မြန်မာနိုင်ငံ၏ ဥပဒေအကျိုးဆောင်အဖွဲ့ ခေါင်းဆောင်နှင့် ရှေ့နေဖြစ်သူ Mr. Christopher Staker ၏ ဒုတိယအကြိမ် လျှောက်လဲချက်
ကနဦးကန့်ကွက်လွှာ၏ စတုတ္ထကန့်ကွက်ချက်
နိဒါန်း
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ-
၁။ မြန်မာနိုင်ငံ ကနဦးကန့်ကွက်လွှာရဲ့ စတုတ္ထကန့်ကွက်ချက်ဟာ ဂမ်ဘီယာနိုင်ငံက တရားစွဲ လျှောက်ထားမှုကို တင်သွင်းတဲ့အချိန်မှာ ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံကြားမှာ အငြင်းပွားမှု မရှိခဲ့တဲ့အတွက် တရားရုံးမှာ စီရင်ပိုင်ခွင့်မရှိဘူး ဒါမှမဟုတ် အဲ့လိုလျှောက်ထားမှုကို လက်ခံ ဆောင်ရွက်ခြင်းမပြုနိုင်ဘူးဆိုတာကို ကန့်ကွက်တဲ့အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။
၂။ တရားစွဲဆိုခြင်းမပြုမီ စာချုပ်ဝင်များအကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ခြင်းမရှိရင် တရားရုံးအနေနဲ့ ယင်းအပေါ်စီရင်ပိုင်ခွင့်ကျင့်သုံး နိုင်ခြင်းမရှိဘူးဆိုတာ ကောင်းစွာလက်ခံထားကြပြီးဖြစ်ပါတယ်။ ၃။ ဂမ်ဘီယာနိုင်ငံက အခြားအမှုများနည်းတူ ယခုအမှုမှာ ဒီသတ်မှတ်ချက်ကို လက်ခံဆောင်ရွက် ထားပါတယ်။
၄။ ဂမ်ဘီယာနိုင်ငံကရှိနှင့်ပြီး ကြိုတင်အငြင်းပွားမှုကိုသက်သေပြရန်မှာ လျှောက်ထားသူ၏ တာဝန် ဖြစ်တယ် ဆိုတဲ့အချက်ကို အငြင်း ပွားခြင်းမရှိပါ။
၅။ တရားသူကြီးမင်းများ ဆုံးဖြတ်ရမယ့် အကြောင်းအရာမှာ ဂမ်ဘီယာနိုင်ငံက ဒီလိုသက်သေပြရမယ့် တာဝန်ကို ပြီးဆုံးအောင်ဆောင်ရွက်ခဲ့လား ဆိုတဲ့အချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဂမ်ဘီယာက ၎င်းရဲ့ သက်သေပြရန်တာဝန်ကို ဆောင်ရွက်ခဲ့ခြင်း မရှိဘူးဆိုတာကို တင်ပြလိုပါတယ်။
၆။ ဘာအကြောင်းကြောင့် ရှင်းလင်းတင်ပြနေရသလဲဆိုပါက အငြင်းပွားမှုဟာ ကြိုတင်ရှိပြီး ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဦးစွာတင်ပြလိုပါတယ်။ ဒါ့အပြင် ယခုအမှု၏ အခြေအနေများကို ရှင်းလင်းတင်ပြသွားပါမယ်။
ဥပဒေဆိုင်ရာလိုအပ်ချက်များ
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ-
၇။ ဥပဒေဆိုင်ရာလိုအပ်ချက်များကို ဦးစွာတင်ပြလိုပါတယ်။
၈။ ဦးစွာ သဘောတူညီချက်ဆိုတဲ့အချက်ကို မှတ်သားရပါတယ်။ အမှုမှာ ပါဝင်သူ (၂) ဦးလုံးဟာ အငြင်းပွားမှု ကြိုတင်ရှိပြီးဖြစ်ခြင်းက အမိကမေးခွန်းဖြစ်ပြီး လုပ်ထုံးလုပ်နည်း သို့မဟုတ် ပုံစံတစ်ခုခုနှင့် သက်ဆိုင်ခြင်းမရှိပါ။
၉။ ဆိုလိုရင်းမှာ အငြင်းပွားမှုတစ်ရပ်ပေါ်ပေါက်ရန် အထူး သတ်မှတ်ချက်များ လိုအပ်ခြင်း မရှိခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်အားဖြင့် အထူးသတ်မှတ်ချက်များဟာလည်း အမှန်တကယ် လုံလောက်ခြင်းမရှိပါ။ အားလုံးသော အငြင်းပွားမှုများဟာ အမှုတစ်ခုချင်း၏ သီးခြားအကြောင်း အရာများအပေါ်တွင် တည်မှီပါတယ်။ ယင်းကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ရမည် ဖြစ်ပါတယ်။
၁၀။ ဤအကြောင်းအရာများဟာ လိုအပ်ချက် (၄) ချက်နဲ့ ကိုက်ညီ ရန် လိုအပ်ပါတယ်။
၁၁။ ပထမ အချက်မှာ ကြိုတင်ရှိပြီးဖြစ်တဲ့ အငြင်းပွားမှုသည် တရားရုံးသို့ စွဲဆိုတင်ပြရာမှာပါဝင်တဲ့ အမှုသည်များအကြား တင်ပြသော အငြင်းပွားမှုဖြစ်ရပါမယ်။
၁၂။ ဒုတိယအချက်အနေနဲ့ အဓိကအငြင်းပွားမှုဟာ ဥပဒေကြောင်းအရ အငြင်းပွားမှု ဖြစ်သင့်ပါတယ်။ တရားရုံးက ဥပဒေ ကြောင်းအရ အငြင်းပွားမှုကိုသာ ဖြေရှင်းနိုင်တယ်ဆိုတာ ထင်ရှား နေပါတယ်။ အဓိကအငြင်းပွားမှုသည် လျှောက်ထားချက်တွင်ပါတဲ့ အငြင်းပွားမှုအတိုင်း တူညီတဲ့ အငြင်းပွားမှု ဖြစ်နေပါက ဥပဒေကြောင်းအရ အငြင်းပွားမှုသာ ဖြစ်သင့်ပါတယ်။ ဆိုလိုတာက ဥပမာအားဖြင့် နိုင်ငံရေးသဘောသဘာဝကို ဦးစားပေးမှုဟာ လုံလောက်မှု မရှိပါ။
၁၃။ အဆိုပါ ပထမလိုအပ်ချက် (၂) ချက်သည် ကနဦးအငြင်းပွားမှုရဲ့ အဓိကအနှစ်သာရပင် ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံသည် အဆိုပါ အချက်များဖြစ်ပေါ်သည်ကို သိသာထင်ရှားစွာ တင်ပြနိုင်ခြင်းမရှိခဲ့ပါ။ ဒါပေမယ့် နောက်လိုအပ်ချက် (၂) ချက်ကို အငြင်းပွားနေပါတယ်။
၁၄။ တတိယလိုအပ်ချက်မှာ နှစ်ဖက်အငြင်းပွားသူတို့ဟာ ၎င်းတို့၏ ရပ်တည်ရာကို သတိပြုသင့် ပါတယ်။
၁၅။ နှစ်ဖက်အငြင်းပွားသူတို့သဘောထားကွဲလွဲနေတာ ပေါ်လွင် နေပေမယ့် တစ်ဖက်၏အမြင်ကို တစ်ဖက်မသိပါက ၎င်းတို့အကြား အငြင်းပွားမှုမရှိပါ။ နှစ်ဖက်အငြင်းပွားသူအချင်းချင်းအကြား တစ်ဖက် အမြင်ကို တစ်ဖက်က သိနေမှသာ အငြင်းပွားမှု ပေါ်ပေါက်မှာဖြစ်ပါ တယ်။ Judge Owada ပြောသလို “သဘောမတူတဲ့အချက်ကို ဥပဒေကြောင်းအရ အငြင်းပွားမှုအဖြစ် ပြောင်းလဲခြင်းက နှစ်ဖက်အငြင်းပွား သူတို့၏ objective awareness ဖြစ်တယ်။ Right of Passage အမှုမှာ ဖြစ်စဉ်များဟာ နှစ်ဖက်အငြင်းပွားသူများကို ၎င်းတို့အကြား ဥပဒေကြောင်းအရ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးရန် ဖြစ်ပေါ်စေခဲ့ခြင်းရှိမရှိကို မေးမြန်းခဲ့ပါတယ်။
၁၆။ ဒီတတိယလိုအပ်ချက်ဟာ မြန်မာနိုင်ငံကို တိတ်ဆိတ်စွာ နေနိုင်ရန်ခွင့်ပြုထားပြီး ဂမ်ဘီယာအနေနဲ့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို မသိနိုင်အောင် တားဆီးထားတဲ့အတွက် တစ်စုံတစ်ရာ အငြင်းပွားမှု ရှိတယ်လို့ မဆိုနိုင်စေဘဲနဲ့ တရားရုံးရှေ့မှောက် ရုံးတင်တရားစွဲဆိုနိုင်ခြင်းကို ဟန့်တား နေတယ်ဆိုပြီး အခိုင်အမာ စွပ်စွဲပြောကြားလျက်ရှိပါတယ်။
၁၇။ ယင်းမှာ တတိယလိုအပ်ချက်၏ အကျိုးသက်ရောက်မှု မဟုတ်ပါ။ တရားလိုက ဥပဒေကြောင်းအရ တောင်းဆိုမှုပြုခဲ့ပြီး တုံ့ပြန်ရန်အတွက် သင့်လျော်တဲ့အချိန် ကုန်ဆုံးသွားခဲ့ရင် အဆိုပါ တိတ်ဆိတ်နေခြင်းမှ တရားပြိုင်ရဲ့ ရပ်တည်ချက်ကို တရားလိုသည်ကောင်းစွာ သတိပြုနိုင်မှာဖြစ်တယ်။ ဒါပေမယ့် တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ နှစ်ဖက်အငြင်းပွားသူများဟာ တစ်ဖက်နှင့် တစ်ဖက်ရဲ့ ဆန့်ကျင်ဘက်အမြင်ကို သတိပြုသင့်ပါတယ်။
၁၈။ ဂမ်ဘီယာထင်မြင်ချက်နဲ့ ဆန့်ကျင်ပြီး တရားရုံးက တစ်ခါမျှ ပြောဆိုခဲ့ခြင်းမရှိပါ။ Marshall Islands အမှုတွင် တရားရုံးက တရားပြိုင်သည် တရားလို၏ရပ်တည်ချက်ကို သတိမပြုခဲ့တဲ့ အတွက် တရားလိုဟာ တရားပြိုင်ရဲ့ ရပ်တည်ချက်ကို သတိပြုခဲ့ခြင်း ရှိ-မရှိကို ဆုံးဖြတ်ရန်ပင် လိုအပ်တော့မည်မဟုတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးက အငြင်းပွားမှုသည် တရားပြိုင်၏ နှုတ်ဆိတ်နေမှုမှ ကောက်ချက်ချနိုင်တဲ့အတွက် တရားလိုသည် တရားပြိုင်၏ နှုတ်ဆိတ် နေမှုရှိ-မရှိ၊ တစ်ဖက်ရဲ့ ရပ်တည်ချက်ကို သတိပြုသင့်ကြောင်း ပြောခဲ့ပါတယ်။
၁၉။ တတိယလိုအပ်ချက်သာမရှိခဲ့လျှင် အကျိုးသက်ရောက်မှုဟာ ယခုလိုဖြစ်ပါလိမ့်မယ်။ တရားလိုက တရားပြိုင်ထံသံတမန်စာ (note verbale) မှာ တောင်းဆိုမှုကို ပြုလုပ်ပြီးတာနဲ့ တရားစွဲဆိုမှုကို နောက် တစ်နာရီအကြာတွင်ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ လျှောက်ထားမှု မတိုင်ခင်လေးမှာ အငြင်းပွားမှုရှိရမယ်ဆိုတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာဖြစ်ပြီး တရားပြိုင်က တရားလိုရဲ့ တောင်းဆိုချက်ကို သိသွားပေမယ့်၊ တရားလိုကတော့ တရားပြိုင်ရဲ့ ရပ်တည်ချက်ကို သိစရာလိုမှာ မဟုတ်တော့ပါဘူး။
၂၀။ အဲ့လိုသာဆိုရင် အငြင်းပွားမှု အရင်ရှိပြီးဖြစ်ရမည်ဆိုခြင်းမှာ လုပ်ရိုးလုပ်စဉ်သဘော သက်သက်သာ ဖြစ်နေပါတယ်။ ဘာရည်ရွယ် ချက်ကြောင့်လဲ။ အမှုစွဲဆိုခြင်း မပြုလုပ်မီ ၎င်းတို့၏ ဥပဒေကြောင်းအရ ရပ်တည်ချက်အား ရှင်းလင်းစွာပြောဆိုနိုင်ရန် နှစ်ဖက် အငြင်းပွားသူ များသည် အခွင့်မရရှိခဲ့ပါက ရည်ရွယ်ချက်လည်းရှိမှာမဟုတ်တော့ပါ။ အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်း ဆောင်ရွက်တဲ့ တရားစီရင်ရေးဟာ နိုင်ငံများအကြား အငြင်းပွားမှုများကို ငြိမ်းချမ်း စွာဖြင့် တိုက်ရိုက် ဖြစ်စေ၊ ရင်းနှီးချစ်ကြည်စွာဖြင့်ဖြစ်စေ ဖြေရှင်းဆောင်ရွက်ရသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အဲ့လိုရင်းနှီးချစ်ကြည်စွာ ဖြေရှင်းရာတွင် အငြင်းပွားတဲ့တစ်ဖက်မှ အခြားတစ်ဖက်ရဲ့ အခြေ အနေကို နားလည်သဘောပေါက်စေတဲ့အပြင် ရင်းနှီးချစ်ကြည်စွာ ဖြေရှင်းခြင်းဖြင့် ၎င်းတို့အကြား အငြင်းပွားမှုမရှိတဲ့အထိ ဖြေရှင်း ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် သိသာထင်ရှားစွာဖြင့် ရင်းနှီးချစ်ကြည် စွာဖြေရှင်းတဲ့ နည်းလမ်းတစ်ခုသာဖြစ်နိုင်ပါတယ်။ ရင်းနှီးချစ်ကြည်စွာ ဖြေရှင်းခြင်းမပြုဘဲ တရားစီရင်ရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက် မယ်ဆိုပါက တရားရုံးတွင် မလိုလားအပ်သော အမှုများနဲ့ ဝန်ထုပ် ဝန်ပိုး ဖြစ်စေလိမ့်မည်ဖြစ်ပါတယ်။
၂၁။ စတုတ္ထလိုအပ်ချက်ကိုဆက်လက်တင်ပြပါမယ်။ နှစ်ဖက်အငြင်း ပွားသူများရဲ့ ဥပဒေကြောင်းအရ ဦးစားပေးရပ်တည်ချက်ကို အဖြစ်နိုင် ဆုံး အတိအကျဖော်ပြရမှာ ဖြစ်ပါတယ်။
၂၂။ ဤလိုအပ်ချက်နဲ့ ပတ်သက်ပြီး ဤအယူအဆနမူနာဖြင့် ဖော်ပြလိုပါတယ်။
၂၃။ နိုင်ငံ “က”ကနိုင်ငံ “ခ”ကို “သင်သည် အပြည်ပြည်ဆိုင်ရာဥပဒေ ကို ချိုးဖောက်နေသည်” လို့ ပြောဆိုခဲ့တယ်ဆိုပါစို့။ အဲ့လိုပြောဆိုချက်မှ နိုင်ငံ “ခ” ဘယ်လိုပြုမူနေကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေရဲ့ ဘယ်စည်းမျဉ်းကို ချိုးဖောက်နေလဲဆိုတာ ရှင်းလင်းစွာ မဖော်ပြနိုင်ပါ။ နိုင်ငံ “ခ” က အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ ဘယ်အပိုင်းကို ချိုးဖောက် နေလဲဆိုတာ သတိမပြုမိပါဟု ရိုးရှင်းစွာ တုံ့ပြန်ပါတယ်။ ပြီးတော့ နိုင်ငံ “က” က နိုင်ငံ “ခ” ကို တရားရုံးတွင် တရားစွဲဆိုကာ လျှောက်ထား ချက်တွင် နိုင်ငံ “ခ” ရဲ့ သံသယဖြစ်ဖွယ် လုပ်ဆောင် ချက်များနဲ့ ၎င်းမှ ချိုးဖောက်လျက်ရှိတဲ့ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ စံသတ်မှတ်ချက်တွေကို ထည့်သွင်း ဖော်ပြပါတယ်။ ဒီဥပမာတွင် ကြိုတင်အငြင်းပွားမှုလိုအပ်ချက်က ကျေနပ်ဖွယ် ရှိပါ့မလား။
၂၄။ အဖြေကတော့ ကျေနပ်ဖွယ်မရှိပါ။ ဒီဥပမာမှာ အပြည်ပြည် ဆိုင်ရာဥပဒေကို ချိုးဖောက် နေတယ်ဆိုတဲ့ နိုင်ငံ “က” ရဲ့ စွပ်စွဲချက်ကို နိုင်ငံ “ခ” မှလက်မခံခဲ့ပါ။ ဒါပေမယ့်အကြောင်းခြင်းရာ (substance) အားဖြင့် ကြိုတင်အငြင်းပွားမှုမရှိခဲ့ပါ။ နိုင်ငံ “က” ရဲ့ ထုတ်ပြန် စွပ်စွဲချက်က တရားရုံးမှာ လျှောက်ထားစွဲဆိုချက်ပါကိစ္စနဲ့ တူညီမှုရှိမရှိကို မဖော်ပြနိုင်ပါ။ အမှန်ကတော့ နိုင်ငံ “က” ရဲ့ ယခင်စွပ်စွဲ ထုတ်ပြန်ချက်က ဘယ်ဥပဒေကြောင်းအရ တောင်းဆိုမှုပြုလုပ်နေလဲ ဆိုတာ မသိနိုင်အောင်ပင် သီးခြား လက္ခဏာရပ်များ အလွန်အားနည်း နေပါတယ်။ ၎င်းသည်ဥပဒေကြောင်းအရ တောင်းဆိုမှုပြုနေတယ် လို့ကို မဆိုနိုင်ဘဲ နိုင်ငံရေးအရ ထုတ်ပြန်ချက်တစ်ခုသာ ဖြစ်ပါမယ်။ နိုင်ငံ “ခ” သည် နိုင်ငံ “က” က ဘယ်တောင်းဆိုမှုကိုပြုလုပ်နေတာကို မသိနိုင်ရင် နိုင်ငံ “ခ” ရဲ့ တုံ့ပြန်ချက် ကလည်း ဘယ်တောင်း ဆိုမှုမှာ မဆို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုဖြစ်နိုင်မှာ မဟုတ်ပါ။
၂၅။ ဂမ်ဘီယာနိုင်ငံက ယခုတရားရုံးတွင် တင်ပြခဲ့သကဲ့သို့ မဟုတ်ဘဲ လျှောက်ထားသူအနေနဲ့ တရားရုံးကို တင်ပြခြင်းမပြုမီ ၎င်း၏အချက်အလက်နဲ့ ဥပဒေဆိုင်ရာ တောင်းဆိုချက်များကို အပြည့်အစုံတည်ဆောက်ထားရမှာဖြစ်ကြောင်းကို မြန်မာနိုင်ငံက အငြင်းမပွားပါ။ ၎င်းမှာ အနိမ့်ဆုံး လိုအပ်ချက်တစ်ခုသာလျှင် ဖြစ်ပါတယ်။
၂၆။ အနိမ့်ဆုံးလိုအပ်ချက်ဆိုတာဘာလဲ။ အခြေခံအားဖြင့် မိမိတို့ တင်ပြခဲ့တဲ့ ပထမအဆင့် လိုအပ်ချက် (၃) ခုကို ပြည့်စုံအောင် ဆောင်ရွက်ထားတယ်လို့ သတ်မှတ်နိုင်ရန်အတွက် အမှုသည်များရဲ့ ရပ်တည် ချက်သဘောထားကို တိကျလုံလောက်စွာ ဖော်ပြထားရန် ဖြစ်ပါတယ်။ လျှောက်ထားသူရဲ့ တောင်းဆို ချက်ကို တစ်ဖက်က တုံ့ပြန်ဖြေရှင်းခြင်း မပြုတာကြောင့် အငြင်းပွားမှုဖြစ်ပေါ်တယ်လို့ ပြောရာမှာ အမှန်လေ့လာစိစစ်ရမည်မှာ လျှောက်ထားသူရဲ့ တောင်းဆိုချက်ပင် ဖြစ်ပါတယ်။ နိုင်ငံရေးအရ ကြေညာချက်ဆိုသည်ထက် တကယ့်ဥပဒေဆိုင်ရာ တောင်းဆိုချက်ဖြစ်ကြောင်း ထင်ရှားအောင် လုံလောက်တဲ့အကြောင်းအရာ အတိအကျနဲ့ ဖော်ပြထားသလား။ အဲ့ဒီတောင်းဆိုချက်ဟာ အမှန်တကယ် တရားရုံးကိုတင်ပြတဲ့ လျှောက်ထားချက်ပါ အကြောင်းအရာနဲ့ တူညီကြောင်း ထင်ရှားအောင် လုပ်ထားပါသလား။ တရားပြိုင်ရဲ့ တုံ့ပြန်ချက်သည် တင်ပြထားတဲ့တောင်းဆိုချက်ကို အပြုသဘောဖြင့် ဆန့်ကျင်ခြင်း ဟုတ်-မဟုတ် သိသာထင်ရှားစွာ မှတ်ယူနိုင်သည်အထိ အဓိပ္ပာယ်ရှိရှိ တုံ့ပြန်ဖြေရှင်းနိုင်အောင် တရားပြိုင်ကို လုပ်ပေးထားပါသလား။
၂၇။ အကြောင်းအရာတိကျမှုအတွက် လိုအပ်ချက်ဆိုတာ အမှု၏ အရေးပါသော အကြောင်းအရာ ဖြစ်ရမှာဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ် သဘောသက်သက် ပုံစံမျိုးမဖြစ်ရပါဘူး။ ဒီအချက်ကလည်း အမှု၏ အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။
၂၈။ ဥပမာအားဖြင့် အမှုသည်တစ်ဦးက နိုင်ငံအများပါဝင်တဲ့ မျက်နှာစာများတွင် ပြုလုပ်တဲ့ ကြေညာချက်များကို အားကိုးအားထား ပြုတယ်ဆိုရင် ပိုမိုအတိအကျရှိဖို့ လိုအပ်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံအများပါဝင်တဲ့ အနေအထားအတွင်းမှာ အမှုလျှောက်ထားသူက ပြုလုပ်ခဲ့တဲ့ ကြေညာချက် တစ်ခုမှာ အကြောင်းအရာနှင့် အကြောင်း အရာပါ စကားရပ်များ အလွန်ယေဘုယျဆန်မှုကြောင့် အဆိုပါ ကြေညာချက်ကနေ အငြင်းပွားမှု လုပ်ယူ၍မရကြောင်း Marshall Islands အမှုများတွင် တရားရုံးက ဖော်ထုတ်ခဲ့ပါတယ်။
၂၉။ အမှုသည်တစ်ဦးက နိုင်ငံအများပါဝင်တဲ့ နေရာတွင် ပြုလုပ်သော အဖွဲ့ဝင်တစ်ဦး၏ ထုတ်ပြန်ချက် မဟုတ်ဘဲ ဆုံးဖြတ်ချက်ချမှတ် သည့် မဲပေးမှုမှတ်တမ်းကို အားကိုးအားထားပြုလျှင် ပို၍ပင် ဂရုစိုက်ဖို့ လိုအပ်နိုင်ပါတယ်။ ပေးထားတဲ့ နိုင်ငံတစ်နိုင်ငံ၏ မဲသည် ဆုံးဖြတ်ချက်ပါ အဆိုပြုချက်တိုင်းနှင့် စပ်လျဉ်းပြီး ယင်းနိုင်ငံ၏ ရပ်တည်ချက် သဘောထားကို မထင်ဟပ်စေကြောင်း တရားရုံးက မှတ်ချက် ပြုဖူးပါတယ်။ အဆိုပါနိုင်ငံနှင့် အခြားနိုင်ငံတစ်ခုခုအကြား ဥပဒေဆိုင်ရာ အငြင်းပွားမှု တည်ရှိမှုကတော့ သီးသန့်ဖြစ်ပါတယ်။
၃၀။ ဒါကြောင့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်များ တွင် နိုင်ငံတစ်ခုခုအတွင်း လူ့အခွင့်အရေးချိုးဖောက်ခြင်းနဲ့ အလွဲ သုံးစားပြုခြင်း ဖြစ်ပွားတာကို ယေဘုယျဖော်ပြပြီး နိုင်ငံတကာဥပဒေ ချိုးဖောက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုကြောင်း ဖော်ပြချက်ကို မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်ချက် လျှောက်လဲချက် စာလွှာမှာ ဥပမာပေးထားပါတယ်။ လုပ်ရိုး လုပ်စဉ်တစ်ခုသဖွယ် ဖြစ်တဲ့ ထိုသို့ဆုံးဖြတ်ချက်များသည် အထူးသဖြင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှု တွေကို နိုင်ငံတစ်နိုင်ငံက ကျူးလွန်ကြောင်း စွပ်စွဲခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အခြေခံအားဖြင့် ဆုံးဖြတ်ချက်ချမှတ်ခံရတဲ့ နိုင်ငံ ကိုဆန့်ကျင်၍ထောက်ခံမဲပေးခြင်းကြောင့်နိုင်ငံတစ်နိုင်ငံရဲ့ တောင်းဆို ချက်သည် ဥပဒေဆိုင်ရာ တောင်းဆိုချက်များအဖြစ် သဘောမသက် ရောက်ပါ။ ဆုံးဖြတ်ချက်ချမှတ် ခံရသောနိုင်ငံက အဆိုပါဆုံးဖြတ်ချက် အပေါ်တုံ့ပြန်ဖြေရှင်းမှုမပြုခြင်းကြောင့် ယင်းနိုင်ငံနှင့် ဆုံးဖြတ်ချက်ကို ချမှတ်ရန်ထောက်ခံမဲပေးခဲ့သောနိုင်ငံများအကြား အငြင်းပွားမှုရှိသည်ဟု အဓိပ္ပာယ် မသက်ရောက်စေပါ။
၃၁။ အကြောင်းအရာတိကျမှု ပို၍လိုအပ်တဲ့ အခြားကိစ္စရပ်မှာ နိုင်ငံတစ်နိုင်ငံက ထုတ်ပြန်ချက်များ ပြုလုပ်ထားပြီး ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားတဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုများက ယင်းကဲ့သို့ ထုတ်ပြန်သောနိုင်ငံအပေါ်သီးခြားထိခိုက်စေခြင်း မရှိသည့် ကိစ္စဖြစ်ပါတယ်။ သီးခြား ထိခိုက်ခံရခြင်းမရှိတဲ့ နိုင်ငံအနေဖြင့် ဖြစ်စဉ်တွင်ပါဝင်တဲ့နိုင်ငံက အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းကို တာဝန်ရှိစေတဲ့ စံနှုန်းများအပါအဝင် နိုင်ငံတကာဥပဒေကို ချိုးဖောက် ခဲ့ကြောင်း ၎င်းရဲ့ အမြင်ကို ကောင်းစွာထုတ်ဖော်နိုင်ပါတယ်။ နိုင်ငံတကာ ဥပဒေစံနှုန်းဆိုရာတွင် နိုင်ငံတကာလူ့အသိုင်းအဝိုင်း အပေါ် စာချုပ်ဝင်များအပေါ် တစ်နိုင်ငံချင်းက တာဝန်ခံမှုရှိခြင်း ဟူသော မူသဘောတရားလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ကို ရှင်းလင်းလုံလောက်စွာ ဖော်ပြခြင်းမရှိဘဲ ထိခိုက် ခံရခြင်းမရှိသည့်နိုင်ငံက မိမိကိုယ်တိုင် သီးခြားဥပဒေဆိုင်ရာ တောင်းဆိုမှု ပြုလုပ်တယ်လို့ မှတ်ယူ၍ မရနိုင်ပါ။ ဒီအချက်ကို တင်ပြ ရမည်ဆိုလျှင် ကနေဒါနိုင်ငံ အောက်လွှတ်တော်၏ အဆိုပြုချက်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်များကို လျှောက်လဲချက် စာလွှာတွင် နောက်ထပ် ဥပမာများအဖြစ် ဖော်ပြထားပါတယ်။ မိမိတင်ပြထားတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် များလိုပဲ ဒီအချက်တွေဟာ ဥပဒေဆိုင်ရာတောင်းဆိုချက်မဟုတ်ဘဲ နိုင်ငံရေး တောင်းဆိုချက်များသာ ဖြစ်ပါတယ်။
၃၂။ အချုပ်အားဖြင့်ဆိုသော် ယခုစတုတ္ထမြောက်လိုအပ်ချက်သည် အခြေခံအကျဆုံး လိုအပ်ချက် ဖြစ်ပြီး လက်ရှိဥပဒေသိပ္ပံပညာရပ်တွင်လည်း ထင်ဟပ်လျက်ရှိသည့်အချက် ဖြစ်ပါတယ်။
အမှု၏အခြေ အနေများ
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ -
၃၃။ အမှု၏အကြောင်းအရာများနှင့်စပ်လျဉ်း၍တင်ပြပါမယ်။
၃၄။ ဤအမှု၏ အဓိကအချက်မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ဂမ်ဘီယာမှ မြန်မာသို့ သံတမန်စာ (note verbale) တစ်စောင်ပေးပို့ခဲ့ရာတွင် မြန်မာမှ ထိုအကြောင်းအရာအပေါ် တုံ့ပြန် ခဲ့မှု မရှိခြင်းဖြစ်ပါတယ်။
၃၅။ ဂမ်ဘီယာသည် အခြားသောဆုံးဖြတ်ချက်များ၊ ထုတ်ပြန်ချက် များနှင့် သံတမန်စာ (Note verbale) အပေါ်နှုတ်ဆိတ်နေမှုများအပေါ် အားကိုးအားထားပြုထားပေမယ့် ထိုကိစ္စရပ်များအား စာဖြင့်လျှောက်လဲချက်တွင် ပြည့်စုံစွာဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါကြောင့် မိမိအနေဖြင့် ယနေ့တွင် အနည်းအကျဉ်းသာ တင်ပြရန် လိုအပ်မယ် ဖြစ်ပါတယ်။ ထိုအခြား ကိစ္စရပ်များသည် တစ်ခုချင်းအားဖြင့် ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Genocide Convention) ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲထားချက်နဲ့ ပတ်သက်ပြီး ဂမ်ဘီယာနဲ့ မြန်မာအကြား အငြင်းပွားမှုပေါ်ပေါက်လျက်ရှိတယ်လို့ ဆိုနိုင်မည် မဟုတ်ပါ။
၃၆။ ပထမအချက်အနေဖြင့် ဂမ်ဘီယာသည် OIC ရဲ့ အချို့သော ဆုံးဖြတ်ချက်များနဲ့ ကြေညာချက် များအပေါ် အကိုးအကားပြုထား ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်များသည် ဂမ်ဘီယာရဲ့ ထုတ်ပြန်ချက်များ မဟုတ်ပါ။ ဂမ်ဘီယာအစိုးရရဲ့ ထုတ်ပြန်ချက်လည်း မဟုတ်ပါဘူး။ အဲ့ဒီထုတ်ပြန်ချက်များမှာလည်း မြန်မာသည် လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Genocide Convention) ကို ချိုးဖောက်တဲ့အတွက် နိုင်ငံအနေဖြင့်တာဝန်ရှိသည်ဟူ၍ ရှင်းရှင်း လင်းလင်းစွပ်စွဲထားခြင်းမရှိပါ။ ၂၀၁၉ ခုနှစ်၊ မေလတွင် OIC ရဲ့ အမြင့်ဆုံးအဖွဲ့မှ အတည်ပြုထုတ်ပြန် ထားတဲ့ ဆုံးဖြတ်ချက်များတွင် OIC ကိုယ်စား တရားရုံးတွင် အမှုစွဲဆိုရန် အတွက်ဖြစ်ကြောင်း တွေ့ရှိရပြီး လူမျိုးတုံးသတ်ဖြတ်မှု (genocide) နှင့်စပ်လျဉ်းသည့် ဖော်ပြချက် လုံးဝမပါရှိပါ။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်းကတည်းက OIC ကော်မတီက ဒီအမှုအား လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Genocide Convention) အရ တရားစွဲဆိုနိုင်ရန်မျှော်လင့်ထားပြီးဖြစ်သည်။ ယင်းအချိန်က ဒီအချက်ကို မြန်မာအနေ နဲ့လည်း သိနိုင်မည်မဟုတ်ပါ။ အဲ့ဒီထုတ်ပြန်ချက်များ၊ ဆုံးဖြတ်ချက် များကို ဖတ်ခြင်းအားဖြင့်လည်း သိသာနိုင်မည်မဟုတ်ပါ။
၃၇။ ဒုတိယအချက်အနေဖြင့် ဂမ်ဘီယာသည် ကုလသမဂ္ဂ အချက် အလက်ရှာဖွေရေးအဖွဲ့ (FFM} ရဲ့ အစီရင်ခံစာများအပေါ် အားကိုး အားထားပြုထားပါတယ်။ FFM အစီရင်ခံစာများသည်လည်း ဂမ်ဘီယာရဲ့ ထုတ်ပြန်ချက်များမဟုတ်ဘဲ FFM သည်လည်း ဂမ်ဘီယာကိုယ်စား ပြောဆိုနေခြင်း ဖြစ်ကြောင်း သို့မဟုတ် ထိုသို့ ပြောဆိုရန် ရည်ရွယ်ထားခြင်းဖြစ်တယ်လို့ မယူဆနိုင်ပါ။
၃၈။ တတိယအချက်အနေဖြင့် ဂမ်ဘီယာမှ အထွေထွေညီလာခံတွင် ၎င်းတင်သွင်းထားတဲ့ ထုတ်ပြန်ချက် (၂)စောင်အပေါ် အားကိုးအားထား ပြုထားပေမယ့် ယင်းထုတ်ပြန်ချက်များသည် လူမျိုးတုံးစေမှုကိုတားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Genocide Convention) ကို ရည်ညွှန်းထားခြင်းမရှိသကဲ့သို့ မြန်မာ ကို ရည်ရွယ်ဖော်ပြထားခြင်းလည်း မရှိပါ။
၃၉။ စတုတ္ထအချက်အနေနဲ့ ဂမ်ဘီယာသည် မြန်မာနိုင်ငံမှ FFM အစီရင်ခံစာများနှင့် OIC ဆုံးဖြတ် ချက်များအပေါ်နှုတ်ဆိတ်နေခြင်းကို အားကိုးအားထားပြုထားပါတယ်။ အကယ်၍ ဆုံးဖြတ်ချက်များနှင့် အစီရင်ခံစာများသည် ဂမ်ဘီယာမှ မြန်မာအပေါ် ဥပဒေကြောင်းအရ တောင်းဆိုမှုများအတွက် အထောက်အကူမပြုခဲ့ပါက မြန်မာနိုင်ငံ၏ နှုတ်ဆိတ်နေမှုသည်ယင်းတောင်းဆိုမှုများအပေါ် အပြုသဘောဆောင်သော ဆန့်ကျင်မှုမရှိသည်မှာ သိသာထင်ရှားပါတယ်။
၄၀။ နောက်ဆုံးအချက်အနေနဲ့ ဂမ်ဘီယာသည် မြန်မာနိုင်ငံ၏ ထုတ်ပြန်ချက် (၃) ခုအပေါ် အားကိုးအားထားပြုထားပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက် (၃) ခုလုံးဟာ လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Genocide Convention) နဲ့ ပတ်သက်ပြီး ဘာမှဖော်ပြထားခြင်းမရှိပါ။
၄၁။ ရှေ့မှာဖော်ပြခဲ့တဲ့ ဘယ်ကိစ္စရပ်တစ်ခုကမှ အငြင်းပွားမှုရှိတယ် လို့ မဖော်ပြနိုင်ပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့အနေဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ သံတမန်စာ (Note verbale) ကိစ္စရပ်သာရှိမှာဖြစ်ပါ တယ်။ ကနဦးကန့်ကွက်ချက်များ (Preliminary objections)ရဲ့ အတွဲ ၆၊ နောက်ဆက်တွဲ ၁၂၁၊ စာမျက်နှာ ၈၅၀ တွင် တွေ့နိုင်ပါတယ်။
၄၂။ တရားရုံးမှ ယင်းစာမျက်နှာ (၂) မျက်နှာကို ကြည့်ရှုနိုင်ပါရန် တောင်းဆိုပါတယ်။ ၎င်း၏ တိုတောင်းမှုနှင့် မရှင်းလင်းမှုတို့ဟာ ထင်ရှားလျက်ရှိပါတယ်။
၄၃။ အဲ့ဒီ သံတမန်စာက ဘယ်အချက်ကိုရည်ညွှန်းလဲ။ ဘယ်အချက် ကိုမျှ မရည်ညွှန်းပါ။ ၎င်းသည် “FFM ရဲ့ တွေ့ရှိချက်များ”ကိုသာ ရည်ညွှန်းထားခြင်းသာဖြစ်ပြီး ဘာကိုတွေ့ရှိလဲဆိုတာလည်း ဖော်ပြထားခြင်းမရှိပါဘူး။ OIC ဆုံးဖြတ်ချက်များ “ရိုဟင်ဂျာ မူဆလင် များကို လူမျိုးတုံးသတ်ဖြတ်မှု ကျင့်သုံးခြင်း”ကိုသာ ရည်ညွှန်းထား ခြင်းဖြစ်ပြီး မည်သည့်အချက်ကိုမှ အတိအကျ ဖော်ပြထားခြင်း မရှိပါ။
၄၄။ သံတမန်စာ (Note Verbale) တွင် ဂမ်ဘီယာသည် အချက် အလက်များကို ၎င်းကိုယ်တိုင် သိရှိခြင်းမဟုတ်ဘဲနဲ့ တောင်းဆိုမှု ပြုထားခြင်းဖြစ်ပါတယ်။ FEM အစီရင်ခံစာတွင် ပြောဆိုထားတာ ကိုသာ ရည်ညွှန်းထားပြီး ဂမ်ဘီယာသည် ထိုအကြောင်းများကြောင့် “အလွန်အနှောင့်အယှက် ဖြစ်ရ ကြောင်း” လို့ ပြောဆိုထားပါတယ်။ ထို့ပြင် FFM အစီရင်ခံစာကို “သက်သေအထောက်အထားများဖြင့် ပံ့ပိုးထားပြီး အလွန်ယုံကြည်ရသည်”ဟု ဖော်ပြထားသော်လည်း၊ ဂမ်ဘီယာအနေဖြင့် အဆိုပါ FFMရဲ့ အထောက်အထားများကို ကြည့်ရှု ခွင့်သော်လည်းကောင်း၊ ကိုယ်တိုင်သုံးသပ်ခွင့်ကို သော်လည်းကောင်း ရရှိထားမည်ဟု ဖော်ပြထားခြင်းမရှိပါဘူး။
၄၅။ ၎င်းသည် အများအားဖြင့် သက်ဆိုင်ရာ OIC ရဲ့ ဆုံးဖြတ်ချက် များကို ရည်ညွှန်းထားသော်လည်း အဲ့လိုဖော်ပြထားတဲ့အချက်မှလွဲ၍ ဘာဆုံးဖြတ်ချက်များဖြစ်တယ်ဆိုတာကို အသေးစိတ်ဖော်ပြ ထားခြင်း မရှိပါဘူး။
၄၆။ ၎င်းသည် မြန်မာ၏ “ငြင်းဆိုချက်” ကို ရည်ညွှန်းထားပြီး ထိုငြင်းဆိုချက်များပါဝင်တဲ့ ထုတ်ပြန် ချက်များကို အသေးစိတ် ဖော်ပြ ထားခြင်းမရှိပါဘူး။
၄၇။ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ စံနှုန်းများအရ ၎င်းသည် လူမျိုး တုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူ စာချုပ် (Genocide Convention)နဲ့ အပြည်ပြည်ဆိုင်ရာ ဓလေ့ ထုံးတမ်းဥပဒေ” ကိုသော်လည်းကောင်း၊ “အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ လူအခွင့်အရေး စာချုပ် စာတမ်းများ” ကို သော်လည်းကောင်းယေဘုယျအားဖြင့် ရည်ညွှန်းထားပါတယ်။ ဘာကွန်ဗင်းရှင်းလဲ၊ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေရဲ့ ဘယ်စံနှုန်းတွေလဲ၊ Genocide Convention ရဲ့ ဘယ်လိုပြဋ္ဌာန်းချက်တွေလဲဆိုတာကို အသေးစိတ်ဖော်ပြထားမှုမရှိပါဘူး။
၄၈။ နောက်ဆုံးတွင် မြန်မာသည် အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်လျက်ရှိတယ်ဆိုတဲ့ ဂမ်ဘီယာရဲ့ ကိုယ်ပိုင်အပြုသဘောဆောင်သော စွပ်စွဲချက် စိုးစဉ်းမျှမရှိပါ။ FFM အစီရင်ခံစာများနဲ့ OIC ဆုံးဖြတ်ချက်များကိုသာ ရည်ညွှန်းကိုးကားနေခြင်းသည် နောက်ဆုံး စာပိုဒ်တွင် ဂမ်ဘီယာသည် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်နိုင်သည်ကို “နားလည်သည်” ရိုးရှင်းစွာ ပြောထားပါတယ်။ နောက်ဆုံးစာပိုဒ်မှာ OIC ဆုံးဖြတ်ချက်တွင် ဖော်ပြ ထားတာနဲ့ အလားတူသော မြန်မာအနေဖြင့်၎င်း၏တာဝန်ဝတ္တရားများကို လိုက်နာရန်တိုက်တွန်းတယ်ဆိုပြီး အဆုံးသတ် ထားပါတယ်။
၄၉။ အချုပ်အားဖြင့် ဒီစာတမ်းအမှတ်အသားပါအသုံးအနှုန်းတွေဟာ အထွေထွေညီလာခံ ဆုံးဖြတ်ချက်များ ဒါမှမဟုတ် မိမိမှ ဥပမာအားဖြင့် တင်ပြထားတဲ့ ဥပဒေအကြောင်းအရ တောင်းဆိုထားခြင်းမဟုတ်သော ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်နဲ့ ကနေဒါအောက် လွှတ်တော်၏ အဆိုပြုချက်တို့နဲ့ တူညီပါတယ်။
၅၀။ အဲဒီစကားရပ်များကို ထည့်သွင်းစဉ်းစားလျက် တရားရုံး အနေဖြင့် သံတမန်စာ (note verbale) ပေးပို့ခဲ့ခြင်းမှာ ပါဝင်တဲ့ အကြောင်းအရင်းကို စဉ်းစားစေလိုပါတယ်။
၅၁။ သံတမန်စာကို ပေးပို့ချိန်တွင် OIC ကော်မတီက အမှုကို တင်သွင်းရန်အဆိုပြုပြီး (၈) လ ကုန်လွန်ခဲ့ပြီးချိန် ဖြစ်ပါတယ်။
၅၂။ သံတမန်စာကိုပေးပို့ချိန်တွင် ဒီအမှုကို OIC ကိုယ်စား တရား စွဲဆိုသင့်ကြောင်း OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီနှင့် အစ္စလာမ္မစ်အစည်းအဝေးကျင်းပပြီး (၇)လနှင့် (၄)လ ကုန်လွန်သွား ပြီးချိန် ဖြစ်ပါတယ်။
၅၃။ ဂမ်ဘီယာက တရားလိုနိုင်ငံပြုလုပ်ရန် သဘောတူပြီး (၃)လ ကုန်လွန်သွားပြီးချိန် ဖြစ်ပါတယ်။
၅၄။ ဂမ်ဘီယာက အထွေထွေညီလာခံတွင် ၎င်းက OIC ကိုယ်စား ဒီအမှုကို တရားရုံးသို့တင်သွင်းရန် ဦးဆောင်အားထုတ်ကြိုးပမ်းမယ်လို့ ကြေညာပြီးချိန်မှ (၂) ပတ် ကုန်လွန်သွားပြီးချိန် ဖြစ်ပါတယ်။
၅၅။ ဂမ်ဘီယာက အမှုအတွက် ၎င်းရဲ့ ဥပဒေရေးရာကိုယ်စားလှယ် များ ငှားရမ်းပြီး တစ်ပတ်ကျော်ချိန် ဖြစ်ပါတယ်။
၅၆။ ဒီအမှုဟာ နှစ်ဖက်အမှုသည်များအကြား အငြင်းပွားမှု ဖြစ်ရာ တွင် တစ်ဖက်အမှုသည်က တရားရုံးသို့ အငြင်းပွားမှုကို တင်သွင်းရာမှ ပေါ်ပေါက်လာတဲ့ အမှုကိစ္စမျိုးမဟုတ်ပါ။ ဒီနေရာမှာ ပြောင်းပြန် ဖြစ်ခဲ့ပါတယ်။ တရားရုံးသို့ အမှုကိုတင်သွင်းရန် ပထမဦးဆုံးဆုံးဖြတ်ချက် ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့လပေါင်းများစွာအကြာတွင် တရားရုံးသို့တင်သွင်းရန် လိုအပ်သော အငြင်းပွားမှုကို ဖန်တီးခဲ့ပါတယ်။ တရားရုံးသို့ အမှုတင်သွင်းရန် ဆုံးဖြတ်ချက်ပြုလုပ်ချိန်တွင် အငြင်းပွားမှု မရှိသည်နည်းတူ အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် ရည်ရွယ်ခြင်းမဟုတ်ပါ။ ဒါကြောင့် အငြင်းပွားမှုကို တရားရုံးသို့ တင်သွင်းရန် ရည်ရွယ်ချက်ဟာ ဆုံးဖြတ်ခြင်းသည် နိုင်ငံများအတွက် ရရှိနိုင်တဲ့ အငြင်းပွားမှုဆိုင်ရာ တရားစီရင်မှု တစ်နည်းအားဖြင့် အငြင်းပွားမှု ဖြေရှင်းရန် ရည်ရွယ်ချက်အတွက် မဟုတ်ပါ။ ထို့သို့သော အကြောင်း ချက်ကြောင့် လျှောက်ထားမှုကို လက်ခံခွင့်မပြုသင့်ပါ။
၅၇။ အခြေအနေ အကြောင်းအရာများနဲ့ ပတ်သက်ပြီး အချက် (၃)ချက်ကို နောက်ထပ်သတိပြုသင့် ပါတယ်။
၅၈။ ပထမအချက်အနေဖြင့် သံတမန်စာကို ဖတ်ရှုနားလည်ခြင်းအပေါ် အမှုသည်များအကြား ကြိုတင်သဘောတူညီမှုရှိမထားပါ။ ဂမ်ဘီယာသည် လပေါင်းများစွာအကြာ OIC နဲ့ အခြားအဖွဲ့ဝင် နိုင်ငံ များက အမှုအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိပြီး မြန်မာနဲ့တော့ ဆက်ဆံမှု မရှိပါ။ မြန်မာအနေနဲ့ ဂမ်ဘီယာက ဒီကိစ္စကို စတင်ပြောမှသာ သိရှိရပါတယ်။
၅၉။ ဒုတိယအချက်အနေဖြင့် သံတမန်စာ (Note verbale)သည် ဂမ်ဘီယာကိုယ်စား မြန်မာအပေါ် ဥပဒေကြောင်းအရတောင်းဆိုမှုများ ပြုလုပ်လိုခြင်းဖြစ်ခဲ့ပါက လွယ်ကူစွာ ပြုလုပ်၍ရနိုင်ပါတယ်။ သံတမန် စာ ပေးပို့တဲ့အချိန်တွင် တရားရုံးသို့ ဤအမှုကိုတင်သွင်းရန် ဆုံးဖြတ် ပြီး လပေါင်းများစွာ ကုန်လွန်ပြီးဖြစ်သည့်အပြင် ဂမ်ဘီယာအတွက် ဥပဒေကြောင်းအရ ကိုယ်စားပြုသူကိုခန့်အပ်ပြီး ဖြစ်ပါတယ်။ သံတမန် စာပေးပို့ပြီး မကြာမီတွင် ဂမ်ဘီယာသည် လူမျိုးတုံးစေမှုကို တားဆီး ရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Genocide Convention) ပါ အချက်များကို ဖောက်ဖျက်ကျူးလွန်လျက်ရှိကြောင်း အသေးစိတ်အချက်အလက်များဖော်ပြလျက် တရားရုံးသို့ အမှု တင်သွင်းထားပြီးဖြစ်ပါတယ်။ သံတမန်စာ (Note verbale) ကို ပေးပို့ ခြင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခြင်း ဖြစ်နိုင်ပါတယ်။
၆၀။ တတိယအချက်အနေနဲ့ သံတမန်စာ (Note verbale)တွင် တရားရုံးသို့ အမှုတင်သွင်းရန် ရည်ရွယ်ထားခြင်းနဲ့ ပတ်သက်ပြီးဖော်ပြချက်မပါရှိပါ။ အမှုတင်သွင်းသူအနေဖြင့် တရားပြိုင်ထံ ထိုသို့ ရည်ရွယ်ချက်ရှိကြောင်း ကြိုတင်အသိပေးမှုပြုလုပ်ရန် ယေဘုယျ အားဖြင့် လိုအပ်ချက်မရှိသော်လည်း လပေါင်းများစွာကတည်းကို ရည်ရွယ်ချက်ထားလျက် ပြုလုပ်လျက်ရှိရာ ၎င်းကိုဖော်ပြရန် ပျက်ကွက်ခြင်းသည် ထူးခြားချက်ပင်ဖြစ်တယ်။ ဒီအချက်က ညွှန်းဆို သည်မှာ ဂမ်ဘီယာအနေဖြင့် သံတမန်စာတွင် သီးခြားဥပဒေကြောင်းအရ တောင်းဆိုမှုမပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
၆၁။ စာတမ်းအမှတ်အသားတွင် ဖော်ပြထားတဲ့အခြေအနေများနဲ့ အသုံးအနှုန်းများကိုကြည့်ရုံနဲ့ မြန်မာအနေဖြင့် ထိုအချိန်တွင် ဥပဒေကြောင်းအရ တောင်းဆိုနေသည်ဟုသိရှိပြီး တုံ့ပြန်ရန် တောင်းဆိုနေ သည်ဟု သိသင့်ပါသလား။ အဖြစ်အပျက်တွင် တိုက်ရိုက်ပတ်သက် နေခြင်း မဟုတ်သော အထူးသဖြင့် ထိခိုက်ခြင်းမရှိသော နိုင်ငံတစ်နိုင်ငံ က ပြုစုထားသည့် စာမျက်နှာ (၂) မျက်နှာရှိတဲ့မှတ်စု ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါအကြောင်းအရာနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ယခင်က ထိတွေ့ဆက်ဆံမှုမရှိခဲ့ပါ။ အချက်အလက်များကို ဖော်ပြထားမှုမရှိဘဲ ချိုးဖောက်ခံရပါတယ်လို့ ဆိုထားသော ဥပဒေဆိုင်ရာစံ နှုန်းများနဲ့ ပတ်သက်၍ မရေမရာဖြစ်နေပါတယ်။ တရားရုံးသို့ တင်သွင်း ဖွယ်ရှိသည်ဆိုသည့် ညွှန်းဆိုချက်လည်း မပါဝင်သလို OIC ၏ကနဦးဆောင်ရွက်မှုများတွင် ဂမ်ဘီယာ၏ အခန်းကဏ္ဍလည်း မပါဝင်ပါ။ FFM အစီရင်ခံစာများနှင့် OIC ဆုံးဖြတ်ချက်များကို ရည်ညွှန်းထားပြီး မြန်မာအနေဖြင့် ၎င်း၏ ဥပဒေကြောင်းအရ တာဝန်ဝတ္တရားများကို လိုက်နာရန်သာ ဖော်ပြ ထားပါတယ်။
၆၂။ မြန်မာရဲ့ ရပ်တည်ချက်ကိုဖော်ပြရန်လိုအပ်လောက်သည်အထိ တိကျသောဥပဒေကြောင်းအရ တောင်းဆိုမှုများ ဖော်ပြထားမှုမရှိပါ။ တုံ့ပြန်ရန်လိုအပ်တဲ့ စာတမ်းအမှတ်အသားမဟုတ်ပါ။ သံတမန်စာ (Note Verbale) တွင်လည်း တုံ့ပြန်ရန်တောင်းဆိုထားမှုမရှိသကဲ့သို့ သွယ်ဝိုက်ညွှန်းဆိုထားမှုလည်း မရှိပါ။
၆၃။ ဒါ့ပြင် တုံ့ပြန်ရန်ဖော်ပြထားပါကလည်း (အမှန်မဟုတ်) တစ်လ အတွင်း တုံ့ပြန်လိမ့်မည်ဟု မဆိုနိုင်ပါ။ ဂမ်ဘီယာမှ ဒီစာမျက်နှာ (၂) မျက်နှာကို ပေးပို့ရန်အတွက် OIC ကော်မတီက အဆိုပြုသည့် အချိန်မှ (၈) လ အချိန်ယူရခဲ့ပါတယ်။ အဲ့လိုကျယ်ပြန့်၍ ပြီးပြည့်စုံမှု မရှိသော တောင်းဆိုမှုများ အထူးသဖြင့် ဂမ်ဘီယာမှ အချိန်သတ်မှတ် ထားမှုမရှိပါဘဲလျက် တုံ့ပြန်မည်ဟုမျှော်လင့်ထားမှုကို မြန်မာအနေ ဖြင့် (၁) လ အတွင်း တုံ့ပြန်ရန်ဖြစ်နိုင်ပါ့မလား။
၆၄။ ဂမ်ဘီယာသည် တုံ့ပြန်ရန် မျှော်လင့်ထားခြင်းမရှိကြောင်း၊ သိနိုင်ပါတယ်။ သံတမန်စာ (Note verbale) ကိုပေးပို့ချိန်မှ တစ်လ အကြာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဂမ်ဘီယာသည် ၎င်းရဲ့ လျှောက်လွှာကို တင်သွင်းရန် တွက်ချက်ထားပြီးဖြစ်တယ်။ မြန်မာသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ကြောင်း ညွှန်းဆို ချက်များဖြင့် တစ်လအတွင်း တုံ့ပြန်ရန် မျှော်လင့်ထားခြင်း မရှိတဲ့ သံတမန်စာ (Note verbale) ကို မူလကတည်းကပင် ရည်ညွှန်းပေးပို့ ခဲ့ခြင်းဖြစ်ပြီး ယင်းစာက လိုအပ်သော အငြင်းပွားမှုရှိကြောင်း ဖန်တီး သွားမှာဖြစ်ပါတယ်။
၆၅။ ဒါပေမယ့် လိုအပ်လျက်ရှိတဲ့အကြောင်းအရာအရ အငြင်းပွားမှု မရှိပါ။ သံတမန်စာ (Note verbale) သည် အလွန်ယေဘုယျဆန်ပြီး ဥပဒေကြောင်းအရတောင်းဆိုမှုများ ဖော်ပြထားသည်ဟု မဆုံးဖြတ် နိုင်သည့် တိကျမှုအားနည်းသော ဖော်ပြချက်ဖြစ်သည့်အပြင် အကယ်၍ ဖော်ပြထားသည် ဆိုပါကလည်း မည်သည့်ဥပဒေကြောင်း တောင်းဆိုမှုဖြစ်သည်ကို မဆုံးဖြတ်နိုင်သည့် သံတမန်စာ (Note verbale) ဖြစ်ပါတယ်။ အကြောင်းခြင်းရာများကို သတ်သတ်မှတ်မှတ် ဖော်ပြထားခြင်းမရှိသကဲ့သို့ မည်သည့် လူ့အခွင့်အရေး စာချုပ်စာတမ်းများနှင့် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေကိုမျှ သတ်သတ် မှတ်မှတ်ဖော်ပြထားမှုမရှိပါ။ အသုံးအနှုန်းများသည် လျှောက်ထားမှုတွင် ပါဝင်တဲ့ကိစ္စရပ်များ ဖြစ်သည်ဟု မသတ်မှတ်နိုင်ပါ။ ဂမ်ဘီယာ သည် မြန်မာအပေါ် ဥပဒေကြောင်းအရ တောင်းဆိုမှုများ ပြုလုပ်နိုင် သော်လည်း မပြုလုပ်ထားခဲ့ပါ။ တုံ့ပြန်ရန် မမျှော်လင့်ထားသကဲ့သို့ မျှော်လင့်ထားသည် ဆိုပါကလည်း တစ်လအတွင်း မဖြစ်နိုင်ပါ။ ဥပဒေကြောင်းအရကြိုတင်တောင်းဆိုမှုပြုလုပ်ခဲ့ပါကလည်း (အမှန်မဟုတ်) ယင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အမီ တုံ့ပြန်မှုပြုလုပ်ရန် ပျက်ကွက် ခဲ့သည့်အပေါ် အားကိုးအားထား မပြုနိုင်ပါ။
၆၆။ ထိုအကြောင်းအချက်များကြောင့် ကြိုတင်အငြင်းပွားမှု ရှိကြောင်း လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိပါ။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျာ
၆၇။ ကနဦးကန့်ကွက်လွှာ စတုတ္ထအချက်နဲ့ မြန်မာနိုင်ငံရဲ့ ပထမ အကြိမ်နှုတ်ဖြင့် လျှောက်လဲချက်ကို ကျွန်ုပ် အဆုံးသတ်လိုပါတယ်။
ကျေးဇူးတင်ပါတယ်။