Skip to main content

ကျောက်စာတန်ဖိုး

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဇန်နဝါရီ ၂၉ ရက် မှ ၃၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပြကွင်းပြကွက်များအနက် ကျောက်စာပြကွက်ကိုလည်း တွေ့ရသည်။ ထိုကျောက်စာပြကွက်တွင် ကျောက်စာသုံးမျိုးကို မှတ်သားမိပါ၏။ ကျောက်စာတိုင်းတွင် ကျောက်စာ၊ ကျောက်စာအရေးအသား၊ ကျောက်စာ အကြောင်းအရာ ရှင်းလင်းချက်တို့နှင့်တကွ ဖော်ပြထားသဖြင့် အလွယ်တကူ လေ့လာနိုင်သော ဆောင်ရွက်ချက် ပင်ဖြစ်သည်။ ထိုကျောက်စာ သုံးမျိုးသည်ကား ပုဂံရွှေကျောင်း အရှေ့ဂူကျောက်စာ၊ ပင်ယကုလာကျောင်း ကျောက်စာနှင့် ရွှေပြည်စိုးကျောင်း ကျောက်စာတို့ ဖြစ်သည်။

ပုဂံရွှေကျောင်းအရှေ့ ဂူကျောက်စာ

ထိုကျောက်စာ၏ အလှူရှင်မှာ စစ်သူကြီး စတ္တလင်္ကပိုင်ဖြစ်ကြောင်း၊ ကျောက်စာ ခုနှစ်မှာ သက္ကရာဇ် ၅၆၀ ခုနှစ်၊ (ခရစ်နှစ် ၁၁၉၈ ၊အေဒီ ၁၂ ရာစု) စာကြောင်းရေ ၂၅ ကြောင်း ပါရှိကြောင်း၊ ရေးထိုးထားသည့်ဘာသာမှာ မြန်မာဖြစ်၍ ကျောက်စာအမှတ် (န-၇၇) ဖြစ်ကြောင်း၊ ကျောက်စာ တည်နေရာမှာ မန္တလေးနန်းတွင်း ကျောက်စာရုံ(၁) ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုကျောက်စာနှင့် ပတ်သက်၍ အကျဉ်းချုပ်ဖော်ပြထားချက်မှာ ဤသို့ ဖြစ်သည်။

ကောဇာသက္ကရာဇ် ၅၆၀ ခုနှစ်တွင် စစ်သူကြီးစတ္တလင်္ကပိုင်သည် သစ်မထီးအရပ်၌ ဂူကျောင်းပြုပြင်၍ လယ် ၁၀၂၀ ပယ်၊ ကျွန် ၁၀ ယောက် လှူဒါန်းကြောင်း မှတ်တမ်းတင် ကျောက်စာရေးထိုးထားခြင်းဖြစ်သည်။

ထိုကျောက်စာမှတစ်ဆင့် မြန်မာလူမျိုးတို့၏ စာပေအရေးအသား၊ စကားအသုံးအနှုန်း၊ လူနေမှုစရိုက်တို့ကို လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် သက္ကရာဇ်ကို သကရစ်ဟူ၍ လည်းကောင်း၊ ၌ကို နှိုက်ဟူ၍ လည်းကောင်း ရေးသားထားသည်။ လယ် ၁၀၂၀ ပယ်ဟူသော အရေးအသားကို လေ့လာခြင်းဖြင့် လယ်အရေအတွက်ကို ပယ် ဆိုသော အသုံးအနှုန်းကို တွေ့ရမည်ဖြစ်ပါသည်။ ပုဂံခေတ် (အေဒီ ၁၂ ရာစု) မြန်မာစာပေ အရေးအသားနှင့် စကားအသုံးအနှုန်းကို ထင်ဟပ်ဖော်ပြနေပါသည်။ ထို့အတူ လူနေမှုစရိုက်ကိုလည်း အကဲခတ်နိုင်မည်ဖြစ်ပါသည်။ သစ်မထီးအရပ်၌ ဂူကျောင်းပြုပြင်၍ လယ် ၁၀၂၀ ပယ်၊ ကျွန် ၁၀ ယောက် လှူဒါန်းသည်ဟူသော ရေးသားချက်ကိုကြည့်လျှင် ပုဂံခေတ်က ဘုရား၊ ကျောင်းဆောက်လုပ် လှူဒါန်းပြီးလျှင် လှူဒါန်းထားသော ဘုရား၊ ကျောင်းတို့ နှစ်ပေါင်းရှည်ကြာစွာ တည်တံ့နေရန်အတွက် ဘုရား၊ ကျောင်းတို့၌ ဝေယျာဝစ္စ ဆောင်ရွက်မည့်သူများကိုပါ လှူဒါန်းလေ့ရှိကြောင်း မှတ်သားသိရှိရပေသည်။

ပင်ယကုလာကျောင်းကျောက်စာ

ဤကျောက်စာ၏ အလှူရှင်မှာ သင်သည်မင်း၊ စစ်လျင်မင်း၊ ငမျှောဖ တို့ဖြစ်သည်။ ကျောက်စာ ခုနှစ်မှာ ( သက္ကရာဇ် ၇၅၃ ခုနှစ်၊ (ခရစ်နှစ် ၁၄၀၁၊ အေဒီ ၁၅ ရာစု) စာကြောင်းရေ ၉ ကြောင်းပါရှိပြီး မြန်မာဘာသာဖြင့် ရေးထိုးထားခြင်းဖြစ်သည်။ ကျောက်စာအမှတ်မှာ (န-၁၈၇) ဖြစ်ကြောင်း၊ ကျောက်စာတည်နေရာမှာ မန္တလေးနန်းတွင်း ကျောက်စာရုံ(၁) ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုကျောက်စာနှင့်ပတ်သက်၍ အကျဉ်းချုပ် ဖော်ပြချက်သည်ကား ဤသို့ တွေ့ရလေသည်။

ကောဇာသက္ကရာဇ် ၇၅၃ ခုနှစ်တွင် သင်သည်မင်းနှင့် စစ်လျင်မင်းတို့သည် မြေလှူကြောင်း၊ ငမျှောဖ မည်သောသူသည် လင်္ကျာကျောင်းတွင် ကျောင်းဆောက် လှူဒါန်းကြောင်းနှင့် ဆုတောင်း ကျိန်စာများ ရေးထိုးထားသော ကျောက်စာဖြစ်ကြောင်း သိရသည်။

ထိုကျောက်စာတွင် အင်းဝခေတ် (အေဒီ ၁၅ရာစု) မြန်မာစာပေအရေးအသား၊ စကားအသုံးအနှုန်းနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များကို လေ့လာသုံးသပ်နိုင်မည် ဖြစ်ပါသည်။ ပင်ယကုလာဟူသော အရေးအသားသည် မြန်မာစာပေတိုးတက်ရန် လိုအပ်နေသေးသော အချိန်ကာလ တစ်ခု ဖြစ်နိုင်ပါသည်။ သင်သည်မင်း၊ စစ်လျင်မင်း၊ ငမျှောဖ ဟူသော စကားအသုံးအနှုန်းသည်လည်း ထိုခေတ်ထိုအခါက ပေါ်ပေါက်ခဲ့သော စကားလုံးများပင် ဖြစ်ပါသည်။ သို့သော် သင်သည်မင်းနှင့် စစ်လျင်မင်းတို့ မြေလှူသည်ဆိုသော ရေးသားဖော်ပြမှုနှင့် ငမျှောဖမည်သောသူတို့ ကျောင်းဆောက်လုပ် လှူဒါန်းသည်ဆိုသော ရေးသားဖော်ပြမှုမှာ ထိုခေတ်ထိုအခါက အလှူအတန်း ရက်ရောမှုကို တွေ့ရမည်ဖြစ်ပါသည်။ ထို့အတူ ဆုတောင်းကျိန်စာများ ရေးထိုးထားသည်ဆိုသောအချက်မှာ အလှူကြီး အတန်းကြီး ပြုလုပ်သည့်အခါ ဆုတောင်းခြင်းနှင့် လှူတန်းမှုကို ဖျက်ဆီးသူတို့အား ကျိန်စာတိုက်ခြင်းတို့ကို ပြုလုပ်တတ်ကြောင်း လေ့လာတွေ့ရှိရပေသည်။

ရွှေပြည်စိုးကျောင်း ကျောက်စာ

ထိုကျောက်စာ၏ အလှူရှင်မှာ အမတ်ကြီး ရွှေပြည်စိုးဇေယျသင်နှင့် ဇနီးတို့ဖြစ်သည်။ ကျောက်စာပေါ်ပေါက်ရာ ခုနှစ်မှာ သက္ကရာဇ် ၈၇၂ ခုနှစ်၊ (ခရစ်နှစ် ၁၅၁၀၊အေဒီ ၁၆ ရာစု) စာကြောင်းရေ ၁၉ ကြောင်းရှိပြီး ရေးထိုးထားသည့်ဘာသာမှာ မြန်မာဘာသာဖြစ်သည်။ ၎င်းကျောက်စာ၏ ကျောက်စာ အမှတ်မှာ (န-၂၂၆) ဖြစ်ကြောင်း၊ ကျောက်စာတည်ရှိရာအရပ်မှာ မန္တလေးနန်းတွင်း ကျောက်စာရုံ (၁)ဖြစ်ကြောင်း ဖော်ပြထားသည်။ ဤကျောက်စာနှင့် ပတ်သက်၍ အကျဉ်းချုပ်ဖော်ပြထားသည်မှာ ဤသို့ဖြစ်သည်။

ကောဇာသက္ကရာဇ် ၈၇၂ ခုနှစ်တွင် အမတ်ကြီးအဝ ရွှေပြည်စိုးဇေယျသင်နှင့် ဇနီးတို့သည် ကျားအိမ်တောကျောင်းနှင့် စစ်လျင်မင်းကျောင်းသို့ ဘုရားနှင့်ကျောင်းကို ရေစက်ချလှူကြောင်း မှတ်တမ်းတင် ကျောက်စာရေးထိုးထားခြင်းဖြစ်သည်။

ထိုကျောက်စာတွင် ညောင်ရမ်းခေတ် (အေဒီ ၁၆ ရာစု) စာပေအရေးအသားကို တွေ့ရမည်ဖြစ်ပါသည်။ အမတ်ကြီး ရွှေပြည်စိုးဇေယျသင်ဟူသော ရေးသားဖော်ပြမှုသည် ထီးသုံး နန်းသုံး စကားလုံးများဖြစ်ပါသည်။ စာပေအရေးအသားနှင့် စကားလုံးအသုံးအနှုန်းများ တိုးတက်ပြောင်းလဲလာ မှုကို တွေ့ရမည်ဖြစ်ပါသည်။ မြန်မာစာပေ၊ ယဉ်ကျေးမှု စရိုက်လက္ခဏာများ တိုးတက်လာမှုကို ဖော်ပြနေပါသည်။

အကောင်းဆုံး သမိုင်းအထောက်အထား

အထက်ဖော်ပြပါ ကျောက်စာသုံးချပ်သည် မြန်မာလူမျိုးတို့၏ စာပေနှင့် ယဉ်ကျေးမှုကို ဖော်ပြနေပါသည်။ ပုဂံခေတ်၊ အင်းဝခေတ်နှင့် ညောင်ရမ်းခေတ်တို့ရှိ စာပေအရေးအသား၊ ပြောဆိုသောစကား၊ ယဉ်ကျေးမှုစရိုက် လက္ခဏာများကို ကျောက်စာတို့မှတစ်ဆင့် သိရှိရခြင်း ဖြစ်ပါသည်။ ကျောက်စာဟူသည်မှာလည်း အရှည်တည်တံ့စေရန် ရေးထိုးခဲ့ပြီး အကောင်းဆုံး သမိုင်းအထောက်အထားတစ်ခု ဖြစ်ပါသည်။ ရှေးဦးလူသားတို့သည် စာပေများမပေါ်ထွန်းမီက ဂူနံရံများ၌ ရုပ်ပုံများရေးခြစ်လျက် မှတ်သားလေ့ရှိကြောင်း သိရပါသည်။ ထို့နောက်ကျောက် သားများ၌ ရေးသားသော ရုပ်ပုံ၊ စာသား၊ ပေပုရပိုက်များ၌ ရေးသားသော စာပေဟူ၍ တဖြည်းဖြည်း တိုးတက်လာခဲ့ပါသည်။ ထို့နောက် ပေပုရပိုက်ခေတ်မှသည် စက္ကူပေါ်တွင် ရေးသားနိုင်သောခေတ်၊ ထိုခေတ်မှသည် ပုံနှိပ်စာလုံးခေတ်၊ ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်ခေတ်၊ ကွန်ပျူတာ နည်းပညာဖြင့် စာရေးနိုင်သောခေတ် စသည်ဖြင့် စာပေအရေးအသားများ တိုးတက်ပြောင်းလဲလာမှုကို တွေ့ရမည်ဖြစ်ပါသည်။

ထို့ကြောင့် ကျောက်စာအရေးအသားသည် မြန်မာလူမျိုးတို့၏ စာပေအရေးအသား၊ ဓလေ့စရိုက်၊ ယဉ်ကျေးမှုစသော အကြောင်းအရာများစွာတို့ကို ထင်ဟပ်ဖော်ပြနေပါသည်။ သမိုင်းတန်ဖိုး မြင့်မားလှပေသည်။ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ ထွန်းကားတည်ရှိမှုကို ပြသည့် အကောင်းဆုံးသော သမိုင်းသက်သေ အထောက်အထားလည်း ဖြစ်ပေသည်။ မြန်မာလူမျိုးတို့သည် ကမ္ဘာ့အလယ်တွင် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် တင့်တယ်ထည်ဝါစွာ နေလာခဲ့သည့် လူမျိုးတစ်မျိုးဖြစ်သည်ကို ထိုကျောက်စာများက ပြောပြနေသည်မှာ အထင်အရှား ပင် ဖြစ်ပါသည်။ ။

မြင့်မောင်စိုး