉ်ကျေးမှု မျိုးကွဲခြင်း၊ ပေါင်းစပ်ခြင်းတွင် ကွဲပြားခြားနားသော ယဉ်ကျေးမှုများ ပေါင်းစည်းခြင်းပင် ဖြစ်သည်။ စာပေနှင့် အနုပညာနယ်ပယ်တွင် ဖြစ်ပေါ်နိုင်သည် ဟုဆိုသည်။ နိုင်ငံအချင်းချင်း ယဉ်ကျေးမှုဖလှယ်ရာ မှလည်း ပေါ်ပေါက်နိုင်သည်။ Globalization ဖြစ်စဉ် တွင် ယင်းရေစီးကြောင်း အားသန်မှုကို တားဆီး၍ မရနိုင်ချေ။ လုပ်နိုင်သည်မှာ မိမိတို့အတွက် အကျိုး ဖြစ်ထွန်းမှုကိုရယူပြီး တစ်ဖက်တွင်လည်း အမျိုးသား ယဉ်ကျေးမှုလက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းခြင်းပင် ဖြစ်သည်။ ဥပမာပြရလျှင် ဆိုကရေးတီး ပြိုင်ပွဲမျိုးဖြင့် လုပ်နိုင်သမျှ ထိန်းသိမ်း ခြင်းပင်ဖြစ်သည်။
Globalization အရ ယဉ်ကျေးမှု ဝါးမျိုရန် လွယ်ကူသောနေရာသည် လူငယ်တို့ပင်ဖြစ်သည်။ ထိုအခါ လူငယ်တို့နှင့် ယဉ်ကျေးမှုအကြား ပွတ်တိုက်မှုများ ရှိလာကြသည်။ မြန်မာ့ယဉ်ကျေးမှု နှင့် လူငယ်တို့ အကြား၌လည်း စိန်ခေါ်မှုများရှိလာ ကြသည်။ ထိုစိန်ခေါ်မှုကို ဖြေရှင်းရာတွင် မြန်မာ့ ယဉ်ကျေးမှု သမိုင်းကြောင်းသာမက မျိုးချစ်စိတ်ကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ အသစ် အသစ်သော စိန်ခေါ်မှုများ၊ ပြဿနာများသည် ယနေ့ လူငယ်တို့၏ ယဉ်ကျေးမှုဆိုင်ရာ အသိဉာဏ်(CQ) ပေါ်၌ အခြေခံမည်ဖြစ်သည်။ Culture Intelligence ဟူသည် လူတစ်ဦးက သူ၏ ယဉ်ကျေးမှုဓလေ့ထုံးစံ ကို မြတ်နိုးသကဲ့သို့ အခြားသူ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကိုလည်း အသိအမှတ်ပြုရန်လိုအပ်ခြင်း ဖြစ်သည်။ CQ ကို လူတစ်ဦးချင်း၏ အသိဉာဏ် တိုင်းတာရာအညွှန်းကိန်း (IQ) တိုင်းတာရာ၌ အသုံးပြုသကဲ့သို့ အလားတူ အတိုင်းအတာများဖြင့် တိုင်းတာကြသည်။ cQပို၍ မြင့်မားလာသူများသည် cQ နိမ့်ပါးသော သူများထက် လုပ်ငန်းဆိုင်ရာ ကျင့်သုံးမှုများကို ထိရောက်စွာ အသုံးပြုနိုင်သည်။ မည်သည့် ဝန်းကျင်သို့မဆို အောင်မြင်စွာ ဝင်ဆံ့နိုင်စွမ်းရှိသူများဖြစ်သည်။ ယဉ်ကျေးမှုများအကြား စွမ်းဆောင်ရည်ကို ခန့်မှန်းရန်နှင့် တိုင်းတာရန် နည်းလမ်းပေါ်ဝယ် အခြေခံထားသဖြင့် ယနေ့ လူငယ်တို့၏cQပေါ်၌ များစွာတည်မှီနေလေသည်။
လက်ခံဖွယ်နည်းလမ်းတို့ကို လမ်းသစ်ဖောက်ပြ
မြန်မာ့ယဉ်ကျေးမှုသည် မြန်မာတို့၏ အငွေ့ အသက်တို့ဖြင့် ထုံမွမ်းထားသော ဒြပ်ရှိ၊ ဒြပ်မဲ့အစု အဝေးတို့ပင် ဖြစ်သည်။ ယဉ်ကျေးခြင်းသည် ကောင်းသောလက္ခဏာပင် ဖြစ်သည်။ ယဉ်ကျေးမှု ပပျောက်သည်ဆိုရာ၌ မလိုက်နာခြင်းလည်း ဖြစ်တတ်သည်။ ယဉ်ကျေးမှုကို ကဲကဲလွန်လွန် အားပေးနေခြင်းကြောင့် အမြင်စိမ်းကာ မလိုက်နာ လိုတော့ခြင်းလည်း ဖြစ်နိုင်သည်။ ထိန်းသိမ်းပါဟု လူငယ်တို့ကိုတွန်းတွန်းတိုက်တိုက်ဆိုနေခြင်းထက် နေ့စဉ်လှုပ်ရှားသွားလာရင်း မိသားစုနှင့် ပတ်ဝန်း ကျင် အသိုင်းအဝိုင်းကို ကြည့်မြင်ရင်း ထိန်းသိမ်းရ မည်ဟူသောစိတ်တို့ မွေးမြူလာကြခြင်းသည်သာ ပိုမိုခိုင်မြဲသည့် လုပ်ဆောင်ချက်ဖြစ်သည်။ အလိုလိုက်အကြိုက်ဆောင်ထားရင်းနှင့် လိုအပ်ချိန်မှ ထ၍လိုက်နာစေခြင်းသည် လူငယ်တို့ကို ခက်ခဲစေ သည်။ ယနေ့လူငယ်တို့သည် မြန်မာနိုင်ငံတွင်မွေး၍ မြန်မာမိဘနှစ်ပါးက ပြုစုပျိုးထောင်လာကြသူများ ဖြစ်သည်။ အနာဂတ်မျိုးဆက်သစ်များဖြစ်ကြ၍ မိဘ၊ ဆရာတို့က ချစ်ခြင်း၊ စေတနာထားပြီး မေတ္တာသက်ဝင် ကရုဏာစိတ်နှင့် လမ်းပြပေးနေကြ ခြင်းဖြစ်သည်။ ဆိုရေးရှိက၊ ဆိုအပ်လှ၏။ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့ဟူသော စကားအတိုင်း ဆိုပြောနေကြခြင်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစေခြင်းအား ရှောင်လွှဲ၍မရသော တာဝန်အဖြစ် အတင်းအကျပ် အပ်နှင်းခြင်းမဟုတ်သည်ကို နားလည်သင့်သည်။ လူငယ်ဘဝကို ဖြတ်သန်းလာကြသူများကလည်း မိမိတို့၏ လူငယ်ဘဝအခြေအနေနှင့် ယနေ့လူငယ် တို့ ဖြတ်သန်း နေကြရသည့် ဘဝအခြေအနေတို့ မတူညီနိုင်ကြောင်း နားလည်ပေးသင့်သည်။ ရင်ဆိုင်ဖြတ်သန်းပုံချင်း မတူညီသောကြောင့် ဖြစ်နိုင်ခြေနည်းသည် ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းထက် လက်ခံဖွယ်နည်းလမ်းတို့ကို လမ်းသစ်ဖောက်ပြခြင်းသည်သာ သင့်မည်ထင်ပါသည်။
ယနေ့ လူငယ်တို့အနေဖြင့် မြန်မာ့ယဉ်ကျေးမှုကို နားလည်လက်ခံနိုင်စွမ်းနှင့် အနာဂတ် နိုင်ငံ တော်အပေါ်ထားရှိသည့်သဘောထားသည် မြန်မာ့ ယဉ်ကျေးမှု ကျယ်ပြန့်ခိုင်မာမှုအတွက် အညွှန်း တစ်ရပ်ပင် ဖြစ်သည်။ ယဉ်ကျေးမှုနိမ့်ပါးလာခြင်းသည် လူငယ်တို့၏ အနာဂတ်ခြေလှမ်းအပေါ် သက်ရောက်စေသည်။ အရှိန်အဟုန်ဖြင့် ပြောင်းလဲ နေသည့် ဖွံ့ဖြိုးမှုရေစီးကြောင်းဝယ် လူငယ်တို့၏
ကောင်းမွန်တည်ကြည်သော စိတ်ခန္ဓာဖြင့် မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းကြပါဟု တိုက်တွန်းလိုပါ သည်။ ကူးလူးဆက်နွယ်လာသော ယဉ်ကျေးမှုများ အတွင်းမှ မထင်မှတ်သော အကြောင်းအရာများ ပါဝင်လာတတ်သောကြောင့် ယဉ်ကျေးမှုထိန်းသိမ်း ခြင်းသည် နိုင်ငံတော်ကို ယဉ်ကျေးမှုခံတပ်ဖြင့် တစ်နည်းတစ်ဖုံ ကာကွယ်နေခြင်းဟု ဂုဏ်ယူစွာ ပြောနိုင်ပါလိမ့်မည်။ ဖီလာပြုနေသည့် ပြောဆို ဆက်ဆံခြင်းများ၊ ကြမ်းတမ်းရိုင်းစိုင်းခြင်းများ၊ အကြောက်တရားကင်းမဲ့မှုများ၊ တရားဥပဒေကို အလွယ်တကူ ချိုးဖောက်နေခြင်းများသည် စိုးရိမ်စရာကောင်းသည်။ ယဉ်ကျေးမှုဆုတ်ယုတ် သည့် ပြယုဂ်များပင်ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုက သင်ကြားပြသဆိုဆုံးမမှုများနှင့် အံချော်လျက်ရှိ သည်။ အချိန်မီကုစားကြရန် တိုက်တွန်းလိုပါသည်။ လူငယ်တို့အနေဖြင့် မြန်မာ့ယဉ်ကျေးမှုကို ပိုမို လေးစားတန်ဖိုးထားနိုင်ရန်အတွက် ယဉ်ကျေးမှု ဆိုင်ရာ အသိဉာဏ် (CQ) မြင့်မားစွာဖြင့် ကိုယ်ခံအား
ကောင်းမွန်ကြရန် ကြိုးစားသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။
ကိုဇော်ဌေး(ယဉ်ကျေးမှု)