ပြည်ထောင်စုမျှော်လင့်ချက်နှင့် အပြန်အလှန်အကျိုး
ဇင်ငြိမ်း
စိန်ရတုပြည်ထောင်စုနေ့ မိမိတို့နိုင်ငံ၏ပြည်ထောင်စုနေ့သည်ပင် စိန်ရတုတိုင်လေပြီ၊ ပြည်ထောင်စုနေ့ ဆိုသည့် ရက်စွဲကာလအပိုင်းအခြား တစ်ရပ်စိန်ရတုတိုင်ခဲ့သော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံဆိုသည့် အမိ နိုင်ငံတော်အတွင်း ဤမြေ၊ ဤရေ ဤတိုင်းရင်းသားအပေါင်းဖြင့် စုစည်းနေထိုင် နေကြသည်မှာ ထိုထက်ပင်ပိုပါသည်။
ပထမမြန်မာနိုင်ငံတော်မှ ယနေ့ထက်တိုင် စုစည်းနေထိုင်လာခဲ့ကြပါသည်။ ပြည်ထောင်စုနေ့မှာ ကိုလိုနီခေတ်နှောင်းပိုင်း ၁၉၄၇ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်သော်လည်း တိုင်းရင်းသားအပေါင်း စုစည်းနေထိုင်ခဲ့သည်မှာ ထိုထက်ပင် အချိန်ကာလများစွာပိုပါ၏။
သို့သော်လည်း နယ်ချဲ့တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်း ၁၈၉၅ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သော Kachin Hills Tribes Regulation ၊ ၁၈၉၆ ခုနှစ်တွင် Chin Hills Regulation ၊ ၁၈၈၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော Shan States Acts ကို ၁၉၂၂ ခုနှစ်တွင် ပြင်ဆင်၍ Federated Shan States Act &C 1935 Burma Act တို့ဖြင့် မြန်မာနိုင်ငံကို တောင်ပေါ်မြေပြန့် နည်းလမ်းမျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်ခဲ့သည့် အကျိုးဆက်မှာ လွတ်လပ်ရေး ရယူချိန်တွင် ပြည်ထောင်စုအတွင်း သွေးကွဲမှုများကို ဖြစ်စေခဲ့ပါသည်။ ထိုသို့သော သွေးခွဲ အုပ်ချုပ်မှုများကြောင့် လွတ်လပ်ရေး ရပြီးနောက်ကိုလိုနီခေတ်လွန်မြန်မာနိုင်ငံအား တစ်စုတစ်စည်တည်း ပေါင်းစည်းတည်ဆောက်ရန် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွတိုင်းရင်းသား ခေါင်းဆောင် ကြီးများအကြား ပင်လုံစာချုပ်ချုပ်ဆိုခဲ့ ကြပါသည်။ ယနေ့ဆိုလျှင်တိုင်းရင်း သားအားလုံး၏ စည်းလုံးညီညွတ်မှု သင်္ကေတ ပြည်ထောင်စုနေ့သည်ပင် စိန်ရတုတိုင်ပြီ ဖြစ်သည်။
ပြည်ထောင်စုမျှော်မှန်းချက်
လွတ်လပ်ရေး ရပြီးနောက်ပိုင်း အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေး ရည်မှန်းချက်များတွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင်ရန်လည်း ပါဝင်ပါသည်။ တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်ကြသော မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံ တည်ဆောက် ကြရန် အတွက် ၁၉၄၇ ခုနှစ်မှ ၁၉၆၂ ခုနှစ် အတွင်း ကြိုးစားခဲ့ကြပါသည်။
လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ် မှ တွက်ပါက နှစ်ပေါင်း ၁၄ နှစ်ကြာ ကြိုးစားအားထုတ်ခဲ့မှုဖြစ်ပါသည်။ သို့သော်လည်း ပြည်ထောင်စုကြီးတည်ဆောက်ရေးကြိုးစားရာတွင် ကိုလိုနီ လက်အောက်မှ လွတ်မြောက်ခါစ နိုင်ငံ့အခြေအနေ၊ ပြည်ထောင်စုတည်ဆောက်ရေးအပေါ် ထားရှိသော အမျိုးမျိုးသော သဘောထားကွဲလွဲမှုများဖြင့် ပြည်ထောင်စု ရည်မှန်းချက်များရရှိရေး ရုန်းကန် နေကြရဆဲအဖြစ် တွေ့ရပါသည်။
ပြည်ထောင်စုအတွင်း မတူကွဲပြားမှုများဖြင့် စုစည်းနေထိုင်ကြရာတွင် သဘောထားမတူညီမှု၊ အမြင်မတူညီမှု၊ မတိုက်ဆိုင်မှုများ ရှိတတ်ကြသည်မှာသဘာဝဖြစ်စဉ်တစ်ရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့သော အိန္ဒိယနိုင်ငံတွင်လည်း ယင်းသို့သော မတူကွဲပြားမှု အခြေအနေများမှရုန်းကန်တည်ဆောက် ခဲ့ကြသည်ကိုတွေ့နိုင်ပါသည်။ မတူ ကွဲပြား မှုများဖြင့် လက်တွဲပေါင်းစည်း နိုင်သည့် ရည်မှန်းချက်၊ စိတ်သဘောထား၊ နည်းလမ်းနှင့် ပူးပေါင်းဆောင်ရွက် နိုင်မှုအဖြစ် အတုယူဖွယ်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားများအကြား ပြည်ထောင်စု တည်ဆောက်ရေးရည်မှန်းချက်များ အပြည့် အ၀အကောင်အထည်ဖော်ဆောင်နိုင်ရန် ပြည်ထောင်စုတည်ဆောက်လိုသည့် စိတ်သဘော ထား၊ အကောင်အထည်ဖော်ရသည့် နိုင်ငံရေးစနစ်နှင့် အတူလက်တွဲ ဆောင်ရွက်လိုမှုများဖြင့်သာ ခရီးဆက် ကြခြင်းဖြင့် ပြည်ထောင်စု ရည်မှန်းချက် အောင်မြင်နိုင်မည် ဖြစ်ပါသည်။
ညီညွတ်ရေးအခြေခံ
ပြည်ထောင်စုမြန်မာနိုင်ငံ တည်ဆောက်ရေးတွင် အမျိုးသားညီညွတ်ရေးမှာ အခြေခံလိုအပ်ချက် ဖြစ်ပါသည်။ ညီညွတ်ရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်းက ၂၃ - ၁ - ၁၉၄၆ ရက်က ကျင်းပသော ဖ-ဆ-ပ-လပြည်လုံးကျွတ် ညီလာခံကြီးတွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည် -
“ညီညွတ်ရေးဆိုတာ ဘာလဲနားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့ အကြောင်းကို သရုပ်ဖော်ပြထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျွန်တော်တို့ ညီညွတ်ရေးဆိုတာဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည် ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။ ညီညွတ်ရေးဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမလား။ ဒါမှမဟုတ်ရင် ဒီတိုင်း ပြည်ရဲ့ ပြည်သူပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမလဲ။ အဲဒီတော့ကာ ကျွန်တော် လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့ အကျိုး။ အဲဒီလို တူညီတဲ့ရည်ရွယ်ချက်။ တူညီတဲ့အကျိုး။ တူညီတဲ့အလုပ်။ ဒါတွေကိုရအောင် အဲဒီလို တူညီတဲ့အကျိုး။ တိုင်းသူ ပြည်သားတွေရအောင် တူညီတဲ့အလုပ် လုပ်တဲ့ညီညွတ်ရေးမျိုး ဖြစ်ရမယ်။ ပါးစပ်က ပြောနေရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်းတူရမယ်။ အကျိုးမှာ လည်းတူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်” ဟု ဆိုခဲ့ပါသည်။
ယနေ့တွင်လည်း ဖက်ဒရယ်နှင့် ဒီမိုကရေစီတည်ဆောက်ရန်၊ တစ်မျိုးသား လုံး၏အကျိုး ရရှိရန်ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့် လက်တွေ့ကျသော တူညီသော ရည်ရွယ်ချက်၊ တူညီသော အကျိုး၊ တူညီသော အလုပ်များဖြင့်သာ ညီညွတ် ရေးရရှိနိုင်ပြီး အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးကို အထောက်အပံ့ဖြစ် စေမည်ဖြစ်ပါသည်။
သဘောထားရပ်တည်ချက်
ထိုသို့ အားလုံးပါဝင်သော ညီညွတ်ရေးဖြင့် ပြည်ထောင်စုတည်ဆောက်ရာတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ တို့ကို မျှတစွာ ရှုမြင်ရပ်တည်ကြရပါမည်။ အတိတ်ဆိုသည်က ပြီးခဲ့ပြီးသော ဖြစ်စဉ် ဖြစ်ရပ်တို့ ဖြစ်သည်။ ပြောင်းလဲ၍ မရနိုင်တော့ချေ။သို့သော် အတိတ်မှ ပြည်ထောင် စုမျှော်မှန်းချက်သည် ယနေ့ထက်တိုင် ရှင်သန်နေဆဲ၊ အသက်ဝင်နေဆဲ၊ မျှော်မှန်း တည်ဆောက်နေကြဆဲကာလ ဖြစ်ပါသည်။ အားလုံး၏ မျှော်မှန်းချက်ဖြစ်သော ပြည်ထောင်စုတည်ဆောက်ရေးတွင် အတိတ်ကာလက မှန်ခဲ့သည်များလည်း ရှိခဲ့ပါ၏၊ မှားခဲ့သည်များလည်း ရှိခဲ့ပါ၏။ ထို အမှန်/ အမှားတို့အပေါ် အပြုသဘောဖြင့် ဆင်ခြင်သုံးသပ်ရပါမည်။ ယင်းအမှန်၊ အမှားများသည် များစွာတန်ဖိုးရှိသော သင်ခန်းစာများ ဖြစ်ပါသည်။ မျှော်လင့်ချက်များ၊ ဘဝများ၊ မျိုးဆက်များနှင့် ရင်းနှီး၍ရခဲ့သော သင်ခန်းစာများ ဖြစ်ကြပါသည်။ အပြု သဘောရပ်တည်ချက်မှန်ဖြင့် အသုံးချရမည့် သင်ခန်းစာများဟု မြင်မိပါသည်။
သို့ဖြစ်ရာ လက်ရှိလျှောက်လှမ်းနေဆဲ ဖက်ဒရယ်နှင့် ဒီမိုကရေစီပန်းတိုင်သို့ အတူတကွ လျှောက်လှမ်းကြရာတွင် မှန်ကန်သောရပ်တည်ချက်နှင့်ပြည်ထောင် စုစိတ်သဘောထားများ လိုအပ်မည် ဖြစ်ပါသည်။
မှန်ကန်သောနည်းလမ်း
မိမိတို့လက်ထက်တွင် ပြည်ထောင်စုစနစ်ဖြစ်သည့် ဖက်ဒရယ်တည်ဆောက်ရေးအတွက် ဖက်ဒရယ်နှင့်ဒီမိုကရေစီ ပန်းတိုင်ရှိနေပါသည်။ ပြည်ထောင်စုဆိုသည့်၊ ဖက်ဒရယ်ဆိုသည့်သဘော၌ ကိစ္စရပ်အချို့တွင် စည်းလုံးညီညွတ်စွာ အတူတကွ လုပ်ဆောင်လိုပြီး အခြားသော ကိစ္စရပ်များတွင် မတူကွဲပြားမှုနှင့် ကိုယ်တိုင်ဆုံးဖြတ် ဆောင်ရွက်ခွင့်ရှိလို ခြင်းကို ညှိနှိုင်းရန် ကြိုးပမ်းခြင်းဟု ဆိုပါသည်။ ထို့အပြင် ဖက်ဒရယ်စနစ်၏ ရည်မှန်းချက် နှစ်ရပ်တွင် နိုင်ငံအတွင်းရှိဒေသ ဆိုင်ရာမတူကွဲပြားမှုများကို လိုက်လျော ညီထွေရှိစေပြီးနိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ကာကွယ်ထိန်းသိမ်းရန်နှင့် မြှင့်တင် ရန်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ဖက်ဒရယ်၏ မူရင်းသဘောတွင် တရားမျှတမှုနှင့် ညီညွတ်ခြင်းအပေါ် အခြေခံ၍ မိမိတို့အကျိုးစီးပွားနှင့် အများ အကျိုးစီးပွားကို မျှတအောင် စီမံခန့်ခွဲ သည့် နိုင်ငံတည်ဆောက်ရေးစနစ်ဟု ဆိုရပါမည်။
သို့သော်လည်း ဖက်ဒရယ်စနစ် တည်ဆောက်ရာတွင် မှန်ကန်သော သဘောထားရပ်တည်ချက် လိုအပ်သကဲ့ သို့ မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေရှိ သည့် နည်းလမ်းများလည်း လိုအပ်ပါသည်။ ဖက်ဒရယ်စနစ်သည် တင်ပို့၍ မရသကဲ့သို့ တင်သွင်း၍လည်းမရဟု မှတ်သားဖူးပါသည်။ ရေရှည်တည်တံ့ သော ပြည်ထောင်စုဖြစ်ရန် မိမိနိုင်ငံ အကျိုး၊ တိုင်းရင်းသားများ အားလုံး အကျိုးကို ဖြစ်စေသည့် နည်းလမ်းများကို ကျင့်သုံးကြရပါမည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတွင် ပြည်ထောင်စုစိတ်သဘောထား လိုအပ်သကဲ့သို့ ပြည်ထောင်စုတည် ဆောက်ရေး နည်းလမ်းလည်း မှန်ကန် ရန် လိုအပ်ပါသည်။
ပြည်ထောင်စု တည်ဆောက်ရေး နည်းလမ်းနှင့်ပတ်သက်၍ ပြည်ထောင်စု စနစ်သည် ဒီမိုကရေစီစနစ်တွင်သာ ထွန်းကားနိုင်သည်ဆိုသည့် သဘောမှာ လည်း သတိပြုဖွယ်ဖြစ်ပါသည်။ ဒီမိုကရေစီ အားနည်းပါကလည်း ဖက်ဒရယ်စနစ်ကို အထောက်အပံ့မဖြစ်စေသည့်အပြင် ရှိရင်း စွဲပဋိပက္ခများကို ပိုမိုနက်ရှိုင်းစေနိုင်ပါ သည်။ ဟန်ချက်ညီသော ကျင့်သုံးမှုဖြစ် ရန် လိုအပ်မည် ဖြစ်သည်။
သွေးမစွန်းသော စစ်ပွဲ
နိုင်ငံရေးသည် သွေးထွက်သံယိုမှုနှင့် သေကျေပျက်စီးမှုမရှိသော စစ်ပွဲဖြစ်ပြီး စစ်ပွဲသည် သွေးထွက်သံယို နှင့် သေကျေ ပျက်စီးမှုရှိသော နိုင်ငံရေးဖြစ်သည်ဟု မော်စီတုံးက ဆိုခဲ့ပါသည်။
တိုင်းရင်းသားအားလုံး ပါဝင်သော ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမို ကရေစီ စနစ်တည်ဆောက်ရေး သည် နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲရေးဖြစ်ပါ သည်။ တစ်ဦးချင်း တစ်ဖွဲ့ ချင်းအကျိုး၊ အများအကျိုးကို ငြိမ်းချမ်းသောနိုင်ငံရေး နည်းလမ်းများဖြင့် ဖော်ဆောင်ခြင်းဖြင့် သာ အားလုံး၏ ရည်မှန်းချက်သို့ ရောက်ရှိနိုင်ပါမည်။
မိသားစုအတွင်း ညီရင်းမောင်နှမ ဆိုသည်မှာမခေါ်ရင်သာရသည်၊ မတော် ချင်လို့မရဆိုသည့် မြန်မာဆိုစကားကဲ့သို့ သဘာဝတရားကြီးမှပေးထားသည့်တိုင်း ရင်းသားညီအစ်ကိုမောင်နှမများ ဆိုသည်က သဘောထားမတိုက်ဆိုင်မှုများ၊ အဆင်မပြေမှုများ ရှိတတ်စမြဲဖြစ်သော် လည်း မတော်ချင်၍မရနိုင်ပါ။ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအကြား အဆင်မပြေမှုများနှင့် လိုလားချက်များ ကို ငြိမ်းချမ်းစွာဖြင့် ညှိနှိုင်းဖြေရှင်း ကြမှသာ မိမိတို့ကာလလွန်သည့်တိုင် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းစွာ တည်ရှိနေမည်ဖြစ်ပါသည်။ ပြည်ထောင် စုကြီးအား လူ့ဘဝသက်တမ်းတစ်ခုစာ စဉ်းစားခြင်းထက် လူ့သက်တမ်းပေါင်းများစွာ ခိုင်မြဲတည်တံ့ရေး စဉ်းစား ကြ ရမည်ဖြစ်ပါသည်။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့ သည့် ဓမ္မပဒလာ ကာဠိယက္ခိနီဘီလူးမ ဝတ္ထုမှ ဘီလူးမနှင့် သားသည်မိခင်ကဲ့သို့ ဘဝအဖန်ဖန် သူတစ်ခါ ငါတစ်လှည့် ရန်ကို ရန်ခြင်းတုံ့ပြန်ခြင်းဖြင့် ပြဿနာသည် ပြေလည်မသွားနိုင်ဘဲ သူ့အကျိုးကိုယ့်အကျိုး အပြန်အလှန်ပြုခြင်းဖြင့်သာ ပြည့်စုံချမ်းသာမှုကို ရရှိစေနိုင်သည်မှာ ဆင်ခြင်ဖွယ်ဖြစ်ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတွင်လည်း သူ့အကျိုး ကိုယ့် အကျိုး စောင့်ရှောက်ခြင်းဖြင့် ပြည့်စုံ ချမ်းသာသော ပြည်ထောင်စုကြီး မျှော်လင့်ချက်များ ပြည့်ဝစေနိုင်ကြောင်း တိုက်တွန်းရေးသားရပါသည်။
ကိုးကား
၁။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ။ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၇၁။
၂။ Federalism, IDEA
၃။ Min Zin ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့်မျှခြေ ကနဦးအဆိုပြု ချက်များ ၊ 13 September 13, 2018 https://ispmyanmarpeacedesk. com/article/