Skip to main content

မွေးမြူရေးကဏ္ဍအတွက် အားဖြစ်စေမယ့် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ

နိုင်ငံ၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုအနေဖြင့် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကြီးကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်တာ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။

အဆိုပါ ပြပွဲ၊ ပြိုင်ပွဲကြီးကို မျိုးကောင်းမျိုးသန့်များရရှိနိုင်သည့် အရင်းအမြစ်များကို ဖော်ထုတ်ပြီး မွေးမြူထုတ်လုပ်မှု နည်းပညာများ မျှဝေပေးခြင်း၊ မွေးမြူသူအချင်းချင်း ဆက်သွယ်မှု ကွန်ရက်ချဲ့ထွင်ခြင်း၊ အရည်အသွေးမြင့် မွေးမြူရေးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချနိုင်မည့် နည်းပညာများ ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံကာ ငြိမ်းချမ်းသာယာသည့် လူ့ဘောင်တစ်ခု တည်ထောင်နိုင်ရန် လိုအပ်သောရလဒ်များ ဖော်ထုတ်ချမှတ်နိုင်ရန် မျှော်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တောင်သူများ၏ မွေးမြူရေး တိရစ္ဆာန်များဖြစ်သည့် နွားနောက်၊ နို့စားကျွဲ၊ ဒေသနွား၊ နို့စားနွားမကြီး၊ နို့စားနွားမဒန်း၊ အသားစားနွား၊ ဒေသသိုး၊ ဒေသဆိတ်၊ နိုင်ငံခြားမျိုး အသားတိုးဆိတ်၊ နိုင်ငံခြားသိုး စသည့် မွေးမြူရေးတိရစ္ဆာန်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးအစားအလိုက် ဆုများပေးအပ်

တိရစ္ဆာန်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၁၆၄ ကောင် ယှဉ်ပြိုင်ခဲ့ပြီး တိရစ္ဆာန်ပြပွဲတွင် ၄၉ ကောင် ပါဝင်ပြသခဲ့ကာ အမျိုးအစားအလိုက် ဆုများပေးအပ်ခဲ့သည်။

တိရစ္ဆာန်ပြိုင်ပွဲများတွင် ခိုင်းနွားနှင့် ပတ်သက်သော အမှတ်ပေးစည်းမျဉ်းများ၊ နို့စားနွားနှင့် ပတ်သက်သော အမှတ်ပေးစည်းမျဉ်းများ၊ အသားတိုးနှင့်ပတ်သက်သော အမှတ်ပေးစည်းမျဉ်းများ၊ သိုး၊ ဆိတ်နှင့်ပတ်သက်သော အမှတ်ပေးစည်းမျဉ်းများကို ရေးဆွဲပြီး ပြိုင်ပွဲအလိုက် အချို့က ထုတ်လုပ်မှု၊ အချို့ကလှပကြော့ရှင်းမှုကို ဦးတည်အမှတ်ပေးကာ မြန်မာ့နွားသိုး အလှပြိုင်ပွဲတွင် မြန်မာ့ခိုင်းနွားမျိုးရင်း စစ်မှန်ခြင်း၊ သွင်ပြင်လက္ခဏာပြည့်စုံခြင်း၊ မျိုးပွား အင်္ဂါဖွံ့ဖြိုးခြင်း၊ ခန္ဓာကိုယ်အချိုးအစားညီမျှခြင်း၊ ငွေ၊ ဘွဲ့အနေအထားမှန်ကန်ခြင်း၊ လည်ပင်း တုတ်ခိုင်၊ ဇက်ပေါက်ကောင်းမွန်ခြင်း၊ ရင်အုပ်အကျယ်၊ ဒေါက်အမြင့်၊ အသက်(သွားစိုက်)နှင့် အသားအရေကောင်းမွန်ခြင်း စသည့်အချက်များဖြင့် အမှတ်ပေးရွေးချယ်ခဲ့သည်။

နို့စားနွားမကြီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နို့စားနွားမများကို ခန္ဓာကိုယ်အချိုးအစားကျမှု၊ နို့စားနွား၏ သွင်ပြင်လက္ခဏာပြည့်စုံမှု၊ နို့အုံအနေအထား ကောင်းမွန်မှု၊  နို့ထွက်နှုန်း၊ အသက်၊ နောက်ပါ နွား  ကလေး၏ အသက်နှင့်သွင်ပြင်လက္ခဏာ၊ နို့အရည်အသွေးစသည့် အချက်များကိုမူတည်၍ ရွေးချယ်ခဲ့သည်။

အလားတူ နို့စားနွားမတမ်းများကို ခန္ဓာကိုယ်အချိုးအစား၊ မျိုးရိုးဗီဇ၊ သွင်ပြင်လက္ခဏာ၊ နို့အုံအနေအထားနှင့် အသက် စသည့်အချက် များကိုလည်းကောင်း၊ အသားစားနွားထီးများကို မျိုးရင်း၊ အသက်အလိုက်ကြီးထွားနှုန်း၊ ကြွက်သားဖွဲ့စည်းမှုနှင့် အရေပြားကောင်းမွန်ခြင်း စသည့်အချက်များကို လည်းကောင်း၊ အသားတိုးနွားမများကို မျိုးရင်း၊ အမျိုးအလိုက် ခန္ဓာကိုယ် အချိုးအစား၊ ကြွက်သား ဖွဲ့စည်းပုံ၊ တင်ပါးဆုံရိုးခွင်နှင့် အရေပြားကောင်းမွန်ခြင်း စသည့်အချက် များကိုလည်းကောင်း အခြေခံ၍ အမှတ်ပေးရွေးချယ်ခဲ့သည်။

“ဒီလို မွေးမြူရေးတိရစ္ဆာန်ပြိုင်ပွဲ တွေက ကျွန်တော်တို့လို တောင်သူတွေအတွက် အကျိုးကျေးဇူးအများကြီးရှိပါတယ်။ မွေးမြူရေးနည်း စနစ်တွေ၊ အစားကျွေးမှုပုံစံတွေ စသဖြင့် အစုံသိရပါ တယ်။ ပြီးတော့ တိုင်းဒေသကြီး၊ ပြည်နယ်အစုံက တောင်သူအစုံ၊ မွေးမြူရေးလုပ်ငန်းစုံနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရတာက အဖိုးမဖြတ်နိုင်စရာပါပဲ။ ဒီပွဲမှာ ကျွန်တော့်ရဲ့ တိုင်းချစ်လို့ခေါ်တဲ့ မြန်မာ့နွားသိုး ခိုင်းနွားနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးတော့ ပထမဆုလည်း ရရှိခဲ့ပါတယ်။ ဆုဆိုတာထက် တောင်သူတွေအတွက် စိုက်ပျိုးရေးနဲ့အတူ မွေးမြူရေးလုပ်ငန်းကိုပါ စနစ်တကျတွဲလုပ်ရင် အကျိုးအမြတ်ရှိအောင် ဆောင်ရွက်လို့ရတဲ့ အသိပညာတွေရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီလိုပွဲတွေ ထပ်ပြီးတော့လည်း လုပ်စေချင်တယ်” ဟု အမရပူရမြို့နယ် မင်းတဲကုန်းကျေးရွာမှ တောင်သူ ဦးမင်းရီက ဆိုသည်။

ပွဲတော်တွင် တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲများအပြင် မွေးမြူရေးအစာဆိုင်ရာ စက်မှုပြခန်း၊ တိရစ္ဆာန် ရောဂါကာကွယ်ရေး ပညာပေးပြခန်း၊ မွေးမြူရေးအသိပညာပေးပြခန်း၊ မွေးမြူရေးသုံးဆေးဝါး နှင့် လုပ်ငန်းသုံးပစ္စည်း ကိရိယာပြခန်း၊ မွေးမြူရေးအစာဆိုင်ရာပြခန်း၊ တိရစ္ဆာန်ရောဂါ စောင့်ကြည့်စစ်ဆေးရေး စခန်း (AQS)ပြခန်း၊ မွေးမြူရေးထွက်ကုန်ပစ္စည်းပြခန်းများ စသည့် ပြခန်းပေါင်း ၁၄၅ ခန်း ပါဝင်ပြသထားသည်။ လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုများရှိပြီး မွေးမြူရေး လုပ်ငန်းများတွင်  ထိခိုက်မှုရှိခဲ့သော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်သည့်အခြေအနေ ကို ရရှိပြီဖြစ်သည့်အတွက် ရပ်တန့်သွားသည့်လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် ကြိုးစားနေသည့် ကာလအတွင်းတွင် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ (၂၀၂၂) ကို ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ  ကျင်းပနိုင်ခြင်းသည် မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍ တိုးတက်ဖြစ်ထွန်းရန်အတွက် အရေးပါသည့် ကြိုးစားအားထုတ်မှုဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ ၂၀၂၂ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ကျေးလက်နေပြည်သူများအနေဖြင့် ကျွဲ၊ နွားများကို မိရိုးဖလာ သဘောတရားအတိုင်း ရှေးရိုးစဉ်ဆက် မွေးမြူကြပြီး အချိန်တန်အရွယ် ရောက်ပါက ဈေးကွက်ထဲထုတ်ရောင်းလိုက်ကာ ရသမျှငွေလေးဖြင့် တင်းတိမ်နေကြဆဲဖြစ်သော်လည်း စီးပွားဖြစ်လုပ်ကိုင်နိုင်သည့် လုပ်ငန်းကြီး တစ်ခုဖြစ်သည့်အားလျော်စွာ မွေးမြူသည့်စနစ်၊ မွေးမြူသည့်မျိုးများ၊ ကျွေးမွေးသည့်အစီအစဉ်များ ပြောင်းလဲရန် လိုအပ် လျက်ရှိနေသည်။ ထိုသို့ပြောင်းလဲနိုင်ရန် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ ၂၀၂၂ သည် မွေးမြူရေးခေတ်သစ်သို့ ခြေလှမ်းပြင်ခြင်းပင် ဖြစ်သည်။

မွေးမြူထုတ်လုပ်မှု နည်းပညာများမျှဝေသုံးရက်တာကျင်းပသည့် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲနှင့်အတူ မွေးမြူထုတ်လုပ်မှု နည်းပညာများမျှဝေပေးခြင်း၊ မွေးမြူသူအချင်းချင်း ကွန်ရက်ချဲ့ထွင်ခြင်း၊ အရည်အသွေးမြင့် မွေးမြူရေးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချနိုင်မည့် နည်းပညာများ ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်နိုင်ရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် ငြိမ်းချမ်း သာယာသော လူ့ဘောင်တစ်ခု တည်ထောင်နိုင်ရန်တို့ကို ရည်ရွယ်သည့် “တို့တွေအနာဂတ်ကောင်းမွန်ဖို့ မွေးမြူထုတ်လုပ်ကြပါစို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေး ပွဲကိုပါ ထည့်သွင်းကျင်းပခဲ့သည်။

ယခုကျင်းပသည့် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲသည် မွေးမြူရေးလုပ်ငန်းများအတွက် နည်းပညာများ၊ အသိပညာများ ဖြန့်ဝေနိုင်သည့်အပြင် တိရစ္ဆာန်မွေးမြူသူများအနေဖြင့် စနစ်ကျသော မွေးမြူရေးကို ဆောင်ရွက်နိုင်ပါက အကျိုးအမြတ်ရရှိနိုင်သည်ကို လက်တွေ့ခံစားသိမြင် နိုင်စေမည် ဖြစ်ပေသည်။

သတင်းဆောင်းပါး - သန်းမင်းအောင်

ဓာတ်ပုံ - စိုက်ပျိုးရေး