ညီညွတ်ရေး မီးရှူးတန်ဆောင် ထွန်းညှိရအောင်လေ တို့များတစ်တွေ
ပြည်ထောင်စုနေ့ဟာ မြန်မာပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေး အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ကြီးမြတ်တဲ့ နိုင်ငံရေးနေ့ကြီး ဖြစ်ပါတယ်။ အခုဆိုရင် လွတ်လပ်ရေးကြိုးပမ်းမှုအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ပင်လုံမှာဆုံတွေ့ ခဲ့ကြတဲ့ အထိမ်းအမှတ် ပင်လုံ စိတ်ဓာတ်အစပြုခဲ့တာ (၇၅)နှစ် စိန်ရတုတိုင်ခဲ့ပါပြီ။
ပန်းတိုင်းပွင့်ပါစေ
ကျွန်တော်တို့ ကျောင်းပြီးလို့ အလုပ်ထဲ ရောက်ပြီးနောက် ဆိုရှယ်လစ်ခေတ်မှာ မင်းသားကြီး ကိုမြတ်လေးရေးဖွဲ့ပြီး မာမာအေး သီဆိုခဲ့တဲ့ “ညီညွတ်ရေး မီးရှူးတန်ဆောင် ထွန်းညှိရအောင်လေ၊ တို့များတစ်တွေ ပန်းတိုင်းပွင့်ပါစေ” အစချီပြီး “လိမ္မော်ချယ်ရီ စတော်ဘယ်ရီ၊ မာလာ ခတ္တာ ဇီဇဝါ၊ သဇင်ပင်မင်း၊ အင်ကြင်းမဉ္ဇူ အိုပြည်သူတွေ မငြိမ်းချမ်းကြဘူးလေ” ဆိုတဲ့ အတိတ်က ဒီတေးသွားကို ဒီကနေ့နားထဲမှာ ကြားယောင်မိနေပါတယ်။ ပြည်သူတွေ မငြိမ်းချမ်းနိုင်ကြသေးတာကို ရည်ညွှန်းဖော်ကျူးထားတဲ့ ငြိမ်းချမ်းရေးတေးသံ “ပန်းတိုင်းပွင့် ပါစေ”သီချင်းဖြစ်ပါတယ်။ “ပန်းတိုင်း ပွင့်သစ်ကြမယ့်အခြေ တို့မျှော်နေ ပန်းတိုင်းပွင့်ပါစေ ပန်းတိုင်း၊ ပန်းတိုင်းပွင့်ပါစေ။ ” လို့ အဆုံးသတ် ထားပါတယ်။
ဟုတ်ပါတယ်။ ဒီစိန်ရတုပြည်ထောင်စုနေ့ကစလို့ ပြည်သူတွေဘဝ လန်းလန်းစွင့်စွင့် ပန်းတွေလို ပွင့်နိုင်ကြပါစေ။ ငြိမ်းချမ်းရေးပန်းတွေ ပွင့်သစ်ကြတာကို မြင်လိုနေကြပါပြီ။ မြန်မာတိုင်းရင်းသား ပြည်သူတွေမှာ လွတ်လပ်ရေးရပြီးကတည်းက ပါလာတဲ့ အမျိုးသားညီညွတ်ရေး အကြွေးတင်နေပါတယ်။ ဒီအကြွေးကိုဆပ်ဖို့ နိုင်ငံရေးအရ သဘောတူညီမှုရရှိရေးဆီ အရောက်သွားကြမှဖြစ်ပါမယ်။ အဲဒီမှာ နိုင်ငံရေး လိုအင်ဆန္ဒတွေကို အပြီးတိုင် ဆွေးနွေးဖြေရှင်းကြဖို့ပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ပင်လုံသဘောတူညီမှုနဲ့ အစပြုခဲ့တဲ့ မြန်မာပြည်ထောင်စုကြီး (၇၅) နှစ် မြောက် ရောက်ချိန်မှာ ပြန်ကြည့်ရင် ဘာတွေဖြစ်ခဲ့ပါသလဲ။ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ၊ စီးပွားဖွံ့ဖြိုးမှု နောက်ကျတာတွေ အပြင် ပြည်ပနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေး အားမျှခြေအတွက် ဇယားရွှေ့မှုဒဏ် ခံစားခဲ့ရတာတွေ ဖြစ်ခဲ့တယ်။ မြန်မာပါဝင်တဲ့ အာဆီယံ အဖွဲ့ကြီးမှာပါ ညီညွတ်မှု ယိုင်နဲ့လာတာ တွေ့ရတယ်။ ဒီလိုဒေသတွင်းအဖွဲ့ ကြီးကိုတောင် စိတ်ဝမ်းကွဲပြားအောင် ပထဝီနိုင်ငံရေးဇာတ်ရှုပ်နဲ့ ဖဲ့ထုတ်နိုင်ခဲ့ရင် မြန်မာ့ပြည်တွင်းရေးကိုလည်း နိုင်ငံရေးသွေးတိုးစမ်းဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ သတိချပ်ကြရပါမယ်။ ဒါကြောင့် နိုင်ငံတကာ နိုင်ငံရေးမှာ နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့ မြန်မာ့ နိုင်ငံခြားရေး မူဝါဒအတိုင်းရပ်တည်ပြီး နိုင်ငံကြီးတွေရဲ့ ဘုန်းကြီးအမှု ရွာပတ်မခံရဖို့ အရေးကြီး ကြောင်း ပြောလိုပါတယ်။ ဒါကြောင့်မို့ အခုစိန်ရတုကစလို့ ပြည်ထောင်စုသား သွေးချင်းများ မျက်နှာစုံညီ တွေ့ဆုံခြင်းဖြင့် အနာဂတ်မြန်မာရဲ့ ငြိမ်းချမ်းရေးခရီးဆီ လှမ်းချီကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောခဲ့ပါတယ်။ အဲဒီမှာ “ငြိမ်းချမ်းရေးအတွက် ဒီနှစ်မှာ ခြေလှမ်းသစ်များ စရပါမယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ကြောင်း” အတိအလင်း ပြောခဲ့တယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်တဲ့ အလုပ်သဘောခရီးစဉ် သတင်းထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံတော် ဝန်ကြီးချုပ်က “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲထားကြောင်း၊ ငြိမ်းချမ်းရေး အတွက် ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ အပစ်အခတ် ရပ်စဲဖို့ရှိပါကြောင်း” ဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို ပြောကြားတဲ့အထဲမှာလည်း ငြိမ်းချမ်းရေး ဆန္ဒတွေ ပါရှိနေပါတယ်။ ထူးခြားတာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကျင်းပတဲ့အခါ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပါဝင်တက်ရောက်လာမှာကို ကြိုဆိုကြောင်း” ထုတ်ဖော်ပြောကြားခြင်းပါပဲ။
ထင်ဟပ်ပြောကြား
ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အပစ်အခတ်ရပ်စဲရေး (ငြိမ်းချမ်းရေး) ကို အထူးအလေးထားကြောင်း ပေါ်လွင်ခဲ့ပြီဖြစ်တယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေး၊ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေးတို့ ရရှိဖို့လိုကြောင်း၊ ဒီအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်မှုနဲ့ သဘောတူညီမှုမပါရှိဘဲ အလုံးစုံငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မှာမဟုတ်ကြောင်း သူ့နိုင်ငံရဲ့ အတွေ့အကြုံကို ထင်ဟပ်ပြောကြားသွားခဲ့တယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာအပါအဝင် အာဆီယံဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေရဲ့ အရေးပါမှုကို ကောင်းစွာနားလည်သဘောပေါက် ကြောင်း ပြသခဲ့ကြပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ မွေးမြူပေးခဲ့တဲ့ ပင်လုံပြည်ထောင်စုစိတ်ဓာတ်၊ သမ္မတနိုင်ငံ တစ်ခုနဲ့ အချုပ်အခြာအာဏာပိုင်မှုကြီး အဓွန့်ရှည်ရေးကို တိုင်းရင်းသားပြည်သူများက ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရမှာဖြစ်တယ်။ ၇၅ နှစ်တိုင်မျှ ငြိမ်းချမ်းရေးရဲ့အရသာကို မခံစားရတာဟာ မြန်မာပြည်သူတွေအတွက် ဝမ်းနည်းဖွယ်ပါပဲ။ ဒါပေမယ့် အထက်က ဖော်ပြခဲ့တဲ့ ငြိမ်းချမ်းရေးစေတနာ ဆန္ဒတွေအရ ဒီ ၂၀၂၂ ခုနှစ်မှာ တစ်နိုင်ငံလုံး သေနတ်သံဆိတ်သုဉ်းဖို့ လိုနေပါပြီ။ ဒါကြောင့် စိန်ရတုပြည်ထောင်စုနေ့နဲ့ စိန်ရတုလွတ်လပ်ရေးနေ့တွေရဲ့အကြားမှာ ရောက်နေတဲ့ မြန်မာပြည်သူတွေ ငြိမ်းချမ်းရေးရကြ ပါစေတော့။
မြန်မာ့ငြိမ်းချမ်းရေးအပေါ် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရဲ့ အပြုသဘောမှတ်ချက်နဲ့ မြန်မာနိုင်ငံဝန်ကြီးချုပ်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်တွေ ဟာ ကမ္ဘာသိ၊ မြန်မာသိ ထုတ်ပြန်ခဲ့ပြီး ပါပြီ။ ဒီလို အတိအလင်းပေါ်ထွက်လာတဲ့ ငြိမ်းချမ်းရေးအရှိတရားကို ပြည်သူတွေအတွက်၊ နိုင်ငံတော်အတွက်၊ ရေရှည်အမျိုးသားအကျိုးစီးပွားအတွက် မငြင်းပယ်ဘဲ ဖမ်းယူဆုပ်ကိုင်ရပါ မယ်။ ဒါဟာ ပြည်သူတွေ ဆယ်စုနှစ်များစွာ တမ်းတခဲ့တဲ့ နိုင်ငံရေးအလှည့်အပြောင်းကြီး ဖြစ်နေလို့ပါပဲ။ ဒီအလှည့်အပြောင်းကြီးကို လက်လွတ်ခံလိုက်ရင် ပြည်သူ့မျက်နှာမထောက်ရာ၊ နိုင်ငံမျက်နှာမငဲ့ကွက်ရာ၊ အကြောင်းမဲ့သေကျေနေရတဲ့ အပြစ်မဲ့ပြည်သူ့အသက်တွေကို ထည့်မတွက်ရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့်မို့ တိုင်းရင်း သားလက်နက်ကိုင်သွေးချင်းတွေဟာ ငြိမ်းချမ်းရေး နှလုံးသားတွေ လှုပ်ရှားအောင် ဆွေးနွေးကြဖို့ လိုနေပါပြီ။ ငြိမ်းချမ်းရေး လမ်းကြောင်း ဖြောင့်ဖြူးစေဖို့ မျက်နှာချင်းဆိုင်ဖြေရှင်းတဲ့ အစဉ်အလာဆီလည်း ပြန်လည် ရောက်ချိန်တန်ပါပြီ။ ဒါကြောင့် ကြည်နူးစရာ ငြိမ်းချမ်းရေးမြင်ကွင်းတွေကို ပြည်သူတွေအနေနဲ့ မြင်ချင်တွေ့ချင်နေကြပြီဖြစ်ကြောင်းပါ။
လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း
လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ပြန်ကြည့်ရင် ပင်လုံသဘောတူညီချက်ဟာ လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ပါဘူး။ အဲဒီတုန်းက ဗြိတိသျှ အစိုးရက တောင်တန်းဒေသတွေကို ချန်ထားပြီး (Burma Proper) လို့ခေါ်တဲ့ ဗမာပြည်မအတွက် လွတ်လပ်ရေးကို စဉ်းစားမယ်။ တောင်တန်း ဒေသတွေကိုတော့ ဗြိတိသျှ ဓနသဟာယအဖွဲ့ (British Common Wealth) ထဲမှာပဲ ထားမယ်ပေါ့။ ရှမ်းစော်ဘွားတွေ၊ ကချင်ဒူးဝါးတွေ၊ ချင်းတောင်တန်းဒေသက ခေါင်းဆောင်တွေ ကို စည်းရုံးထားတယ်။ စည်းရုံးလို့ရရင် ဒီလိုမျိုးခွဲရေး၊ တွဲရေးလုပ်ပြီး တောင်တန်း ဒေသတွေကို ဗြိတိသျှအစိုးရနဲ့ လက်တွဲမှာဖြစ်တယ်။ ဒါကြောင့်ပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေအကြား ညှိနှိုင်းမှုဟာ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့တယ်။
အဲဒီတုန်းက ပင်လုံဆွေးနွေးပွဲတွေမှာပါတဲ့ ဦးဖေခင် (ကိုယ်တွေ့ပင်လုံ စာအုပ်ရေးသူ၊ နောင်အခါ သံအမတ်ကြီးဖြစ်သူ) ဟာ ရှမ်းစော်ဘွားတွေနဲ့ ရင်းနှီးတယ်။ သူ့ကြောင့်ပဲ ရှမ်းစော်ဘွားတွေဟာ ဗိုလ်ချုပ်နဲ့ ထပ်တွေ့ကြတယ်။ ပြည်မပြန်လုဆဲဆဲ ဗိုလ်ချုပ်တို့ဟာ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေနဲ့ ညှိနှိုင်းအောင်မြင်သွားခဲ့တယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သဘောထားကို နားလည် သွားလို့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ပင်လုံစာချုပ်ကြီးအဖြစ် ပေါ်ထွက်လာခဲ့ရတော့ တာပါပဲ။ အဲဒီကာလ မရှေးမနှောင်းမှာပဲ ပြည်မနဲ့ တောင်တန်းဒေသတွေ လက်တွဲပြီး လွတ်လပ်ရေးယူမယ်ဆိုပြီး ရှမ်းလူထုရဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ ဖြစ်ခဲ့တယ်။ ခေါင်းဆောင်တွေ ကတော့ ဦးတင်ဧ(ရှမ်းပြည်)နဲ့ လင်းခေး ဦးထွန်းမြင့် စတဲ့ဟိုအချိန်က တိုးတက်တဲ့ ရှမ်းလူငယ် ခေါင်းဆောင်တွေပါပဲ။ တစ်ဆက်တည်းမှာ ဗြိတိသျှ ပါလီမန်ကို ဒီသတင်းရောက်သွား တယ်။ ဒီတော့ ပင်လုံစာချုပ်နဲ့ တောင်ပေါ်မြေပြန့် ညီညွတ်ရေးကို အင်္ဂလိပ်တွေ လျှော့မတွက်နိုင်တော့ ပါဘူး။ အဲဒီလို အမျိုးသားညီညွတ်မှုနဲ့ မြန်မာ့လွတ်လပ်ရေးလမ်းကို ဖြောင့်ဖြူးစေခဲ့တဲ့ မှတ်တိုင်တွေရှိခဲ့တယ်။ ဒါကြောင့် ပင်လုံရဲ့ အမျိုးသားညီညွတ်ရေးဟာ လွယ်လွယ်ကူကူရခဲ့တာ မဟုတ်လို့ အလွန်ပဲတန်ဖိုးထားရမယ့် ညီညွတ်ရေး မီးရှူးတန်ဆောင်ကြီးအဖြစ် ဒီကနေ့ စိန်ရတု ပြည်ထောင်စုနေ့ကြီး ရောက်ခဲ့ရတာ ဖြစ်ပါတယ်။
အရိပ်ပြဇာတ်
အမှတ်ထင်ထင် ပြောစရာကျန်နေသေးလို့ နိဂုံး မချုပ်ခင် ဒီစာကို ဆက်ပါရစေ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ကျောင်းကိုရောက်တော့ (၁၉၆၀-၁၉၆၁) စာသင်နှစ်ပါ။ (၁၉၅၈-၁၉၅၉) စာသင် နှစ်တုန်းက တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဆောက်အအုံထဲမှာ အရိပ်ပြဇာတ် တစ်ခု ကခဲ့ပါတယ်။ နာမည်က “ညီမလေး မာလာ”။ ကျွန်တော်တို့နှစ်တွေအထိ ဒီပြဇာတ်ရဲ့ ဩဇာက လွှမ်းမိုးနေဆဲပါပဲ။ ပြဇာတ်ရဲ့ အဓိကသီချင်းကလည်း ညီမလေး မာလာ ပါပဲ။ “မာလာ ညီမလေး ပြည်တွင်း စစ်ဖြစ်တဲ့အရေး ရတက်မအေး ပူဆွေးကာနေ၊ ဖြေပါ သော်လည်း ပြေပါပဲ ခုအခြေ၊ ပန်းမာလာလေးလို ဘဝမှာမွမွကြေ” ဆိုပြီး နိုင်ငံနဲ့ပြည်သူတွေမှာ ပန်းတွေလို ကြေမွပျက်စီးရပြီလို့ တင်စားဖော်ပြခဲ့တယ်။
“မိခင်ကြီးမှာ ဆုံးရှုံးလို့ မောင်ငယ် ညီမလည်း ခုတော့သေ၊ အစ်ကိုတစ်ယောက်ရယ် အစရယ် အနရယ် ဘယ်မှာလည်း မသိတဲ့အခြေ။ ဟယ် ××× ပြည်တွင်းစစ်မီးရယ် (နင့်ကိုလေ)၂ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ဘူးမှတ်လေ” လို့ဆိုပြီး မြန်မာပြည်ကြီးကို ပန်းကလေးနဲ့ နှိုင်းပြီး စစ်ကြောင့် သေကျေဒုက္ခရောက်ရတဲ့ ပြည်သူ့ဘဝကို ပုံဖော်ပြခဲ့တဲ့ စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးပြဇာတ်ဆိုတာ မှတ်မိနေပါတယ်။ သီချင်းကဆက်ပြီး “မိခင်ချိုးဖြူ အဆင့်ဆင့် ကူလို့ချွဲကာ(ဝဲကာ)၃ သတ္တဝါတွေမှန်သမျှ ရန်မခရာ အရေးဆို ပန်ထွာတကူကူ မြည်သံလွှမ်းကာ၊ လာလာ(အရေးဆိုကြ)၂ (စစ်ကိုမလိုပါ)၂ ငြိမ်းချမ်းရေးသာ ပေးသာပေးကြပါ” လို့ ငြိမ်းချမ်း ရေးကိုတောင်းဆို အဆုံးသတ်ထားပါတယ်။ သီချင်းနဲ့ ပြဇာတ်ဒါရိုက်တာကတော့ အဲဒီတုန်းကလည်း ကိုမြတ်လေးပါပဲ။ အခုတော့ဖြင့် အမျိုးသား ညီညွတ်ရေးရဲ့ လက္ခဏာဖြစ်တဲ့ ပြည်ထောင်စုနေ့ဟာ (၇၅)နှစ် စိန်ရတုတိုင်ခဲ့ပါပြီ။
ဒါပေမယ့် ကျွန်တော်တို့ ကျောင်းသားဘဝ ကျောင်းသားသမဂ္ဂ မြက်ခင်းပြင်ပေါ်ကနေ ညီမလေး မာလာ ပြဇာတ်နဲ့ တက္ကသိုလ်ကျောင်းသားတွေ တောင်းဆိုခဲ့တဲ့ ငြိမ်းချမ်းရေးဟာ အခုထိတိုင် အလုံးစုံ ငြိမ်းချမ်းရေးဆီ မရောက်နိုင်သေးပါဘူး။ ဒါဟာဘာကြောင့်လဲ။ အရင်းစစ်အမြစ်မြေက ဆိုသလို မြန်မာတွေ မညီညွတ်နိုင်ခဲ့ကြလို့ပါပဲ။ ဒါတွင်သာမက မြန်မာကို ပြိုကွဲစေလိုတဲ့ ပြည်ပနဲ့ ဒေသတွင်း နိုင်ငံအချို့ရဲ့ နိုင်ငံရေးပယောဂတွေ ပူးကပ်ဝင်ရောက် နေလို့ပဲဖြစ်ပါတယ်။ သူတို့နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး အကျိုးအတွက် မြန်မာနိုင်ငံတော်ကြီး ဖွံ့ထွားရှင်သန်မှာ ကို မလိုလားကြလို့ပါပဲ။ ဒါကြောင့် ပထဝီနိုင်ငံရေးအနေအထား အားသာတဲ့ မြန်မာကို သိက္ခာမဲ့စွာ ထိုးနှက်နေကြပြီဖြစ်တယ်။ ဒါ့အပြင် ဒေါ်လာငွေကြေးနဲ့ လာဘ်ပေးမှုကြောင့် တော်လှန် ရေးလက်နက်ကိုင်အချို့ဟာလည်း NCA ရဲ့ ငြိမ်းချမ်းရေးတန်ဖိုးကို နိုင်ငံရေး ဈေးဆစ်နေတာ တွေ့ရတယ်။
အဲဒါကြောင့် ပုဂ္ဂိုလ်ရေးမာနတွေ၊ လူမျိုးရေး ခွဲခြားမှုတွေ၊ နိုင်ငံရေးအာဃာတတွေ၊ စီးပွားရေး လိုဘတွေကို ဘေးချပြီး မြန်မာနိုင်ငံတော်ကြီး ဖြိုခွဲမယ့်အကြံကို တွန်းလှန်ပစ်ဖို့ ညီညွတ်ကြ စေချင်ပါပြီ။ ဒါကြောင့် တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တွေနဲ့ ဟန့်တားကာကွယ်ပြီး “စစ်ကိုမလိုပါ စစ်ကိုမလိုပါ ငြိမ်းချမ်းရေးသာ ပေးသာပေးကြပါ”လို့ ကြွေးကြော်ရင်း (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကြီးကို ဂုဏ်ပြုလိုက်ပါတယ်။ ။
ဦးခင်မောင်ဆွေ (NDF)