Skip to main content

အကြမ်းဖက်ရန်စွယ်ကို ဝိုင်းဝန်းရှင်းဖို့

အသိပညာဗဟုသုတ အလိမ္မာထဲမှာ -

၁။ Creativity ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်း

၂။ Courage သတ္တိ

၃။ Righteousness နည်းလမ်းတကျ၊ တရားသဖြင့်၊ လုပ်တတ်ခြင်း၊ “အမှန်တရား မြတ်နိုးတတ်ခြင်း ဟူသော အချက်(၃)ချက် ပါဝင်သည်ဟု အိန္ဒိယသမ္မတအဗ္ဗဒူလ်ကာလမ်က ဆိုခဲ့ဖူး၏။ ဗဟုသုတရှိမှ ဘဝမှာ အတိတ်ထက် ပိုမိုသစ်လွင်ကောင်းမွန်သော အနာဂတ်ကို  ဖန်တီးနိုင်မှာဖြစ်၏။ အသိပညာသည် စာသိသက်သက် သုတမျှဖြင့် အသုံးမကျသေး။ လက်တွေ့အသုံးချကြည့်၍ ကောင်းကျိုးရမှ သဘာဝကျ၏။ စမ်းမှားနည်းအားဖြင့် မှားလိုက် မှန်လိုက်၊ လွဲလိုက်တည့်လိုက် အတွေ့အကြုံကို ကိုယ်တိုင်ဖြတ်သန်းရခြင်းကို သုတမခေါ်၊ ကိုယ်တွေ့ မုတ ဟုခေါ်ပေသည်။ မုတ ထဲက သင်ခန်းစာယူရ၏။

အချို့က သုတသက်သက်ဖြင့် စိတ်ထင်ရာလုပ်၏။ သူ၏ လမ်းကြောင်းရွေးချယ်မှုသည် သွေစောင်းနေတတ်သည်။

အချို့ကဘာသုတမှမရှိ။ Principle အခြေခံသဘောတရားကိုလည်း  မသိ။ Theory သဘော နိယာမ များကိုလည်း ဘာမှလေ့လာသိရှိခြင်း မပြုခဲ့။ စိတ်ထဲပေါ်ရာ ဆုံးဖြတ်ပြီး လုပ်ချင်ရာလုပ်တာပဲဖြစ်၏။ အတော်ရိုင်းစိုင်း၏။

သုတမပါဘဲ လုပ်သူ၊ သုတမရှိဘဲလုပ်သူ၊ လူအ,လူနုံတွေက တော်ရုံတန်ရုံ လွဲချော်တာလောက်တော့ ဆွဲခေါ်လို့ရပါသေး၏။ လူသတ်၊ မီးရှို့၊ ဗုံးခွဲ၊ ပညာရေးကို ဖျက်ဆီး၊ ကျန်းမာရေး ကာကွယ်  ကုသမှုများတားဆီး၊ ဤကဲ့သို့ တစ်လောကလုံးကို ရန်လုပ်ချေမှုန်းသည်အထိ ရမ်းကား အကြမ်းဖက်လုပ်ဆောင်နေခြင်းကတော့ ဥပဒေအရ ဆုံးမရုံမှအပ အခြားနည်းမရှိတော့ပါချေ။  

ခွင့်လွှတ်ထား၍ မရပြီ။ သည်းခံနေ၍လည်း မပြီးနိုင်။ ရှင်းလင်းပစ်ရုံသာ ရှိပေတော့သည်။

“သစ္စာ ဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်  ရန်သူအောင်မှု၊ ကြောင်းလေးခု ဟု အင်းဝခေတ်စာဆိုအကျော်  အရှင်မဟာသီလဝံသက ဒေသနာတရားတော်ကို ကိုးကားလျက်  ကဗျာလင်္ကာဖွဲ့ တော်မူခဲ့သည်။

သစ္စာမပါ၊ မုသားလိမ်ညာမှုများဖြင့် ထွေးလုံးရစ်ပတ်ရှုပ်ထွေး လှသော နိုင်ငံရေးသမားများ၊ ကောက်ကျစ်ညစ်ပတ်မှုများကို ထမင်းစား ရေသောက် လွယ်ကူစွာ ဖောက်ဖျက်ကျူးလွန်နေသော ဒုစရိုက်သမားများ၊ ယင်းတို့သည် ဆွေမျိုးသားချင်း၊ သွေးသားရင်းပင်ဖြစ်စေ၊  သံယောဇဉ်ဖြတ်ရပေတော့မည်။ လူလိမ်လူညစ်တွေနှင့် ဝေးမှတော်မည်။

ဓမ္မဟူသော တရားမျှတခြင်းသဘောကို လက်ကိုင်ပြုရမည်ကို မသိဘဲ အာဏာအခွင့်အရေးကိုသာ လိုချင်တပ်မက်သည်။ အဓမ္မ နည်းလမ်းမျိုးစုံကို ဘာမဆိုသုံးမည်။ နိုင်ရင်ပြီးရော၊ စားရရင်ပြီးစတမ်း၊ နည်းလမ်းတကျ၊ ဥပဒေနှင့်အညီ ဖြစ်ရမည်ကို မသိကျိုးကျွန်  လျစ်လျူရှုသည်။ ဘယ်သူတွေ ဘယ်လိုပင် တားနေနေ ဇွတ်သမားက ဇွတ်တိုး၍သာ မွှေနှောက်ခဲ့ပေတော့သည်။

သူဆိုးသလို ကိုယ်က မဆိုးမိအောင် ထိန်းခဲ့၏။

သူမိုက်သလို ကိုယ်က မမိုက်မိစေရ။

သူတိုက်ပေမဲ့ ကိုယ်က ပြန်မတိုက်ပါ။

သစ္စာနှင့် ဓမ္မကို လက်မလွတ်အောင် သတိထားထိန်းသိမ်းခဲ့ကြသည်။

တစ်နှစ်ကာလကြာသောအခါ မည်သူက ပြည်သူနှင့် နိုင်ငံကို ကောင်းအောင် စွမ်းဆောင်မည့်သူ၊ ဘယ်သူတွေကတော့ တိုင်းပြည်  နစ်နာပျက်စီးစေအောင် ဖျက်ဆီးမီးရှို့နေသူဆိုတာ သဲသဲကွဲကွဲ မြင်ကြရပါပြီ။

လက်ရှိအခြေအနေတွင် တပ်မတော်အိမ်စောင့်အစိုးရသည် ဥပဒေနှင့်အညီ ဖွဲ့စည်းပုံ အခြေခံအရယာယီ တာဝန်ယူခြင်းမျှသာဖြစ်ပြီး  ဒီမိုကရေစီစနစ်ကိုသာ ဆက်လက်ရှင်သန်အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဤသို့ဖြင့် ပြည်သူအများက မိမိတို့ကျရာတာဝန်မှာ အကောင်းဆုံးကြိုးစားစွမ်းဆောင်ခြင်းဖြင့် ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါဆိုး ကိုဗစ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကြားမှ ရုန်းထကြရပါမည်။ သတိတမာန်၊ ဉာဏ်မြေကတုတ်။

မြွေပူရာကင်းမှောင့်သော ပြည်ပနယ်ချဲ့ လက်သစ်တို့၏ တိုင်းဆူ ပြည်ဖျက် စနစ်တံမီးရှို့ခြင်းအမျိုးမျိုးနှင့် အဘက်ဘက်က ပျက်စီး ပြို ကွဲအောင် ဖျက်ဆီးဖြိုလှဲနေသော “ဘက်စုံစစ်ပွဲအသွင် နည်းမျိုးစုံ ထိုးနှက်ခြင်းများကို လွတ်လပ်ရေးရစအချိန်မှစ၍ ယနေ့အထိ နိုင်ငံသူနိုင်ငံသားအားလုံးက နိုးကြားတက်ကြွစွာ တွန်းလှန်ကာကွယ် ခဲ့ကြပြီးဖြစ်ပါသည်။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ မည်သည့်အက်ကြောင်းမျိုးကိုပဲ အကြောင်းရှာ၍ သွေးခွဲခဲ့စေကာမူ ပြည်ထောင်စုမပြိုကွဲရေးကို ပြည်သူနှင့်တပ်မတော်သည် ညီညာစွာ လက်တွဲလျက် နှစ်ပေါင်း ၇၀ ကျော်မျှ အောင်မြင်စွာ ကာကွယ်ခဲ့ကြ ပြီးပါပြီ။

ရှေ့ဆက်ရမည့်ခရီးကား စည်းလုံးညီညွတ်စွာ ရေကိုသားသော် မထင်သကဲ့သို့ ပိုမိုခိုင်မြဲသော ပြည်ထောင်စုကို ထူထောင် တည်ဆောက်ခြင်းဖြင့် အေးချမ်းသာယာဝပြောသော အနာဂတ်ကို ရောက်ရမည်မှာ မလွဲပါ။

ကောင်းမွန်သောရလဒ်များသည် မှန်ကန်သော ဆုံးဖြတ်ချက်များ ကြောင့် ပေါ်ထွက်လာကြသည်။ မှန်ကန်သော ဆုံးဖြတ်ချက်ဟူသည် ခိုင်မာသောအချက်အလက်နှင့်ကိန်းဂဏန်းပေါ်အခြေပြုပြီး စဉ်းစား သုံးသပ်ကာ ရွေးချယ်ခဲ့ခြင်းမှ ရခဲ့သည်။ တိကျမှန်ကန်သော ကိန်းဂဏန်း Facts and Figures သည် အဖြေမှန်ရန် အခြေခံပင် မဟုတ်ပါလား။

Data never lies.

အချက်အလက်က ဘယ်တော့မှ မညာပါ။

ကမ္ဘာပေါ်မှာ အအောင်မြင်ကြွယ်ဝဆုံးလုပ်ငန်းရှင် အမေဇုန် ကုမ္ပဏီအုပ်စုတည်ထောင်သူ ဂျက်ဖ်ဘေးက ပြောလေ့ရှိပါသည်။ စားသုံးသူတွေက ဘာတွေကြိုက်ကြသလဲ၊ ဆောင်ရွက်ပေးသည်။ ဘာတွေ သဘောကျသလဲ၊ ဖြည့်ဆည်းပေးသည်။ ဘာကို မကြိုက်ကြ ဘူးလဲ။ ထိ အချက်ကိုရှောင်ကျဉ်သည်။ သိန်းသန်းချီသောကိန်းဂဏန်း များကို AI ခေါ် Artificial Intelligence ဖန်တီးဉာဏ်ရည်အစွမ်းဖြင့် စိစစ်ပြီး ကောက်နုတ်ချက်ထုတ်ယူသည်။ စားသုံးသူတွေက အရည် အသွေးကောင်းကောင်း လိုချင်သည်။ ရအောင် စီစဉ်ပေးသည်။ မြန်မြန်လိုချင်သည်။ မြန်မြန်ရအောင် လုပ်ပေးသည်။ ဤသို့ဖြင့် ၂၁ ရာစု အနှစ် ၂၀ ကျော်လေးအတွင်းမှာပင် ဂျက်ဖ်ဘေးစေ့၊ အယ်လွန်မတ်စ်၊ ဘီလ်ဂိတ်၊ ဂျက်မား အစရှိသော သန်းကြွယ်သူဌေး များ တစ်ဟုန်ထိုး ချမ်းသာသွားနိုင်ကြကြောင်း (အိပ်မက်ပမာ၊ မျက်လှည့်ပမာ လျင်မြန်လှစွာ) တွေ့ကြရသည်။

မှန်ကန်သော ကိန်းဂဏန်းကို အခြေခံရစမြဲပါ။

မမှန်မကန် မရိုးမသား လိမ်ညာလှည့်စားမှုများဖြင့် ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲကို မဲအရေအတွက်ပေါင်း ၁၁ သန်းကျော်၊ လွဲချော်မှားယွင်းအောင် ကြိုတင်ကြံစည်ပြင်ဆင်ကာ ပြုရက်ခြင်းသည် ရာဇဝင်တွင် စာတင်ရလောက်သည့် နိုင်ငံရေးညစ်ပတ်ကောက်ကျစ်မှုကို အထင်အရှား(အထောက်အထား သက်သေသာဓကများနှင့်တကွ  လုံးဝဖုံးကွယ်ငြင်းဆန်၍ မရတော့အောင်) တွေ့မြင်ခဲ့ကြရပေပြီ။ နိုင်ငံနှင့် လူမျိုးပါ အရှက်ရစေမည့် ဤလိမ်ညာလှည့်စားမှု မဲမသမာခြင်းကို သက်ဆိုင်ရာနိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် ဂုဏ်သရေရှိ အမှန် တရားလိုလားသော သတင်းစာဆရာများ၊ အသင်းအဖွဲ့များက အကြိမ်ကြိမ် သတိပေးတားမြစ်နေခဲ့သည့်ကြားမှ ဥပဒေကို ချိုးဖောက်ကာ ဆက်၍ဆက်၍သာ ဇွတ်တိုးခဲ့ခြင်း မဟုတ်ပါလား။

အနုနည်းနှင့် လိမ်ညာမသမာမှု ဘွားဘွားကြီးပေါ်လာသောအခါ အရှက်အကြောက်မရှိစွာ ဥပဒေနှင့်မညီညွတ်သော သူပုန်အဖွဲ့ကို ဖွဲ့စည်းပြန်သည်။ မသိနားမလည်ဘဲ ခံစားချက်သက်သက်ဖြင့်  ပေါက်ကွဲတတ်ကြသော လူငယ်အချို့ကို မှိုင်းတိုက်ကာ လက်နက်ကိုင် ပုန်ကန်ဆန့်ကျင်ခြင်းများကို စီမံဆောင်ရွက်ခဲ့ပြန်ပါ၏။ နိုင်ငံနှင့် ပြည်သူကို နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းအောင် မကောင်းသော အကြံအစည်ပင်။

ကမ္ဘာလုံးဆိုင်ရာ သေကျေပျက်စီးစေသော ကမ္ဘာနာကပ်ရောဂါ ဆိုး ကိုဗစ်ကူးစက်ရောဂါ ဖိစီးနေချိန်မှာ ပြည်သူများစီးပွားဆုတ်ယုတ်၊ ကျန်းမာရေးထိပါး၊ စိတ်နှလုံးနွမ်းနယ်နေချိန်တွင် လက်နက်ကိုင် အကြမ်းဖက်နည်းဖြင့် သူပုန်ထပြီး အာဏာရယူရန် ပြည်ပအထောက် အပံ့အကူအညီဖြင့် ကြိုးစားနေပြန်သည်။ နေ့လယ်အိပ်မက် ဂယောက် ဂယက်ပါတကား။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ယနေ့အခြေအနေကို သုံးသပ်အကဲဖြတ်လျှင် ပကတိအရှိတရားကို နားလည်လက်ခံရပေမည်။ ၁၉၄၇-၄၈ ကာလ။ နှစ်ဆယ်ရာစုအလယ်လောက်မှာ နယ်ချဲ့အုပ်ချုပ်ဖိနှိပ်ခြယ်လှယ်မှုအောက်မှ လွတ်မြောက်ခဲ့ကြသော အာရှနိုင်ငံများသည် ကလေးငယ်သဖွယ် ယိုင်တိယိုင်တိုင်ဖြင့် လွပ်လပ်စ နိုင်ငံများ ခက်ခက်ခဲခဲ ရှင်သန်ရုန်းကန်ကြရသည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ် စသည် ကိုယ့်နိုင်ငံအခြေအနေအရ ၂၀ ရာစုမှာ တိုင်းပြည်ကို အပြိုင်အဆိုင် ပြုစုပျိုးထောင်ကြသည်။ အနှစ်ချုပ် အဓိကအကျဆုံးအရာကို ကောက်ချက်ချရသော် စည်းလုံးသော တိုင်းပြည်များက တိုးတက်သည်။ မညီညွတ် မစည်းလုံးသော တိုင်းပြည်က တိုးတက်ဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်သည်။

အထူးသဖြင့် လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများကြောင့်  တရားဥပဒေစိုးမိုးမှုမရှိသော တိုင်းပြည်၏ အစိတ်အပိုင်းတို့သည် ခေတ်ပြိုင်နိုင်ငံတကာ အခြေအနေထက် နှစ်ပေါင်း ၅၀၊ ၆၀ ဖွံ့ဖြိုးမှု  အားနည်းခဲ့ကြရပြီ။ ငြိမ်းချမ်းရေး၏တန်ဖိုးကို သွေးများအသက်များအပြင် အသိအမြင်နည်းပါး အယူလွဲမှားမှုကြောင့် စစ်မက်များက တိုးတက်ဖွံ့ဖြိုးမှု မရရှိစေရအောင် ဖျက်ဆီးတားမြစ်ခဲ့ရာ ကျခဲ့ပြီ။ သင်ခန်းစာကား တန်ဖိုးကြီးမားစွ။ ဆက်မမှားသင့်တော့ပါ။

၂၁ ရာစုကား အရှိန်အဟုန်ပြင်းစွာ ရွေ့လျားသော ခေတ်သစ် တစ်ခု ဖြစ်ပါသည်။ အားကြီးသူက အားနည်းသူကို ဗိုလ်ကျအနိုင်ကျင့် ဆဲဖြစ်သော်လည်း နည်းပညာများ၏ ကျယ်ပြန့်ထိုးဖောက်မှုက

ကောင်းကျိုးကော ဆိုးကျိုးပါ ရိုက်ခတ်လာပါသည်။ အမှားကို မြင်ကြ၍ အမှန်ကို ပြင်နိုင်ကြလျှင် အကောင်းဘက်သို့ မျက်နှာမူလျက် အားသွန်ခွန်စိုက် အရှိန်အဟုန်မြှင့်လျက် ခရီးဆက်သွားနိုင်ရပါမည်။ အလုံးစုံပျက်သုဉ်းရေးဆိုက်ရောက်အောင်အထိ မည်သို့ပင် တိုက်ခိုက် ထိုးနှက်စေဦး၊ ကာကွယ်နိုင်ခဲ့၏။ ဘက်ပေါင်းစုံမှ ပြိုလဲအောင်ဖြိုခွဲခံရသော်လည်း မိမိတို့သည် မားမားမတ်မတ်ရပ်တည်ကာ ခုခံနိုင်ဘဲ အခြေအနေပါပဲ။

ဖွံ့ဖြိုးမှု အနိမ့်ဆုံးစာရင်းဝင်နိုင်ငံအဖြစ်မှ “ပြိုကွဲကျရှုံးသော နိုင်ငံဘဝသို့ ထိုးဆင်းပျက်သုန်းသွားအောင် နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ သူလျှိုအဖျက်အမှောင့် (ရုပ်သေးကြိုးဆွဲ ခြယ်လှယ်လွှမ်းမိုး ထိုးဖောက်) စသော စစ်မျက်နှာအမျိုးမျိုးမှာ နိုင်အောင် မချေမှုန်းပစ်နိုင်သော်လည်း မကျရှုံးရအောင် ရင်ဆိုင်ဖြေရှင်းနိုင်ပါသေး၏။ မိမိတို့မှာ စွမ်းအားရှိပါ၏။

ရုန်းထကြရမည်။ မှန်သည်။  

စုစည်းအားဖြင့် အားထုတ်ကြရမည်။

ညီညွတ်ခြင်းဖြင့် အားဖြစ်စေရမည်။

“သမဂ္ဂါနံ တပေါ သုခေါ ဟူသော စည်းလုံးညီညာ ပြည်ချမ်းသာ သည့်သဘောကို မိမိတို့ ပြည်သူပြည်သားအားလုံး သိမြင်ပြီးသား ဖြစ်ပေသည်။ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စာနာခြင်း၊ နားလည်ခြင်းနှင့် မေတ္တာအရင်းခံ ခိုင်မာခြင်းစသည်တို့ကြောင့် ယနေ့အထိ မိမိတို့အင်အားသည် ကြံ့ခိုင်သန်မာနေဆဲဖြစ်၏။ စည်းလုံးဆဲပင် ဖြစ်၏။ ပို၍ကျစ်လျစ်စေရမည်။ စိန်ရတုပြည်ထောင်စုနေ့သည် မိမိတို့နိုင်ငံ၏ အောင်စည်အောင်မောင်းသံ ခြိမ့်ခြိမ့်ညံလျက် ရှေ့ဆက် အောင်ပွဲခံမည့် အတိတ်နိမိတ်များပေတည်း။

“အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စု စိတ်ဓာတ်သည် အရင်းခံဖြစ်သလို အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်မှာလည်း ပြည်ထောင်စု စိတ်ဓာတ်ပင် ဖြစ်ပါသည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး ညီညွတ်စွာ အချင်းချင်း အပြန်အလှန် ချစ်ခင်လေးစားမှုဖြင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီး တည်ဆောက်မည် ဟူသော ခိုင်မာသည့် သံန္နိဋ္ဌာန်သည် ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပါသည်။

ဤပြည်ထောင်စုစိတ်ဓာတ်ခိုင်မာနေသမျှကာလပတ်လုံး မိမိတို့ သည် မည်သူ့ကိုမှ ရှုံးနိမ့်စရာမရှိ။ မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးသာယာ တိုးတက်အောင် စုပေါင်းစွမ်းဆောင်နိုင်ကြမည်မှာ မလွဲပါ။

ဗညားကျန်းထော