Skip to main content

ဗိဿနိုးမြို့ဟောင်း သမိုင်းပုံရိပ်

အစောပိုင်းမြန်မာနိုင်ငံသမိုင်းသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပေါ်ပြောင်းလဲခဲ့သည်။ သံခေတ်အတွင်းတွင် မြန်မာနိုင်ငံအတွင်း၌ မြို့ပြယဉ်ကျေးမှု စတင်ထွန်းကားခဲ့ရာ ပျူလူမျိုးများက စတင်တည်ထောင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းမြို့ပြ ယဉ်ကျေးမှုကို ပျူလူမျိုးများက ခရစ်တော်မပေါ်မီ (Before Christ) ကာလကပင် ယဉ်ကျေးသော လူ့အဖွဲ့အစည်းအဖြစ် တဖြည်းဖြည်း တရွေ့ရွေ့ဖြင့် တည်ထောင်လာခဲ့ကြသည်။ ပျူလူမျိုးတို့၏ သမိုင်းကို မြန်မာနိုင်ငံ ရှေးဟောင်းသမိုင်းကျမ်းများဖြစ်သော မဟာရာဇဝင်ကြီး၊ မှန်နန်းမဟာရာဇဝင်၊ စေတီယကထာ ရာဇဝင်ချုပ်၊ ဇမ္ဗူကွန်ချာကျမ်း စသည်တို့တွင် ဖော်ပြခဲ့ကြသည်။ မြန်မာရာဇဝင်ကြီးများနှင့် ပူရာဏ်ကျမ်းများအရ ဟံသာ၀တီပျူ (ဟန်လင်း)မင်း ၈၀၀၊ တမ္ပ၀တီပျူမင်း ၁၉၀၊ မက္ခရာပျူမင်း ၁၆၀၊ ပင်လယ်ပျူမင်း ၉၇၊ ကောင်းစင်ပျူမင်း ၃၀၊ အလကပ္ပပျူမင်း ၂၆၊ ရွာပုကြီးပျူမင်း ၅၀၊ လယ်ကိုင်းပျူမင်း ၄၀ စုစုပေါင်း ၁၃၉၃ ပါးတို့သည် တကောင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့များ မတိုင်မီကပင် စိုးစံခဲ့ကြောင်း ဆိုပါသည်။

မြန်မာနိုင်ငံတွင် ရှေးဟောင်းသုတေသနဌာန စတင်ပေါ်ပေါက်ချိန်မှစ၍ ပျူတို့၏ယဉ်ကျေးမှု ထွန်းကားရာ ရှေးဟောင်းပျူ မြို့တော်များဖြစ်သော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ မိုင်းမော စသည်တို့ကို သုတေသနပြု တူးဖော်ခဲ့ကြပါသည်။ ရှေးဟောင်း သုတေသနမှ သုတေသနပြု တူးဖော်မှုများက ထိုပျူမြို့ဟောင်းများတွင် တွေ့ရှိရသည့် ပျူမြို့ပြယဉ်ကျေးမှုစနစ်၏ ယေဘုယျသဘော လက္ခဏာများဖြစ်သော ပျူယဉ်ကျေးမှု ထွန်းကားရာ မြို့ပြများ၏ မြို့တည်ဆောက်ပုံအနေအထား၊ မြို့နေရာ ရွေးချယ်ထားရှိမှု၊ မြို့ရိုးနှင့် မြို့ဝင်ပေါက်လက်တံ တည်ဆောက်ပုံ အနေအထား၊ အဆောက်အအုံများ၏ ပုံသဏ္ဌာန်များ၊ အသုံးပြုသောအုတ်များ၏ အရွယ်အစား၊ လက်ရေးစင်းရာပါရှိသော အုတ်များ၊ သေဆုံးသူကို မီးရှို့သဂြိုဟ်၍ အရိုးအိုးများတွင် ထည့်သွင်းမြှုပ်နှံခြင်း၊ အရိုးအိုးများ၏ ပုံသဏ္ဌာန်တူညီနေမှုများ စသည်တို့က ထိုမြို့ဟောင်းများသည် ပျူယဉ်ကျေးမှု ထွန်းကားခဲ့ရာ ဒေသများဖြစ်ကြောင်း နှိုင်းယှဉ်သိရှိ ခဲ့ကြပါသည်။

ဗိဿနိုးမြို့ဟောင်း၏ နောက်ခံသမိုင်းကြောင်း

မြန်မာရာဇဝင်ကြီးများတွင် တကောင်းပြည်ကြီးကို အစိုးရသော သတိုးမင်းကြီး၏မိဖုရားမှ ဖွားမြင်သော မျက်မမြင်ညီနောင် မဟာသမ္ဘဝနှင့် စူဠသမ္ဘဝတို့ကို ဖောင်နှင့်မျှောလိုက်ရာတွင် စားမြိန်စာကို ခိုးယူစားသော စန္ဒမုခိဘီလူးမ၏ ကျေးဇူးဖြင့် မျက်စိမြင်ကြရသည်။ နောင် သရေခေတ္တရာမြို့ ဖြစ်လာမည့် ပြည်မြို့အနားတွင် မဟာသမ္ဘဝမင်းသားလည်း ဦးရီးတော်တော်သော ရသေ့၏ သမီးတော် ဗေဒါရီနှင့် ပျူမိဖုရားတို့ကိုလက်ဆက်၍ မင်းပြုလေသည်။ မဟာသမ္ဘဝမင်း အနိစ္စရောက်သောအခါ ညီတော် စူဠသမ္ဘဝ မင်းဖြစ်သည်။ ထိုအခါ မရီးတော် ဗေဒါရီကို မိဖုရားမြှောက်လျှင် အိမ်ရှေ့မင်းအဖြစ်က အလုပ်အကျွေးပြုသော စန္ဒမုခိဘီလူးမသည် ဝမ်းနည်းသောအားဖြင့် ထိုမင်း တွင်မြင်သော သားတော်ဗိဿနိုးကိုယူ၍ မြောက်ဘက်ပုပ္ပားအရပ်တွင် ရွာပြုပြည်ထောင် နေလေသည်။ ယင်းမှာ ရာဇဝင်ကြီးများကညွှန်းသော စူဠသမ္ဘဝနှင့် စန္ဒမုခိဘီလူးမတို့မှ ဖွားမြင်သော သားတော် ဗိဿနိုးမင်းသားနှင့် မိခင်စန္ဒမုခိဘီလူးမတို့ တည်ထောင်သော ဗိဿနိုးမြို့ ဖြစ်ပါသည်။

နေမျိုးမင်းလှသီရိသင်္ခယာရေးသော တောင်တွင်းကြီးသမိုင်း ဒုတိယပိုင်းတွင် ဗိဿနိုးမြို့ ပန်ထွာပြည်၏အကြောင်းကို သင်းတွဲပြည် (တကောင်း)မှ မဟာသမ္ဘဝနှင့် စူဠသမ္ဘဝ မျက်မမြင်ညီနောင် နှစ်ပါးတို့ကို ဖောင်နှင့်မျှောလိုက်ခန်းမှ စတင်ပါသည်။ ညီနောင် နှစ်ပါးတို့၏ စားမြိန်စာကို ခိုးယူစားသောက်သော ရွှေနံကိုင်းဘီလူးမ (ရာဇဝင်ကြီးများတွင် စန္ဒမုခိဘီလူးမ)သည် မဟာသမ္ဘ၀နှင့် ပဋိသန္ဓေ ကပ်ငြိလေသည်။ မဟာသမ္ဘဝနှင့် စူဠသမ္ဘဝတို့၏ မျက်စိအမြင်ကို ရအောင်ကုစားပေးပြီးနောက် ထွက်ခွာလာသော ဘီလူးမသည် တောင်တွင်းကြီးမြို့ အနောက်ဘက် ငါးတိုင်ခန့်အကွာ တောအရပ်တွင် သမီးမိန်းကလေးတစ်ယောက်ကို ဖွားမြင်လေသည်။

ထိုတောအတွင်း၌ သီတင်းသုံးနေထိုင်သော ရသေ့တစ်ပါးသည် သစ်သီးရှာဖွေသွားလာရာ ဘီလူးမနှင့် ကလေးငယ်ကို တွေ့မြင်ရာတွင် သူတစ်ပါး၏ သားသမီးကို စားရန်အလို့ငှာ ခိုးယူလာသည်ထင်မှတ်၍ မန္တာန်မန္တရားဖြင့် ခြောက်လှန့်ရာ ဘီလူးမသည် သမီးငယ်ကို ပစ်ခွာထွက်ပြေးရလေသည်။ ရသေ့သည် သတို့သမီးငယ်ကို ကောက်ယူမွေးစား၍ အရွယ်ရောက်သောအခါ ရသေ့ ရဟန်းတို့နှင့် အတူတကွ နေထိုင်ခြင်းငှာ မသင့်၍ မီးမဖုတ်သော အိုးငယ်ကိုပေးကာ ရေခပ်ယူခိုင်းလေသည်။ ရသေ့ပေးသော အိုးငယ်သည် ရေထည့်လျှင်ပင် ကွဲအက်ပျက်စီးလေသည်။ ထိုသို့ ကွဲအက်ဖန်များသောအခါ သတို့သမီးငယ်လည်း တောစောင့် တောင်စောင့်နတ်တို့ ဖျက်ဆီးခြင်းပြု၍သာ မိမိ၏အိုးများ ကွဲပျက်ရလေသည်ဟု မြည်တမ်းလေသည်။ ဤသည်ကို ရှေးဘဝက မောင်နှမအရင်း ဖြစ်ခဲ့ဖူးသော ဗိဿနိုးနတ်မင်းကြီး ကြားသိလေလျှင် ထိုမိန်းမငယ်၏ ကုသိုလ်ပုညသီလပါရမီရှိပါက ကူညီထောက်ပင့်ရမည်ဟူသော အကြံနှင့် သိကြားမင်းထံ သွားရောက်လျှောက်ထားလေသည်။

သိကြားမင်းက ထိုမိန်းမငယ်သည် ကဿပမြတ်စွာဘုရား လက်ထက်က လက်ျာတော်ရံအရှင်မြတ်အား ပေရွက်၊ ယပ်တောင် လှူဒါန်းခဲ့ဖူးသည်။ ထိုသို့ လှူဒါန်းခဲ့ဖူးသော အကျိုးကြောင့် ထိုမိန်းမငယ်၏ ဖြစ်လေရာဘဝတိုင်းတွင် မစိုက်မပျိုးရဘဲ ပေပင်တို့ ပေါက်ရောက်ခြံရံသော ကနက်ထီးနန်းတွင် စံမြန်းရလိုကြောင်း ပန်ထွာဆုတောင်း ခဲ့ဖူးလေသည်။ ယခုအခါတွင် ထိုသို့ဆုတောင်းခဲ့သော ကုသိုလ်ကံ၏ အကျိုးပေးရန် အချိန်ရောက်ပြီဖြစ်ကြောင်း မိန့်ကြားလိုက်သည်။ ထိုအခါ ဗိဿနိုးနတ်မင်းက အိုးများကို မကွဲမပျက်နိုင်အောင် တောင်ငယ်ပမာဏရှိ အိုးတစ်သိန်းအဖြစ် ဖန်ဆင်း ပုံပေးထားလေသည်။ ထိုအရပ်ကို အိုးသိန်းတောင်ဟု ခေါ်ဝေါ်၍ ယခုအခါတွင် စကားရွေ့လျောလာသဖြင့် အိုးထိန်းတောင်ဟု ခေါ်တွင်လေသည်။

ထိုအရပ်ဒေသတွင်လည်း ဗိဿနိုးနတ်မင်းက စတုရန်းအားဖြင့် တာလေးထောင် ကျယ်ဝန်းသောမြို့ပြထီးနန်း ဖန်ဆင်းတည်ထောင် ပေးသည်။ စည်ကိုတီးလျှင် ရန်သူမဝင်နိုင်အောင် ချောင်းရေနှင့်ဆီးတား စေတတ်သော သိကြားဆက်သည့် အတုလစည်တော်ကို တီးခတ်ခြင်းဖြင့် ရေအဟုန်ကျလာသော ချောင်းကို ရန်ပယ်ချောင်းဟုခေါ်သည်။

မြို့တော်၏အနောက်မျက်နှာတွင် မင်းသမီးပျော်ပါးရန် ဖန်ဆင်းထားသော အင်းကြီးနှင့် ဆက်သည့်မြောင်းကို ဖောင်တော်ပေါက် ဟုခေါ်သည်။ ထိုမင်းသမီး၏ မယ်တော်ဘီလူးမ လာရောက်နေထိုင်စေရန် တစ်ခုသော အင်းတောင်၌ ဂူတည်၍ ထားသည်။ ထိုအရပ်ကို ဂူအင်းတောဟုခေါ်သည်။ သတို့သမီးငယ်ပန်ထွာ ဆုတောင်းခဲ့ဖူးသော အတိတ်စကားကြောင့် ပြည်တော်ကို ပန်ထွာပြည်၊ ဗိဿနိုးနတ် မင်း ဖန်ဆင်းပေးသော မြို့ဖြစ်၍ မြို့တော်ကို ဗိဿနိုးမြို့ဟု ခေါ်ဝေါ်ကြောင်း ပါရှိလေသည်။

ခရစ်မပေါ်မီ ၂-ရာစု (ဘီစီ-၂၀၀) ခန့်က ရှေးဟောင်းတရုတ်  မှတ်တမ်းများမှ အေဒီ-၁၀၆၀ ထန်ရာဇဝင်သစ်အထိ ပျူလူမျိုးနှင့် ပျူနိုင်ငံအကြောင်းကို မှတ်တမ်းတင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ တရုတ်ပြည် သုံးနိုင်ငံခေတ် (အေဒီ ၂၂၀-၈၀) မှတ်တမ်းတွင် တရုတ်တို့သည် ယူနန်၏အနောက်ဘက် (အနောက်မြောက်ဘက်) တွင် လင်(န်)ယန်(င်) (Lin-yang)ဟု အမည်ရှိသော နိုင်ငံရှိသည်။ ထိုလင်(န်)ယန်(င်) နိုင်ငံသည် မြန်မာပြည် အလယ်ပိုင်းဒေသရှိ ဗိဿနိုး မြို့ဖြစ်ကြောင်းပညာရှင်များက ညွှန်းဆိုပါသည်။ အင်အား တောင့်တင်းလာသော သရေခေတ္တရာဘက်မှ ပျူလူမျိုးများက ဗိဿနိုးမြို့ကို ပြန်လည်တိုက်ခိုက်ရာ ရန်သူတို့က မီးတိုက်ခဲ့၍ ဗိဿနိုး မြို့မှာ မီးလောင်ပျက်သုဉ်းခဲ့ရသည်။ ယင်းတို့မှာ တရုတ်မှတ်တမ်းများနှင့် ညှိနှိုင်းဖော်ပြသော လင်(န်)ယန်(င်) သို့မဟုတ် ဗိဿနိုး မြို့ဟောင်း၏ သမိုင်းပုံရိပ်များဖြစ်ပါသည်။

ဗိဿနိုးမြို့ဟောင်း၏ တည်နေရာ

 ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်း တောင်တွင်းကြီးမြို့ အနောက်ဘက် ၁၂ မိုင်အကွာ မကွေး-တောင်တွင်းကြီး ကားလမ်းမပေါ်တွင် တည်ရှိပါသည်။ မြောက်လတ္တီကျူ ၂၀ ဒီဂရီနှင့် အရှေ့လောင်ဂျီ တွဒ် ၉၅ ဒီဂရီ၂၃ မိနစ် အကြားတွင်တည်ရှိပြီး မြို့အကျယ်အဝန်းမှာ ၃ ဒသမ ၃ စတုရန်းမိုင် ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၄၅၀ အမြင့်တွင် တည်ရှိပါသည်။ မြို့ရိုးမှာ လေးထောင့်မကျတ ကျပုံစံရှိ၍ အနောက်ဘက်မြို့ရိုးမှာ ရေတိုက်စားပြီး ပြိုပျက်သွားသဖြင့် မြို့ရိုးအကြွင်းအကျန် အနည်းငယ်ကိုသာ တွေ့ရှိနိုင်တော့သည်။ တောင်မြောက်အုတ်မြို့ရိုးနှင့် အရှေ့အနောက်မြို့ရိုးတို့၏ မကွာလှ သော အချိုးအစားကြောင့် အနည်းနှင့်အများဆိုသလို စတုရန်းပုံနီးပါး ရှိနေလေသည်။ မြို့ရိုးအတိုင်းအတာတို့မှာ မြောက်ဘက်မြို့ရိုး ၂ ဒသမ ၈ ကီလိုမီတာခန့်၊ တောင်ဘက်မြို့ရိုး၂ ဒသမ၇ ကီလိုမီတာခန့်၊ အရှေ့ဘက်မြို့ရိုး ၃ ကီလိုမီတာခန့်နှင့် သိပ်မထင်ရှားလှသော အနောက်ဘက်မြို့ရိုးမှာ တောင်နှင့်မြောက် အုတ်မြို့ရိုးတန်းတို့၏ အနောက်ဘက်အစွန်တို့ကို ခန့်မှန်းတိုင်းတာချက်အရ ၂ ဒသမ ၆ ကီလိုမီတာခန့်ရှိမည်ဖြစ်သည်။ အရှေ့ဘက်မြို့ရိုးသည် တောင်မြောက် မျဉ်းမှ အနောက်ဘက်သို့ ၁၂ ဒီဂရီ တိမ်းစောင်းနေကြောင်း တွေ့ရှိ ရပါသည်။ အနောက်ဘက်မြို့ရိုး၏ သုံးပုံနှစ်ပုံခန့်မှာ မထင်ရှားပါ။ မြို့၏မြောက်ဘက်ရှိ အင်းကြီးကန်နှင့် တောင်ဘက်ရှိ ကုက္ကိုခွကန်တို့က အနောက်ဘက်နယ်နိမိတ်ကို ပိုင်းခြားထားကြသည်။ မြို့ရိုး ပတ်လည်တွင် ကျုံးရှိသည် မရှိသည်မှာ မသေချာလှပါ။ မြို့၏ မြောက်ဘက် မြို့ရိုးနေရာတွင် ပေ ၂၀၀ ခန့်အကျယ် တူးဖော်ကြည့်ရာတွင် ရေကျိုးရှိသည့် အထောက်အထားကို ခိုင်လုံစွာမတွေ့ရချေ။ ဗိဿနိုးမြို့ဟောင်း၏ အကျယ်အဝန်းမှာ ၃ ဒသမ ၃ စတုရန်းမိုင် သို့မဟုတ် ၂၉၁ ဒသမ ၇ ဟက်တာရှိရာ ပျူမြို့တော်ဟောင်းများ အနက် သရေခေတ္တရာမြို့ဟောင်းမှလွဲလျှင် ဒုတိယအကြီးဆုံး မြို့ဟောင်းဖြစ်သည်။

ဗိဿနိုးမြို့ဟောင်း၏ မြေမျက်နှာသွင်ပြင်

ဗိဿနိုးမြို့ဟောင်းသည် မိုးရေချိန် ၃၅ လက်မမှ ၄၂ လက်မအထိ ရရှိ၍ ယင်းချောင်း၏ မြစ်ဝှမ်းလွင်ပြင်တွင် တည်ရှိသည်။ ဗိဿနိုးမြို့ဟောင်းသည် ယင်းချောင်းနှင့် ရန်ပယ်ချောင်းတို့ ဆုံရာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာ ယင်းချောင်း၏ အရှေ့တောင်ယွန်းနှင့် ရန်ပယ်ချောင်း ၏မြောက်ဘက်တွင် တည်ရှိသည်။ ယင်းချောင်းအတွင်းသို့ ပဲခူးရိုးမမှ စီးဆင်းလာသောချောင်း လက်တက်ကလေး များစွာက စီးဝင်လျက်ရှိပါသည်။ ယင်းလွင်ပြင်၏ အရှေ့ဘက်တွင် တောင်တွင်းကြီးမြို့နှင့် အနောက်ဘက်တွင် မြစ်ဆုံအနား၌ ဗိဿနိုးမြို့ဟောင်းတည်ရှိ၍ ယင်းချောင်း၊ စတုံချောင်း၊ ရန်ပယ်ချောင်းနှင့် တောင်ဦးချောင်းတို့ ပေါင်းဆုံစီးဝင်လျက်ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်ကပင် စိုက်ပျိုးရေးအတွက် ရှေးဟောင်းဆည်မြောင်းများ ဖောက်လုပ်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ ဤလွင်ပြင်သည် နုန်းမြေနုများဖြင့် အတန်မြေဩဇာ ကောင်းသော လွင်ပြင်ဖြစ်သည်။ ယင်းနှင့် သူ၏လက်တက် တို့မှ ရေများကို ဆည်မြောင်းများဖြင့် သယ်ယူ၍ လူတို့သည် စိုက်ပျိုး လုပ်ကိုင်လျက်ရှိကြသည်။ စပါးမှစ၍ သီးနှံပင်မျိုးစုံကို စိုက်ပျိုးနိုင်သဖြင့် ထိုမြေပြန့်သည် လူဦးရေအတော်များများကို ထိန်းသိမ်း ထောက်ပံ့ကျွေးမွေးထားနိုင်သော ဒေသဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဗိဿနိုးမြို့ဟောင်း၏သက်တမ်း

ဗိဿနိုးမြို့ဟောင်း၏ သက်တမ်းနှင့် ပတ်သက်၍ ကုန်းအမှတ်-၉ (KKG-၅)တူးဖော်ရာမှ တွေ့ရှိရသော မီးသွေးစုကို ရေဒီယိုကာဗွန် ဓာတ်ခွဲ စမ်းသပ်နည်းအရ ဓာတ်ခွဲကြည့်ရာတွင် ခရစ်နှစ် ၁-ရာစုမှ ၂ရာစုအတွင်း သတ်မှတ်ပါသည်။ သို့သော် ဗိဿနိုးမြို့ဟောင်းတွင် ပျူလူမျိုးများ စတင်အခြေစိုက်သောကာလသည် ထိုရေဒီယိုကာဗွန် သက်တမ်းအရ ခရစ်မပေါ်မီ ၂ - ရာစုဖြစ်ကြောင်း ယူဆပါသည်။ ကုန်းအမှတ်-၉ (KKG-9) မှ ကာဗွန်စမ်းသပ်ချက်နှစ်ခုမှာ သက်တမ်းကို အတိုးအလျှော့သက်တမ်း (Sigma) ကို ကြည့်၍ ခရစ်မပေါ်မီ (၁၈၀ ဘီစီ - ၂၆၀ အေဒီ) နှင့် (၁၀၀ ဘီစီ- ၃၉၀ အေဒီ)ဟုလည်း ယူဆကြပါသည်။ ကုန်းအမှတ်(၁၁)မှ ရရှိသောမီးသွေးခဲကို နယူးဇီလန် နိုင်ငံတွင် လည်းကောင်း၊ ကုန်းအမှတ်(၃၂)မှ မီးသွေးခဲကို ဩစတြေးလျနိုင်ငံတွင်လည်းကောင်း ဓာတ်ခွဲစမ်းသပ်ချက်များအရလည်း ဘီစီ - ၂ ရာစုကို ရည်ညွှန်းပါသည်။

ထို့ပြင် မြို့ရိုးများနှင့် အုတ်နံရံများကို ပုံမှန်တောင်မြောက်တန်းနေရာမှ နှစ်ကာလကြာလာသောအခါ သံလိုက်အိမ်မြှောင် (Magnetic Compass) မှညွှန်သော မြောက်ဘက်သို့ အတိအကျမရောက်ဘဲ အရှေ့ဘက်သို့ ၈ ဒီဂရီ၊ အနောက်ဘက်သို့ ၁၃ ဒီဂရီတိမ်းစောင်းနေပါက ထိုအုတ်တံတိုင်းနှင့် နံရံတည်ဆောက်သောရာစုကို တွက်ယူ နိုင်သည်။ ထို့ကြောင့် ဗိဿနိုးမြို့ဟောင်းတူးဖော်ရေးမှ ပေါ်ထွက်လာသည့် ခေတ်ကာလစောသော မြို့ရိုးနှင့် အဆောက်အအုံများ၏ တောင်မြောက်ပြေးနေသော နံရံများသည် အနောက်ဘက်သို့ ၁၀ ဒီဂရီမှ ၁၃ ဒီဂရီအထိ တိမ်းစောင်းနေသောကြောင့် ဗိဿနိုးမြို့ ၏ သက်တမ်းကို ခရစ်မပေါ်မီ ၂-ရာစု ဖြစ်မည်ဟု ခန့်မှန်းပါသည်။

ဗိဿနိုးမြို့ဟောင်း ယခင်တူးဖော်မှုမှတ်တမ်း

ဗိဿနိုးမြို့ဟောင်းကို ၁၉၀၅ ခုနှစ်ကပင် မြန်မာနိုင်ငံရှေးဟောင်း သုတေသနဌာန၊ ကျောက်စာဝန် တော်စိန်ခိုက ပထမဦးဆုံး စူးစမ်းလေ့လာခဲ့ပြီး မြို့ဟောင်းတောင်ဘက်ရှိ ကုန်းငယ်နှစ်ခုကို ရှေးဦးစွာ သုတေသနတူးဖော်မှု ပြုလုပ်ခဲ့ပါသည်။ ၁၉၀၇ ခုနှစ်တွင် ဗြိတိသျှ အစိုးရဧည့်သည်တော်ပြင်သစ် စစ်ဗိုလ်ချုပ် လီယွန်ဒီဗဲလီယေကလည်း သရေခေတ္တရာမြို့ဟောင်းတွင် လာရောက်တူးဖော်စဉ် ဗိဿနိုးမြို့ဟောင်းသို့ သွားရောက်စူးစမ်း လေ့လာခဲ့သည်။

ထို့နောက် ၁၉၅၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနမှ ရှေးဟောင်းသုတေသန ပညာရှင်များက ရှေးဟောင်းကုန်းပေါင်း ၂၅ ကုန်းကို စနစ်တကျတူးဖော် သုတေသနပြုခဲ့ကြပါသည်။ ထို့နောက် ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန် ဦးအောင်သော်က ဗိဿနိုးမြို့ဟောင်းတူးဖော်မှုအစီရင်ခံစာ (Report on Excavation at Beikthano )ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ထို့နောက် ၁၉၆၇ ခုနှစ်တွင် ဗိဿနိုးမြို့ဟောင်း အနောက်တောင်ဘက်ရှိ ရန်ပယ်ချောင်း၏ ရေတိုက်စားမှုကြောင့် ပေါ်ပေါက်လာသော အုတ်ကုန်းတချို့ကို ကုန်းအမှတ်-၂၆ (KKG-26)အဖြစ် သုတေသနပြုရန် တူးဖော်ခဲ့သည်။ထို့ပြင် ၁၉၉၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ကုန်းပေါင်း ၃၈ ကုန်းကို ရှေးဟောင်းသုတေသနဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက အသီးသီး သုတေသနပြု တူးဖော်ခဲ့ကြပါသည်။ ထို့ကြောင့် ဗိဿနိုးမြို့ဟောင်းအတွင်း ရှေးဟောင်းကုန်း စုစုပေါင်း ၆၈ ကုန်းကို တူးဖော် သုတေသနပြုမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

ဗိဿနိုးမြို့ဟောင်းကို သိပ္ပံနည်းကျ တူးဖော်မှုများစတင်စဉ်က တူးဖော်မှု ကုန်းအမှတ်များကို ဗိဿနိုးမြို့ဟောင်း အနောက်ဘက်ရှိ ကုက္ကိုခွရွာ(Kokkogwa)ကို အစွဲပြု၍ KKG ဟူ၍ အမည်ပေးခဲ့သည်။ ၁၉၉၅ ခုနှစ်မှစတင်၍ ဗိဿနိုးမြို့ဟောင်းကို တူးဖော်ရာတွင် ထိုကုက္ကိုခွ (KKG) ဟူသော ကုန်းအမည် အတိုမှတ်ကို အသုံးမပြုတော့ဘဲ ဗိဿနိုးမြို့ဟောင်း (Beikthano)ကိုပင် အစွဲပြု၍ BTO ဟူသော ကုန်းအမည်အတိုမှတ်ကို ပြောင်းလဲသုံးစွဲခဲ့ကြပါသည်။ ထို့ကြောင့် ယခုစာတမ်းတွင် ယခင်တူးဖော်မှု ကုန်းဟောင်းများနှင့် နှိုင်းယှဉ်ဖော်ပြရာ၌ ယခင်တူးဖော်မှုကုန်းများကို အတိုမှတ်အမည် KKG ဟူ၍လည်းကောင်း၊ ၁၉၉၅ ခုနှစ်နောက်ပိုင်း တူးဖော်ခဲ့သော ကုန်းများကို BTO ဟူ၍လည်းကောင်း ခွဲခြားဖော်ပြပါသည်။

ဗိဿနိုးမြို့ဟောင်းဗိသုကာလက်ရာများ

ယခင်တူးဖော်မှုများအရ ဗိဿနိုးမြို့ဟောင်း၏ မြို့ရိုး၊ မြို့ဝင်ပေါက်များ၊ ဘာသာရေးဆိုင်ရာနှင့် ထုံးဓလေ့ဆိုင်ရာ အဆောက်အအုံများ၊ လူနေအဆောက်အအုံများနှင့် ရှေးဟောင်းပစ္စည်းများကို တွေ့ရှိ၍အခြား ပျူမြို့ဟောင်းများနှင့် နှိုင်းယှဉ် လေ့လာနိုင်ခဲ့ပါသည်။ ဗိဿနိုးမြို့ဟောင်းတွင် မြို့ရိုး၊ မြို့ဝင်ပေါက်၊ နန်းတော်မြို့ရိုးနှင့် မြို့ဝင်ပေါက်၊ နန်းတော်အဆောက်အအုံများ၊ ဗုဒ္ဓဘာသာဆိုင်ရာ စေတီပုထိုး၊ ဘုန်းတော်ကြီးကျောင်း၊ သိမ် စသည့် သာသနိကအဆောက်အအုံ အစုအဝေးတို့ကို စုံလင်စွာ တည်ဆောက်ထားနိုင်ကြောင်း တွေ့ရှိရပါသည်။

ပျူမြို့ဟောင်းများအားလုံးတွင် မြို့ဝင်ပေါက်များပါရှိသည်။ မြို့ဝင်ပေါက်မှာ လက်တံနှစ်ခုရှိသည်။ အဝကျယ်ပြီး အတွင်းသို့ ကျဉ်းသွားကာ ကွေ့ဝိုက်သည့် ပုံသဏ္ဌာန်ရှိသည်။ ဗိဿနိုးမြို့ဟောင်း မြောက်ဘက်ရှိ ကုန်းအမှတ် (၁၃၊ ၁၅၊ ၂၂၊၃၅၊၃၆) တို့မှာ တူးဖော်ပြီး မြို့ဝင်ပေါက်များ ဖြစ်ပါသည်။

တူးဖော်မှုကုန်းအမှတ်-၆၊၁၄၊ ၁၈ {KKG-6, 14, 18) နှင့် အမှတ်-၅ (BTO 5)၊ ကုန်းအမှတ်-၁၆ (BTO-16) ကိုတူးဖော်ရာမှ ထွက်ပေါ်လာသော အဆောက်အအုံမှာ စက်ဝိုင်းပုံပန္နက်ရှိသော အုတ်အဆောက်အအုံကို အဆောက်အအုံအတွင်းသို့ ဝင်ရောက်နိုင်ရန် အုတ်ခုံစွန်း လက်တံထွက်ရှိထားသော ပန္နက်ပုံစံဖြစ်ပါသည်။ စတုရန်းပုံ အုတ်ရိုးပတ်ကာ အနောက်ဘက်တွင် အဆောက်အအုံအတွင်းသို့ ဝင်ရောက်နိုင်ရန် အုတ်ခုံစွန်း လက်တံထွက်ရှိထားသော ပန္နက်ပုံစံ ဖြစ်ပါသည်။

ထိုအဆောက်အအုံများအတွင်းမှ ဌာပနာပစ္စည်း တစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ကြရပါ။ ထိုအဆောက်အအုံများ၏ ပန္နက်ပုံစံမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ (ယခုပါကစ္စတန်နိုင်ငံ အတွင်းရှိ) တက္ကသီလာဒေသ (Taxila)နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း အန္တရဒေသရှိ အမရဝတီ (Amaravati)နှင့် နာဂါရ်ဇုနကုဏ္ဍ (Nagarjunakonda)ဒေသရှိ စေတီပန္နက်များနှင့် တူညီနေကြောင်းတွေ့ရှိရပါသည်။ ယခုအဆောက်အအုံများမှာ ပြိုပျက်၍ အထက်ပိုင်း မရှိတော့စေကာမူ လေးထောင့်ပစ္စယာအထက်၌ စေတီလုံးတည်ထားသော ဥဒ္ဒိဿစေတီများ ဖြစ်သည်ဟု ယူဆကြပါသည်။

ထိုအဆောက်အအုံများ၏ အပြင်ဘက်တွင် လူအရိုးစုအချို့နှင့် ပျူအရိုးအိုးများ မြှုပ်နှံထားရှိသည်ကို တွေ့ရှိရပါသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော်လည်း ပျူအရိုးအိုးများ မြှုပ်နှံထားရှိသည့် ဓလေ့ထုံးစံကို လက်မလွှတ်ဘဲ ဗုဒ္ဓသာသနာနှင့် ပနံသင့်အောင် ပူးပေါင်းကျင့်သုံးခဲ့ကြသည်ဟု ယူဆနိုင်ပါသည်။ ထိုရှေးဦး တူးဖော်မှုများတွင် ဗိဿနိုးမြို့ဟောင်းအတွင်း၌ စေတီပုံပန္နက်ရှိသော အဆောက်အအုံတို့သည် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ တက္ကသီလာ၊ တောင်ပိုင်းအန္တရဒေသရှိ အမရဝတီနှင့် နာဂါရ်ဇုနကုဏ္ဍဒေသများရှိ စေတီပန္နက်များ၊ ကျောက်ရုပ်ကြွပုံသဏ္ဌာန်များနှင့် တူညီနေကြောင်း တွေ့ရှိခဲ့ရပါသည်။ ထိုသို့ဗုဒ္ဓဘာသာ ကိုးကွယ်မှုဆိုင်ရာ စေတီများနှင့် ကျောင်းသင်္ခမ်း(ဝိဟာရ)များကို တွေ့ရှိခဲ့ကြပါသော်လည်း ဗုဒ္ဓဘာသာ ကိုးကွယ်မှုဆိုင်ရာ ရုပ်ပွားတော်များ၊ ဓာတ်တော် ကြုတ်များ စသည့် သာသနိကဆိုင်ရာ ပစ္စည်းများကိုမူ မတွေ့ရှိရချေ။ ထို့ကြောင့် အိန္ဒိယနိုင်ငံတောင်ပိုင်း အန္တရဒေသ အမရဝတီနှင့် နာဂါရ်ဇုနကုဏ္ဍမှ ရုပ်တုဆင်းတုတော် ကိုးကွယ်မှုကို လက်မခံသော အပရမဟာဝိနသေ လိယဂိုဏ်း (Apara-mahavinaseliya)နှင့် မဟီသာသကဂိုဏ်း (Mahisasaka)တို့မှ ဗုဒ္ဓဘာသာဝင်သာသနာပြုများ ဗိဿနိုးမြို့သို့ရောက်ရှိ သာသနာပြုခဲ့ကြသည်ဟု ယူဆခဲ့ကြပါသည်။

(ဆက်လက်ဖော်ပြပါမည်)

မြန်စာမြေသိန်းလွင်