Skip to main content

အမျိုးသားနိုင်ငံရေး ဦးဆောင်မှုနှင့် တပ်မတော်

တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရန်နှင့် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ် ဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပေးလျက် ရှိပါသည်။ ၂ဝ၁၁ ခုနှစ်မှစတင်၍ ဖြစ်ပေါ်လာခဲ့သော စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်သည် တပ်မတော် က အခက်အခဲမျိုးစုံကြားမှ အပင်ပန်းခံကာပြုစုပျိုးထောင်သော စနစ်ဖြစ်သည်။ ထိုစနစ်ပိုမိုခိုင်မာစေရန် အတွက် တပ်မတော်ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်သတ်မှတ်ပြဋ္ဌာန်းတာဝန် ပေးအပ်ထားသည်မှာ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟူ၍ပုဒ်မ ၂ဝ(စ)တွင် ထည့်သွင်းရေးဆွဲထားသည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်မှာ ပြည်သူများ လိုလားသောစနစ် ဖြစ်သည်။

မဲမသာမှု ၁၀ သန်းကျော်

တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်သော တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။ ထိုစနစ်ကို ပျက်ယွင်းစေရန် လုပ်ဆောင်သည့် ကိစ္စရပ်များကို လျစ်လျူရှု၍မဖြစ်နိုင်ပေ။ ၂ဝ၂ဝ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီသည် နိုင်ငံတော်အာဏာကို မိမိတစ်ပါတီတည်းက ထိန်းချုပ်နိုင်ရေးအတွက် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုတို့ များစွာ လုပ်ဆောင်ခဲ့သည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပပြီး အခမ်းအနားများတွင် ၂၄ ကြိမ်ထုတ်ဖော် ပြောကြားခဲ့ပြီး တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ စစ်ဆေးတွေ့ရှိချက်များအရ မဲမသမာမှု ၁ဝ သန်းကျော် (မဲပေးသူဦးရေ၏ လေးပုံ တစ်ပုံခန့်) ရှိကြောင်းကို ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့ကစပြီး ထုတ်ပြန်ခဲ့သည်။

မဲမသမာမှုများက စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုဆိုးရွားစွာ ထိခိုက်စေနိုင်သည့်အတွက် တပ်မတော်နှင့် နိုင်ငံရေးပါတီများမှ UEC အဆင့်၊ ထိုမှ ပြည်ထောင်စုလွှတ်တော်အဆင့်၊ ထို့နောက် အစိုးရအဆင့်ဖြေရှင်းပေးရန် ဥပဒေနှင့်အညီ တောင်းဆိုခဲ့သည်။ ရင်ဆိုင်ဖြေရှင်း ပေးခြင်းမရှိဘဲ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ခေါ်ယူရန် မတရားကြိုးပမ်းမှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှုကို ကြီးမားသော အခက်အခဲများ ဖြစ်ပေါ်စေမည် ဖြစ်သည့်အတွက် ယာယီသမ္မတက အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအား ခေါ်ယူပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ ယင်းနောက်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၈ ပုဒ်မခွဲ(က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ်တာဝန် ပေးအပ်ခဲ့သည်။ ဤသည်မှာနိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီပေါ်ပေါက်လာရခြင်းဖြစ်သည်။ ဤနေရာတွင် ရှင်းလင်းလိုသည်မှာ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံခြင်း မရှိသည့်အတွက် ဒုတိယသမ္မတမှ ယာယီသမ္မတ ဖြစ်လာခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီသာဖြစ်သည်။

ဤသို့ဖြင့် တပ်မတော်သည် အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်လာရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို အရပ်ဘက်၊ စစ်ဘက်မျှတစွာ ပါဝင်ဖွဲ့စည်းခဲ့သည်။ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်ဆောင်ရွက်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး စီမံဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကို လည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် စီမံဆောင်ရွက်ပေးလျက် ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသခရီးစဉ် ၁၇ ခု သွားရောက်ခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ ရေရှည်အနာဂတ်အတွက် အစီအမံများကို လမ်းညွှန်မှုပြုလျက်ရှိသည်။

ထို့အတူအမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် NCA လက်မှတ် ရေးထိုးထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော အဖွဲ့များနှင့် ၉ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၇ ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် ၂ ကြိမ် စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်အနေဖြင့်၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ်၂ဝ ပြုလုပ်ပေးထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးကို ဦးစားပေး လုပ်ဆောင်လျက်ရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိသည်။

ရှမ်းပြည်နယ်သို့ လှည့်လည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားပြီးသည်နှင့် ရှမ်းပြည်နယ်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ တြိဂံဒေသတိုင်း စစ်ဌာနချုပ် မိုင်းပျဉ်းတပ်နယ်နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဖေဖော်ဝါရီ ၁၇ ရက်တွင် သီးခြားစီသွားရောက် တွေ့ဆုံ အမှာစကားပြောကြားရာတွင် ''တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် ထိန်းသိမ်းစောင့်ရှောက်နေသည့် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်း စောင့်ရှောက်ပေးနေသည့် ထိန်းသိမ်းဆောင်ရွက်ပေးသူ (Guardian) အဖြစ် စိတ်ဓာတ်ခံယူ၍ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း'' ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ''တပ်မတော်၏ ခေတ်အဆက်ဆက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည့် အခြေအနေများကို နားလည်မှုလွဲမှားမှု၊ စိတ်သဘောထား မတိုက်ဆိုင်မှု၊ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် မလွှဲသာ မရှောင်သာသော အခြေအနေများအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)နှင့်အညီ အရေးပေါ်အခြေအနေ အဖြစ်ကြေညာခဲ့ရမှုတို့ကို လက်ခံနိုင်ခြင်းမရှိသူများ အနေဖြင့် သွေးထိုးလှုံ့ဆော်မှုများရှိနေပြီး တပ်မတော်နှင့် ပြည်သူကိုသွေးကွဲအောင် လုပ်ဆောင် လျက်ရှိကြောင်း၊ တပ်မတော်သည် စတင်ဖွဲ့စည်းချိန်မှစ၍ ယခုအချိန်ထိ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည့်၊ အစဉ်အလာရှိသည့်၊ ဂုဏ်သိက္ခာရှိသည့် တပ်မတော်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ပြောဆိုနေမှုများကို လက်ခံ၍ရနိုင်မည် မဟုတ်ကြောင်း'' ပြောကြားခဲ့သည်။

သက်သေပြုလျက်ရှိ

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်သည် မြန်မာ့သမိုင်းနှင့် ထက်ကြပ်မကွာ လိုက်ပါလာသော တပ်မတော်၏ ဆောင်ရွက်ချက်များကို ပြန်လည်တွေးမြင်သတိရစေသည်။ ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာ စေချင်တာ၊ (Guardian) စနစ်ဖြင့် သွားစေချင်တာကို မီးမောင်းထိုးပြခြင်းဖြစ်သည်။ ၁၉၄၈ ခုနှစ်မှ ယနေ့တိုင် တပ်မတော်၏ လျှောက်လှမ်းခဲ့ရသော တပ်မတော်၏ စွမ်းဆောင်ချက်များကို အရှိကို အရှိအတိုင်း ကြည့်မြင်မည်ဆိုပါက တပ်မတော်သည် တိုင်းပြည်အတွက်သာ အမှန်တကယ် ဖြစ်ခဲ့ကြောင်း ထိုဖြစ်ရပ်များက သက်သေပြုလျက်ရှိသည်။ မြန်မာ့သမိုင်းနှင့်အတူ ပေါ်ပေါက်လာခဲ့သော တပ်မတော်သည် လှိုင်းလေကကြီး မုန်တိုင်းကထန် နေကပူပြင်းသည့် လမ်းခရီးတွင် လျှောက်လှမ်းခဲ့ရသည် များသာဖြစ်သည်။ မည်သည့် အခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားကာ နိုင်ငံတော်အတွက် သက်စွန့်ကြိုးပမ်း ခဲ့ကြသည်။ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတို့ကို ကာကွယ်စောင့်ရှောက်နေသလိုပြည်သူတို့၏ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးလျက်ရှိသည်မှာ တပ်မတော်သာဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်တွင် အခက်အခဲနှင့်ကြုံလာတိုင်း ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်ကာ အခက်အခဲမျိုးစုံကို ဖြေရှင်းပေးခဲ့သည်။ တပ်မတော်သားတို့ စစ်တိုက်ကြရသည်မှာ မဆန်းလှသော်လည်း လွတ်လပ်ရေးရပြီးစကာလ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော ရောင်စုံသောင်းကျန်းသူများကို တိုက်ထုတ်ခဲ့ရသည်မှာ ဆန်းကြယ်လှသည်ဟု ဆိုရပေမည်။ တပ်မတော်အင်အားထက် ရန်သူ့အင်အားက နှစ်ဆမက သာလွန်နေသောရန်သူကို တိုက်ထုတ်ခဲ့ရသည်မှာ တိုင်းပြည်နှင့် လူမျိုးကိုချစ်သော စိတ်ကြောင့်ဆိုသည်မှာ အထင်ရှားဆုံး သာဓကဖြစ်သည်။ ထိုစဉ်က ကမ္ဘာအရပ်ရပ်က ပြောင်လှောင် ရယ်မော၍ ရန်ကုန်အစိုးရဟု အထင်သေးနေသော အချိန်တွင် တပ်မတော်က ကယ်တင်လိုက်ခြင်းမှာ ယနေ့အချိန်အခါနှင့် ပြန် တွေးလိုက်လျှင် ကြက်သီးတဖြန်းဖြန်းထလောက်အောင် တပ်မတော်သားတို့ကို လေးစားမိပါသည်။

မြန်မာ့နိုင်ငံရေးစနစ်များကို ပြန်လည်ကြည့်မည်ဆိုလျှင် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ် ပါလီမန်ဒီမိုကရေစီစနစ်၊ ၁၉၅၈ မှ ၁၉၆ဝ ခုနှစ်အထိ အိမ်စောင့်အစိုးရ၊ ၁၉၆ဝ မှ ၁၉၆၂ ခုနှစ်အထိပါလီမန်ဒီမိုကရေစီ စနစ်၊ ၁၉၇၄ မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(တစ်ပါတီစနစ်) စသည်ဖြင့် အုပ်ချုပ်ခဲ့ကြသည်။ တပ်မတော်သည်ကား နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ မြန်မာနိုင်ငံ အနှံ့အပြားရှိလက်နက်ကိုင် သောင်းကျန်းသူတို့ကို အမြစ်ဖြတ် ချေမှုန်းတိုက်ခိုက်ခြင်း၊မူးယစ်ဆေးဝါး ပပျောက်ရေးစစ်ဆင်ရေးများ ဆင်နွှဲခြင်းဖြင့် နိုင်ငံနှင့်လူမျိုး အကျိုးကို သယ်ပိုးလျက်ရှိနေခဲ့သည်။

နိုင်ငံရေးမုန်တိုင်းကြီးတိုက်ခက်ခဲ့

၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြင်းထန်သော နိုင်ငံရေးမုန်တိုင်းကြီး တိုက်ခတ်ခဲ့သည်။ ထိုစဉ်က နိုင်ငံတော်အစိုးရက ပြည်သူလူထု တောင်းဆိုသမျှ လိုက်လျောမှုပြုခဲ့သည်။ ဒီမိုကရေစီ တောင်းဆိုနေသူများအတွက် ဒီမိုကရေစီ ပေးခဲ့သည်။ သို့သော် အကြမ်းဖက် အဖျက်သမားတို့၏ လူသတ်၊ မီးရှို့၊ အဆောက်အဦများ ဖျက်ဆီးခြင်းများကြောင့် အစိုးရ၏ အာဏာစက်မှာ ပျောက်ဆုံးသွားခဲ့သည်။ ပြည်ပက သွေးထိုးမြှောက်ပင့်ပေးသူများ၊ ပြည်တွင်းလက်နက်ကိုင် အဖွဲ့များကြောင့် တိုင်းပြည်သည် မီးဟုန်းဟုန်း တောက်လောင်ခဲ့သည်။ အပျက်အစီးများ၊ မီးလောင်ပြင်များ၊ ခေါင်းဖြတ်အသတ်ခံ ရသူများဖြင့် မြင်ကွင်းမှာ လွန်စွာအကျည်းတန်လွန်းခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ တပ်မတော်ကနိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ရယူလိုက်ရသည်။ နိုင်ငံတော်အာဏာကို သိမ်းလိုက်ခြင်းဟု ပြောဆိုနေကြသော်လည်း အမှန်တကယ်က တပ်မတော်ထံသို့ အပျက်အစီးကို လွှဲပြောင်း ထိုးအပ်ပေးလိုက်ခြင်းသာ ဖြစ်သည်။ ထိုစဉ်က နိုင်ငံတော်ပိုင် ငွေကြေးမှာ အမေရိကန်ဒေါ်လာ ၈ သန်း မျှသာရှိခဲ့သည်။ နိုင်ငံတကာ အသိုက်အဝန်းနှင့် တိုင်းပြည်ပျက်စီးရေးကို ရှေးရှုသူများက တပ်မတော်အစိုးရသည် တစ်လပင်ခံလိမ့်မည်မဟုတ်ဟု မှတ်ချက်ပေးကြသည်။ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်အကောင်အထည် ဖော်ပေးခဲ့သည်မှာ တပ်မတော်သာဖြစ်သည်။ ၁၉၈၈ မှ ၂ဝ၁၁ ခုနှစ်အတွင်း စွမ်းဆောင် တည်ဆောက်ပေးခဲ့သော အရာများကား ရေတွက်၍ မကုန်နိုင်ပေ။ လူအများမျက်စိဖြင့်ထင်ရှားစွာ တွေ့မြင်နိုင်သော အရာများသာ ဖြစ်ပါသည်။ (အသေးစိတ်မဖော်ပြတော့ပါ။)

အဓိကဖော်ပြချင်သည်မှာ ပြည်သူအများ လိုလားတောင့်တနေသော ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က ဦးဆောင်အကောင်အထည် ဖော်ပေးခြင်း၊ လမ်းခင်းပေးခြင်းဖြစ်ကြောင်းကိုမူ မျိုးဆက်သစ်တို့ သိရှိစေချင်သည်။ ဒီမိုကရေစီ လမ်းကြောင်းသို့ ချီတက်ရန်မှာ အခြေခံအဆောက် အဦများ တည်ဆောက်ခြင်းနှင့်အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကိုလည်း ရေးဆွဲရသည်။ နေပြည်တော်မြို့တော်ရှိ သမ္မတအိမ်တော်နှင့် လွှတ်တော်ရုံးများ၊ ဝန်ကြီးဌာနရုံးများသည်အခြေခံ အဆောက်အဦများဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် လူထုလူတန်းစားရှစ်ဖွဲ့မှ ပါဝင်ရေးဆွဲထားခြင်းဖြစ်သည်။ ထိုသို့ရေးဆွဲရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပင် ပါဝင်ပါသည်။

တပိမတော်ကို တာဝန်ပေးအပ်ထား

ထိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း (၁၅)ခန်းပါဝင်ပြီး အခန်း (၁) နိုင်ငံတော် အခြေခံမူများတွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည် ''ပုဒ်မ-၆(စ)''ဟူ၍ လည်းကောင်း၊ တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည် ''ပုဒ်မ-၂ဝ(စ)'' ဟူ၍လည်းကောင်း ထည့်သွင်းရေးဆွဲထားသည်။ ဤသည်မှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲသူ အသိပညာရှင်၊ အတတ်ပညာရှင်များက ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်သည်။ နိုင်ငံတော်တွင် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရှည်ကြာစွာ တည်တံ့စေရေးအတွက် အမြော်အမြင်ကြီးမားသူတို့က တပ်မတော်ကို တာဝန်ပေးအပ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော် နေထိုင်သည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အရေအတွက်မှာလည်း များပြားနေသေးသည်။ ထို့ကြောင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရန် တာဝန်ပေးထားခြင်း ဖြစ်သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး ၂ဝ၁၁ ခုနှစ်တွင် ပထမဆုံးသော ဒီမိုကရေစီအစိုးရ တစ်ရပ်ပေါ်ထွန်းလာခဲ့သည်။ ထိုအစိုးရသို့ နိုင်ငံတော် အာဏာအရပ်ရပ် လွှဲပြောင်းပေးခဲ့သည်။ စည်းကမ်းစနစ်ကျနစွာ လွှဲပြောင်းပေးအပ်နိုင်ခဲ့သဖြင့် ကမ္ဘာကပင် အံ့သြချီးကျူးခဲ့ကြသည်။ (အခြားသောနိုင်ငံများ၏ ဒီမိုကရေစီစနစ် အပြောင်းအလဲတွင် သွေးထွက်သံယိုမှုများ ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံက တည်ငြိမ်စွာ အသွင်ကူးပြောင်းနိုင်မှုကြောင့် ချီးကျူးကြခြင်းဖြစ်သည်။)

၂ဝ၁၁ မှ ၂ဝ၁၅ ခုနှစ် ပထမဒီမိုကရေစီ အစိုးရသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အထင်ရှားဆုံးအနေဖြင့် ဒီမိုကရေစီအစိုးရပီသစွာ မီဒီယာလွတ်လပ်ခွင့်ပေးခြင်း၊ လူတိုင်းတယ်လီဖုန်းကိုင်နိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ပြည်ပကြွေးမြီများ နည်းပါးအောင် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရေးကောင်းမွန်ခြင်း၊ တပ်မတော်နှင့်အတူ လက်တွဲလုပ်ဆောင်ခြင်း၊ အမျိုးဘာသာ သာသနာ ဂုဏ်မညှိုးအောင် ဆောင်ရွက်ခြင်း၊ ပြစ်ဒဏ်ကျခံနေရသူများကို အများဆုံးပြန်လည် လွှတ်ပေးခဲ့ခြင်း စသည်ဖြင့် တိုင်းပြည်အတွက် အကောင်းဆုံး ဖန်တီးတည်ဆောက်ပေးခဲ့သည်။ အထင်ရှားဆုံး စွမ်းဆောင်ချက်မှာ အမျိုးသား ရင်ကြားစေ့ရေးအဖြစ် နိုင်ငံတော်ကို ဆန့်ကျင်နေသူများကို လက်တွဲခေါ်ယူခြင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်းတို့ဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ဒုတိယဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ထိုအစိုးရသည် စတက်လာသည်နှင့် ဝန်ကြီးဌာနနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းခြင်း၊ ဒုတိယဝန်ကြီးများသည် နိုင်ငံအတွက်သီးခြား ငွေကုန်ခြင်း ဖြစ်သည့်အတွက် ဒုတိယဝန်ကြီးများ ခန့်ထားမှုမရှိခြင်းတို့ စတင်ဆောင်ရွက်သည်။ သို့သော် များမကြာမီအချိန်တွင် ဒုတိယဝန်ကြီးများကို မူလအတိုင်း ပြန်လည်ခန့်ထားသည်။ ဝန်ကြီးဌာနလေးခုကို လူတစ်ဦးတည်းက စီမံအုပ်ချုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြောင်းလဲခဲ့ရသည်။ ပထမဒီမိုကရေစီ အစိုးရလက်ထက် NCA တွင် တိုင်းရင်းသား လက်နက်ကိုင်များ အဆောတလျင် လက်မှတ်ရေးထိုးခြင်း မပြုရန်လှုံ့ဆော်ခဲ့ပြီး အကျိုးဆက်အဖြစ် ၎င်းတို့အစိုးရ လက်ထက်ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့သာ လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

အတွေ့အကြုံမရှိသူများသာ

ဆိုလိုသည်မှာ ဒုတိယဒီမိုကရေစီအစိုးရတွင် တာဝန်ထမ်းဆောင်မည့်သူ အများစုသည် အမှန်အတိုင်း ရေးသားရလျှင် နိုင်ငံတော်အုပ်ချုပ်ရေး တာဝန်အတွေ့အကြုံ မရှိသူများသာ ဖြစ်သည်။ ယခုမှရွေးကောက်ပွဲ အနိုင်ရ၍ အစိုးရတစ်ရပ် ဖြစ်လာခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ပထမဒီမိုကရေစီ အစိုးရခင်းထားသော လမ်းကြောင်းကို အသာတကြည်လိုက်ပါ စီးမျောလိုက်ရုံပင်ဖြစ်သည်။ ဆောက်လုပ်ပြီးသား အိမ်ပေါ်တွင်နေထိုင်ပြီး ပေါင်းမြက် ရှင်းသည့် အဆင့်မျိုးမျှ လုပ်ကိုင်လျှင်ပင် မြန်မာနိုင်ငံသည် ဆက်လက်ဖွံ့ဖြိုး တိုးတက်မည်သာဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) အုပ်ချုပ်ရေးကဏ္ဍတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းကို ပုဒ်မ ၂ဝ၁ တွင် ထင်ရှားစွာ ဖော်ပြထားသည်။

ပြည်ဖုံးကားချထားခဲ့

''အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရသက်တမ်းကာလ (၂ဝ၁၆-၂ဝ၂၁)အတွင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့၏ အရေးပါမှု အခန်းကဏ္ဍကိုလုံးဝပင်ပြည်ဖုံးကား ချထားခဲ့သည်ကိုတွေ့မြင်ရပါသည်။ ဤကောင်စီဝင် ၁၁ ဦးတွင် တပ်မတော်နှင့် ဆက်နွှယ်သော ပုဂ္ဂိုလ်ခြောက်ဦး ပါဝင်သည်ကို လိုလားမှုမရှိခြင်း၊ ပူးပေါင်းဆောင်ရွက်လိုမှု မရှိခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ဤအရွယ် ဤတာဝန်များကို ရယူ၍ နိုင်ငံတော်ကို တာဝန်ယူ ဦးဆောင်နေကြသော ပုဂ္ဂိုလ်ကြီးများတွင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ အာဏာစွဲများထက် ပြည်သူ့အကျိုး၊ နိုင်ငံတော်အကျိုးကို ဦးစားပေးရမည်ဖြစ်သည်။ သို့သော် ထိုသို့မဟုတ်ခဲ့သည်မှာ တိုင်းပြည်အတွက် ထိခိုက်နစ်နာပါသည်'' ဟူ၍ ဝေလွင်မောင်က ''ကိုယ်နှင့်သက်ကို နှင်းဆက်လို၍''စာအုပ်တွင် ရေးသားထားသည်။

ဒုတိယဒီမိုကရေစီအစိုးရသည် မြေစမ်းခရမ်းပျိုး ပထမငါးနှစ်သက်တမ်းတွင် အမျိုးဘာသာသာသနာ ညှိုးနွမ်းပျောက်ကွယ်အောင် လုပ်ဆောင်ခဲ့ သည်။ မဘသကို ဖျက်သိမ်းပစ်ခြင်း၊ ဘကကျောင်းများကို တားမြစ်ခြင်းမှသည် ဗုဒ္ဓဘာသာ ရဟန်းများကို အခြားသော လူဝတ်ကြောင်များနှင့် တန်းတူထိုင်စေခြင်း၊ ကိုရင်နှင့် သီလရှင်များက မြေကြီးပေါ်တွင်ထိုင်စေပြီး လူများက ထိုင်ခုံပေါ်တွင်ထိုင်စေခြင်း စသည့် လုပ်ဆောင်ခြင်းများနှင့် အတူ အမျိုးသမီးများ မဝင်ရနေရာတွင် ဝင်ပြခြင်းများသည် မြန်မာဗုဒ္ဓဘာသာတို့၏ အသည်းနှလုံးကို မီးစနှင့် ထိုးလိုက်သည်နှင့် တူလှသည်။ ရခိုင်ပြည်နယ်အတွင်း ပြည်ပအကြမ်းဖက်သမားတို့က မိမိနိုင်ငံအတွင်း ဝင်ရောက်ကာ တပ်၊ ရဲစခန်းပေါင်း (၃ဝ)ကျော်နှင့် တိုင်းရင်းသား လူမျိုး ၂ဝဝ ခန့်ကို သတ်ဖြတ်ခဲ့သည်။ တပ်မတော်က နိုင်ငံတော် ကာကွယ်ရေး တာဝန်အရ မှန်မှန်ကန်ကန် ထမ်းဆောင်သည်။ စစ်မြေပြင်တွင်ရန်သူကို နေလိုမီးလို ပြုကျင့်ရမည်သာ သဘာဝဖြစ်သည်။ သို့သော် ထိုဖြစ်စဉ်ကို အကြောင်းပြု၍ အိုင်စီဂျေတရားရုံးသို့သိက္ခာမဲ့စွာ သွားရောက်ဖြေရှင်း ခဲ့ရသည်။ ထို့ကြောင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် လုံးဝ(လုံးဝ)သောင်ပြိုကမ်းပြိုနိုင်စရာ အကြောင်းမရှိတော့သည်မှာ ထင်ရှားနေပြီဖြစ်သည်။

လူဆိုသည်မှာ ကိုယ့်အကြောင်းကိုယ် အသိဆုံးဖြစ်၍ ထိုပါတီဝင်များအနေဖြင့် အခြေနေမှန်ကို သိရှိသည်။ သို့ဖြစ်၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုကြီးကြီးမားမား ပြုလုပ်သည်။ အရပ်စကားနှင့် ပြောရလျှင် အခြားသောပါတီများအပေါ် အနိုင်ကျင့်သည်။ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများမှာ များပြားလှသည်။ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ အကြိုကာလတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ အစိုးရနှင့့် UEC တို့ကို အသိပေးသည်။ ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင်လည်း မဲမသမာမှု ဆိုးဆိုးရွားရွားရှိနေ၍ ဖြေရှင်းပေးရန်တောင်းဆိုခဲ့သည်။ လုံးဝလျစ်လျူရှုကာ လွှတ်တော်အသစ် ခေါ်ယူရန်ကြိုးပမ်းပြီး နိုင်ငံတော်အာဏာကို အတင်းအဓမ္မ ရယူရန် လုပ်ဆောင်ခဲ့ခြင်းသည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေခဲ့သည်။

လူမှန်နေရာမှန် ဖြစ်ရန်လို

ဤနေရာတွင် ဒီမိုကရေစီ အဆိုအမိန့်တစ်ခုကို သတိရမိသည်။ ချားစ်ဒဗလျူပစ်ကားရင်းက... ''ကောင်းမွန်လျောက်ပတ်သော ဒီမိုကရေစီတစ်ရပ်သည် သင့်တော်ကောင်းမွန်သော လူ့အဖွဲ့အစည်းရှိရန် လိုအပ်ပေသည်။ ယင်းလူ့အဖွဲ့အစည်းအတွင်း မိမိတို့အနေဖြင့် ဂုဏ်ကျက်သရေရှိရန်၊ ရက်ရောမှုရှိရန်၊ သည်းခံတတ်ရန်နှင့် လေးစားတတ်ရန် လိုအပ်ပေသည်''ဟူ၍ ဆိုထားသည်။ သင့်တော်ကောင်းမွန်သော လူ့အဖွဲ့အစည်း ရှိရန်လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ ငါးနှစ်တာကာလ မိမိတို့ အုပ်ချုပ်မည့်သူများကို ရွေးချယ်မဲပေးရာတွင် လူမှန်နေရာမှန် ဖြစ်ရန် လိုအပ်လှသည်။ ပါတီအဖွဲ့အစည်း မျက်နှာထက် တိုင်းပြည်၏ မျက်နှာကိုကြည့်ကာ ရွေးချယ်ပေးနိုင်ဖို့ အဓိကကျလှသည်။ လူကိုမကြည့်၊ ပါတီကိုသာကြည့်၍ ရွေးချယ်မှု၏ အမှားကို ငါးနှစ်တာကာလ ခံခဲ့ရပြီးဖြစ်သည်။

စစ်မှန် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကိုကျင့်သုံးခဲ့ရာတွင် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ်ကြောင့် ပါတီပေါင်းစုံသည် လွှတ်တော်သို့ ရောက်လာခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ ပါတီစုံဆိုထားသော်လည်း အပြင်တွင်သာ ပါတီစုံမဟုတ်ဘဲ လွှတ်တော်တွင်းမှာပင် ပါတီစုံပါဝင်မှသာ တိုင်းရင်းသားပြည်သူ အားလုံးအတွက် အကျိုးစီးပွား ညီညွတ်မျှတစွာ ဖြစ်ထွန်းပေါ်ပေါက်လာမှာဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ အများဆန္ဒအတိုင်း ဆောင်ရွက်ရန်လိုအပ်သလို လူနည်းစု၏ ဆန္ဒကိုလည်း အလေးထားရန် လိုအပ်ပါသည်။ တိုင်းရင်းသားပါတီများ အပါအဝင်နိုင်ငံရေးပါတီများမှာ ပြည်သူလူထုကို ကိုယ်စားပြုသူများဖြစ်သည်။ ထိုပါတီများအနေဖြင့် တိုင်းရင်းသား လူမျိုးစုများကို ကျယ်ကျယ် ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့ အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးရမည်ဖြစ်သည်။ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေး ပါတီမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများနှင့် စုပေါင်းဆွေးနွေးခဲ့သည်မှာ လေးကြိမ်ရှိခဲ့ပြီဖြစ်သည်။ ထို့ပြင် UEC အနေဖြင့် ပါတီများကို သွားရောက်စစ်ဆေးခြင်း၊ ရွေးကောက်ပွဲအတွက် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး စနစ်တကျပြုစု ထားခြင်းများ ဆောင်ရွက်လျက်ရှိသည်။ မဲပေးပိုင်ခွင့်ရှိသူတိုင်း မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်နိုင်ရေးများကိုလည်း သက်ဆိုင်ရာ များက ဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်အတွက် ဆောင်ရွက်ချက်များသည် မှန်ကန်သောလမ်းကြောင်းပေါ်သို့ လှမ်းတက်နိုင်ပြီဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

အာကာမောင်မောင်