Skip to main content

စိန်ရတုပြည်ထောင်စုနေ့မှသည်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အမွန် အမြတ် ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်တည်လာရေးအတွက် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုသမိုင်းစဉ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အခိုင်အမာ ဖော်ဆောင်နိုင်ခဲ့သည့် သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးလည်း ဖြစ်ပေသည်။

ပထမအကြိမ်ပင်လုံညီလာခံ

ဗြိတိသျှကိုလိုနီနယ်ချဲ့၏ မတရားကျူးကျော် သိမ်းပိုက်ခံရမှုကြောင့် သူ့ကျွန်ဘဝသို့ သက်ဆင်းခဲ့ရပြီးနောက် လွတ်လပ်ရေးအတွက် လူထုလူတန်းစား အလွှာအသီးသီးက အခြေအနေအချိန်အခါအလိုက် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ နယ်ချဲ့ဗြိတိသျှ တို့သည် “၁၉၃၅ခုနှစ်၊ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေ” ဖြင့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ဖြိုခွဲလေတော့သည်။

နယ်ချဲ့တို့က မလွှဲမရှောင်သာ၍ ဗမာပြည်မကို လွတ်လပ်ရေးပေးရသည်ရှိသော် ပြည်မကို ဒိုမီနီယံအဆင့်ပေးပြီး တောင်တန်းဒေသများကို “ဗမာပြည်မနှင့် ခွဲထုတ်၍ သီးခြားအုပ်ချုပ်သည့် စည်းမျဉ်း ” (Schedule Area Administration Regulation)ဖြင့် အုပ်ချုပ်ရန် လျှို့ဝှက်ကြံစည်ခဲ့ကြသည်။ ထိုအစီအစဉ်ကို တိုင်းရင်းသားတို့ သိရှိသောအခါ ဗိုလ်ချုပ်နှင့် တိုင်ပင်ကာ ၁၉၄၆ ခုနှစ် မတ်လ ၂၀ မှ ၂၈ ရက်နေ့အထိ ရှမ်းပြည်နယ် ပင်လုံမြို့တွင် “ပထမအကြိမ် ပင်လုံညီလာခံ”ကို ကျင်းပခဲ့ကြသည်။ ယင်းညီလာခံတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ ရှမ်းပြည်လွတ်လပ်ရေး၊ ရှမ်း-ဗမာ ပူးပေါင်းရေး စသည်ဖြင့် ကဏ္ဍစုံလင်စွာ ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့ကြပါသည်။ သို့အတွက် နယ်ချဲ့တို့ကြံရွယ်ထားသည့် တိုင်းရင်းသားလူမျိုးများ စုပေါင်းပါဝင်သည့် “တောင်တန်းဒေသစည်းလုံး ညီညွတ်ရေးအဖွဲ့ချုပ်” (United Hill People Organization) ဖွဲ့စည်းရေး စီမံကိန်းမှာလည်း ပျက်ပြယ်သွားလေသည်။

သမိုင်းဝင်ပင်လုံညီလာခံ

ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ မြန်မာ့လွတ်လပ်ရေးအတွက် ၁၃-၁-၁၉၄၇ တွင် ဗြိတိသျှ နန်းရင်းဝန်ဂေဟာ၌ ဗိုလ်ချုပ်ခေါင်းဆောင်သောအဖွဲ့နှင့် ဗြိတိသျှအစိုးရတို့ ညှိနှိုင်းဆွေးနွေးသည်။ အခက်အခဲအချို့ ရှိခဲ့သော်လည်း ၂၄-၁-၁၉၄၇ ရက်နေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးရန် မူအားဖြင့် သဘောတူပါသည် ဟူသော ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ၂၇-၁-၁၉၄၇ တွင် အောင်ဆန်း - အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်လာသောအခါ ဗိုလ်ချုပ်နှင့်အဖွဲ့သည် ၃-၂-၁၉၄၇ ရက်နေ့မှစ၍ ကျင်းပနေသော ပင်လုံညီလာခံသို့ ၈-၂-၁၉၄၇ တွင် ရောက်ရှိကြပြီး တိုင်းရင်းသားအစုအဖွဲ့များနှင့် အကျေအလည် ဆွေးနွေးခဲ့ကြသည်။ ၁၁-၂-၁၉၄၇ ရက်နေ့ တစ်နေ့လုံး ဆွေးနွေးကြပြီးနောက် “တောင်တန်းဒေသများသည် မြန်မာတို့နှင့် ပူးပေါင်း၍ လွတ်လပ်ရေး အရယူမည်” ဟူသော သဘောထားကိုရရှိခဲ့သည်။ ၁၂-၂-၁၉၄၇ ရက်နေ့တွင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် ၂၂ (ပေါင်း၂၃ ဦး)တို့သည် အချက်(၉)ချက်ပါသော သမိုင်းဝင် ပင်လုံစာချုပ်ကို အောင်မြင်စွာ လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။ ဤသည်မှစ၍ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သည်။

မွန်မြတ်စိတ်ဓာတ်

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ အားလုံးညီညွတ်မှုကို တည်ဆောက်ကြ ရမည်ဖြစ်ကြောင်း သမိုင်းသင်ခန်းစာများက ဖော်ညွှန်းလျက်ရှိသည်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ ပြည်ထောင်စုကြီးတစ်ခုလုံးကို မိသားစုတစ်စု တည်း၊ အိမ်ထောင်စုတစ်ခုတည်းဟု စွဲမြဲခိုင်မာစွာ လက်ခံယူထားသည့် သဘောထား ခံယူချက်ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုသား အချင်းချင်း တစ်ဦးကို တစ်ဦး ရိုင်းပင်းကူညီလိုခြင်း၊ အခက်အခဲတွေ့ကြုံလျှင် ကူညီဖြေရှင်းပေးလိုခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုခြင်း၊ အချင်းချင်း စာနာထောက် ထားခြင်းနှင့် နားလည် သည်းခံတတ်ခြင်းတို့သည် ပြည်ထောင်စုစိတ်ဓာတ်၏ ကောင်းမြတ်သည့် အခြေခံကောင်းများ ဖြစ်ကြောင်းကို နိုင်ငံတော်ဝန်ကြီး ချုပ်က တိုင်းရင်းသား လူငယ်မောင်မယ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ပြည်ထောင်စုစိတ်ဓာတ်သည် ပြည်ထောင်စုကြီး ကောင်းကျိုးအတွက် မွေးမြူရမည့် မွန်မြတ်စိတ်ဓာတ်ပင် ဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓာတ် မွေးမြူနိုင်ခြင်းမရှိပါက တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း စိတ်ဝမ်းကွဲကာ ပြည်ထောင်စုကြီး ပြိုကွဲနိုင်သည့် အခြေအနေသို့ပင် ဆိုက်ရောက်နိုင်ပါသည်။

ငြိမ်းချမ်းရေးမဟာဗျူဟာ NCA

“၇၅ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနဲ့ ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မူဝါဒ (၄)ရပ် ချမှတ် ဆောင်ရွက်နေကြောင်းနှင့် အဆိုပါမူဝါဒ စတုတ္ထအချက်တွင် “NCA အရ တရားဝင် အစည်းအဝေးများနှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်သည်အထိ ညှိနှိုင်းဆောင်ရွက်သွားရန်” ဟု ပါရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ် (၂၀) ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးခဲ့ကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး နှစ်နိုင်ငံ သဘောတူထုတ်ပြန်ချက်အရ ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အလားတူ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ စသည်တို့နှင့် တွေ့ဆုံခဲ့ပြီး NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ(ဒုတိယအစည်းအဝေး)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ယုံကြည်မှုရဲ့ ဆန့်ကျင်ဘက်ကတော့ စိုးရိမ်ပူပန်မှုဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာမှာ ကြီးမားတဲ့ ဟန့်တားနှောင့်ယှက်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ NCA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့ စာချုပ်မဟုတ်ကြောင်းကိုလည်း ရှင်းလင်းစွာ ထပ်မံအသိပေးလိုပါတယ် ..........." ဟူ၍ လည်းကောင်း၊ “ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်များ ချုပ်ငြိမ်းရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးဟာ တပ်မတော်ရဲ့ အလိုလားဆုံး ဆန္ဒလည်း ဖြစ်ပါတယ်။ NCA ရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်ပါအတိုင်း ပါဝင်သင့် ပါဝင်ထိုက်တဲ့ တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာရေးအတွက် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားပြီး လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ပြောကြား လိုပါတယ်.....။” ဟူ၍လည်း ထည့်သွင်းပြောကြားခဲ့သည်ကို သတိရမိပါသည်။

နောက်မှာကျန်ရစ်ခဲ့မှာဖြစ်ပါတယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမိမြန်မာနိုင်ငံတော်အား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံသစ် ဖြစ်တည်ရေးအတွက် ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လိုအပ်သည့် အခင်းအကျင်းများကို စီမံစိုင်းပြင်းနေကြောင်း သိသာထင်ရှားစွာ တွေ့ရသည်။ တစ်ဆက်တည်းမှာပင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၃၁-၁-၂၀၂၂ ရက်နေ့က “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး (၁/၂၀၂၂)” တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားသည့် “မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံ (Least Development Country) ဖြစ်ပါတယ်၊ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်နေသူများဖြစ်ပြီး ( ၃၀ ဒသမ ၄ ရာခိုင်နှုန်းခန့်ဟာ ဆင်းရဲသူများ ဖြစ်တဲ့အတွက် နိုင်ငံရဲ့ ဖြေရှင်းရန်ရှိသည်များ ဖြေရှင်းဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွားတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ် လုပ်ဆောင်ရန် လိုပါတယ်၊ တုံ့ဆိုင်းနေပါက မိမိတို့နိုင်ငံသာ အခြားနိုင်ငံများရဲ့ နောက်မှာ ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်....”ဟူသည့် တိုက်တွန်းနှိုးဆော်ချက်ကို ကျွန်ုပ်တို့အားလုံးက အလေးထား လိုက်နာကြရမည်ဖြစ်သည်။

ပင်လုံစိတ်ဓာတ်အခြေခံဖြင့်

ယနေ့ကာလကမ္ဘာကြီးဝယ် ကမ္ဘာသစ်အစီအစဉ်နှင့် အားပြိုင်မှုများ၊ ကိုဗစ်ရောဂါဒဏ် ခံစားနေရခြင်းတို့မှ ရုန်းထရှင်သန်ကြရမည့် အခြေအနေဖြစ်သကဲ့သို့ ပြည်တွင်းရေး အခြေအနေမှာလည်း ပြည်ထောင်စုကြီး ပြိုကွဲရေးကို ပြည်တွင်း၊ ပြည်ပ စနစ်တကျ စီမံဆောင်ရွက်နေကြသည့် အခါသမယ ဖြစ်နေသဖြင့် ကျွန်ုပ်တို့ တိုင်းရင်းသား ပြည်သူအပေါင်းက သမိုင်းအစဉ်အလာ မွန်မြတ်လေးနက်သည့် ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် အခြေခံဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များကို ကျရာကဏ္ဍမှ လက်တွဲညီညာ ဆောင်ရွက်သွားကြရန် တိုက်တွန်း တင်ပြလိုက် ရပေသည်။ ။

မောင်ခိုင်မာ

(အထက်မင်းလှ)