Skip to main content

မြန်မာနိုင်ငံ ပြည်တွင်းအာဏာရရှိရေး ကြိုးပမ်းမှုနှင့် ပထဝီနိုင်ငံရေးအခြေအနေ

မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ရှုပ်ထွေးမှု၊ ပထဝီနိုင်ငံရေး အခြေအနေတို့နှင့် ပတ်သက်၍ Felix Haas ရေးသားသည့် “Myanmar-Internal Power Struggles and Geopolitics” အမည်ရှိ သုတေသန စာတမ်းအား အလွတ်သဘော ဘာသာပြန်ဆိုချက်ကို ဖော်ပြအပ်ပါသည်။

စာတည်း

ယမန်နေ့မှအဆက်

အလားတူ ရွေးကောက်ပွဲမတိုင်မီ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများကို ထောက်ရှု၍ နိုင်ငံရေး မျက်နှာစာများတွင် အုပ်စုကွဲနေမှုများသည် သိသာနေခဲ့သည်။ ဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်တွင် NLD ရွေးကောက်ပွဲ ချီတက်အင်အားပြမှုတစ်ခုသည် ခြိမ်းခြောက်မှုများ ကြုံတွေ့ခဲ့ရပြီးနောက် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်။ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီရက်ပိုင်း အလိုတွင် ပဲခူးတိုင်း UEC ရုံး ပရဝဏ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ယင်းကဲ့သို့ အဖြစ် အပျက်များသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ဖြစ်ပွားခဲ့ခြင်းမရှိသည်ကို ပြန်ပြောင်း သတိရသင့်သည်။ နိုင်ငံအနှံ့အပြား၌ ဖြစ်ပွားနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား လက်နက်ကိုင်ပဋိပက္ခများသည် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေးတို့ လုပ်ဆောင်ရာတွင် ရှုပ်ထွေး စေခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်းပြီး လူသိရှင်ကြား အကြိမ်ကြိမ် ထောက်ပြ ပြောဆိုခဲ့ခြင်းများသည် တပ်မတော်မှ အာဏာ လွှဲပြောင်းရယူမှု ဖြစ်နိုင်ခြေကို ပြသသည့် အဦးဆုံးသော အရိပ်အယောင်များဖြစ်သည်။ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ တပ်မတော်အနေဖြင့် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကာလရှည်ကြာ ကျေနပ်အားရခြင်း မရှိဟု ပြောကြားခဲ့သည်။

ဆန္ဒမဲဖြန့်ကြက်မှု အကျိုးရလဒ်

ရှေးရိုးစွဲဆန်သည့် USDP ပါတီ၏ လူကြိုက်များမှုကိုလည်း သေချာပေါက် လျှော့တွက်ခဲ့ကြသည်။ USDP ပါတီသည် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် တို့၌ (၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်) ဂဏန်းတစ်လုံးသာရှိသည့် ရာခိုင်နှုန်းသာ နေရာ ရရှိခဲ့သော်လည်း ဒုတိယအကြီးဆုံးနိုင်ငံရေး ပါတီအဖြစ် NLD ပါတီနောက်၌ ရပ်တည်လာခဲ့ခြင်း ဖြစ်သည်။ တရားဝင်ရွေးကောက်ပွဲရလဒ်များအရ USDP ပါတီ၏ မဲရရှိမှုပမာဏသည် လွှတ်တော် အသီးသီး၌ ၂၂ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း၊ first-past-the-post-election-system နှင့် မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲဖြန့်ကြက်မှု အကျိုးရလဒ် အနေဖြင့် NLD ပါတီသည် အချိုးအဆများစွာ နေရာ ပိုမိုရရှိခဲ့ပြီး USDP နှင့် တိုင်းရင်းသားပါတီများသည် ကိုယ်စားပြုခွင့် များစွာလျော့နည်း ရရှိခဲ့သည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ မဲဆန္ဒနယ်များကို ဥပမာအနေဖြင့် ကြည့်နိုင်မည်ဖြစ်သည်။ အငြင်းပွားဖွယ်ရှိ ကောင်းရှိနိုင်သော်လည်း USDP အနေဖြင့် ပြည်သူ့ဝန်ထမ်းများအကြား ထောက်ခံမှု အနေအထားတစ်ရပ် ရရှိထားသည်။ USDP ပါတီအား ထောက်ခံသူ ဝန်ထမ်းအချို့မှာ ဦးသိန်းစိန် အစိုးရ သို့မဟုတ် ယခင်အစိုးရများလက်ထက် ကတည်းက ဝန်ထမ်းဖြစ်နေကြသူများဖြစ်သည်။ NLD အနေဖြင့် ဇေယျာသီရိမြို့နယ်မှလွဲ၍ ကျန်ရှိသည့် နေပြည်တော် မဲဆန္ဒနယ်များ အားလုံးတွင် အနိုင်ရရှိနိုင်ခဲ့ခြင်းကြောင့် ရှေးရိုးစွဲ အမြင်ရှိသူများနှင့် အမျိုးသားရေးဝါဒီအမြင် ရှိသူများအနေဖြင့် ၎င်းတို့၏ ကိုယ်စားပြုခွင့် ဆုံးရှုံးသည်ဟု ခံစားရနိုင်သည်။

အချိုးကျကိုယ်စားပြုမှုစနစ်

အချိုးကျကိုယ်စားပြုမှု အထိုက်အလျောက် ဖြစ်ပေါ်နိုင်ရေးအတွက် ရွေးကောက်ပွဲစနစ်အား ပြင်ဆင်မှုတစ်စုံတစ်ရာ မရှိခဲ့ခြင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေး ပါတီများအကြား မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့ပုံရသည်။ ဆန္ဒမဲများဆုံးရှုံးခြင်းနှင့် ရလဒ်အနေဖြင့် တင်းမာမှုများဖြစ်ပေါ်ခြင်းများကို လျှော့ချနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွင် အချိုးကျ ကိုယ်စားပြုမှုစနစ်တစ်ရပ် ပါဝင်လာရေး ဆက်လက် မျှော်လင့်ရမည် ဖြစ်သည်။

တပ်မတော်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား ရွေးကောက်ပွဲရလဒ်များကို ပြန်လည်စစ်ဆေးပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စုံစမ်းစစ်ဆေးမှု ကောင်းစွာဆောင်ရွက်ခြင်း မရှိဘဲ ပယ်ချခဲ့သည်။ ထိုစဉ်က အထောက်အထား အချို့အရ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အသက်အရွယ်ကြီးရင့်သူများအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းနှင့် ခရီးသွားလာခွင့်နှင့် အသွားအလာ စောင့်ကြည့် ကန့်သတ်ချက်များရှိခြင်းကြောင့် မဲစာရင်းပါရှိပြီး မဲဆန္ဒနယ် ကျော်လွန်ရောက်ရှိနေသူများ အတွက် ရောက်ရှိရာနေရာတွင် မဲပေးခြင်း တို့၌ အခက်အခဲများရှိခဲ့သည်ကို တွေ့ရသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလလယ်ပိုင်းတွင် USDP ပါတီသည် NLD အား မဲမသမာမှုများ ကြီးကြီးမားမား ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း စုံစမ်း စစ်ဆေးမှု ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများ၏ ကန့်ကွက်မှုများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေး ကျင်းပပြီးသည့်အချိန်မှသာ ခုံအဖွဲ့များဖြင့် စစ်ဆေးရန် စီစဉ်ထားခဲ့သည်။ စုံစမ်း စစ်ဆေးမှုပြုလုပ်ခြင်းသည် အချို့ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲရလဒ်များကို ပြောင်းလဲနိုင်မည် လား ဆိုခြင်းကို ပြောရန်ခက်သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ယင်းသို့သော နိုင်ငံရေး လုပ်ဆောင်ချက်သည် နိုင်ငံရေးပါတီများ၏ ကန့်ကွက်မှုများအား ကိုင်တွယ်ဖြေရှင်းသည့် ၎င်း၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်စိတ်ချမှု ကင်းမဲ့စေ ခဲ့သည်။ NLD အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်၌ အရေးပေါ်လွှတ်တော် အစည်းအဝေး ခေါ်ယူပေးရန် တောင်းဆိုမှုတို့ကို ငြင်းဆန်ခဲ့သည်။ ညှိနှိုင်းမှုများ မအောင်မြင်မှု အကျိုးဆက်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပထမအကြိမ် လွှတ်တော် အစည်းအဝေးသစ် မစတင်မီ နာရီပိုင်း အလိုတွင် ကမ္ဘာကမြင်တွေ့ခဲ့ရသည့် နိုင်ငံရေး အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ရုရှားမီဒီယာနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိရန် အရေးကြီးသည်ဟု မှတ်ယူထားကြောင်းဖြင့် ပြောကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၄ ရက်နေ့က ပြုလုပ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် USDP အပါအဝင် နိုင်ငံရေးပါတီ ၃၄ ခုနှင့် တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများက ၂၀၂၀ ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတမှုရှိရေး သေချာအောင်ဆောင်ရွက်ပေးရန် ပြောကြားခဲ့ ကြသည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများနှင့် စပ်လျဉ်း၍ အချက် ၇ ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ရာတွင် အမှားအများအပြားရှိသည် ဆိုခြင်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းများ၏ မဲစာရင်းများ ပြင်ဆင်မှု ကဲ့သို့သော သက်ဆိုင်ရာ နည်းစနစ်ပိုင်း မှန်ကန်ကျွမ်းကျင်မှုကို မေးခွန်းထုတ်ခဲ့သည်။

ပူးပေါင်းဆောင်ရွက်ရန် ငြင်းပယ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြား နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တိုင်တန်းမှုများသည် အချည်းနှီးဖြစ်ခဲ့ရသည်။ ရွေးကောက်ပွဲဖြစ်စဉ်အား ပြန်လည် ဆန်းစစ်နိုင်ရေးအတွက် ရွေးကောက်ပွဲ ဆိုင်ရာ စာရွက်စာတမ်း မိတ္တူများပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ တောင်းဆို ခြင်းဖြင့် တပ်မတော်သည် နိုင်ငံရေးပါတီများ၏ မေတ္တာရပ်ခံချက်တွင် ပါဝင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ရည်ညွှန်းကိုးကားလျက် တပ်မတော်အား ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများပေးရန် ငြင်းဆိုခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပူးပေါင်းဆောင်ရွက်ရန် ငြင်းပယ်ပြီးနောက် နိုင်ငံတစ်ဝန်း မဲဆန္ဒရှင်စာရင်းများကို တပ်မတော်အနေဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဆန္ဒမဲအရေ အတွက် ၇၀၀၀၀ ကျော် နစ်နာ မှုနှင့်အတူ မြို့နယ်အများအပြားတွင် မဲဆန္ဒရှင် စာရင်းမသမာမှုများ ရှိခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသေးစိတ် တုံ့ပြန်မှုမပြုဘဲ တပ်မတော်၏ ပြောကြားချက်များကို ပယ်ချခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် မဲမသမာမှုရှိသည် ဟူသော စာရင်းသည် ၈ ဒသမ ၆ သန်းအထိ များပြားလာခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် အခြားနိုင်ငံရေးပါတီတို့မှ လွှတ်တော် ကိုယ်စားလှယ် ၂၀၃ ဦးတို့သည် ရွေးကောက်ပွဲ မဲမသမာမှုကိစ္စရပ်ကို ဆွေးနွေးရန်အတွက် ဖေဖော်ဝါရီလ ၁ ရက် မတိုင်မီ အရေးပေါ် လွှတ်တော်အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပပေးရန် အဆိုပြုခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ တပ်မတော် ပြောရေးဆိုခွင့်ရှိသူက တပ်မတော်၏ အာဏာလွှဲပြောင်းရယူနိုင်ခြေနှင့် စပ်လျဉ်း၍ ငြင်းဆိုခဲ့ခြင်း မရှိပေ။

ထိုသို့ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် ဇန်နဝါရီလ ၂၇ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင်တစ်ဦးဖြစ်သူ ဦးမျိုးညွန့်က တပ်မတော်မှ အာဏာလွှဲပြောင်းယူနိုင်မှုနှင့် စပ်လျဉ်း၍ စိုးရိမ်ရန် မလိုအပ်ကြောင်း မီဒီယာများအား ပြောကြားခဲ့သည်။ တပ်မတော်မှ အာဏာလွှဲပြောင်းယူမည့် အလားအလာနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ မှားယွင်းတွက်ချက်မှုကို ထင်ရှားပေါ်လွင်စေသည့် “No need to worry about coup, NLD says” ခေါင်းစဉ်သည် ဇန်နဝါရီလ ၂၈ ရက်ထုတ် မြန်မာတိုင်းမ်၏ ဆောင်းပါးခေါင်းစဉ် ဖြစ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်တွင် နေပြည်တော်၌ အစိုးရနှင့်တပ်မတော်ဘက်မှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြပြီး အစည်းအဝေးအတွင်း တပ်မတော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပေးရန်၊ မဲစာရင်းများ ပြန်လည်ရေတွက်ရန်နှင့် ဖေဖော်ဝါရီလ ၁ ရက် တွင် ကျင်းပမည့် ပထမအကြိမ် လွှတ်တော်အစည်းအဝေးကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။ ဇန်နဝါရီလ ၃၁ ရက်တွင် တပ်မတော်မှ ကြေညာချက်တစ်စောင် ထပ်မံထုတ်ပြန်၍ ရွေးကောက်ပွဲတွင် အကြီးအကျယ် မသမာမှုများရှိခဲ့ကြောင်းနှင့် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းကို အားပေးမြှင့်တင်ခဲ့ကြောင်း နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် သိရှိနားလည်ရန် တိုက်တွန်းပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မသမာမှုရှိသည် ဆိုသော တပ်မတော်၏ စွပ်စွဲချက်များအပေါ် နိုင်ငံ တကာ အသိုက်အဝန်းအနေဖြင့် မည်သို့ငြင်းဆို မည်ဆိုခြင်းသည် မေးထိုက်သည့် မေးခွန်းတစ်ခုဖြစ် နိုင်ပေသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ခရီးသွားလာမှု ကန့်သတ်ချက်များအကြား နိုင်ငံတွင်းသို့ လာရောက်မည့် နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူအရေအတွက်သည် ကြီးစွာ အကန့်အသတ်ရှိ ခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် မဲရုံပေါင်း ၄၀၀၀၀ ကျော်အတွက် ရွေးကောက်ပွဲလေ့လာရေးအတွက် လေ့လာသူ (၄) ဦး၊ Carter Centre မှ လေ့လာသူ (၄၃) ဦး၊ Asia Network for Free Elections (ANFREL) မှ လေ့လာသူ (၂၃) ဦးတို့သာ စေလွှတ်နိုင်ခဲ့သည်။

နိုင်ငံအတွင်း အင်အားမျှခြေမရှိမှု - အရပ်ဘက်စစ်ဘက် ပွတ်တိုက်မှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လိပ်ခဲတည်းလည်းဖြစ်နေမှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုများကို နားလည်နိုင်ရန် တပ်မတော်၏ ကိုယ်ပိုင်ရပ်တည်မှု အနေအထားကို စဉ်းစားရန် မုချလိုအပ်သည်။ တပ်မတော်အနေဖြင့် မြန်မာ့နိုင်ငံရေး နယ်ပယ်တွင် ဆက်လက်ပါဝင်စေရန် အတိတ်နှင့် ပစ္စုပ္ပန်ကာလရှိ မည်သည့် အကြောင်းခြင်းရာများက အားပေးလျက်ရှိပါသနည်း။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံရှိ ယခင် တပ်မတော်အစိုးရခေတ်များနှင့် မတူကွဲပြားလျက် တပ်မတော်၏ ရည်ရွယ်ချက်သည် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံ” တည်ထောင်ရန် ဖြစ်သည်ဟု ကြေညာခဲ့သည်။ တပ်မတော် သည် တည်ငြိမ်သော နိုင်ငံရေးလုပ်ငန်းစဉ်များအတွက် အခြေခံအုတ်မြစ်ချမှတ်ပေးပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို ခြိမ်းခြောက်ခံရမှုများမှ ကာကွယ်ပေးမည့် အဖွဲ့အစည်း တစ်ခုအဖြစ် မိမိကိုယ်ကို နားလည်ထားကြောင်းကို မကြာခဏ အသုံးပြုလေ့ရှိသည့် “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ” ဟူသော စကားရပ်က ဖော်ညွှန်းလျက်ရှိသည်။

တပ်မတော်သည် နိုင်ငံရပ်ခြားရည်မှန်းချက်များ၊ မဟာမိတ်နှင့် မိတ်ဖက်ကွန်ရက်များရှိသည့် ကမ္ဘာ့နိုင်ငံများရှိ အခြားသော တပ်မတော်များနှင့် နှိုင်းစာပါက ယေဘုယျအားဖြင့် ပြည်တွင်းရေးကို အတော်လေး အလေးထားသည်ဟု ယူဆရသည်။ (၁) ပြည်ထောင်စုမပြိုကွဲရေး၊ (၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် (၃) အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို တပ်မတော်နှင့် ယင်း၏ ဆောင်ရွက်ချက်များ၏ အဓိကအခြေခံမူများအဖြစ် မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည်။

ဤသို့ နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားအပေါ် အလေးထားမှုသည် တပ်မတော်အနေဖြင့် အစဉ်အလာဖြစ်သည့် ကာကွယ်ရေးနယ်ပယ်တွင် သာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံ၏ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများအကြား စည်းလုံးညီညွတ်မှု မြှင့်တင်နိုင်ရေး ကြိုးပမ်းမှုများ တွင်ပါ အခိုင်အမာ ပါဝင်ပတ်သက်နေမှုကို ဖော်ပြလျက်ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တပ်မတော်အစိုးရ အုပ်ချုပ်စဉ်က ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖော်ပြခဲ့ပြီးဖြစ် သော ဒို့တာဝန်အရေး(၃)ပါးအား အဓိကကာကွယ် စောင့်ရှောက်သူဖြစ်သည့် တပ်မတော်အတွက် အရေးပါသော နိုင်ငံရေးအခန်းကဏ္ဍကို သတ်မှတ် ပြဋ္ဌာန်းထားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းစွာ ဖြေရှင်းမှုတစ်ရပ် မရရှိနိုင်သေးသရွေ့ အမျိုးသားနိုင်ငံရေးတွင် နိုင်ငံ ရေးပါဝင်မှု အားလုံးကို တပ်မတော်မှ လက်လျှော့မည့် အလားအလာမရှိပေ။

နိုင်ငံ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် စီမံခန့်ခွဲပုံ (organization of the state) နှင့် နေသားတကျ ရှိမှုနှင့် တည်ငြိမ်မှု အစီအစဉ် (order) ၏ အခြေခံ အုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ် စောင့်ရှောက်သည့် တာဝန်အပြင် တပ်မတော်သည် ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ပြည်ထောင်စု အဆင့်များရှိ ဥပဒေပြုရေးမဏ္ဍိုင်တွင်လည်း ဆက်လက်ပါဝင် ဆောင်ရွက်လျက်ရှိသည်။ အုပ်ချုပ်ရေး မဏ္ဍိုင်ဘက်တွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများကို တပ်မတော်မှ ခန့်အပ်သည်။

အာဏာမျှဝေကျင့်သုံး

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် တို့၌ လွှတ်တော်ကိုယ်စားလှယ် နေရာ ခွဲဝေမှု အစီအစဉ်သည် အရပ်ဘက်-စစ်ဘက်ရောရာ နိုင်ငံရေးစနစ် (hybrid political system) ကို ဖန်တီးပေးထားပြီး အရပ်ဘက်နှင့် စစ်ဘက် ခေါင်းဆောင်မှုဖြင့် ဆုံးဖြတ်ချက်ချမှတ်သော အာဏာမျှဝေကျင့်သုံးခဲ့သည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေးတည်ငြိမ်မှုသည် တပ်မတော်နှင့် တိုင်းရင်းသား အစုအဖွဲ့များအကြား ဆက်ဆံရေးအပေါ်တွင် သာမက အရပ်ဘက်-စစ်ဘက် အင်အားမျှခြေနှင့် အပြန်အလှန် နားလည်မှုတို့အပေါ်တွင်လည်း မူတည်နေသည်။

အရပ်ဘက်-စစ်ဘက်ရောရာ နိုင်ငံရေးစနစ်တွင် ဘက် ၂ ဘက် အကြား ဘုံရှုမြင်ချက်များ ဖြစ်ထွန်းရန် နှင့် နားလည်မှုများရယူရန် ခေါင်းဆောင်ပိုင်း၌ အဓိက ဦးဆောင်ဦးရွက်ပြုမှု မရှိခြင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ သက်တမ်းကာလအတွင်း အဓိက စိန်ခေါ်မှုများအနက်တစ်ခု ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အရပ်ဘက်နှင့် စစ်ဘက်အကြား ရှုမြင်ပုံဖလှယ်၍ နားလည်မှု တည်ဆောက်နိုင်သည့် သင့်လျော်သော ပလက်ဖောင်းတစ်ခုဖြစ်သည်။ သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သက်တမ်းတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ကြိမ်မျှ ခေါ်ယူကျင်းပခဲ့ခြင်း မရှိပေ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအား နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူကျင်းပရန် ထပ်တလဲလဲ တောင်းဆိုခဲ့သော် လည်း ယင်းသို့ အခိုင်အမာ တောင်းဆိုမှုများကို ပယ်ချခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အယုံအကြည် ကင်းမဲ့မှုသည် ယင်းကဲ့သို့ လိုအပ်သော တရားဝင်ဆက်သွယ်မှု မရှိခြင်းသို့ ဦးတည်စေခဲ့သည်ဟု ပညာရှင်များက ပြောကြားခဲ့သည်။ ယခင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ အကြား နောက်ဆုံးအကြိမ် ပုဂ္ဂိုလ်ချင်း တွေ့ဆုံမှုသည် ၂၀၁၈ ခုနှစ်တွင် ဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက်အကြား ဆက်သွယ်ပြောဆိုမှုနှင့် ယုံကြည်မှုမရှိခြင်းသည် တပ်မတော်၏ ဆောင်ရွက်ချက် များကို ဖြစ်ပေါ်စေသည့် နောက်ခံအကြောင်းအရင်း ဖြစ်ခဲ့ပုံရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် (၂၁) ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ အခင်းအကျင်းမှ တစ်ဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဖြည့်ဆည်းပံ့ပိုးရန် ဟူသော ပုဂ္ဂလိက ရည်မှန်းချက်များ ရှိခဲ့သည်။ ယင်းသည် အချို့သော ကိစ္စရပ်များတွင် တပ်မတော် ခေါင်းဆောင်ပိုင်းနှင့် ဘုံရပ်တည်ချက်များ ရှာဖွေနိုင်မည့် အခွင့်အရေးဖြစ်ခဲ့သည်။ အရပ်ဘက်နှင့် တပ်မတော်ခေါင်းဆောင်မှုအကြား ဆက်သွယ် ပြောဆိုမှုနှင့် အခြေခံကျသော ရပ်တည်ချက်များ ညှိယူနိုင်ခြင်း မရှိမှုကြောင့် ငြိမ်းချမ်းရေးတွင် တိုးတက်မှု ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ချေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို တိုးတက်မှုဖော်ဆောင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြိုးပမ်းမှုသည် အရပ်ဘက်စစ်ဘက်ဆက်ဆံရေးတွင် ပွတ်တိုက်မှုဖြစ်စေသည့် တွန်းအား ဖြစ်နိုင်သည်။ အဆိုပါလုပ်ငန်းစဉ်သည် ကြီးမားကျယ်ပြန့်သော တာဝန်ဖြစ်ခဲ့ပြီး မူကြမ်း ရေးဆွဲခြင်း၏ ခက်ခဲရှုပ်ထွေးမှုသည် လုပ်ငန်းစဉ်အား လမ်းကြောင်းပျောက်စေခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ အဓိကကျသည့် ပြောင်းလဲရန် အချက်များကို ဦးစားပေး၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဘုံသဘောတူညီမှု ရှာဖွေရမည့်အစား ဆွေးနွေးမှုများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိ အရေးမပါသော အသေးစိတ်များသာ ဖြစ်ခဲ့သည်။ နိုင်ငံရေးပါတီများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အဆိုပြုချက် စာမျက်နှာ ရာပေါင်းများစွာကို လက်ခံရရှိခဲ့သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးများအတွင်း ရရှိခဲ့သော အများသဘောတူညီချက် ဖြစ်သည့် “ပြည်ထောင်စုသဘောတူစာချုပ်” ကို အခြေခံလျက် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တိုင်းရင်း သားများ၏ အမြင်များကို ထည့်သွင်းရာတွင်လည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှု ပုံစံအပေါ် တောင်းဆိုချက်များ အပါအဝင် တိုင်းရင်းသား ဆွေးနွေးညှိနှိုင်းသူများ၏ အဓိကတောင်းဆိုချက် များကို ထည့်သွင်း ထင်ဟပ်ရန် ပျက်ကွက်ခဲ့သည်။ အဖွဲ့ဝင် ၄၅ ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမှုဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန်တွင် စတင်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်သည် ၂၀၂၀ ပြည့်နှစ် မတ်လ အစောပိုင်းတွင် ပြီးဆုံးခဲ့သည်။

ဟန်ချက်ညီသော ချဉ်းကပ်မှုပုံစံ

မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မတူကွဲပြားသော တိုင်းရင်းသားအစု အဖွဲ့များအပါအဝင် နယ်ပယ်ပေါင်းစုံမှ ပညာရှင်များနှင့် ကျွမ်းကျင်သူများက ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ ဆန္ဒခံယူပွဲဖြင့် အတည်ပြု၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ထူထောင်ပေးခဲ့သည်။ တပ်မတော်၏ ဦးဆောင်မှုနှင့် အတည်ပြုထောက်ခံမှု မပါဘဲ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှု ဖြစ်ပေါ်နိုင်မည်မဟုတ်ကြောင်း အသိအမှတ်ပြုရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ မြန်မာ့နိုင်ငံရေးစနစ်အား တပ်မတော်ထက် ပိုမို ပြောင်းလဲနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြိုးပမ်းမှုများသည် ပိုနေမြဲကျားနေမြဲ အခြေအနေကိုသာ ဦးတည်စေခဲ့သည်။ မည်သူမျှ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုတွင် အပြောင်းအလဲ တစ်စုံတစ်ရာ ဖော်ဆောင်ရန် ကြိုတင်လိုအပ်ချက်မှာ တည်ငြိမ်မှုနှင့် ကောင်းမွန်သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန်အတွက် ဟန်ချက်ညီသော ချဉ်းကပ်မှုပုံစံဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြင်ဆင်မှုများကို မျှော်မှန်းထား သည့်အတိုင်း တပ်မတော်မှ ပယ်ချခဲ့သည်။

နေပြည်တော်ရှိ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအပြင် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများသည်လည်း အရေးကြီးသည်။ အငြင်းပွားဖွယ် ရှိကောင်းရှိနိုင် သော်လည်း ဗြိတိသျှကိုလိုနီခေတ်ကာလအတွင်း ဗြိတိသျှအစိုးရ တာဝန်ရှိသူများက “ပြည်မ'နှင့် “တောင်တန်း” ဟူ၍ ခွဲခြားဆက်ဆံခဲ့ခြင်းက ဗမာအမျိုးသားရေးဝါဒနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင် ဝိသေသလက္ခဏာများနှင့် လွတ်လပ်ရေးကြိုးပမ်းမှုများအတွက် အုတ်မြစ်ကဲ့သို့ ဖြစ်ပေါ်စေခဲ့ကာ ဗမာနှင့် တိုင်းရင်းသားလူမျိုးများအကြား ဆက်ဆံရေးသည် အကန့်အသတ်ရှိခဲ့သည့် နယ်ပယ်တစ်ခု ဖြစ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က အာဏာလွှဲယူပြီးချိန်မှစ၍ ပြည်တွင်း ပဋိပက္ခများတွင် အရွေ့သစ်များ ပေါ်ပေါက်ခဲ့သည်။ ဖေဖော်ဝါရီလကတည်းက ကရင်အမျိုးသားအစည်း အရုံး (KNU) တပ်မဟာ (၅) နှင့် ကချင်ပြည်လွတ် မြောက်ရေးအဖွဲ့ချုပ် (KIO) တို့ ထိန်းချုပ်ရာနယ်မြေ များ၌ ထိတွေ့တိုက်ပွဲဖြစ်မှုများ များပြားလာခြင်းသည် အာဏာလွှဲယူမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးကွဲပြဲမှုအသစ်များကို ဖော်ပြနေခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုကို သတိထား၍ သံတမန်နည်းဖြင့် တုံ့ပြန်ခဲ့ခြင်းသည် ထူးခြားမှတ်သားဖွယ်ဖြစ်သည်။ ဆန့်ကျင်ဆန္ဒပြမှု များအပေါ် နားလည်မှုကိုပြသ၍ ဒီမိုကရေစီစနစ်၏ လွတ်လပ်ခွင့်များကို တရားဝင်ထောက်ခံအားပေး နေစဉ်တွင် ပြည်နယ် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများစွာသည် နိုင်ငံရေး တိုးတက်ပြောင်းလဲမှုများအပေါ် နှုတ်ဆိတ်နေခဲ့ကြသည်။ ထို့ပြင် အင်အားသုံး ဖြေရှင်းမှုများကို အားမပေးဘဲ နိုင်ငံရေးနည်းလမ်းမှတစ်ဆင့် အဖြေရှာရန် မျှော်လင့်ကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နိုင်ငံရေးပါတီများလည်း ရှိသည်။

၂၀၂၁ ခုနှစ် မတ်လတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) က အကြမ်းဖက်မှုနှင့် အင်အားသုံး ဖြေရှင်းမှုများကို အားမပေးကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အလားတူပင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်းနှင့် မွန် နိုင်ငံရေးပါတီများကလည်း စေ့စပ်ညှိနှိုင်းမှုနှင့် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးအဖြေရှာကြရန် တောင်းဆိုကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

NCA ပါ ပြဋ္ဌာန်းချက်များကို ထိန်းသိမ်းလိုက်နာမည်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသွင်ဖြင့် နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံတွန်းလှန်ရန် လှုံ့ဆော် တိုက်တွန်းခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြေညာချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များသည် နောက်တစ်ဆင့်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အင်အားစုများနှင့်အတူ “ဖက်ဒရယ်ဒီမိုကရေစီတပ်မတော်” ကို ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရှိရသည်။ NUG ၏ လက်နက်ကိုင်ခုခံ တွန်းလှန်မှုကို လအတန်ကြာ မျက်မြင် ကြုံတွေ့ပြီးနောက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် မတူကွဲပြားသော လက်နက်ကိုင်အဖွဲ့များ အားလုံးကို ထိန်းချုပ်နိုင်ရေးအတွက် မဟာဗျူဟာ မရှိခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ပူးတွဲမျှော်မှန်းချက် အမြင်အား ဖော်ဆောင်နိုင်မှုမရှိခြင်းမှာ သိသာထင်ရှား လာပါသည်။ ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် စောမူတူးစေးဖိုးက သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်မှုလမ်း ကြောင်းကို ရွေးချယ်ခဲ့ခြင်းမှာ ဝမ်းနည်းဖွယ်ဖြစ်ကြောင်း မေလ ၁၀ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ စောမူတူးစေးဖိုးက အကျပ်အတည်းအား နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှ တစ်ဆင့် ဖြေရှင်းကြရန် အဖွဲ့အစည်းများ အားလုံးကို တောင်းဆိုခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ပြဋ္ဌာန်းချက်များကို ထိန်းသိမ်း လိုက်နာမည်ဖြစ်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။ ဇွန်လ ၉ ရက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ စောဂျော်နီက ယင်းတို့ အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ကို တစ်သဝေမတိမ်းလိုက်နာမည် ဖြစ်ကြောင်းဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအကြောင်း ခြင်းရာများကို ကြည့်ခြင်းဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ချဉ်းကပ်မှု နည်းလမ်းသည် ငြိမ်းချမ်းသောနည်းလမ်းနှင့် တည်ငြိမ်မှုကို မပျက်စီးစေဘဲ အစီအစဉ်တကျ ဖြေရှင်းမည်ဆိုသည့် အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ အမြင်နှင့် ကိုက်ညီမှုမရှိခြင်းကို ဖော်ပြလျက် ရှိသည်။ “ပေါင်းစပ်ညှိနှိုင်းမှုမရှိသော တော်လှန်ရေး’မှ မတည်ငြိမ်မှုနှင့် လုံးဝကစဉ့်ကလျားဖြစ်မှုများ ဖြစ်ပေါ်ပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ အရှည်သဖြင့် ဆွေးနွေးခဲ့သော နိုင်ငံရေးနှင့် စီးပွားရေး အကျိုးစီးပွားများအပေါ် အန္တရာယ်ကျရောက်လာနိုင်ဟန် ရှိသည်။ သက်ဆိုင်သူ အားလုံး စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိရေးသည် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲ မှုအတွက် အရေးပါလှသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အုပ်ချုပ်စဉ်အတွင်း (၂၁) ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ အခင်းအကျင်းဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်သောစိတ်ရင်း ခံဖြင့် ဆောင်ရွက်ခဲ့သော်လည်း မတိုးသာမဆုတ်သာ အခြေအနေမှ ဖောက်ထွက်၍ သိသာထင်ရှားသည့် ရလဒ်များ မရရှိခဲ့ပေ။ ယင်းအစား ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်းကဲ့သို့သော နယ်စပ်ဒေသများ၌ မတည်ငြိမ်မှုများ မြင့်တက်လာခဲ့သည်။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ စစ်တမ်းအရ မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း တိုက်ပွဲပေါင်း ၃၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၌ တိုက်ပွဲအရှိန် မြင့်တက်လာမှုကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ သက်တမ်းအတွင်း တိုက်ပွဲထိတွေ့မှု အရေအတွက် ပို၍ပင် များပြားလာခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပထမအကြိမ် (၂၁) ရာစု ပင်လုံငြိမ်းချမ်ရေးညီလာခံအား ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ အစည်းအဝေး၏ နယ်ပယ်ကျယ်ပြန့်မှု အတိုင်းအတာသည် သိသာမြင်သာသော်လည်း ဖိတ်ကြားခံရသော အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်အမြောက်အမြားသည် အစည်း အဝေးအတွင်း ပါဝင်ဆွေးနွေးခြင်းထက် နားထောင် ခြင်းသာ ပြုလုပ်နိုင်သည်။ ပထမအကြိမ် ပင်လုံ ညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်၌ ပါဝင်လက်မှတ်ရေး ထိုးထားခြင်းမရှိသော အရေးပါသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပါဝင်နိုင်မှုနှင့် လမ်းစဉ်များမှာ ရှင်းလင်းပြတ်သားမှု မရှိခဲ့ပေ။ (၂၁) ရာစုပင်လုံ ငြိမ်းချမ်ရေးညီလာခံ၏ အခင်းအကျင်းသည် အပြန်အလှန် ဖလှယ်မှုများ ပြုလုပ်ရန် အနေ အထားအချို့ ဖန်တီးပေးထားသော်လည်း အမှန်တကယ် စေ့စပ်ညှိနှိုင်းခြင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်းတို့ ဆောင်ရွက်နိုင်သည့် အနေအထား အနည်းငယ်သာ ရှိသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရော လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါ ပါဝင်သည့် တရားဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ၂၀၁၅ ခုနှစ်မှ စတင်၍ တိုးတက်မှုမရှိသလောက်ဖြစ်ပြီး လိပ်ခဲတည်းလည်း အခြေအနေတွင်သာရှိသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ခု တို့သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းအတွင်း အင်အားသေးငယ်သည့် လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့သာ နောက်ထပ် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သော တတိယအကြိမ် ပင်လုံညီလာခံသည် ရခိုင့် တပ်မတော် (AA) နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြင်းထန်သော တိုက်ပွဲများကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိပေ။ တစ်နှစ်ခွဲကြာ နှောင့်နှေး ကြန့်ကြာနေ ခဲ့ပြီးနောက် စတုတ္ထအကြိမ် ပင်လုံ ညီလာခံကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင် ခင်လေးဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင်မှသာ ကျင်းပနိုင်ခဲ့သည်။

တည်တံ့ခိုင်မြဲသော အကျိုးရလဒ်များ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်၏ အာဏာလွှဲယူမှုသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ရာတွင် အကျိုးပြုနိုင်မည် မဟုတ်ပေ။ သို့သော် အာဏာလွှဲယူမှုသည် နိုင်ငံအတွင်း အမှန်တကယ် ထိန်းချုပ်မှုနှင့် အာဏာရရှိသည်မှာ တပ်မတော် ဖြစ်ကြောင်း သိသာထင်ရှားစေသည်။ ၂၀၂၁ ခုနှစ် ဧပြီလတွင် ဝပြည်နယ် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ တာဝန်ခံများသည် တပ်မတော် အဆင့်မြင့် အရာရှိကြီးများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ရေရှည်တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခြင်းသာလျှင် တည်တံ့ခိုင်မြဲသော အကျိုးရလဒ်များကို ရရှိကောင်းရရှိနိုင်မည်ဖြစ်သည်ကို သိမြင်သဘော ပေါက်လာနိုင်သည်။ ပြည်တွင်းအကျိုးစီးပွားများကို ဟန်ချက်ညီ ထိန်းညှိ၍ ပြည်တွင်းရေးတွင် ပြည်ပမှ ဝင်ရောက် စွက်ဖက်မှုကို ကြံ့ကြံ့ခံမှု ၊ ကြီးမားသော ပြည်တွင်း ပြည်ပ နိုင်ငံရေး၊ စီးပွားရေး ဖိအားများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်၏ လုပ်ဆောင်မှုများသို့ ဦးတည်စေခဲ့သည်ဟု ဆိုကောင်းဆိုနိုင်မည် ဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတွင်း ၎င်း၏ အဖွဲ့အစည်းဆိုင်ရာ ရပ်တည်ချက်နှင့် အကျိုးစီးပွားများကို ဦးစားပေးများအဖြစ် ကာကွယ်ရန် မလွဲဧကန် ရွေးချယ်မည် ဖြစ်သည်။ ဦးသိန်းစိန်အစိုးရမှ တိုင်းပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အစပြုလုပ်ဆောင်ခဲ့သော်လည်း တပ်မတော်အနေဖြင့် ပြည်ပမှ မည်သည့်နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှု မျိုးကိုမျှ လက်သင့်ခံမည် မဟုတ်သည်မှာ ထင်ရှားလှပေသည်။

NLD အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် အမျိုးသားအကျိုးစီးပွားအတွက် အမှန်တကယ် ဟုတ်ခဲ့ပါသလော။ သို့မဟုတ် NLD ပါတီ၏ နိုင်ငံရေးအရ လူကြိုက်များမှုသည် မြန်မာ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသော အနောက်တိုင်းနိုင်ငံရေး၏ အနုကြမ်းစီးမှုကို ခံခဲ့ရပါ သလော။

အတိတ်တွင် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံတွင် အရောင်တော်လှန်ရေး (coloured revolutions) များ ပေါ်ပေါက်လာစေရန် အားပေး လှုံ့ဆော်ခဲ့ဖူးသည့် သာဓကများစွာရှိခဲ့ပေသည်။ ယင်းတို့သည် ကမ္ဘာ့နိုင်ငံများမှ အစိုးရများအား ပြောင်းလဲရန် ကြိုးပမ်းလေ့ရှိသော အမေရိကန်၏ လှုပ်ရှားမှုများအနက် တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကစတင်၍ မြန်မာနိုင်ငံ၌ အနောက်နိုင်ငံများ၏ ရန်ပုံငွေဖြင့် လှုပ်ရှားဆောင်ရွက်သော နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ထောင်အတွင်းသို့ အကြိမ်ကြိမ် ဝင်ထွက်လျက်ရှိသော နိုင်ငံရေးအကျဉ်းသားများ ရှင်သန် အားကောင်း လာခဲ့ပြီး အပြန်အလှန် အမှီသဟဲပြုနေသည့် ရပ်ဝန်းတစ်ခုဖြစ်လာခဲ့သည်။ ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၀၀ ပြည့်နှစ်များက ပေါ်ပေါက်ခဲ့သော လူငယ်လှုပ်ရှားမှုများမှာ အောင်မြင်ခဲ့ခြင်း မရှိပေ။ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် အလားတူ နိုင်ငံရေး လှုပ်ရှားမှုကွန်ရက်များ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အမေရိကန်မှ အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် National Endowment for Democracy (NED) နှင့် ယင်း၏ မဟာမိတ်အလှူရှင်များက ပံ့ပိုးကူညီမှုပြုခဲ့သည်။ အချိန်ကာလတစ်ခု ကြာမြင့်သည့်အခါ အဆိုပါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ ဒုတိယမျိုးဆက် ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် ပြည်ပမှ စံတန်ဖိုးစနစ်များကို မေးခွန်းထုတ်နိုင်စွမ်းမရှိသည့် ပထမမျိုးဆက်၏အမွေကို ဆက်ခံခဲ့ကြပြီး ပြည်ပ စံတန်ဖိုးစနစ်များကို အစဉ်အလာမြန်မာ့လူ့အဖွဲ့ အစည်းအတွင်းသို့ သွတ်သွင်းရန် တာဝန်ပေးခံခဲ့ရသည်။ ဒီမိုကရေစီဝါဒရေးရာ အယူအဆများကို ဝါရှင်တန်မှ တိုက်ရိုက်သော်လည်းကောင်း၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ သို့မဟုတ် နယ်စပ်မြို့ဖြစ်သည့် မဲဆောက်ရှိ ပြည်ပြေးနိုင်ငံရေး အဖွဲ့အစည်းများမှ တစ်ဆင့်သော်လည်းကောင်း မြန်မာနိုင်ငံအတွင်းသို့ တင်ပို့ဖြန့်ချိခဲ့ကြသည်။

“ထရိုဂျန်မြင်း” ဖြစ်ခဲ့လေသလော

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသည် အနောက် နိုင်ငံရေးသမားများ အတွက် မြန်မာနိုင်ငံအပေါ် ထားရှိသော ၎င်းတို့၏ မအောင်မြင်သည့် အထီးကျန် ဖယ်ထားရေး မူဝါဒများနှင့် ပိတ်ဆို့အရေးယူမှု ပြစ်ဒဏ်များအား ဖယ်ရှားပြီး မြန်မာနိုင်ငံသားများအား အကူအညီ ပေးရေး လမ်းကြောင်းမှ ချဉ်းကပ်မှုပြုနိုင်ရန် အခွင့်အလမ်းတစ်ရပ် ဖြစ်ခဲ့သည်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) အနေဖြင့်လည်း ၎င်းတို့၏ ပရဟိတလုပ်ငန်းများကို ပြည်တွင်းမှာပင် ဆောင်ရွက်ခွင့်ရရှိခဲ့ကြသည်။ သို့ရာတွင် ထိုသို့ဆောင်ရွက်ခွင့် ရရှိစေခဲ့ခြင်းကပင် မြန်မာပြည်သူများအား ရန်သူ့လက်ကျရောက် စေခဲ့သည့် “ထရိုဂျန်မြင်း” ဖြစ်ခဲ့လေသလော။

တိုင်းရင်းသား မီဒီယာကွန်ရက်များစွာ ပေါ်ပေါက်ခဲ့ပြီး ယင်းမီဒီယာများက တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုကို ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်နှင့် ယဉ်ကျေးမှုဝိသေသလက္ခဏာ ထူထောင်ရေး တိုက်ပွဲအဖြစ် အမည်တပ်ပုံဖော်ခဲ့ကြသည်။ လူငယ်ကွန်ရက်နှင့် အရပ်ဘက်အဖွဲ့အစည်း ကွန်ရက်များသည် NED နှင့် ယင်း၏ မဟာမိတ် အလှူရှင်များက ရက်ရက်ရောရော ပေးလှူသော အလှူငွေများကို အခြေခံထားသည့် တက်ကြွလှုပ် ရှားသူများ ဖြစ်လာခဲ့သည်။ အမေရိကန်အခြေစိုက် Solidarity Center က အလုပ်သမားသမဂ္ဂများကို ပိုမိုအားကောင်းလာစေခဲ့သည်။ ထိုသမဂ္ဂများသည် အလုပ်သမားများ၏ အခွင့်အရေးအား ကိုယ်စားပြု ခြင်းထက် ၎င်းတို့၏ လိုလားချက်များအား ဖြည့် ဆည်းပေးခြင်းမခံရသည့် အလုပ်သမားများကို အုံကြွလှုပ်ရှားမှုများပြုရန် စည်းရုံးလှုံ့ဆော်သည့် အလုပ်ကိုသာ ဆောင်ရွက်ခဲ့ကြသည်။ ဥပမာ-မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)သည် နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ ဖြစ်သည် ဆိုခြင်းကို မြန်မာအထည်ချုပ်ကဏ္ဍမှ မည်သည့် ကုမ္ပဏီမဆို သိရှိကြသည်။ မတ်လက ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ ဖြစ်ပွားခဲ့သော သပိတ်နှင့် အုံကြွမှု များသည် အလုပ်သမားများ၏ အခွင့်အရေးအတွက် မဟုတ်ဘဲ နိုင်ငံရေးအကြောင်းပြချက်များကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထိုအုံကြွလှုပ်ရှားမှုများကြောင့် မြန်မာ့အထည်ချုပ်ကဏ္ဍတွင် ပြင်းထန်သော သက်ရောက်မှု ဖြစ်ပေါ်ခဲ့သည်။ စက်ရုံများနှင့် စီးပွားရေးလုပ်ငန်းများအား ဦးတည်ချက်မဲ့ ပစ်မှတ် ထားကာ ဆူပူအကြမ်းဖက်မှု ဆောင်ရွက်ခြင်းသည် ဝင်ငွေနှင့် အလားအလာများအား ဆုံးရှုံးထားရသော မည်သည့်အလုပ်သမား၊ ဝန်ထမ်းနှင့် စက်ရုံပိုင်ရှင် ကိုမျှ အကျိုးမပြုသည်မှာ အသေအချာပင် ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

လေ့လာသူတစ်ဦး