မီဒီယာအဆိပ်သင့်တဲ့ပြည်
မဟုတ်မမှန်လုပ်ကြံသတင်းတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်ချိမှုတွေနဲ့ မီဒီယာအဆိပ်သင့်မှု အများဆုံးခံနေရတဲ့ တိုင်းပြည်ကို ပြပါဆိုရင် အရှေ့တောင်အာရှက မြန်မာပြည်ကို ညွှန်ပြရမလိုပါပဲ။ အခြားနိုင်ငံတွေလည်း မီဒီယာအဆိပ်သင့်မှု အနည်းနဲ့အများတော့ ခံနေရတာပါပဲ။
ကျွန်တော်တို့နိုင်ငံမှာ တိတိကျကျဆိုရရင်တော့ ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ BBC ၊ VOA ၊ All India ရေဒီယိုအသံလွှင့်ဌာနတို့က မြန်မာပြည်ကို မီဒီယာ အဆိပ်ခတ်ခဲ့ရာကစပြီး အဆိပ်သင့်ခဲ့ရတာ ယခုဆို နှစ်ပေါင်း ၃၀ ကျော်လာခဲ့ပြီလို့ ဆိုရမှာပါ။
ပြည်ပအသံလွှင့်ဌာနတွေကိုပဲ အားကိုးလာခဲ့ကြ
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရခေတ်မှာ နှစ်ပေါင်းများစွာ ရိုးအီနေတဲ့သတင်း တင်ဆက်မှုတွေ၊ စိုးရိမ်လွန်ကဲမှုကြောင့် အရေးမပါတဲ့ သတင်းကအစ သတင်းအမှောင်ချခဲ့မှုတွေ၊ တုံ့ပြန်ချက် ဖင့်နွှဲ့နှောင့်နှေးမှုတွေ၊ ဗဟိုဦးစီးစနစ် ချုပ်ကိုင်မှုကြောင့် သတင်းစီးဆင်းမှု လေးလံနှေးကွေးမှုတွေကြောင့် နိုးကြားတက်ကြွတဲ့ ပြည်သူအများစုဟာ ပြည်ပအသံလွှင့်ဌာနတွေကိုပဲ အားကိုးလာခဲ့ကြတယ်။ ရိုးသားတဲ့ မြန်မာပြည်သူ အများစုဟာလည်း ပြည်ပသတင်းဌာနတွေရဲ့ ထုတ်လွှင့်ချက်မှန်သမျှဟာ အမှန်ပဲလို့ တစ်ထစ်ချ ပုံသေကားချပ် ယုံကြည်ယူဆ ခဲ့ကြပါတယ်။
သို့မို့ကြောင့် ပြည်ပသတင်းဌာနအချို့ရဲ့ အမှန်ထက်ဝက်၊ မမှန်ထက်ဝက်၊ ဖုံးတစ်ဝက်၊ ဖော်တစ်ဝက်ဆိုတဲ့ “Card Stacking” ဆိုတဲ့ ပဉ္စလက်သတင်း ဖော်ပြနည်းတွေ၊ နှတ်ကြောင်းပေး သွေးထိုးလှုံ့ဆော်မှုတွေ၊ “Name Calling”ဆိုတဲ့ တည်ဆဲအစိုးရတစ်ရပ်အပေါ် အများပြည်သူ က အမုန်းကြီးမုန်း၊ အကြောက်ကြီးကြောက်ပြီး ရွံကြောက်ကြီးဖြစ်လာစေရန် ပြစ်တင်ရှုတ်ချ အပုပ်ချနည်းတွေ စတဲ့ နည်းလမ်းပေါင်းစုံကို မြန်မာပြည်သူအများစုဟာ သတိမမူနိုင်ခဲ့ကြဘူး။
မီဒီယာကျင့်ဝတ်နဲ့မညီတဲ့ မီဒီယာအချို့ရဲ့ အဆိပ်ခတ်မှုတွေဟာ တဖြည်းဖြည်းစုပြုံ များပြားလာတာနဲ့အမျှ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ အတွင်း အစိုးရရဲ့အစွမ်းကုန် လိုက်လျောပေးမှုတွေဟာလည်း ရေပေါ်အရုပ်ရေးသလို အရာမထင် ဖြစ်ခဲ့ရတယ်။
မြွေပူရာကင်းမှောက်၊ ဘူးလေးရာ ဖရုံဆင့်ဆိုသလို အရေးအခင်းကာလမှာ ခါတော်မီသတင်းစာတွေ၊ သတင်းလွှာတွေကလည်း ပလူပျံအောင် ထွက်ရှိလာခဲ့ပြီး အများစုက အင်အားချည့်နဲ့ပြီး မလှုပ်နိုင်တော့တဲ့ မဆလအစိုးရကို အညှာအတာကင်းမဲ့စွာ ကလောင်ပေါင်းစုံနဲ့ တစ်ဖက်သတ် ဝိုင်းပြီး ထိုးဆွခဲ့ကြပြန်ပါတယ်။
နိုင်ငံ့အရေးအတွက် ပူပန်မှုရှိတဲ့ “ဆရာဝန် တစ်ဦး”ဆိုတဲ့ ကလောင်ရှင်တစ်ဦးက “မီးဟုန်း ဟုန်းတောက်တော့မည့် မြန်မာပြည်”ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်ရှိအခြေအနေအပေါ် စဉ်းစားဆင်ခြင်နိုင်ဖို့ ဆောင်းပါးတစ်ပုဒ် ရေးသားပြီး သူ့ဆောင်းပါးကို သတင်းစာတိုက်တွေက အသုံးပြုဖော်ပြပေးဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်အယ်ဒီတာကမှ လက်မခံခဲ့ကြပါဘူး။ သို့မို့ကြောင့် ထိုဆောင်းပါးရှင်ဟာ သူ့စရိတ်နဲ့သူ အစောင်သုံးလေးရာခန့်ကို ဖြစ်တဲ့နည်းနဲ့ ထုတ်ဝေဖြန့်ချိခဲ့ရပါတယ်။ အရေးအခင်း နောက်ပိုင်းမှာ သူသတိပေး ရေးသားခဲ့သလိုပါပဲ။ မြန်မာပြည်ဟာ ဆူပူအကြမ်းဖက်မှုတွေ၊ လုယက်မှုတွေ၊ ခေါင်းဖြတ်သတ်ဖြတ်မှုတွေနဲ့ မီးဟုန်းဟုန်းတောက် လောင်ခဲ့ရပါတယ်။
မီဒီယာကို မီဒီယာနဲ့တိုက်
၁၉၈၈ အရေးအခင်းနောက်ပိုင်း တပ်မတော် အစိုးရလက်ထက်မှာတော့ ပြည်ပသတင်းမီဒီယာများရဲ့ မီဒီယာအဆိပ်ခတ်မှုတွေကို တုံ့ပြန်ချေဖျက် တဲ့အနေနဲ့ “မီဒီယာကို မီဒီယာနဲ့တိုက်”ဆိုပြီး တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်ပအသံလွှင့်ဌာနအချို့ရဲ့ မဟုတ်မမှန် လုပ်ကြံသတင်းတွေ အပေါ်ကိုလည်း တုံ့ဆိုင်းတွေဝေမှုမရှိဘဲ နိုင်ငံပိုင်မီဒီယာကတစ်ဆင့် သတင်းစာရှင်းလင်းပွဲတွေ၊ ပညာပေး ရေးသားမှုတွေနဲ့ ချက်ချင်းလက်ငင်း တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်တွင်းမျက်နှာစာမှာလည်း စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကို ပြည်ထဲရေး ဝန်ကြီးဌာနအောက်မှာ ထားရှိပြီး ပုံနှိပ်မီဒီယာကို တင်းကျပ်စွာ ထိန်းချုပ်ထားခဲ့တယ်။ သို့ပေမယ့် ပြည်ပမီဒီယာများရဲ့ ထိုးဖောက်မှုကို အလုံးစုံ လွှမ်းခြုံမကာကွယ်နိုင်ခဲ့ပါဘူး။
မြန်မာ့မီဒီယာ တစ်ခေတ်ပြန်လည်ဆန်းသစ်
သမ္မတဦးသိန်းစိန် အစိုးရခေတ် ၂၀၁၀-၂၀၁၅ မှာတော့ မြန်မာ့မီဒီယာ တစ်ခေတ်ပြန်လည် ဆန်းသစ်လာခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ မီဒီယာလွတ်လပ်ခွင့်ကိုပါ ပြင်ဆင်ဆောင်ရွက် ပေးခဲ့ပါတယ်။ ကနဦးမှာ စာပေစိစစ်ရေး လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်းမှာ ဖျက်သိမ်းခဲ့တဲ့အထိ ဆောင်ရွက်ပေးခဲ့သလို နှစ်ပေါင်းများစွာ ပိတ်ပင်ခံခဲ့ရတဲ့ ပုဂ္ဂလိက သတင်းစာတွေကိုလည်း ပြန်လည်ထုတ်ဝေခွင့် ပြုပေးခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရခေတ် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အကဲဖြတ်ကြည့်ရင် တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူနိုင်ငံတို့ထက် သာလွန်တဲ့အနေအထား တစ်ခုရောက်အောင် ကာလတိုအတွင်း ဆောင်ရွက်နိုင်ခဲ့တာကို တွေ့မြင်ရပါလိမ့်မယ်။
တစ်ဖက်မှာလည်း ပြည်သူသန်းပေါင်းများစွာကို မိုဘိုင်းလ်ဖုန်းများ ကိုင်ဆောင်သုံးစွဲခွင့်ရအောင် ဆောင်ရွက်ပေးခဲ့တဲ့အတွက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူတိုင်းလွတ်လပ်စွာ ရေးသားဖော်ပြခွင့်တွေ ရရှိလာခဲ့ကြတယ်။
သို့ပေမယ့် မြန်မာ့မီဒီယာလောကအတွင်းမှာ အခွင့်အရေးနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု ချိန်ဆကျင့်သုံးမှု အပိုင်းမှာ အားနည်းခဲ့ပါတယ်။ သတင်းမီဒီယာသမားအချို့ဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အသုံးချပြီး ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှု၊ ဘက်လိုက်မှုတွေကို လုပ်ဆောင်ခဲ့ ကြသလို ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ အစွန်းရောက်နေသူများကလည်း ကျင့်ဝတ်၊ သိက္ခာပိုင်းကို နားမလည်ဘဲ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာပေါ်က တစ်ဆင့် သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ကို ပုဂ္ဂိုလ်ရေးထိုးနှက်ချက်တွေ၊ ရိုင်းစိုင်းစော်ကားစွာ ရေးသားမှုတွေ၊ တစ်ဖက် သတ်ဝါဒဖြန့်ချိမှုတွေနဲ့ ဘက်ပေါင်းစုံက ထိုးနှက် တိုက်ခိုက်ခဲ့ကြပြန်ပါတယ်။
တကယ်တော့ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အချို့ဟာ အမျိုးသား နိုင်ငံရေးမှာတော့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ ပါသော်လည်း ပါတီနိုင်ငံရေးမှာတော့ ကိုယ့်တုတ်နဲ့ကိုယ် ပြန်အရိုက်ခံခဲ့ရရှာတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
လက်စောင်းသိပ်မထက်ကြတော့
NLD အစိုးရလက်ထက်မှာတော့ ပြည်တွင်း သတင်းမီဒီယာအများစုဟာ ဦးသိန်းစိန်အစိုးရ လက်ထက်ကလို လက်စောင်း သိပ်မထက်ကြ တော့ပါဘူး။“ပြည်သူ့ အစိုးရ” ဆိုတဲ့ နာမဝိသေသန အောက်ကရုန်းထွက်ဖို့ ခက်ခဲနေကြပုံရပါတယ်။ သို့ကြောင့်မို့ သူတို့ရဲ့ပစ်ကွင်းဟာ တပ်မတော်ဘက်ကို ဦးတည်လာခဲ့ပါတယ်။ ယခင်က အတိတ်ဇာတ်ကြောင်း တချို့ကို ဇာတ်ကြောင်းပြန်လှန်ဖော်ပြပြီး လက်ရှိတပ်မတော် အဖွဲ့အစည်းကို ထိုးနှက်တိုက်ခိုက် လာကြပြန်ပါတယ်။
NLD အစိုးရဟာ ပြည်တွင်းသတင်းမီဒီယာအချို့ရဲ့ ထိုးနှက်တိုက်ခိုက်မှုအချို့ကို ပြင်းပြင်းထန်ထန် တုံ့ပြန်အရေးယူမှု လုပ်ပြခဲ့သလို လူမှုကွန်ရက်စာမျက်နှာထက်က ထိုးနှက်မှုတွေကို တားဆီးနိုင်ဖို့ ဘီလီယံပေါင်းများစွာ အကုန်အကျခံပြီး ပိတ်ဆို့ကာကွယ် တားဆီးမှုတွေကို လည်း ဆောင်ရွက်ခဲ့ပါသေးတယ်။
သို့ပေမယ့် ပြည်ပမီဒီယာတွေရဲ့ အဆိပ်ခတ်မှုနဲ့ ထိုးနှက်မှုတွေကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး အများဆုံး ထိုးနှက်တိုက်ခိုက် ခံခဲ့ရပြန်ပါတယ်။ လူ့အခွင့်အရေး ကိစ္စနဲ့ပတ်သက်ပြီး ထိုးနှက်တိုက်ခိုက်ခံရမှုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြယုဂ်အဖြစ် အများက ထင်မှတ်ယူဆထားခဲ့တဲ့ NLD အစိုးရအဖို့ ခံရခက်စရာ ဒဏ်ရာဒဏ်ချက်တစ်ခုလို့ ဆိုရမှာပါပဲ။
မီဒီယာအဆိပ်ခတ်မှုတေါဟာ ပိုမိုပြင်းထန်လာ
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရ ခေတ်မှာတော့ ပြည်တွင်း ပြည်ပ မီဒီယာအချို့သာမက လူမှုကွန်ရက် စာမျက်နှာ ထက်က မီဒီယာအဆိပ်ခတ်မှုတွေဟာ ပိုမိုပြင်းထန် လာခဲ့ပါတယ်။
မဟုတ်မမှန်လုပ်ကြံသတင်းတွေ၊ တစ်ဖက်သတ်ဖော်ပြထားတဲ့ သတင်းတွေ၊ အမှန်ထက်ဝက်၊ မမှန်ထက်ဝက်၊ ဖုံးထက်ဝက်၊ ဖော်ထက်ဝက် စတဲ့ ပုံဖျက်သတင်းတွေ၊ ဝါဒဖြန့်ချိမှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေဟာ တစ်နေ့တစ်နေ့ မရိုးနိုင်အောင် အရှိန်အဟုန်မြင့် တက်လာခဲ့ကြောင်းပါ။
အထူးသဖြင့် ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာပေါ်ကတစ်ဆင့် အကြမ်းဖက် အဖွဲ့အစည်းများနဲ့ အစွန်းရောက်သူများရဲ့ ဝါဒဖြန့်ချိမှုများဟာ ရိုးသားတဲ့ ပြည်သူအများစုနဲ့ ဘဝအတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်အချို့ကို လမ်းမှားတွန်းပို့နေသလို ဖြစ်နေခဲ့ပါတယ်။
လူမှုကွန်ရက် စာမျက်နှာထက်မှာ သူတို့အများဆုံး အသုံးပြုနေတဲ့ ဝါဒဖြန့်ချိရေး နည်းလမ်းတစ်ခုကတော့ “Bandwagon”ဆိုတဲ့ ဘေးတီးပေး တဲ့နည်းပါပဲ။ သဘောကတော့ “လူတိုင်းလိုက်လုပ် နေကြပြီ”ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်အောင် ဖြန့်ချိပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ လူတစ်ဦး ချင်းစီရဲ့ စိတ်ထဲမှာ သူတကာတွေတောင် လုပ်နေကြပြီ၊ ငါလည်းလုပ်မှပဲဆိုတဲ့ စိတ်ဓာတ်မျိုး ဖြစ်ပေါ်လာအောင် ဘေးတီးပေးခြင်းပဲ ဖြစ်ပါတယ်။ သံပုံးတီးကြတဲ့ ဖြစ်စဉ်တွေ၊ “Silent Strike”ဆိုတဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ဖြစ်စဉ်တွေဟာ ဘေးတီးပေးတဲ့ ဝါဒဖြန့်ချိမှုရဲ့ အကျိုးဆက်တွေသာ ဖြစ်ကြောင်းပါ။
“ Transfer ” ဆိုတဲ့ တံဆိပ်အငှားသုံးနည်း
နောက်ထပ် ဝါဒဖြန့်ချိမှုနည်းလမ်း တစ်သွယ်ကတော့ “Transfer” ဆိုတဲ့ တံဆိပ်အငှားသုံးနည်း တစ်ရပ်ပါပဲ။ အများပြည်သူ ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်၊ သို့မဟုတ် အဖွဲ့အစည်းကို ရှေ့တန်းတင် အသုံးချပြီး ထိုပုဂ္ဂိုလ်၊ ထိုအဖွဲ့အစည်းကပဲ မိမိတို့အား ထောက်ခံအားပေးနေပြီဆိုတဲ့ သဘောသက်ရောက်အောင် ကြော်ငြာတဲ့ဝါဒ ဖြန့်ချိရေးနည်းလမ်းပဲ ဖြစ်ပါတယ်။ အချို့စာရေးဆရာ၊ သတင်းစာဆရာနဲ့ အနုပညာရှင်များဟာ အများပြည်သူရဲ့ စိတ်အာရုံ ကိုအဆွဲဆောင်နိုင်ဆုံး ပုဂ္ဂိုလ်များဖြစ်ကြတဲ့အတွက် ဝါဒဖြန့်ချိသူတွေဟာ မြန်မာပြည်မှာဖြစ်ခဲ့သမျှ အရေးအခင်း တိုင်းလိုလိုမှာ သူတို့တစ်တွေကို ကိုယ့်ဘက်ပါအောင် စည်းရုံးဆွဲဆောင်ပြီး ကြော်ငြာတံဆိပ်ကပ် လေ့ရှိပါတယ်။
တကယ်တော့ အဆိပ်ဆိုတာ သက်ရှိသတ္တဝါတွေရဲ့ အရေးကြီးအင်္ဂါ အစိတ်အပိုင်းတွေကို ဖျက်ဆီးတတ်သလို မီဒီယာ အဆိပ်အတောက်ဟာလည်း တိုင်းပြည်တစ်ပြည်ရဲ့ အသက်သွေးကြော တစ်ခုဖြစ်တဲ့ အမျိုးသား သွေးစည်းညီညွတ်ရေးကို ဖြိုခွဲဖျက်ဆီးစေနိုင်ပါတယ်။ အဆိပ်မိနေတဲ့ သက်ရှိသတ္တဝါများဟာ မလှုပ်နိုင်၊ မရှားနိုင်၊ အားနည်းချည့်နဲ့ပြီး နောက်ဆုံး လုံးပါးပါး သေဆုံးရတတ်သလို မီဒီယာအဆိပ်သင့်နေတဲ့ တိုင်းပြည် တစ်ပြည်ဟာလည်း အမျိုးသားရေး အားမာန်တွေ၊ စည်းလုံးညီညွတ်မှုတွေ တဖြည်းဖြည်း လုံးပါးပါးချည့်နဲ့လာပြီး အဆုံးတစ်နေ့မှာ ကျရှုံးနိုင်ငံအဖြစ် ဆိုက်ရောက်သွား တတ်ပါတယ်။
မြန်မာပြည်သူတွေ အသိတရား၊ သတိတရားကို လက်ကိုင်ထားပြီး မျက်စိကိုဖွင့် နားကိုစွင့်ထားကြဖို့ လိုပါပြီ။ မီဒီယာအဆိပ်သင့်မှုကို ကာကွယ်တားဆီး နိုင်တဲ့တစ်ခုတည်းသော အရာကတော့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဆိုတဲ့ အမျိုးသားရေးကိုယ်ခံအား ကောင်းမွန်ဖို့သာ လိုရင်းဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။ ။
ပြည်ထောင်စုသားတစ်ဦး