ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ စံပြကျေးရွာများ ထူထောင်စို့
ခန့်ဇော် (ကျေးလက်)
ကျေးရွာလို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့စိတ်ထဲမှာ အရင်ဆုံးတွေးမြင်မိတာကတော့ နေရာ ကျယ်ကျယ် ဝန်းဝန်းရှိတဲ့ ကွင်းပြင်ကြီးတွေရယ်၊ လတ်ဆတ်တဲ့ အစားအစာ၊ သန့်ရှင်းသောလေ ခံစားနိုင်တဲ့ သာယာလှပတဲ့ နေရာများပဲ ဖြစ်ပါတယ်။ ဒီလို ရိုးရှင်းသာယာ အေးချမ်းတဲ့ ကျေးရွာတွေမှာ နေထိုင် ကြတဲ့ ပြည်သူတွေရဲ့ဘဝ အစဉ်လှပစေဖို့ ၂၁ ရာစု ခေတ်ရေစီး ကြောင်းနဲ့အညီ ခေတ်မီဖွံ့ဖြိုးတိုးတက် စေသော ကျေးလက်လူနေမှုပုံစံများအဖြစ် ပြောင်းလဲ သွားကြဖို့ လိုအပ်လာတာပဲ ဖြစ်ပါတယ်။ ယခုလိုကျေးလက်လူနေမှုပုံစံများ ခေတ်မီ တိုးတက် ပြောင်းလဲ စေဖို့ အတွက် ခေတ်စနစ်နှင့်ကိုက်ညီပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့် တင်သည့် “ခေတ်မီစံပြကျေးရွာ” များကို ထူထောင်ပေးဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ “ခေတ်မီစံပြ ကျေးရွာ ထူထောင်ခြင်း”ဟု ဆိုရာတွင် ကျေးရွာ၏ ရှိရင်းစွဲ အားသာချက်များ၊ ပိုင်ဆိုင်မှုများနှင့် ဖွံ့ဖြိုးရေးအခွင့် အလမ်းများအပေါ်တွင် အခြေတည်ပြီး တည်ဆောက် ထားရှိတဲ့ ကျေးရွာ လူမှုအဖွဲ့အစည်းတွေ၊ ရိုးရာ ယဉ်ကျေးမှုတွေ၊ ဆက်သွယ်မှုတွေနှင့် ဝန်ဆောင်မှုတွေကို ဒစ်ဂျစ် တယ်နည်းပညာများ၊ ဆန်းသစ်တီထွင် မှုများနှင့် ခေတ်မီ အသိပညာများဖြင့် မြှင့်တင် ဆောင်ရွက်ပေးကာ ရေရှည်တည်တံ့သော ကျေးရွာများအဖြစ် တည်ဆောက်ခြင်းပင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်လို့ သူတို့တွေရဲ့ လူနေမှုဘဝအဆင့်အတန်းမြင့်မားရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးမှုအပေါ် များစွာ မူတည် သက်ရောက်လျက်ရှိပါတယ်။ ယခုအချိန်တွင် ကျေးလက်ဒေသများ၌ မိသားစုဝင်ငွေ နည်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်း၊ မြို့များနှင့် ဆက်သွယ်ချိတ်ဆက်ရာ၌ အလှမ်း ကွာဝေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့ရရှိမှု အားနည်းခြင်း၊ ပညာရေး ဆိုင်ရာ စာသင်ကျောင်းများနှင့် ပညာရပ် ကိစ္စရပ်များ ရွေးချယ်ရာ၌ ကန့်သတ် မှုများ ဖြစ်ပေါ် နေခြင်း၊ လူမှုရေး ဆိုင်ရာအခြေခံ အဆောက် အအုံနည်းပါးခြင်း၊ သဘာဝအရင်း အမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မှုနည်းပါးခြင်းတို့ အပြင်အင်တာနက် ချိတ်ဆက်မှု အားနည်းခြင်း တို့သည် ကျေးလက်လူနေမှုဘဝတွင် အကြီး မားဆုံးသော စိန်ခေါ်မှုများပင် ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ၂၀၂၀ ပြည့်နှစ်ဆန်းတွင် စတင်ဖြစ်ပွားခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ ကိုဗစ်-၁၉ ကြောင့် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေရရှိရေးလုပ်ငန်းများ များစွာ ထိခိုက်ခဲ့ရပြီး လူမှုစီးပွားဘဝများအပေါ်ကြီးစွာသောဆိုးကျိုး သက်ရောက်မှုများ ကျရောက် လျက်ရှိပါတယ်။ ဒါ့ပြင် ယခု ၂၁ ရာစုတွင် ကျေးရွာများသည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များပြည့်မီစေရေးအတွက် အရေးကြီးသော အာရုံစိုက်မှုတစ်ခု ဖြစ်လာပါတယ်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှာပဲ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်တဲ့ စက်မှု ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍကပါဝင်လာတဲ့ စတုတ္ထစက်မှု တော်လှန်ရေး (4th Industrial Revolution - 41R) ပေါ်ပေါက်လာပြီး ၎င်းနှင့်အတူဆန်းသစ် တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းလုပ်ငန်း စဉ်များလည်း တစ်ပါတည်း ပေါ်ပေါက် လာပါတယ်။
ကျေးလက်ဒေသများ၌လည်း ခေတ်မီစံပြကျေးရွာ Smart Village စီမံကိန်းများကို အစပြု ဆောင်ရွက်လျက်ရှိကြပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာလည်း နိုင်ငံတော် အစိုးရက ပြည်သူများရဲ့ လူမှုစီးပွားဘဝစဉ်ဆက် မပြတ် ဖွံ့ဖြိုးစေရေးအတွက် လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဘက်စုံပြုပြင်ပြောင်းလဲမှု မူဝါဒများ ချမှတ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိအောင် ဆောင်ရွက်ပေး လျက်ရှိပါတယ်။ တစ်ဆက်တည်းမှာပဲ အဆိုပါကဏ္ဍတို့နှင့် ချိတ်ဆက်ပြီး တီထွင်ဆန်း သစ်မှုများကို အားပေးမြှင့်တင်သည့် ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြု၍ ဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါတယ်။
ရည်မှန်းချက်
မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရန် မျှော်မှန်း၍ လူနေမှုအဆင့် အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေး သည့် ခေတ်မီစံပြကျေးရွာ (Smart Village) များ ထူထောင်နိုင်ရန် ရည်မှန်းပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဌာနဆိုင် ရာများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။
ရည်ရွယ်ချက်
ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေ ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှု အဆင့်အတန်းမြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေး ခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိသော နေချင့်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်၊ ကျေးရွာသူ ကျေးရွာသား များနှင့် ကျေးရွာအသင်း အဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန် ရည်ရွယ် ပါတယ်။
ဆောင်ရွက်မည့် နည်းလမ်း
ပြည်သူဗဟိုပြုစနစ်ဖြင့် ကျေးရွာ၏ လိုအပ်ချက် များဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစု ဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အစုအဖွဲ့/ သမဝါယမစနစ်ဖြင့် ကျေးလက် စီးပွားရေးမြင့်မားရေးဆောင်ရွက်ခြင်းတို့ဖြင့် အကောင် အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ပေးရာမှာ အခြေခံအဆောက်အအုံလိုအပ်ချက်များ၊ ဝင်ငွေတိုးပွားရေးဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေပြုကုန်ထုတ်လုပ်ငန်းများအပြင် မြို့ပြနှင့် မခြားအစိုးရ၏ ဝန်ဆောင်ပေးမှုများကို စုံစုံလင်လင် ပြည့်ပြည့်စုံစုံဖြစ်အောင် ဌာနစုံမှ ပူးပေါင်း ဆောင်ရွက်မည့် ပုံစံပဲဖြစ်ပါတယ်။
ဆောင်ရွက်မည့်နေရာ
ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆိုင်ရာဌာနအလိုက် ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ယခု Pilot အဖြစ် ဆောင်ရွက်မည့် စံပြကျေးရွာ စီမံကိန်းကိုတော့ ပျဉ်းမနားမြို့နယ် ကျွန်းဦး ကျေးရွာ၊ လယ်ဝေးမြို့နယ်သော်မှော်ကုန်းကျေးရွာ နှင့် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာတို့မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်/တိုင်းဒေသကြီးအားလုံးမှသုံးစီ ရွေးချယ်ကာ ဆောင်ရွက်သွားဖို့ စီစဉ်လျက် ရှိပါတယ်။
စီမံကိန်းကာလ
စီမံကိန်းကာလမှာ ၂၀၂၁ -၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ (၂ နှစ် ၆ လ) ဖြစ်ပါတယ်။
ခေတ်မီစံပြကျေးရွာ ထူထောင်ရေးအဓိကလုပ်ငန်းကဏ္ဍများ
ခေတ်မီစံပြကျေးရွာ ထူထောင်ရေးအဓိက လုပ်ငန်းကဏ္ဍများအနေဖြင့် ကျေးရွာအခြေခံ “အဆောက်အအုံများဖွံ့ဖြိုးရေး၊ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာ စီးပွားရေး မြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ် စောင့်ရှောက် ရေး နှင့်သဘာဝ ပတ်ဝန်း ကျင် ကာကွယ်ထိန်းသိမ်းရေးတို့ပဲ ဖြစ်ပါတယ်။
ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ကဏ္ဍတွင် ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၊ လူမှုရေးဆိုင်ရာ အဆောက် အအုံများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထောက်အကူပြု လုပ်ငန်းများကိုဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှု ကဏ္ဍတွင် ကျေးရွာမတည်ရန်ပုံငွေ ထူထောင်ခြင်း၊ အသေးစားငွေကြေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုး မွေးမြူရေး ဆိုင်ရာသွင်းအားစု ကူညီထောက်ပံ့ပေးခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ စက်ကိရိယာများ ထောက်ပံ့ပေးခြင်းနှင့် ပြည်သူ ဝန်ဆောင်မှုဆိုင်ရာ Digital Services နှင့် Digital Payment စနစ်များ ဖွံ့ဖြိုးလာအောင် ဆောင်ရွက် ခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။
ကျေးရွာအသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေး မြင့်မားရေးကဏ္ဍအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာလုပ်ငန်းများ၊ အိမ်တွင်းမှုလက်မှုပညာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသေးစား အလတ်စားစီးပွားရေး လုပ်ငန်းများ၊ စားသောက်ကုန်လူသုံးကုန်အတွက် Value Added ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးလုပ်ငန်းများ၊ ဈေးကွက် အချက် အလက် စုဆောင်းခြင်းနှင့် ဈေးကွက် ချိတ်ဆက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ အသင်းအဖွဲ့များ ခိုင်မာ အားကောင်းစေရေးကဏ္ဍအတွက် ကျေးရွာသ ဝါယမ အသင်းများ၊ စိတ်တူ ကိုယ်တူ (SHG)အဖွဲ့များ ထူထောင်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး အသိပညာပေး အမြင်ဖွင့်သင်တန်းများ ပို့ချခြင်း၊ ပြန်လှန် လေ့လာရေးအစီအစဉ်များ ဆောင်ရွက်ခြင်းများ ပါဝင်မှာ ဖြစ်ပါတယ်။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ကဏ္ဍတွင် ထိခိုက်လွယ်အုပ်စုများအတွက် Cash for work အစီအစဉ်များဆောင်ရွက်ခြင်း၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးပေးခြင်း၊ ကျား-မရေးရာအသိပညာပေးခြင်းများဆောင်ရွက် ခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများထောင် ရွက်ပေးသွားမှာဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးကဏ္ဍအနေဖြင့် ကျေးရွာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲခြင်း၊ အစုအဖွဲ့ပိုင်သစ်တောများ ထူထောင်ခြင်း၊ ကျေးရွာတွင်းနှင့် ဝန်းကျင် စိမ်းလန်းစိုပြည် သာယာ လှပရေးဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာ ပေးခြင်း၊ အစိမ်းရောင်ဖွံ့ဖြိုးရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို SMART Village စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကဏ္ဍအလိုက် တာဝန်ခွဲဝေဆောင်ရွက်မှု
စီမံကိန်း Focal အဖြစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြီး ကဏ္ဍ (၁) အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းအား ကျေးလက်ဦးစီး၊ ကျေးလက်လမ်း ဦးစီး၊ အသေးစားဦးစီး၊ သမဝါယမဦးစီး၊ ကဏ္ဍ (၂) အနေဖြင့် သွင်းအားစုနှင့် ငွေကြေး ထောက်ပံ့ခြင်း လုပ်ငန်းအားသမဝါယမဦးစီး၊ ကျေးလက်ဦးစီး၊ အသေးစားဦးစီး၊ စိုက်ပျိုးရေး ဦးစီး၊ မွေးမြူရေးဦးစီးနှင့် ပုဂ္ဂလိက ကဏ္ဍ (၃) အနေဖြင့် အသက်မွေး ဝမ်းကျောင်းနှင့် ကျေးရွာစီးပွားရေးမြင့်မားရေး လုပ်ငန်းအား သမဝါယမဦးစီး၊ အသေးစားဦးစီး၊ ကျေးလက်ဦးစီး၊ စိုက်ပျိုးရေးဦးစီး၊ မွေးမြူရေးဦးစီး၊ သမတက္ကသိုလ်များနှင့် ပုဂ္ဂလိကများ၊ ကဏ္ဍ (၄) အနေဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် နည်း ပညာဖြန့်ဖြူးခြင်းလုပ်ငန်းအား သမဝါယမဦးစီး၊ ကျေးလက် ဦးစီး၊ အသေးစားဦးစီး၊ စိုက်ပျိုးရေးဦးစီး၊ မွေးမြူရေးဦးစီး၊ သမတက္ကသိုလ်များနှင့် ပုဂ္ဂလိက များ၊ကဏ္ဍ (၅)အနေဖြင့် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းအား ကျေးလက် ဦးစီး၊ လူမှုဝန်ထမ်း ဦးစီး၊ ထွေအုပ်ဦးစီး၊ ကျန်းမာရေးဦးစီး၊ သမဝါယမ ဦးစီး၊ အသေးစားဦးစီးနှင့် လူမှုရေးအသင်းများ၊ ကဏ္ဍ (၆) သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းအား ကျေးလက်ဦးစီး၊ သစ်တောဦးစီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး၊ စိုက်ပျိုးရေးဦးစီး၊ ပြန်/ဆက်ဦးစီး၊ ကျန်းမာရေးဦးစီး၊ လူမှုဝန်ထမ်းဦးစီး၊ သမဝါယမဦးစီး၊ အသေးစားဦးစီး ဌာနတို့မှ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
ဆောင်ရွက်မည့် အစီအစဉ်များ
ခေတ်မီစံပြကျေးရွာ ထူထောင်ရာမှာ လုပ်ငန်း စဉ် (၇) ရပ်ဖြင့် ဆောင်ရွက်သွားမှာဖြစ်ပြီး (၁) ကျေးရွာအချက်အလက်များ ကောက်ယူခြင်း၊ (၂) စီမံကိန်းဒီဇိုင်းအပေါ် သက်ဆိုင်ရာဌာနများမှ အကြံ ဉာဏ်ရယူခြင်းနှင့် ကျေးရွာလူထုထံ အသိပေး မိတ်ဆက်ခြင်း၊ (၃) ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲခြင်း (VDP)၊ (၄) ကျေးရွာမှ ရေးဆွဲထားသော စီမံချက်အပေါ် ဌာနအလိုက် ဆောင်ရွက်မည့် အသေးစိတ်လုပ်ငန်းစဉ်များနှင့် ငွေကြေး အစီအစဉ်များ ရေးဆွဲခြင်း၊ (၅) လုပ်ငန်း များ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (၆) စောင့်ကြည့်စစ်ဆေး အကဲဖြတ်ခြင်းနှင့် အစီရင် ခံတင်ပြခြင်း၊ (၇) အခြားပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင် ဆောင်ရွက်ရန် အသိပညာမျှဝေခြင်း၊ Knowledge Exchange လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို အစီအစဉ်အလိုက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရေးဆွဲခြင်း
SMART Village ထူထောင်ရာတွင် ကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏ပကတိ အခြေအနေ များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျရေးဆွဲပြုစု ထားသော ကဏ္ဍအလိုက်ပါဝင်သည့် ဖွံ့ဖြိုးရေးအစီ အစဉ်တစ်ရပ်ဖြစ်သည့် ကျေးရွာ ဖွံ့ဖြိုးတိုး တက် ရေးစီမံကိန်းရေးဆွဲခြင်းကို အခြေခံ၍ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
ထိုသို့ ဆောင်ရွက်ရာမှာ ကျေးရွာသူ ကျေးရွာ သားများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း နည်းဖြင့် ကျေးရွာ၏ လိုအပ်ချက်များကို လူမှုစီးပွား ဘဝအခြေအနေဆန်းစစ်ခြင်း (PRA) ကို အသုံးပြု၍ ကျေးရွာ၏ အခြေခံအချက်အလက်များဖြစ်တဲ့ လူဦးရေ၊ လုပ်သား၊ သဘာဝ အရင်းအမြစ်၊ ထိခိုက် လွယ်မှုနှင့် အိမ်ထောင်စုအလိုက် ဥစ္စာဓနခွဲခြားခြင်းများ ကောက်ယူခြင်း၊ ရရှိလာသော အချက်အလက် များအပေါ် အခြေခံပြီး ကျေးရွာ၏ လက်ရှိကဏ္ဍ အသီးသီးရှိ အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုအခြေအနေများကို လေ့လာဆန်းစစ် ခြင်း၊ ထိုမှ တစ်ဆင့် ကျေးရွာဖွံ့ဖြိုးရေးကို အထောက် အပံ့ဖြစ်စေသော အခြေအနေကောင်းများ၊ အဟန့် အတား စိန်ခေါ်မှုများကို ဖော်ထုတ်ခြင်း၊ ဖော်ထုတ် ရရှိမှုများကို အခြေခံ၍ ကျေးရွာဖွံ့ ဖြိုးရေးဗျူဟာ ရေးဆွဲခြင်းနှင့် ဦးစားပေးဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဖော်ထုတ်၍ ကဏ္ဍစုံ လွှမ်းခြုံသော ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံချက်ကို ရေးဆွဲသွားမှာ ဖြစ်ပါတယ်။
ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းခြင်း
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရန်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ကျေးရွာလူထု၏ ပူးပေါင်း ဆောင်ရွက်မှုရရှိရန် စည်းရုံးဆောင်ရွက်ခြင်း၊ လိုအပ်သော အထောက်အပံ့များရရှိရန် ပြင်ပအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ခြင်းအပြင် အဖွဲ့ အစည်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် ဖွံ့ဖြိုးရေးကိစ္စ များအတွက် ညှိနှိုင်းခြင်းတို့ ဆောင်ရွက် နိုင်စေရန် အတွက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုကျေးရွာ ဖွံ့ဖြိုး ရေးကော်မတီသည် ကျေးရွာနေပြည်သူများမှ ရွေးကောက်တင်မြှောက်သည့် အဖွဲ့ အစည်းတစ်ရပ် ဖြစ်ပြီး ကော်မတီဝင်အရေအတွက်ကို ခုနစ်ဦးထက် မနည်း ၁၁ ဦးထက် မပိုစေဘဲ အမျိုးသား၊ အမျိုး သမီး အချိုးညီစွာ ထည့်သွင်းပါဝင်ဖွဲ့စည်းစေမှာ ဖြစ်ပါတယ်။
ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၏ လုပ်ငန်းတာဝန်များ
ဖွဲ့စည်းထားရှိတဲ့ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီ အနေဖြင့် စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ်ကို ဦးဆောင်ခြင်း၊ ကျေးရွာရှိ အခြားဖွံ့ ဖြိုးရေးဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင် ရွက်ခြင်း၊ ကျေးရွာအတွင်းရှိ အဖွဲ့ အစည်းစနစ် ခိုင်မာ အားကောင်းစေရန် ဆောင်ရွက်ခြင်း၊ ဖော်ထုတ် ထားသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သောအရင်းအမြစ်များ ရှာဖွေနိုင်ရန် ကျေးရွာအတွင်းရှိအဖွဲ့အစည်းများကို တာဝန်ခွဲဝေသတ်မှတ် ပေးခြင်း၊ စွမ်းဆောင် ရည်မြှင့်တင်ရေး အစီအစဉ်များ ရေးဆွဲဆောင်ရွက်ခြင်း၊ လုပ်ငန်းအကောင် အထည်ဖော်ရာတွင် ကြီးကြပ်ခြင်း၊ အကဲဖြတ်ခြင်း၊ ကျေးရွာအဖွဲ့ အစည်းများနှင့် ညှိနှိုင်းအစည်းအဝေး ပုံမှန် ကျင်းပခြင်း၊ လုပ်ငန်းများ ပြုပြင်ထိန်းသိမ်းရေး နှင့် လည်ပတ်ရေး တို့အတွက် ငွေကြေးနှင့် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များ ချမှတ်ရာတွင် ဦးစီး ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။
ကြီးကြပ်စစ်ဆေးခြင်း
စီမံကိန်း၏ လုပ်ငန်းပိုင်းဆိုင်ရာတိုးတက်မှု (Physical Progress) နှင့် ငွေကြေးပိုင်းဆိုင်ရာ တိုးတက်မှု (Financial Progress) တို့ကို စနစ်တကျ ကြီးကြပ်စစ်ဆေးသွားပါမယ်။ ၎င်းစစ် ဆေးခြင်းကို သုံးလပတ်အစီအစဉ်ဖြင့် ဆောင်ရွက်သွားမှာဖြစ်ပြီး ကြီးကြပ်စစ်ဆေးခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့် သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်းအလိုက် တာဝန်ယူဆောင်ရွက်နေသော အဖွဲ့အသီးသီး၊ ကော်မတီ အသီးသီးတို့က မိမိတို့တာဝန်ကျရာ ကဏ္ဍအလိုက် စစ်ဆေးသုံးသပ်ရေး စီမံဆောင်ရွက် သွားပါမယ်။ အဖွဲ့ အသီးသီး၊ ကော်မတီအသီးသီးတို့က မိမိတို့၏ စီမံကိန်းဆိုင်ရာ ကနဦး သတင်းအချက်အလက်များ (Baseline) ရရှိအောင် ဆောင်ရွက် ထားပါတယ်။ ယင်းအချက် အလက်များကို အသုံးပြု ၍ စီမံကိန်း၏တိုးတက်မှုကို တိုင်းတာမည့်ညွှန်ကိန်း (Indicators) များ ဖော်ထုတ်ပါမယ်။ သုံးလပတ် ကုန်ဆုံးချိန်တိုင်းတွင် ကော်မတီနှင့် အဖွဲ့အသီးသီးသည် ၎င်းတို့၏ ကြီးကြပ်စစ်ဆေးမှုတွေ့ရှိချက် အစီရင်ခံစာ (Monitoring Report)ကို ကျေးရွာလူထု အစည်းအဝေး၌ အစီရင်ခံတင်ပြမည်ဖြစ်ပြီး သုံးလပတ် ကြီးကြပ်စစ်ဆေးမှုအစီရင်ခံစာတွင် (က)လုပ်ငန်းပိုင်းဆိုင်ရာတိုးတက်မှု (Physical Progress)၊ (ခ)ငွေကြေးဆိုင်ရာတိုးတက်မှု (Financial Progress) တို့ ပါဝင်မှာ ဖြစ်ပါတယ်။
စောင့်ကြည့်စစ်ဆေးအကဲဖြတ်ခြင်းနှင့်ဝေဖန်အကြံပြုတိုင်ကြားခြင်းစနစ်
စောင့်ကြည့်စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်း အနေဖြင့် ကျေးရွာလူထုကိုယ်တိုင်မှ စောင့်ကြည့် စစ်ဆေးခြင်း Social Audit ပြုလုပ်ခြင်း M&E ပုံစံများ ပြုစု၍ လုပ်ငန်းတိုးတက်မှု၊ ဆောင်ရွက်မှု အခြေအနေများအား စောင့်ကြည့်စစ်ဆေးခြင်း၊ ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် တာဝန်ရှိ သူများမှ ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဝေဖန်အကြံပြုတိုင်ကြားခြင်းစနစ် အနေဖြင့် မကျေနပ်ချက်များ၊ အကြံပြုချက်များရှိခဲ့ပါက (က) အစည်းအဝေးများတွင် တင်ပြအကြံပြုခြင်း၊ (ခ) တယ်လီဖုန်း၊ (ဂ) စာဖြင့် (ဃ) Email social media တို့မှတစ်ဆင့် အကြံပြုတိုင်ကြားရန် စီစဉ်ပါမည်။ဆက်သွယ်ရန် အမည်၊ ဖုန်းနံပါတ်များ ဖြန့်ဝေထားပါမည်။
အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အတွက် Mass Communication ဆောင်ရွက် ပါမယ်။ သတင်းစာ၊ ရုပ်မြင်သံကြား၊ သတင်းမီဒီယာများ၊ Website နှင့် Social Media တို့မှတစ်ဆင့် ထုတ်လွှင့်ခြင်းစသည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း များကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စည်းရုံးဆောင်ရွက်ခြင်း၏ အရေးကြီးပုံ
ဘက်စုံ၊ ကဏ္ဍစုံဆောင်ရွက်ရသောစီမံကိန်းများ တွင် Focal အဖြစ် ပင်မဆက်သွယ်တာဝန်ခံရန် ဌာနနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း အခန်း ကဏ္ဍမှာ အလွန်အရေးကြီးပါတယ်။ စီမံကိန်း တစ်ခုလုံးရဲ့ ရည်မှန်းချက် ပြည့်မြောက်ရန်အတွက် အဖွဲ့အစည်းအသီးသီးရဲ့ ရည်မှန်းချက် နှင့် ကဏ္ဍအလိုက်ဆောင်ရွက်ချက်များ ဟန်ချက်ညီညီ အဆင်ပြေ ချောမွေ့အောင် ပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ခြင်းဟာ အနုပညာမြောက်ပြီး စိတ်စေတနာအရင်းခံ၍ စိတ်ရှည် သည်းခံရန် လိုအပ်ပါတယ်။ ငါနှင့်မဆိုင်၊ ငါ့ကဏ္ဍမဟုတ် ငါ့ဌာနအလုပ်မဟုတ်ဟူ၍ ထား၍မရပေ။ စီမံကိန်းရည်မှန်းချက် အောင်မြင် အောင် စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် နေရန် လိုအပ်ပါတယ်။
မျှော်မှန်းရလဒ်များ
မျှော်မှန်းချက်များအနေဖြင့် -
(က) စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေ
(ခ) မြို့ပြကဲ့သို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျ ပုံမှန်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊
(ဂ) ကျေးရွာစိတ်ဓာတ်၊ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်များရှင်သန်ပြီး ကျေးရွာရှိ အသင်းအဖွဲ့ စနစ်များ ခိုင်မာအားကောင်း၍ တုံ့ပြန်နိုင်စွမ်း အားကောင်းသော လူအဖွဲ့အစည်းများ ဖြစ်ပေါ် လာစေရေး။
ကိုယ်တိုင်လုပ်မှရ
ဤစီမံကိန်းမှာ ဌာနဆိုင်ရာများမှ လိုအပ်သည်များ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် နိုင်ငံသူနိုင်ငံသားများ ဘေးကင်းလုံခြုံပြီး စားနပ်ရိက္ခာဖူလုံရေးမှာ နိုင်ငံတော် အစိုးရ များရဲ့ တာဝန်များ ဖြစ်ပါတယ်။ တစ်ဖက်မှလည်း နိုင်ငံသားတိုင်း ကျေးရွာသူ ကျေးရွာ သားများ ကိုယ်တိုင် လုပ်ချင်စိတ်၊ ကြိုးစားလိုစိတ်၊ ဖြစ်ချင် စိတ်ဖြင့် ကျေးရွာစိတ်ဓာတ် အပြည့်ဖြင့် ငါတို့ရွာ၊ ငါတို့စီမံကိန်း၊ ငါတို့မှာ တာဝန်ရှိတယ်ဟူသည့် အသိဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်၊ ရေရှည်ခံမည်၊ ကျေးရွာ ဦးဆောင်သူ ခေါင်းဆောင် များ အမြော်အမြင် ရှိရှိ စိတ်စေတနာကောင်းဖြင့် ဦးဆောင်ကြမှသာ ဟန်ချက် ညီသော အဖွဲ့အစည်းဖြစ်လာပြီး ဖွံ့ဖြိုးရေး အသီးအပွင့်များကို အတူတူရရှိခံစားနိုင်မည် ဖြစ်ပါ တယ်။ ကောက်ရိုးမီးလို တစ်ခဏတာ မဟုတ်ဘဲ ရေရှည်ကျေးရွာစိတ်ဓာတ် အပြည့်ဖြင့် နေ့စဉ် နေ့တိုင်း ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ ကျေးရွာများကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော စံပြကျေးရွာများ အဖြစ် အတူတကွ လက်တွဲ ပူးပေါင်းပြီး ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်း ပြောကြား လိုက်ပါတယ်။ ။
ကိုးကား
- ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံချက်
- ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေးလက်စွဲ