Skip to main content

ပို့ကုန်မှပိုငွေ တိုးလို့ရှာဖွေ

မကြာသေးမီရက်ပိုင်းက မြန်မာနိုင်ငံ၏ ပို့ကုန်မှပိုငွေ မြင့်တက်လာသည်ဆိုသော သတင်းတစ်ပုဒ် ဖတ်ရှုလိုက်ရပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ပို့ကုန်မှ ပိုငွေရဖို့ ဆိုတာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ သွင်းကုန်ပမာဏထက် ပို့ကုန်ပမာဏများလာသည့်အတွက် မိမိတို့နိုင်ငံအတွင်း နိုင်ငံခြားငွေစီးဝင်မှု အားကောင်း လာခြင်းဖြစ်ပါသည်။ ထိုနိုင်ငံခြားငွေ စီးဝင်မှုအားကောင်းလေ စီးပွားရေးတိုးတက်မှု အားကောင်းလာလေ ဖြစ်ပါသည်။ ပို့ကုန်ပမာဏထက် သွင်းကုန် ပမာဏ များနေမည်ဆိုလျှင် မိမိနိုင်ငံမှ နိုင်ငံခြားငွေများ ပြည်ပသို့စီးဝင်သွားသည့်အတွက် ကုန်သွယ်မှု အသာစီး ရမည်မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်းက ပို့ကုန်အမယ်သစ်များ ရှာဖွေကြံဆလာပြီး ဈေးကွက်အသစ်များ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာအောင် ကြိုးစားဆောင်ရွက်ကြရပါသည်။ ထို့ကြောင့် ပို့ကုန်ကိုမြှင့်တင်ပြီး သွင်းကုန်ကို တဖြည်းဖြည်း လျှော့ချလာကြပါသည်။ သို့ရာတွင် သွင်းကုန်အပေါ် မလိုအပ်ဘဲ အလွန်အမင်း ထိန်းချုပ်လျှော့ချသွားမည်ဆိုပါက ကုန်ပစ္စည်း ပြတ်လပ်မှုကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဖြစ်လာနိုင်သည် ဆိုသောအချက်သည် သတိပြု လုပ်ဆောင် ရမည့်အချက် ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုစာရင်းအရ ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံ၊ ပြည်ပသွင်းကုန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလီယံဖြစ်သည့်အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၀၅ ဘီလီယံ ဖြစ်ပါသည်။ ထို့ကြောင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆၇၇ သန်းကျော် ပိုမိုခဲ့ကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုအချိုးမှာ ၆၆:၃၄ ဖြစ်ကြောင်း သိရပါသည်။ ဤသည်ကို ထောက်ရှုလျက် ရေလမ်းကုန်သွယ်မှုသည် ကုန်းလမ်းထက်ပမာဏ ပိုမိုသည်ကို တွေ့ရသည်။

ပြည်ပသို့ အဓိကတင်ပို့နေသော ပို့ကုန်များ

မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသော ပို့ကုန်များမှာ ရော်ဘာ၊ ပြောင်းဆန်၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ မတ်ပဲ၊ နှမ်း၊ မြေပဲဆန်၊ ဝါ၊ သကြားနှင့် ပဲယင်းတို့ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်များတင်ပို့နေမှုနှင့် သတင်းများကိုလည်း ဖတ်ရှုမှတ်သားမိပါသည်။ ယင်းတို့သည်ကား မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလဝက်ခန့်မှ ဒီဇင်ဘာလကုန်ပိုင်းအထိ နှစ်လခွဲကျော်အတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ရရှိသည်ဆိုသော သတင်း၊ မြန်မာနိုင်ငံမှ နှစ်စဉ် ဆန်ဖြူ တန်ချိန်တစ်သိန်းနှင့် ပေါင်းဆန်တန်ချိန် ငါးသောင်းတို့ကို သီရိလင်္ကာနိုင်ငံသို့ ၂၀၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တင်ပို့မည်ဆိုသောသတင်း၊ ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိသည်ဆိုသော သတင်း၊ ယခုနှစ်ကော်ဖီရာသီတွင် ပြင်ဦးလွင်အပါအဝင် မြို့နယ်များမှ ပြည်ပသို့ ကော်ဖီတန်ချိန် ၄၅၀ မှ ၅၀၀ ကြား တင်ပို့မည်ဆိုသော သတင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိ G to G အစီအစဉ်အရ အိန္ဒိယသို့ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းတို့ကို တင်ပို့ သည့်သတင်း၊ ဈေးကွက်ရရှိထားသော မြန်မာ့လက်ဖက်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ စက်တင်ဘာလကုန်အထိ ပြည်ပသို့ လက်ဖက်တန်ချိန် ၄၉၀၀ ခန့်တင်ပို့သည်ဆိုသောသတင်း စသော ပို့ကုန်သတင်းများဖြစ်ပါသည်။ ယခုနှစ်တွင် သရက်သီးကောင်းစွာထွက်ရှိမည့် အနေအထားရှိသည့်အတွက် လူကြိုက်များသော စိန်တစ်လုံး၊ ရွှေဟင်္သာ၊ မြကျောက် စသော သရက်သီးများ ပြည်ပဈေးကွက်ချဲ့ထွင်ရေး ဆောင်ရွက်သင့်ပါသည်။ ထိုပို့ကုန် သတင်းများသည် အချို့သာ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။ အခြားပို့ကုန်သတင်းများ လည်း များစွာရှိပါသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု အထိုက်အလျောက် လျော့ကျသွားပြီ ဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများလည်း ပြန်လည်ပွင့်လင်း လာပြီဖြစ်သည်။ ဇန်နဝါရီ ၁၇ ရက်က တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် လွယ်ဂျယ်ကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ်ကုန်သွယ်မှုတွင် ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းမှ တစ်ဖက်နိုင်ငံသို့ထွက်သည့် ဂိတ်ငါးခုရှိပြီး ယခုအခါ ကျင်စန်းဂိတ်တစ်ခုတည်းကိုသာ ဖွင့်လှစ်ထားကြောင်း၊ ပို့ကုန်တင်ပို့နိုင်မှု ပမာဏ လွန်စွာနည်းပါးနေသေးကြောင်း၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကုန်သွယ်မှု ကန့်သတ်ချက်နှင့် အခက်အခဲများစွာ ရှိနေသေးကြောင်း၊ ပိုးသတ်ရခြင်း၊ ယာဉ်ချိန်းပြောင်းရခြင်း၊ ရှန်တိန်ယာဉ်မောင်းများဖြင့် ဆောင်ရွက်ရခြင်းနှင့် ကုန်ပစ္စည်းများ ချိန်းပြောင်းရခြင်းကြောင့် ကုန်ကျစရိတ်များခြင်း၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း စသည့် ကုန်သွယ်ရေးအခက်အခဲများ ရှိသော်လည်း ကျော်လွှားနိုင်ရန် ဆောင်ရွက်ပြီး မြန်မာ့ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပြည်ပသွင်းကုန်များ တင်သွင်းမှုလျှော့ချ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းသော သွင်းကုန်အများစုမှာ စားအုန်းဆီ၊ ဘိလပ်မြေ၊ သွားတိုက်ဆေး၊ စီးကရက်၊ စက္ကူများ၊ ကော်ဖီ၊ လက်ဖက်ခြောက်နှင့် ဖျော်၍သုံးသည့်အမှုန့်များနှင့် နို့မှုန့်များဖြစ်ကြောင်း သိရသည်။ ယခုအခါ နိုင်ငံတော်က ရပ်နားထားသော စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် သံနှင့် သံမဏိစက်ရုံများ၊ ဘိလပ်မြေစက်ရုံများ၊ ဝါချည်မျှင်စက်များ၊ နို့ထွက်ပစ္စည်း စက်ရုံများ ပြန်လည်ထုတ်လုပ် လည်ပတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ထိုစက်ရုံများ ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်စွမ်း မြင့်မားလာ သည်နှင့်အမျှ ပြည်ပသွင်းကုန်များတင်သွင်းမှု လျှော့ချလာနိုင်မည် ဖြစ်ပါသည်။ လက်ရှိနိုင်ငံတော်အစိုးရကလည်း ပို့ကုန်မြှင့်တင်ပြီး သွင်းကုန်လျှော့ချကာ ပြည်တွင်းဖြစ် အရည်အသွေးမီ ထုတ်လုပ်သုံးစွဲရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တင်ပို့မှုကို တစ်နှစ်ထက်တစ်နှစ် တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေသည်ကိုလည်း သိရပေသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ ပို့ကုန်တန်ဖိုး ပိုမိုတင်ပို့လာနိုင်သည့်အတွက် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်မှုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အထိ နှစ်စဉ် ဆက်တိုက်လျော့ကျခဲ့ကြောင်း သိရပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကိုဗစ်-၁၉ ရိုက်ခတ်မှုများကြောင့် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇ ဘီလီယံခန့်ရှိပြီး လယ်ယာ ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်များ ပုံမှန်တင်ပို့နိုင်ခဲ့သော်လည်း စက်မှုကုန်ချော (ချုပ်ပြီးအထည်၊ သဘာဝဓာတ်ငွေ့) လျော့နည်းတင်ပို့ခဲ့ခြင်း၊ သွင်းကုန်တွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ (လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ) တင်သွင်းမှု ယခင်နှစ်ထက် အနည်းငယ် ပိုမိုလာခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆၇၇ သန်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။

ပို့ကုန်ဈေးကွက်သစ်များ ပိုမိုရရှိရေး

အချုပ်အားဖြင့်တင်ပြရလျှင် မြန်မာ့ကုန်သွယ်မှုသည် တဖြည်းဖြည်း ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးပမ်းလျက်ရှိပါသည်။ သို့သော် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ နှောင့်ယှက်မှုက ရှိနေဆဲဖြစ်ပါသည်။ အခက်အခဲများကြားမှ ပို့ကုန်ဈေးကွက်သစ်များ ပိုမိုရရှိရေး အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းကြရဦးမည်ဖြစ်ပါသည်။ ဆန်နှင့် ပဲအမျိုးမျိုးကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များကို အစိုးရအချင်းချင်း (G to G) စာချုပ်စနစ်ဖြင့် တင်ပို့မှုသည် အလွန်ထိရောက်သော ပို့ကုန်မြင့်မားရေးလုပ်ဆောင်ချက် ဖြစ်ပါသည်။ ငါး၊ ပုစွန် ကဲ့သို့သော ရေထွက်ပစ္စည်းတင်ပို့မှုသည်လည်း နိုင်ငံခြားငွေအမြောက် အများရရှိစေနိုင်သော လုပ်ငန်းဖြစ်ပါသည်။ သရက်သီး၊ ဖရဲသီး၊ ထောပတ်သီး စသော ရာသီကုန်သီးနှံများကလည်း ပြည်ပဈေး ကွက်ဝယ်လိုအား ရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် ပို့ကုန်ဈေးကွက်ကို အစွမ်းကုန်မြှင့်တင်ပြီး သွင်းကုန်ကို လျှော့ချသွားမည်ဆိုလျှင် ပို့ကုန်မှ ပိုငွေသည် မြင့်တက်လာဖို့ရှိပါသည်။ ။

မြင့်မောင်စိုး