Skip to main content

ဒီမိုကရေစီဟု ဆိုလေတိုင်း ….

11

တစ်ပါတီ ဗဟိုဦးစီးစနစ်အောက်တွင် လူလားမြောက် ကြီးပြင်းလာခဲ့ရသော်လည်း ဒီမိုကရေစီ စနစ်ကို ကျွန်တော် စိတ်ဝင်စားပါသည်။ ထိုစဉ်ကာလ ကမ္ဘာ့စင်မြင့်ထက်တွင် အမြဲတစေ တွေ့မြင်ကြားသိနေရသော ရီဂင်၊ မာဂရက်သက်ချာစသည့် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်ကြီး များကိုကြည့်ရင်း သူတို့နိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် သမ္မတရွေးကောက်ပွဲများ၊ ပါလီမန် ရွေးကောက်ပွဲများကို သဘောကျခဲ့ဖူးသည်။

ဒီမိုကရေစီယဉ်ကျေးမှု၏ သဘောသဘာဝ

ပြီးတော့ စာအုပ်တစ်အုပ်တွင် ဖတ်ခဲ့ဖူးသည့် လန်ဒန်မြို့က သမိုင်းဝင်ဟိုက်ပတ်ခ် ပန်းခြံ။ ဟိုက် ပတ်ခ်ကော်နာဟု ခေါ်သည့် ပန်းခြံထောင့်တွင် ဖိုးဟောချင်၊ ပြောချင် တရားဟောဆရာတို့သည် ထင်ရှူးသေတ္တာကလေးများ၊ခေါက်လှေကားကလေးများကို သယ်ယူလာပြီး တစ်နေရာတွင် ခင်းကြသည်။ ပြီးတော့ နားထောင်မည့်သူရှိရှိ၊ မရှိရှိ ထိုစင်မြင့်ကလေးများထက်တွင်ရပ်ပြီး လက်သီးလက် မောင်းတန်းကာ ဟောကြ၊ ပြောကြလေတော့သည်။

အချို့က ကိုယ့်မကျေနပ်ချက်များကို ဟစ်တိုင်ပမာ ရင်ဖွင့်ပြောရင်း တစ်ခါတစ်ရံ ဟောပြောသူ တို့သည် လွန်လွန်ကျွံကျွံ ပြောမှားဆိုမှားတွေ ဖြစ်ခဲ့ကြသည်။ သို့တစေ မနီးမဝေးရှိ လန်ဒန် ရဲသားကြီး သည်အရေးယူဖို့ဝေးစွ ပြုံး၍ပင်နေသည်ဟုဆိုသည်။ စင်မြင့်ပေါ်ကလူသည် သူ၏ လွတ်လပ်စွာပြောဆိုခွင့်ကို အပြည့်အဝ အသုံးချနေခြင်း ဟူ၍သာ။

ဟိုက်ပတ်ခ်ပန်းခြံက ဟစ်တိုင်အကြောင်းဖတ်ရင်း ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီယဉ်ကျေး မှု၏သဘောသဘာဝကို ကျွန်တော်အတော်သဘော ကျသွားသည်။ သို့ရာတွင် ထိုလွတ်လပ်စွာ ပြောဆိုခွင့်၊ ဟောပြောခွင့်များသည် သတ်မှတ်ထားသည့်နေရာ၊ ဧရိယာတွင်မဟုတ်ဘဲ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာ၊ ဧရိယာ၌ဆိုလျှင်မူ ထိုသူအရေးယူခံရမည့် စည်းကမ်းဥပဒေများလည်းရှိသည်ကိုမူ ထိုစဉ်က ကျွန်တော် မသိခဲ့ရိုး အမှန်ပင်။

“ဒီမိုကရေစီရရှိရေး - ဒို့အရေး၊ ဒို့အရေး”။

၁၉၈၈ ခုနှစ် မတ်လနှင့် ဇွန်လတို့တွင် ဖြစ်ပွားခဲ့သော အရေးအခင်းများအပြီး ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်၌ ကျင်းပသော မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ အရေးပေါ်ညီလာခံအတွင်း ထိုစဉ်က ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း၏ “တစ်ပါတီစနစ်ကို ကြိုက်သလား၊ ပါတီစုံစနစ်ကို ကြိုက်သလား” ဟုသည့် သူ၏နောက်ဆုံးနှုတ်ခွန်းဆက် မိန့်ခွန်းအဖြစ် ထည့်သွင်းပြောကြား အပြီးတွင်ဆိုခဲ့ပါ ဒီမိုကရေစီအရေး တောင်းဆို ကြွေးကြော်သံများသည် တစ်နိုင်ငံလုံး တုန်ဟည်းသွားခဲ့လေသည်။

၁၉၈၈ ခုနှစ် အရေးအခင်း

သို့ရာတွင် လွတ်လပ်ရေးရပြီး ဆယ်စုနှစ် တစ်စု စာမျှသာ ပါလီမန်ဒီမိုကရေစီစနစ်နှင့် ရင်းနှီး ကျွမ်းဝင်ခဲ့ပြီး ထို့နောက်ပိုင်း ဆယ်စုနှစ် သုံးစုမျှ တစ်ပါတီဗဟိုဦးစီးစနစ်အောက်တွင် နေသားကျခဲ့ရသော ကျွန်တော်တို့မျိုးဆက်များအဖို့ ဒီမိုကရေစီစနစ်၏ သဘောသဘာဝနှင့် ဒီမိုကရေစီယဉ်ကျေးမှု အကြောင်းကို ဂဃနဏ အမှန်တကယ်မသိခဲ့ကြပါ။ နောင်သောအခါ ထိုစဉ်က နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင်က မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ်တွင် -

“မောင်မောင်၊ ငါတို့ကို ဒီမိုကရေစီ ချက်ချင်း ပေးဟူ၍ ကလေးများမှ ချီတက် လမ်းလျှောက်ကာ သံပြိုင်အော်ကြသည်။ သူတို့တောင်းဆိုသော ဒီမိုကရေစီဟူသောအရာသည် ကျွန်တော်၏ အင်္ကျီ အိတ်ကပ်ထဲမှ ထုတ်ယူပြီး သူတို့တောင်းဆိုသလို ချက်ချင်းလက်ငင်း ပေးနိုင်ခဲ့ရင် ဘယ်လောက်များ ကောင်းလိမ့်မတုန်း။ ဒါဆိုရင်လည်း ပြဿနာ အားလုံး တစ်ခါတည်းပြီးပြတ်သွားလိမ့်မည်ဟူ၍ ကျွန်တော်တွေးတောမိသည်” စသဖြင့် ပြန်ပြောင်း ရေးသားခဲ့ပါသည်။

အမှန်တကယ်တော့ ထိုခေတ်ကာလက မြန်မာပြည်သူအများစုသည် ၁၉၈၈ ခုနှစ် စက်တင်ဘာ လအတွင်း ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ တရားမျှတသော အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည့် ကြေညာချက်နှင့် နိုင်ငံတော် သမ္မတ ဒေါက်တာမောင်မောင်၏ “ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး သုံးလအတွင်း ကျင်းပပေးမည်” ဟူသည့် ကတိကို ဒီမိုကရေစီ၏လမ်းစ အစဟု မသိနားမလည်ဘဲ အုပ်ချုပ်ရေးရုံးများကို ဝင်ရောက်စီးနင်း အဓမ္မ သိမ်းပိုက်ခြင်း၊ ပါတီ၊ ကောင်စီပုဂ္ဂိုလ်များကို ခြိမ်းခြောက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက် ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူအချို့ကို ခေါင်းဖြတ် သတ်ဖြတ်ခြင်းတို့ဖြင့် ဒီမိုကရေစီကို ဆက်လက် ရှာပုံတော်ဖွင့်ခဲ့ကြလေသည်။

ဒီမိုကရေစီဆိုသည်မှာ

တကယ်တော့ ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေး  စနစ်တစ်ခုသာ ဖြစ်သည်။ နိုင်ငံရေးအာဏာကို ပြည်သူအားလုံး အညီအမျှ ခွဲဝေရယူပိုင်ခွင့် ရှိခြင်း ဆိုသည့်သဘော သက်ရောက်သည်။ ဒီမိုကရေစီအစ ဂရိနိုင်ငံကဟု ဆိုသည့်အတိုင်း ဒီမိုကရေစီစကားရပ်သည် ရှေးဟောင်းဂရိ စကားလုံး Demos (ပြည်သူလူထုနှင့် Kratos (အာဏာ) မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ပြည်သူအများအာဏာပိုင်စိုးသောစနစ်ဟု ခေါ်ဆိုနိုင်သည်။ ဒေမိုး (လုပ်သား ပြည်သူတိုင်းသူပြည်သား) နှင့် ကရေးစီးယား (အာဏာ အာဏာပိုင်စိုးမှု) တို့ ပေါင်းစပ်၍ ပြည်သူ  အများစု စုပေါင်းပါဝင် အာဏာပိုင်စိုးသောစနစ်ဟု  ဆိုနိုင်ကြောင်းလည်း ဖွင့်ဆိုချက်ရှိသည်။

ဒီမိုကရေစီဆိုသည်မှာ ၎င်းဝေါဟာရနှင့် တွဲဖက်ပြီး ဝိသေသနပြုသည့် စကားလုံး၊ စကားရပ် တို့နှင့် ပူးတွဲမှသာ ပို၍အသုံးဝင်သော အဓိပ္ပာယ် ထွက်သည်။ ဥပမာအားဖြင့် လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy) ပူးပေါင်း ပါဝင်လုပ်ဆောင်မှုဒီမိုကရေစီ (Participatory Democracy) သို့မဟုတ် တိုက်ရိုက် ဒီမိုကရေစီ (Direct Democracy)စသည်တို့ ဖြစ်ကြသည်။

၂၀၂၁ ခုနှစ် စာရင်းအရ ကမ္ဘာပေါ်တွင် နိုင်ငံ ပေါင်း ၁၉၅ နိုင်ငံရှိသည့်အနက် ဒီမိုကရေစီနိုင်ငံ ပေါင်း ၈၁ နိုင်ငံရှိပြီး အပြည့်အဝဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံပေါင်းက ၂၂နိုင်ငံရှိသည်။ လက်ရှိ  ကာလအထိတော့ ဒီမိုကရေစီထက်ကောင်းသည်ဆိုသည့်စနစ် မရှိသေးသော်လည်း နိုင်ငံရေးပညာရှင်များ၊ ဝေဖန်ရေးဆရာများစွာတို့က ဒီမိုကရေစီ၏ ချွတ်ယွင်းချက်၊ အားနည်းချက်၊ အပြစ်အနာအဆာများကို ထောက်ပြဝေဖန် ပြောဆိုမှုများစွာ ရှိလာခဲ့သည်။

ဦးသန့်၏ သဘောထားအမြင်

အချို့က ဒီမိုကရေစီသည် တစ်ခါတစ်ရံလူအုပ်စု နှင့်အနိုင်ကျင့်သည့်ဝါဒ (mobocracy or the tyranny of the majority) ဆီသို့ ဦးတည် သွားနိုင်သည်ဟုဆိုသည်။ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား စာရေးဆရာ၊ ဆောင်းပါးရှင်တစ်ဦးဖြစ်သူ ဖာရိဒ်ဇကားရီး ယားကမူ “ဒီမိုကရေစီဆိုတာ မရင့်မှည့်သေးဘဲ ခူးရင် မကောင်းတဲ့သစ်သီးလိုပဲ” ဟု ကောက်ချက်ချခဲ့သည်။ ထိုအယူအဆသည် မြန်မာနိုင်ငံသား ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ သဘောထားအမြင်၊ အယူအဆနှင့် သဘောချင်း ထပ်တူမျှတူညီသည်ဟု ဆိုရမည်။

ဦးသန့်က “တိုင်းပြည်သူ အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီသည် အခက်အခဲဆုံးဖြစ်လေသည်။ ဒီမိုကရေစီစနစ် အောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံ တရား လုံလောက်အောင် ရှိကြရမည်။ အသိဉာဏ် ပညာကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်”ဟု ဆိုခဲ့ပါသည်။

ဇကားရီးယားက သူ့အမြင်အယူအဆနှင့် ပတ်သက်၍ ယူဂိုဆလားဗီးယားတွင် မဲဆန္ဒရှင်တွေက မီလိုဆီဗစ်ကို ရွေးကောက်တင်မြှောက်ခဲ့မှု၊ ဟစ်တလာကို ဂျာမန်ပြည်သူများက တစ်ခဲနက် ထောက်ခံခဲ့မှုများကို ထောက်ပြခဲ့သည်။ တစ်ဆက် တည်းမှာပင် “အီရတ်မှာ ဒီမိုကရေစီ ဖော် ဆောင်ရေးကို အလျင်စလိုလုပ်ဖို့ မရင့်မှည့်သေးကြောင်း၊ နောက်ဆုံးမှာ ကြောက်မက်ဖွယ် အန္တရာယ်ဖြစ်နိုင်ကြောင်း " သတိပေးရေးသားခဲ့ပြီး “ဒီမိုကရေစီကို ဓားမိုးပြီး တိုးချဲ့ခြင်းဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန် နိုင်ငံခြားရေးပေါ်လစီရဲ့ ပင်မလက္ခဏာ ဖြစ်လာနေပြီ” ဟုလည်း ၂၀၀၃ ခုနှစ်က ဝေဖန်ရေးသားခဲ့သည်။

ထို့အပြင် ဇကားရီးယားက “အီရတ်မှာ ဒီမိုကရေစီမတိုင်ခင် လစ်ဘရယ်လဇ္ဇင်း (Liberalism) ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ လစ်ဘရယ် လဇ္ဇင်းဟူသော ယဉ်ကျေးရည်မွန်သည့် လူ့အဖွဲ့ အစည်း (Civil Society) ကို ဖန်တီးခြင်း၊ လူနည်းစုနှင့် ပုဂ္ဂလိကတစ်ဦးချင်း၏ အခွင့်အရေး များကို အာမခံချက်ပေးပြီး ပုဂ္ဂလိကပိုင်ဆိုင်မှုကို အကာအကွယ် ပေးသည့်တရားရေးစနစ်ကို ဖော်ထုတ်ပေးရမည်ဖြစ်ကြောင်း အကြံပြုခဲ့ပြန်ပါ သည်။ တစ်ဖန် ဇကား ရီးယားက အမေရိကန် ပြည်ထောင်စုသည်ပင် လစ်ဘရယ်မကျသည့် ဒီမိုကရေစီဖြစ်သွားနိုင်သည်ဟု သတိပေးခဲ့သည်။

အမေရိကန်၏အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲများ

ဇကားရီးယား၏ ဖော်ပြပါသတိပေးချက်သည် သွေးထွက်အောင်ပင် မှန်ခဲ့သည်ဟု ဆိုရပေမည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲသမိုင်း တစ်လျှောက်တွင် လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲနှင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲတို့သည် သမိုင်းတွင် အောင် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲများ ဖြစ်ခဲ့လေသည်။

၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၌ ရီပတ် ဘလစ်ကင်ပါတီ သမ္မတလောင်း ရော်ဘုရှ်နှင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအယ်လ်ဂိုး တို့၏ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုကြောင့် အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တရားရုံး ချုပ်အဆုံးအဖြတ်ဖြင့် သမ္မတ ရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်ခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲကမူ ဒီမိုကရေစီစနစ်ကို အလွန်အမင်း အမွှမ်းတင်ကာ ပြည်ပနိုင်ငံများသို့ ထုတ်ကုန်တစ်ခု သဖွယ် ဖြန့်ချိနေသော ဒီမိုကရေစီကို ဓားမိုးပြီး တိုးချဲ့နေသော အမေရိကန်နိုင်ငံအဖို့ သမိုင်းတွင် အရှက်ရစရာ အရုပ်ဆိုး အကျည်းတန် ဖြစ်စေခဲ့သည်။ ထိုစဉ်က သမ္မတထရန့်နှင့် ပြိုင်ဘက်သမ္မတလောင်း ဂျိုးဘိုင်ဒင် (လက်ရှိသမ္မတ) တို့၏ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုတို့ ကြောင့် ထရန့်ကို ထောက်ခံဆန္ဒပြ သူများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် အမေရိကန်လွှတ်တော် အဆောက်အအုံခန်းမကို ဝင်ရောက်စီးနင်းခဲ့ကြသည်။ ထရန့်ကို ထောက်ခံသူ ထောင်ပေါင်းများစွာသည် ရဲများကို တက်နင်း၍ လွှတ်တော်ခန်းမအတွင်း ကျူးကျော်စီးနင်း ဝင်ရောက်ခဲ့ကြရာ လွှတ်တော် အမတ်များ အသက်လု ပြေးခဲ့ကြရသည်။

ကွန်ဂရက်အစည်းအဝေးကျင်းပရာ Capital အဆောက်အအုံကို ထရန့်ထောက်ခံသူများ ဝင်ရောက်စီးနင်းခဲ့မှု တစ်နှစ်ပြည့်မြောက်သည့် ၂ဝ၂၂ ဇန်နဝါရီ ၆ ရက်တွင် သမ္မတ ဂျိုးဘိုင်ဒင်က “Capitol အဆောက်အအုံကို စီးနင်းခဲ့သဖြင့် အမေရိကန်ဒီမိုကရေစနစ် ပြိုကွဲလုဆဲ အနေအထား ဖြစ်ခဲ့ကြောင်း” ဝေဖန်ခဲ့သည်။ တစ်ဆက်တည်းမှာပင် “ကျွန်တော်ကတော့ ဒီမိုကရေစီလည်ပင်းကို ဘယ်သူကိုမှ ဓားနဲ့ထိုးဖို့ခွင့်ပြုမှာ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ဟာ နိုင်ငံရေးအကြမ်းဖက်မှုကို စံနှုန်းအဖြစ် လက်ခံတဲ့ နိုင်ငံဖြစ်လာတော့မှာလား”ဟု ဘိုင်ဒင်က မေးခွန်းထုတ်ခဲ့သည်။

၂ဝ၂ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ

တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အာဏာရပါတီ NLD အစိုးရ၏ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲရလဒ်များ ကြောင့် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏အာဏာကို ခေတ္တထိန်းသိမ်းတတာဝန်ယူခဲ့ရသည်။

တပ်မတော်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရဖွဲ့စည်း၍ “အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ထည့်သွင်းဖော်ပြ၍ ကြေညာခဲ့သည်။

သို့ရာတွင် ပြည်တွင်းပြည်ပ သွေးထိုးလှုံ့ဆော်မှုများကြောင့် မသိနားမလည်သူ အချို့နှင့် လူငယ် လူရွယ်အချို့တို့သည် ယခင်က လက်ဝဲအိုင်ဒီယိုလော်ဂျီတစ်ခုဖြစ်သည့် “ရန် ၊ ငါ” စည်းခြား၍ တည်ဆဲအစိုးရအပေါ်နွေဦးတော်လှန်ရေးဟုဆိုကာ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ကိုင်စွဲ၍ ဒီမိုကရေစီရှာပုံတော် ဖွင့်ခဲ့ကြပြန်ပါသည်။

တကယ်တော့ ဒီမိုကရေစီစနစ်ဆိုသည်မှာ ၁၉၈၈ အရေးအခင်းကာလက သမ္မတ ဒေါက်တာ မောင်မောင်ကို ကလေးလူငယ်များက လူကြီးများ သင်ပေးထားသည့်အတိုင်း “မောင်မောင်၊ ငါတို့ကို ဒီမိုကရေစီချက်ချင်းပေး” ဟူ၍ အင်္ကျီအိတ်ကပ်ထဲက မုန့်ဖိုးတောင်းသလို တောင်းယူ ရမည့် အရာဝတ္ထု တစ်ခုမဟုတ်ပါ။ ထို့အတူ ၁၉၈၈ အရေးအခင်းကာလနှင့် လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရခေတ်တို့တွင် လက်နက်ကိုင်တိုက်ယူ၍ ရသည့်အရာလည်း မဟုတ်ပါ။ ဆူပူအကြမ်းဖက်သတ်ဖြတ်ယူ၍လည်း မရစကောင်ပါ။ ပြည်သူ တစ်ရပ်လုံး စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ဖြင့် အကောင်အထည်ဖော်တည်ဆောက်ရမည့်စနစ် တစ်ခုသာ ဖြစ်ပေသည်။

တိုက်ရိုက်ပုံတူ ကူးချခြင်း

ထိုသို့ ဒီမိုကရေစီတစ်ရပ်ကို အကောင်အထည်ဖော် တည်ဆောက်ရာတွင်အတိတ်သမိုင်း သင်ခန်းစာများအရ ပြည်ပနိုင်ငံကြီးများ၏ ဒီမိုကရေစီ ကို တိုက်ရိုက်ပုံတူ ကူးချခြင်းများထက် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းအစဉ်အလာ စံနှုန်းများဖြစ်သော အမျိုးဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ဆင်ခွင်ကျ၊ လိုက်လျောညီထွေ ကိုက်ညီမှုရှိသည့် မြန်မာ့ဒီမိုကရေစီစနစ်နှင့် မြန်မာ့ဒီမိုကရေစီယဉ်ကျေးမှု လူ့ဘောင်ကို ထည့်သွင်းစဉ်း စားသင့်ပေသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးဗိသုကာ တိန့်ရှောင်ဖိန်က ၁၉၈၂ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော တရုတ်ပြည် ကွန်မြူနစ်ပါတီ(၁၂) ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကွန်ဂရက်ဖွင့်ပွဲအခမ်းအနားတွင် “ကျွန်တော်တို့ရဲ့ ခေတ်မီတည်ဆောက်ရေး ဟာ တရုတ်ပြည်ရဲ့ ကယ့်လက်တွေ့က အစချီရမယ်။ တော်လှန်ရေးပဲ ဖြစ်ဖြစ်၊ တည်ဆောက် ရေးပဲဖြစ်ဖြစ် တိုင်းတစ်ပါးရဲ့ အတွေ့အကြုံကို လေ့လာရာနဲ့ မှီငြမ်းကိုးကားရာမှာ သတိထားဖို့ လိုပါတယ်။ ဒါပေမယ့် တခြားနိုင်ငံရဲ့ အတွေ့အကြုံဖြစ်ဖြစ်၊ ပုံစံကိုဖြစ်ဖြစ်၊ ပုံတူကူးချတာ ဖြစ်ဖြစ် အတုံးလိုက်၊ တစ်လိုက် ပုံတူကူးချခြင်းဟာ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ဒီဘက်မှာ မနည်းလှတဲ့ သင်ခန်းစာတွေ ကျွန်တော်တို့မှာ ရှိခဲ့ပြီးပါပြီ”ဟု ပြောကြားခဲ့သည်။

တိန့်ရှောင်ဖိန်၏ အိုင်ဒီယိုလော်ဂျီအတိုင်း တရုတ်ပြည်သည် ပြုပြင်ပြောင်းလဲရေးနည်းနာများ ကို ဖော်ဆောင်ရာတွင် စီးပွားနယ်ပယ်မှ ဦးစွာ စတင်ခဲ့သည်။ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်စတစ်စ တွန်းတင်ပေးနိုင်သည်နှင့်အမျှ နောက်ထပ် တစ်လှမ်းပြီးတစ်လှမ်း နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးအရေးကိစ္စ ဆွေးနွေးရေး အစီ အစဉ်ကို မျှော်မှန်းခဲ့သည်။

တစ်ချိန်က အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ သည့် ဆိုဗီယက်ပြည်ထောင်စုကမူ တရုတ်ပြည်နှင့် ပြောင်းပြန်၊ ပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့သည်။ ၁၉၈၅ ခုနှစ် ဗင်အာဏာရလာပြီးနောက်တွင် အတွေးအခေါ်သစ်ပွင့်လင်းမှု၊ မတူကွဲပြားမှု စသည့် ကြွေးကြော်သံများဖြင့် ဘာမျှပြည့်ပြည့်စုံစုံ ပြင်ဆင်ထားမှုမရှိသည့် အခြေအနေအောက်တွင် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးကို အလျင်စလို  ကမန်းကတန်း ဆောင်ရွက်ခဲ့သည်။

နောက်ဆက်တွဲရလဒ်အဖြစ် ၁၉၉ဝ ပြည့်နှစ် ဆောင်းကူးရာသီရောက်ချိန်တွင် ကုန်စုံဆိုင်များ၌ ကုန်ပစ္စည်းမရှိ ရှားပါးပြတ်လပ်မှုများဖြင့်ပင် ကြုံတွေ့ခဲ့ရပြီး လူထုအုံကြွမှုများ ပေါ်ပေါက် လာကာ ၁၉၉၁ ခုနှစ် ဒီဇင်ဘာတွင် ကမ္ဘာ့အကြီးဆုံး ဆိုရှယ်လစ်နိုင်ငံတော်ဖြစ်ခဲ့သည့် ဆိုဗီယက် ပြည်ထောင်စုနိုင်ငံတော်ကြီး ဖရိုဖရဲပြိုကွဲသွားခဲ့ရသည်။

ဆိုဗီယက်ပြည်ထောင်စုကြီး ထိုသို့ပြိုကွဲပျက်စီး သွားခဲ့ရခြင်းနှင့်ပတ်သက်၍ တရုတ် ကွန်မြူနစ် ပါတီက “ဆိုဗီယက်နှင့် အရှေ့ဥရောပနိုင်ငံတွေ ဟာ ဒုံးပျံနည်းနေတာ မဟုတ်ပါဘူး။ ပေါင်မုန့်နဲ့ ထောပတ်မလုံမလောက်ဖြစ်နေတာပါ” ဟုသုံးသပ်ခဲ့သည်။

တိန့်ရှောင်ဖိန်ကမူ “ကမ္ဘာပေါ်က နိုင်ငံတချို့ ပြဿနာပေါ်တယ်ဆိုတာ အရင်းခံအားဖြင့် စီးပွားရေးတိုးတက်မှု မရှိတာကြောင့် စားစရာမရှိ၊ ဝတ်စရာမရှိ၊ လုပ်ခတိုးပေမယ့် ကုန်ဈေးနှုန်းက တက်နေတော့ ဒုံရင်းဒုံရင်းဖြစ်နေခြင်း၊ နေထိုင် စားသောက်မှုအဆင့်အတန်း နိမ့်ကျသွားခြင်း၊ ဘဝကိုရေရှည်ကျပ်ကျပ်တည်းတည်း ဖြတ်ကျော်နေထိုင် ရခြင်းတို့ကြောင့်ပါပဲ” ဟု ဆိုသည်။

ဘယ်ဒီမိုကရေစီပန်းကို ဆွတ်ခူးရယူကြမလဲ

ဤသို့ဆိုလျှင် ဒီမိုကရေစီစနစ်သည ခြောက်ပစ်ကင်း သဲလဲစင်သည့် စနစ်တစ်ခုတော့ မဟုတ်။ ကျွန်တော်တို့ငယ်ငယ်က ထင်မှတ်ခဲ့သလို ဒီမိုကရေစီရရင်ပဲပဒေသာပင်ကြီးကထပေါက်သကဲ့သို့ နေချင်သလိုနေ၊ စားချင်သလိုစ၊ဘာမျှ မလုပ်ရဘဲ ချမ်းသာကြွယ်ဝသွားသည့် စနစ်ကြီး တစ်ခု လည်းမဟုတ်။ ဒီမိုကရေစီစနစ်သည် အားသာချက်များရှိသလို အားနည်းချက်များကလည်း ဗရပွဲပင်။ သို့တစေ ဒီမိုကရေစီစနစ်ကို ကျွန်တော်အပါအဝင် မြန်မာပြည်သူအများစုသည် နှစ်သက်သဘောကျပါသည်။

သို့ဆိုလျှင် လစ်ဘရယ်ဒီမိုကရေစီ ကိုယ်စားပြု ဒီမိုကရေစီ၊ ပူးပေါင်းပါဝင်လုပ်ဆဲမှု ဒီမိုကရေစီ  တိုက်ရိုက်ဒီမိုကရေစီ စသဖြင့် အရောင်အသွေး စုံလင်လှသည့် ဒီမိုကရေစီ ပန်းဥယျာဉ်ကြီးအတွင်းက ဘယ်ဒီမိုကရေစီပန်းကို ဆွတ်ခူးရယူကြမလဲဆိုသည်က စဉ်းစားစရာတစ်ခုဖြစ်သည်။ ကျွန်တော်ကမူ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ဘာသာသာသနာယဉ်ကျေး မှုဓလေ့ထုံးစံများ ဂုဏ်ယူဖွယ်သမိုင်းကြောင်း အစဉ်အလာများနှင့် ဖီလာဆန့်ကျင်သွေဖည်မှုမရှိဘဲ လိုက်လျောညီထွေစွာ လိုက်နာကျင့်သုံး၍ရနိုင်မည့် ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီကျင့်စဉ်ကို ပို၍ အလေးထားမျှော်မှန်းမိပါ၏။

ကိုးကား

(၁) ဒေါက်တာမောင်မောင်၏ "မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်အရေးအခင်း” ၊

(၂) ရဲဘော်မိုးဦး၏ “တရုတ်ပြည်ကွန်မြူနစ်ပါတီ ဘာကြောင့်စွမ်းဆောင်နိုင်ခဲ့တာလဲ (သမိုင်းကို ခြေရာကောက်ကြည့်ခြင်း)"၊

(၃) မောင်ဝံသ၏ “နိုင်ငံတကာအတွေး နိုင်ငံတကာအမြင်" ။

စာချစ်သူ