Skip to main content

၁၄-၁-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

(ယမန်နေ့မှအဆက်)

အထူးဟစ်တိုင်   သတင်းမီဒီယာမှ တာဝန်ခံအယ်ဒီတာ ဦးအောင်ကျော်ဦးက မြို့နယ်များတွင်   ရွေးကောက်ပွဲနှင့် ပတ်သက်၍ စာရင်းပြုစုခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်းတို့   လုပ်ဆောင်နေသည်ဟု ကြားသိရကြောင်း၊   အဆိုပါကိစ္စနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ်  ဩဂုတ်လတွင် ရွေးကောက်ပွဲ   ပြုလုပ်မည်ဟုလည်း ကြားသိရကြောင်း၊ ယင်းကိစ္စကို အတည်ပြုနိုင်ခြင်း  ရှိ၊ မရှိ   သိလိုကြောင်းမေးမြန်းသည်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦး က  မဲစာရင်းများ ပြုစုနေခြင်းနှင့် ပတ်သက်၍ မိမိအနေဖြင့် တင်ပြပြီးဖြစ်ကြောင်း၊   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ် (၅)အရ  ရွေးကောက်ပွဲပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊   အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက   ရွေးကောက်ပွဲပြုလုပ်ပေးရမည် ဖြစ်ကြောင်း၊   ထို့ကြောင့် ရွေးကောက်ပွဲ ပြုလုပ်ရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်   ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များ၊ ပြဿနာများ၊ အခက်အခဲများကို   သုံးသပ်ပြီး  မဲစာရင်းနှင့် ပတ်သက်၍  မှန်ကန်ပြည့်စုံစေရန် ဆောင်ရွက်သည့်အနေဖြင့်  မဲစာရင်းများကို  ပြန်လည်သုံးသပ်ပြီး  ယခင်မဲစာရင်းများမှ  မှားယွင်းသည်များကို ပယ်ဖျက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့   ပူးပေါင်းလုပ်ဆောင်နေ သည်မှာ   ၇၅   ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ယခုဇန်နဝါရီလကုန်ခန့်တွင် First Round ပြီးမည်ဖြစ်ကြောင်း၊  ပြီးခဲ့ သည့်မဲစာရင်းများထက်   ပိုမိုပြည့်စုံ မှန်ကန်စွာဖြစ်စေရေး  စိစစ်ခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အလားတူလုပ်ငန်းစဉ် (၁) အရ ဆောင်ရွက်စရာ ရှိသည်များကို ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ယင်းကိစ္စများပြီးဆုံးပါက နောက်ရွေးကောက်ပွဲ  ကျင်းပရာတွင် ကော်မရှင်အဖွဲ့ခွဲကို   အများယုံကြည်သူ ပုဂ္ဂိုလ်များပါဝင်သည့်   ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသစ်များ ဖွဲ့စည်းရမည် ဖြစ်ခြင်းကြောင့်  ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ ယခုတင်ပြမှုများသည် ကြိုတင် ဆောင်ရွက်နေသည့်လုပ်ငန်းများ ဖြစ်ကြောင်း၊ လိုအပ်သည့်အချက်အလက်များ၊  ဝန်ထမ်းပိုင်းဆိုင်ရာနှင့်   အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ရွေးကောက်ပွဲကို  မည်သည့်အချိန်တွင် ပြုလုပ်မည်ဆိုသည်နှင့်   ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း   (၁၁) အရေးပေါ်ကာလဆိုင်ရာ  ပြဋ္ဌာန်းချက်များ ရှိကြောင်း၊   အဆိုပါအထဲမှ   ဥပဒေပုဒ်မ (၄၂၅၊ ၄၂၆၊ ၄၂၉) တို့တွင် ဖတ်မည်ဆိုပါက တွေ့ရှိမည်ဖြစ်ကြောင်း၊   အလားတူ နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်  (၅)  အရ အရေးပေါ်ကာလ ဆိုင်ရာ   ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လွတ်လပ်ပြီး တရားမျှတသည့်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို  ကျင်းပပေးမည်ဖြစ်ကြောင်း၊   ထို့အတွက်လည်း လိုအပ်သည်များ   ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှ ပါတီများကို စစ်ဆေးထားသည့်စာရင်း များ  ထုတ်ပြန်ထားရာတွင်   NLD ပါတီ ထုတ်ပြန်ထားသည်ကို   မတွေ့ရှိရသေး ကြောင်း၊ NLD ပါတီမှ အစစ်ဆေးမခံခြင်း လား၊   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သွားရောက်မစစ်ဆေးခြင်း လားဆိုသည်ကို  ကနဦးမေးလိုကြောင်း၊ အကြမ်းဖက် NUG၊ CRPH၊ PDF  များနှင့် NLD တို့၏ဆက်စပ်မှုကို  UEC   အနေဖြင့် မည်သို့တွေ့ရှိရသည်ကို   သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေ ဖြင့် ဒီဇင်ဘာလအထိ  နိုင်ငံရေးပါတီ ၅၁ ပါတီအား   စစ်ဆေးပြီးဖြစ်ကြောင်းကို လည်း မိမိအနေဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ဆေးရန် ၄၂ ပါတီ ကျန်ရှိ ကြောင်း၊   မိမိတို့စတင်စစ်ဆေးစဉ်က နိုင်ငံရေးပါတီ ၉၃ ပါတီရှိသည့်အနက် ၅၁ ပါတီ  စစ်ဆေးပြီးဖြစ်၍  ၄၂ ပါတီ ကျန်ရှိနေခြင်းဖြစ်ကြောင်း၊ အဆိုပါ ပါတီ များအနက်  ပါတီတစ်ပါတီမှာ  ပယ်ဖျက်ခွင့်   (ရုပ်သိမ်းခွင့်)  တောင်းဆိုခဲ့သည့်အတွက်  ဖျက်သိမ်းခဲ့ကြောင်း၊   ၎င်းတို့၏ တင်ပြချက်အရ   ပါတီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ခြင်းကိုလည်း  မိမိတို့အနေဖြင့် ကြေညာပြီးဖြစ်ကြောင်း၊   စစ်ဆေးရန်အတွက် နိုင်ငံရေးပါတီ ၄၂ ပါတီ  ကျန်ရှိ သေးပါကြောင်း၊ အဆိုပါအထဲတွင် NLD ပါတီလည်း ကျန်သေးပါကြောင်း၊ မိမိတို့ ကော်မရှင်၏အစီအစဉ်အရ  နိုင်ငံရေးပါတီများကို   ပါတီအကြီး/   အသေးမျှ၍ စစ်ဆေးလျက်ရှိပါကြောင်း၊ NLD ပါတီကို မူ  မစစ်ဆေးရသေးကြောင်း၊ သတ်မှတ် ချက်များနှင့်အညီ   ပါတီအားလုံးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊   ပါတီ အားလုံးကို မစစ်ဆေးရသေးသဖြင့် ပါတီ များနှင့်ပတ်သက်သည့် စာရင်းဇယား၊ အချက်အလက်အသေးစိတ်ကို  အတည်ပြုပြီး   တွေ့ရှိရသည့်အနေအထားမျိုး မိမိတို့ မဆောင်ရွက်ရသေးကြောင်း၊ မိမိတို့  ထုတ်ပြန်သည့်   သတင်းအချက်အလက်များ၊   နိုင်ငံတော်မှ  ထုတ်ပြန်ထားသည့် အချက်များကို   အားလုံးအသိပင် ဖြစ် ကြောင်း၊   မိမိတို့ကော်မရှင်က   စစ်ဆေးစိစစ်ပြီးမှသာ  တိတိကျကျသိရှိ ရမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦး က ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်သည် ဆိုသော်လည်း  နိုင်ငံရေး ပါတီအစုအဖွဲ့အတွင်းမှ   ဖြစ်နေသည့် အတွက် UEC အနေဖြင့် နိုင်ငံရေးပါတီ အပိုင်းတွင်   လုပ်ငန်းကြန့်ကြာနေသည့် ကိစ္စများကို မည်ကဲ့သို့ပူးပေါင်းဆောင်ရွက် ပေးနိုင်မည်ကို မေးမြန်းလိုပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ နိုင်ငံရေးပါတီ များအစုအဖွဲ့ အမြဲတမ်းကော်မတီတွင်  ၁၆ ပါတီရှိသည့်အနက် လုပ်ငန်းလုပ်ဆောင်နိုင်သည့်   အခြေအနေမရှိသေးဟု   သိရ ကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးက ပြောထားသကဲ့သို့ အစောပိုင်းက ဗိုလ်ချုပ်ဇော်မင်းထွန်းက လည်း  ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် ယခုနှစ်က  ငြိမ်းချမ်းရေးဖော်ဆောင်မည့် နှစ်ဟုပြောခဲ့ပါကြောင်း၊  ထို့ကြောင့် ၎င်း၏သက်တမ်းမှာ   လေးလသာရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ၁၁ လပိုင်းတွင် အဆိုပါကော်မတီကို   စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊  ထိုကော်မတီ၏   သက်တမ်း လေးလအနက် နှစ်လခန့်မှာ အလုပ်မလုပ်ဖြစ်ဘဲ  သက်တမ်းကုန်သည့်သဘော ဖြစ်နေကြောင်း၊ ထို့ကြောင့် UEC အနေဖြင့် နိုင်ငံရေးပါတီများ၏ကိစ္စကို အဓိက လုပ်ဆောင်နေသဖြင့်   ငြိမ်းချမ်းရေး ကော်မရှင်နှင့် ချိတ်ဆက်၍ ငြိမ်းချမ်းရေး လုပ်ငန်းများဖော်ဆောင်ရာတွင်   အကူအညီ တောင်းခံလာခဲ့မည်ဆိုပါက  ကြားဝင်   ပေါင်းစပ်ညှိနှိုင်းပေးသည့် သဘောဖြစ်စေ  ဆောင်ရွက်၍ရနိုင်မည့် အခြေအနေ  ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးက နိုင်ငံတော်မှ လုပ်ဆောင်နေသည့်   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံရေးပါတီများလည်း  ပါဝင်ဆောင်ရွက်နေကြောင်း၊ ယခင်ကလည်း ပါဝင်ဆောင်ရွက်နေသကဲ့သို့  လက်ရှိတွင်လည်း  ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည့်  အဖွဲ့အစည်းများနှင့်   နိုင်ငံရေးပါတီများ   တိုက်ရိုက်ဆောင်ရွက်သည့်  အနေအထားမျိုး ရှိကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ယင်းကိစ္စနှင့်ပတ်သက်ပြီး အကြောင်းကြားခြင်း မရှိသေးကြောင်း၊ သို့သော်လိုအပ်ပါက   လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောအွန်လိုင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ၂၀၂၀ ရွေးကောက်ပွဲ ကာလ၌ မိမိမှာ ဘားအံအကျဉ်းထောင်ထဲတွင် အကျဉ်းကျရောက်နေသဖြင့် ရွေးကောက်ပွဲအား သတင်းစာမှ စောင့်ကြည့်နေခဲ့ကြောင်း၊ ယင်းသို့စောင့်ကြည့်နေစဉ် ကြိုတင်မဲနှင့်ပတ်သက်၍   ပြောလိုကြောင်း၊ ယနေ့ UEC မှ စာအုပ်ကို ဖတ်ကြည့်ရာတွင် မိမိထင်မှတ်ထားသည်နှင့် တစ်ထပ်တည်းဖြစ်နေ သည်ကို တွေ့ခဲ့ရကြောင်း၊  မိမိက  တိုက်ထဲတွင်နေရသည့်အတွက် ကိုဗစ်ကာလတွင် မိမိတို့တိုက်၏ အခန်းငါးခန်းကို  ကိုဗစ်အတွက်  အချုပ်သားများ လာထားပါကြောင်း၊   ထားသည့် အခါ ကြိုတင်မဲပေးရပါကြောင်း၊ ကြိုတင်မဲပေးရာတွင် ကရင်ပြည်နယ်တွင် ဗမာ၊ မွန်၊  ပအိုဝ်းဆိုပါက   မဲလေးမဲပေးရပြီး အခြားတိုင်းရင်းသားများသည်   မဲသုံးမဲ သာပေးရကြောင်း၊   သို့သော်   အကျဉ်း ထောင်အထဲမှ အချုပ်သားများသည် မဲတစ်မဲစီသာပေးကြရသည်ဆိုပြီး မိမိအား   လာရောက်ပြော သူများရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲသည်  တစ်ခုခုဖြစ်နိုင်ခြေရှိလိမ့်မည်ဟု မိမိပြောခဲ့ကြောင်း၊ အမှန်တကယ်လည်း ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်များကြောင့် တရားစွဲဆိုမှုများလည်း  ရှိခဲ့ကြောင်း၊ ယခင်သတင်းစာရှင်းလင်းပွဲတွင် ဦးခင်မောင်ဦးက သဘောရိုး နှင့်ဆိုပါက တရားမစွဲပါဟု ပြောဆိုခဲ့ခြင်းများလည်း ရှိခဲ့ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟု ဆိုခဲ့သော်လည်း မိမိတို့နိုင်ငံတွင် ပဋိပက္ခများ များပြားနေခြင်းကြောင့်  အမျိုးသားပြန်လည်သင့်မြတ်ရေးကို  မီဒီယာအခန်း ကဏ္ဍအနေဖြင့်  ပြောရမည်ဆိုပါက မိမိသည် နယ်စည်းမခြားသတင်းထောက်များ အသင်းတွင်   လုပ်ခဲ့ဖူးခြင်းကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်စေလိုကြောင်း။

တချို့ မဲနှစ်မဲထည့်ခြင်း၊ သုံးမဲထည့် ခြင်းရှိကြောင်း၊   မရိုးသားသည့်နည်းဖြင့် တရားစွဲခြင်းဟု မဆိုလိုကြောင်း၊ သို့သော် မရိုးဖြောင့်ခြင်းတော့ ပေါ်လွင်ကြောင်း၊ ပျောက်ဆုံးနေသည့်  မဲများကိုလည်း သက်ဆိုင်ရာကော်မရှင်က အဘယ်ကြောင့် ခွင့်ပြုထားသည်ကိုသိလိုကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင်  သဘောရိုးဖြင့် လုပ်ရင်းကိုင်ရင်းနှင့် ရပ်/ကျေးကော်မရှင် များအနေဖြင့် လစာလည်းမရရှိကြောင်း၊ အချို့တိုင်ကြားသူများအနေဖြင့် တစ်နှစ်ကျော်ကြာမှ   တိုင်ကြားလာမှုများရှိကြောင်း၊  အမှန်တကယ်အားဖြင့်   ရပ်/ကျေးကော်မရှင်မှ   လုပ်နည်းကိုင်နည်း မှားခဲ့လျှင်   မြို့နယ်ကော်မရှင်၊   ခရိုင်ကော်မရှင်၊   ပြည်နယ်ကော်မရှင်အဆင့် ဆင့်တက်ရမည် ဖြစ်ကြောင်း၊   ပါတီကသော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်က သော်လည်းကောင်း၊   လူတစ်ဦး ချင်းကသော်လည်းကောင်း  တက်ရမည်ဖြစ်ကြောင်း၊ ထိုသို့တက်ထားခြင်းမရှိဘဲ ယခုအချိန်မှ   ဘားအံမြို့   အမှတ်(၇)ရပ်ကွက်   ရပ်/  ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌကို   ခရိုင်ကော်မရှင်ဦးစီးအရာရှိက တရားစွဲခဲ့ကြောင်း၊   ထိုသို့တရားစွဲခြင်းသည် ၎င်းခရိုင်ဦးစီးအရာရှိထံ တိုင်ကြားခြင်းကြောင့် တရားစွဲဆိုခြင်းလားဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း၊ ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မီဒီယာအခန်းကဏ္ဍမှ သွားစေလိုကြောင်း၊   အချို့အရာများကို ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလို ကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦး က   ၂၀၂၀ ပြည့်နှစ်   အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများ စသည့်   ပြဿနာများဖြစ်ပွားခဲ့မှုအပေါ် အရေးယူဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ မိမိအနေဖြင့်   ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့ကော်မရှင်ထံသို့ အလားတူ တရားမဲ့ပြုကျင့်သည့် ဖြစ်စဉ်များ၊ မဲမသမာမှုဖြစ်စဉ်များ တင်ပြခဲ့ပါက အထောက်အထားစသည့် မှတ်တမ်းများ ရှိမည်ဖြစ်ကြောင်း၊

အလားတူ   ကန့်ကွက်လွှာများတင်ပြခဲ့ပါကလည်း  အထောက်အထားနှင့် မှတ်တမ်းမှတ်ရာများ ရှိကြောင်း၊ အဆိုပါ ကိစ္စများနှင့်ပတ်သက်၍   ၂၀၂၀   ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်  ဖြစ်ခဲ့သည့် ပြဿနာများကို နောင်လာမည့်ရွေးကောက် ပွဲများတွင် ထိုသို့သောပြဿနာများ မဖြစ် စေရန်၊ ပြည်သူလူထုများလည်း သိရှိစေရန်၊ ထိုအနေအထားဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် ကျင်းပပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲများနှင့်   မတူညီကြောင်း၊ ပြဿနာများလည်း များစွာဖြစ်ခဲ့ပြီး လက်ရှိအခြေအနေအထိ  ရောက်ခဲ့ရသည့် အနေအထားကြောင့်   မိမိတို့ကော်မရှင် အနေဖြင့် ယင်းသို့ဖြစ်စဉ်များ ထပ်မံမဖြစ် ပွားရန်အတွက်  ပြဿနာများကျူးလွန်မှု နှင့်ပတ်သက်ပြီး စိစစ်ဖော်ထုတ်အရေးယူ မှုများရှိကြောင်း၊  သို့သော်   မိမိရှင်းလင်း တင်ပြခဲ့သလို စွပ်စွဲခံရသူများသည် ဥပဒေနှင့်အညီ ခုခံချေပနိုင်ခွင့်ရှိကြောင်း၊ ထိုသို့ ခုခံချေပရာတွင် မိမိသည်သဘောရိုးအရ ဆောင်ရွက်ပြီး မှန်မှန်ကန်ကန်ဆောင်ရွက်ရာမှ မှားယွင်းမှုများဖြစ်ပွားသည်ဆိုပါက သက်ဆိုင်ရာ တရားရေးအဖွဲ့အစည်းများမှ ဥပဒေနှင့်အညီသာ   စီရင်ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံ့အကျိုးပြု သတင်းမီဒီယာမှ သတင်းအယ်ဒီတာကိုခန့်က လွှတ်တော် သုံးရပ်တွင်   ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများသည်  တိုင်းပြုပြည်ပြု   ပြုလုပ်ရမည် ဖြစ်ကြောင်း၊  ထို့ကြောင့်  ကိုယ်စားလှယ်လောင်းများ  အရည်အချင်းသတ်မှတ်ချက် အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့မဟုတ် ပါတီ၊ မည်သည့်အဖွဲ့အစည်းက သတ်မှတ်ပေးသည်ကို   သိလိုကြောင်း မေးမြန်းသည်။

အရည်အချင်းနှင့်ပတ်သက်၍ နှစ်ပိုင်း

ပြည်ထောင်စု  ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက ကိုယ်စားလှယ်လောင်း၏   အရည်အချင်းနှင့် ပတ်သက်၍ နှစ်ပိုင်းရှိကြောင်း၊ တစ်ပိုင်းမှာ ရွေးကောက်ပွဲအတွက်  ကိုယ်စားလှယ် လောင်းအမည်စာရင်း  တင်သွင်းရာတွင် ရွေးကောက်ပွဲကော်မရှင်သို့ အရင်တင်သွင်းရမည် ဖြစ်ကြောင်း၊  ထိုသို့ တင်သွင်းရာ၌   ကော်မရှင်မှ  ကိုယ်စားလှယ်လောင်းတွင်  ရွေးကောက်ခံပိုင်ခွင့် အရ ပြည့်စုံရမည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မိမိတို့ကော်မရှင်မှ စိစစ်ရမည်ဖြစ် ကြောင်း၊ ကိုက်ညီမှုရှိရန် လိုကြောင်း၊   မကိုက်ညီပါက ဥပဒေကြောင်းအရ   သွားရမည်ဖြစ်ကြောင်း၊ ထိုသို့တင်သွင်းရန် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအတွက် ပါတီအနေဖြင့် မိမိပါတီ၏အစီအစဉ်ဖြင့် ရွေးချယ်ရမည်ဖြစ်ကြောင်း၊   ပါတီအပိုင်း ကရွေးချယ်ပြီး ကော်မရှင်ကို တင်ပြရမည် ဖြစ်ကြောင်း၊ ကော်မရှင်မှ ကိုယ်စားလှယ်လောင်းများအား   သတ်မှတ်ချက်နှင့်ညီ၊ မညီ   စိစစ်ရမည်ဖြစ်ကြောင်း   ပြန်လည် ဖြေကြားသည်။

လူထုရင်ဖွင့်သံ သတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင် က ဗိုလ်ချုပ် ဇော်မင်းထွန်း   ရှင်းပြသွားသည့်အထဲတွင် (NDAA)  အင်ဒို-ပစိဖိတ်ကိစ္စအတွက် အမေရိကန် ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံ အထိသုံးမည်ဟု   ကြားသိခဲ့ရကြောင်း၊ ပြည်ထောင်စု   ရွေးကောက်ပွဲကော်မရှင် အနေဖြင့်   ပြီးခဲ့သည့်သာဓကများလည်း ရှိခဲ့ခြင်းကြောင့် နိုင်ငံရေးတွင် မိမိတို့ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဝင်ရောက်စွက်ဖက်လာမည့်   အန္တရာယ်များလည်း   ရှိလာနိုင်မည်ဟု   နိုင်ငံရေး သမားများလည်း   လေ့လာသိရှိပြီးဖြစ်ကြောင်း၊ ထိုအခြေအနေတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် အမှန်တကယ် ခိုင်ခိုင်မာမာရှိသည့် ပါတီကောင်းများ   မြောက်မြားစွာပေါ်ထွက်လာရန် လိုအပ်ကြောင်း၊ ပါတီများအနေဖြင့် မိမိတို့၏ အမျိုးသား အကျိုးစီးပွားကောင်းရန် ဟူ၍ မူဝါဒများနှင့်တည်ထောင်ပြီး တင်ပြနေသည်များရှိကြောင်း၊ သို့သော်လည်း လက်တွေ့မြေပြင်တွင်   ပြီးခဲ့သည့်အနေ အထားများအရ  မိမိတို့နိုင်ငံ၏   အကျိုး စီးပွားအတွက်  စိုးရိမ်ဖွယ်ရာများတွေ့လာရကြောင်း၊   ထို့ကြောင့်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အဆိုပါပါတီများ၊   နိုင်ငံရေးကိုယ်စားလှယ်များ ကဲ့သို့   မိမိတို့ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ် ခိုင်ခိုင်မာမာရှိမည့်ပါတီကောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်ကောင်း များဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ရန် အစီအစဉ်များ   သို့မဟုတ်   NDAA ကဲ့သို့ နောက်ကွယ်မှ စွက်ဖက်လာမည့်အန္တရာယ်များ၊ ၂၀၂၂ ဘတ်ဂျက်အတွက် အန္တရာယ် ကြီးမားစွာရှိလာနိုင်ကြောင်း၊   ထိုအနေအထားတွင်   ရရှိသည့်ကာလအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်   ယင်းကိစ္စများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်   ဆောင်ရွက်သွားမည့် အခြေအနေကိုသိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက   သတင်းထောက်ကြီးမေးသည့်   မေးခွန်းသည် မေးခွန်းကောင်း တစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများ   ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ခံရသူများသည် နိုင်ငံတော်ကို အုပ်ချုပ်မည့်အစိုးရများ ဖြစ်လာမည်ဖြစ်သောကြောင့်  အရေးကြီးကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် အဆိုပါပုဂ္ဂိုလ်များသည်   အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိကြောင်း၊ ထို့ကြောင့်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊   နည်းဥပဒေများ ရှိကြောင်း၊ ကိုယ်စားလှယ်များကိုရွေးချယ်မည့်   ပြည်သူ့လွှတ်တော်၊   အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲဥပဒေများ   ရှိကြောင်း၊ အဆိုပါ ဥပဒေများကို သုံးသပ်ပြီး ပြီးခဲ့သည့် အခက်အခဲများ၊  ပြဿနာများကို သုံးသပ်၍ မိမိတို့နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုး စီးပွားအတွက် ကောင်းမွန်သည့်ဥပဒေ များဖြစ်စေရန် သုံးသပ်ဆောင်ရွက်လျက် ရှိကြောင်း၊   ထိုဥပဒေမူဘောင်များ ကောင်းမွန်မှန်ကန် ပြည့်စုံမည်ဆိုပါက အကျိုးရလဒ်သည်လည်း ကောင်းမွန်မည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊  သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား သတင်းထောက်များက မေးမြန်းကြသည်။

 

NP News သတင်းဌာနမှ သတင်းထောက် ဦးကျော်မျိုးမင်းက ၂၀၂၁ ခုနှစ် နိုင်ငံရေး အခင်းအကျင်းတွင် ဖေဖော်ဝါရီ လနောက်ပိုင်းမှစပြီး  လမ်းများပေါ်တွင် တာယာကွင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ လမ်းများပိတ်ဆို့ခြင်း၊   အကြမ်းဖက် ပြဿနာများ   များစွာဖြစ်ခဲ့ကြောင်း၊ ထိုပြဿနာများဖြစ်ပြီး  နောက်ဆက်တွဲအနေဖြင့် လက်နက်ကိုင်တော်လှန်သည့် အဆင့်ထိ ရောက်ခဲ့ကြောင်း၊ ပြည်သူလူထု က ယခုအခြေအနေတွင် နှစ်ဖက်စလုံးကို ကြောက်နေကြရကြောင်း၊   အကြမ်းဖက် သူများကလည်း ၎င်းတို့က နိုင်ပြီဟုပြောကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကလည်း မြေပြင်တွင် ထိန်းချုပ် နိုင်ပြီဟုပြောကြောင်း၊   သို့သော်လည်း ပြည်သူလူထုက   ယခုအချိန်အထိ အကြောက်တရားဖြင့်နေရကြောင်း၊ မိမိတို့နိုင်ငံ၏   သမိုင်းပြန်ကြည့်လျှင်လည်း နှစ် ၇၀ ကျော်တစ်လျှောက်လုံး ပြည်သူများ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်းမနေ ရကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက်မှုပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း၊ လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထု အေးအေးချမ်းချမ်း နေထိုင်ရအောင် ထိုကိစ္စများကို မည်ကဲ့သို့တာဝန်ယူ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။

တိုက်ကြေကားတစ်စီး၏ဒိုင်ယာရီ

ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ကြေကားတစ်စီး၏ဒိုင်ယာရီကို ဖတ်ရသကဲ့သို့ ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများရှိခဲ့ကြောင်း၊   သတင်းထောက် ကြီးမေးသကဲ့သို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်ဆိုလျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ (၇၅)နှစ်ပြည့်ပြီ ဖြစ်ကြောင်း၊ ထိုနှစ်ပေါင်း ၇၅ နှစ်အတွင်း  ပြန်သုံးသပ် ကြည့်လျှင် ၁၉၄၈ ခုနှစ်၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ၊ ၁၉၈၈  ခုနှစ်မှ  ၂၀၁၁  ခုနှစ် အထိ၊ အစိုးရအပိုင်းအခြားအလိုက် ၂၀၁၁  ခုနှစ်မှ  ယနေ့အချိန်အထိ မြန်မာနိုင်ငံထဲ၌ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားသည့်နှစ်မရှိကြောင်း၊   ထို့ကြောင့် တိုက်ကြေကားတစ်စီး၏ ဒိုင်ယာရီဟု ပြောလိုကြောင်း၊ တိုက်ပြီးသား ကားတစ်စီးက   မည်သူ့ကြောင့်တိုက်ခဲ့သည် ဖြစ်စေ၊ မည်သည့်အကွေ့၊ မည်သည့်နေရာ၌ တိုက်ခဲ့သည်ဖြစ်စေ၊ တိုက်ပြီးသားကား တစ်စင်းက  တိုက်ပြီးသားကားတစ်စင်းသာဖြစ်ကြောင်း၊ ထိုတိုက်ပြီးသားကားက သာမန်မတိုက်ရသေးသည့်   ကားများအတိုင်း   မိမိမြှင့်ချင်သည့်အရှိန်အတိုင်း မြှင့်၍မရကြောင်း၊   မိမိသွားလိုသည့် အကွေ့အတိုင်းလည်း ကွေ့၍မရကြောင်း၊ ထိန်းထိန်းသိမ်းသိမ်းဖြင့်သာ   ထိန်း၍ မောင်းရမည်ဖြစ်ကြောင်း၊ ဒရိုင်ဘာထိုင်ခုံတွင် မည်သူထိုင်ထိုင် ထိုင်နေသည့်လူတွင် သာတာဝန်ရှိကြောင်း။

မြန်မာနိုင်ငံတွင်သာ မဟုတ်ဘဲ မိမိတို့  အိမ်နီးနားချင်းနိုင်ငံများတွင်လည်း ထိုသို့သာမြင်ပါကြောင်း၊ တရုတ်နိုင်ငံတွင် အင်္ဂလိပ်-တရုတ်   ပထမဘိန်းစစ်ပွဲမှ စတင်ဖြစ်လာပြီး  ၁၉၅၀   ပြည့်နှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ  ပြန်တက်လာပြီးမှသာ  ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ကြောင်း၊   အိန္ဒိယနိုင်ငံသည်လည်း ထိုနည်းလည်းကောင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီး ခါစတွင်လည်း အိန္ဒိယ  -  ပါကစ္စတန်   ကွဲထွက်မှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း   ၁၉၇၁ ခုနှစ်   ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေး စစ်ပွဲ၊ အရှေ့ဘက်ကြည့်သော် လာအိုနိုင်ငံ သည်လည်း ထိုနည်းအတိုင်းသာ ဖြစ်နေ ကြောင်း၊   အိမ်နီးနားချင်းနိုင်ငံထဲတွင် မတိုက်ဖူးသည့်ကားဟူ၍ ထိုင်းနိုင်ငံသာ ရှိကြောင်း၊   သို့သော် ထိုင်းနိုင်ငံလည်း ပွတ်ဆွဲခံရကြောင်း၊  ဂျပန်က   မြန်မာကို စစ်ဆင်ရန်အတွက် ထိုင်းနိုင်ငံကို ဖြတ်ခဲ့ ကြောင်း၊  ဒီဘက်ကလည်း  ဟိုဘက်ကို စစ်ဆင်ရန်အတွက်  ထိုင်းကိုဖြတ်ခဲ့ ကြောင်း၊   သို့သော်   ထိုကိစ္စများသည် အတိတ်သမိုင်းဖြစ်ရပ်များ ဖြစ်ကြောင်း။

ဖြစ်ခဲ့သည့်ဖြစ်စဉ်တိုင်းတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်သည့်အခါ   အမျိုးမျိုးသုံးသပ်ကြကြောင်း၊ တပ်မတော်ကြောင့်၊ တိုင်းရင်းသားလက်နက်ကိုင်များကြောင့်   စသည် ဖြင့် အမျိုးမျိုးပြောကြကြောင်း၊   တစ်ဖက်ကလည်း   အယူဝါဒရေးရာကြောင့်ဟူ၍ ပြောကြကြောင်း၊   မြန်မာလူမျိုးများ၏ နိုင်ငံရေးဓလေ့စရိုက်ကြောင့်ဟူ၍လည်း ပြောကြကြောင်း၊   မည်သို့ပင်ဖြစ်စေ ဂျက်ဖရီဆာ့(စ) ရေးသားသည့် ဆင်းရဲမှု လွတ်ကင်းအောင်ဆိုသည့် စာအုပ်ထဲတွင် ပါသည့်စကားလုံးကို ကိုးကားလိုကြောင်း၊ ဆင်းရဲမွဲတေမှု(Poverty)က အကြောင်း ရင်းတစ်ရပ်တည်း မဟုတ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲမွဲတေမှုကို လေ့လာသည့်အခါ မကျန်းမာသောလူတစ်ယောက်၊   နာလန်မထသည့်   လူတစ်ယောက်ကို   ကျန်းမာရေးစစ်ဆေး သည့်အခါ ရောဂါပေါင်းစုံ  တွေ့ရသကဲ့သို့လည်းရှိကြောင်း၊ ထို့အတူမည်သူ့ကိုမျှ   အပြစ်မတင်ဘဲ လုပ်ဆောင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်  ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် အဓိကလိုအပ်ချက်ဖြစ် သည်ကို အစိုးရအဆက်ဆက် ဖော်ထုတ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးမရှိ၍ မိမိတို့တိုင်းပြည်   တိုးတက်မှုမရှိခြင်းဖြစ်ကြောင်း၊ သို့သော် လက်တွေ့လုပ်ဆောင်ပြီး  ပြေလည်သွားပါသည်ဟူ၍ လက်တွေ့တွင် အားလုံးပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း။

ဒီမိုကရေစီ အသွင်ကူးပြောင်းစကာလ ၂၀၁၅ ခုနှစ်တွင်  နိုင်ငံတကာအဖွဲ့အစည်း များအပါအဝင် NCA လက်မှတ်ရေးထိုးနိုင် ခဲ့ခြင်းသည် သမိုင်းမော်ကွန်းတစ်ရပ်ဖြစ်ကြောင်း၊ ယခုဒရိုင်ဘာ ထိုင်ခုံတွင် ထိုင်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးသည်သာ အဓိကဟုမြင်ကြောင်း၊   ငြိမ်းချမ်းရေး မရှိသည့်အတွက် မိမိတို့ခွန်အား၊ စွမ်းအားများ၊  အချိန်များသည် ထိုအပေါ်မှာသာ ကုန်ခဲ့ရကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအပေါ် အားစိုက်သင့်သလောက် အားမစိုက်ရကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင်  ငြိမ်းချမ်းရေးကို လုပ်ဆောင်မည်ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း၊ တစ်နှစ်တည်းဆိုသော်လည်း  ရောက်နိုင်သည့် အဆင့်ထိရောက်အောင်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ငြိမ်းချမ်းရေးနှင့်  ပတ်သက်ပြီးပြောသည့်အခါ မီဒီယာများကို မိမိမကြာခဏပြောခဲ့သကဲ့သို့ ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးသည် ဆိုသည်မှာ လက်မှတ်ရေးထိုးသည့်အချိန်ကိုသာ မြင်ကြောင်း၊  ယခင်တပ်မတော် အစိုးရလက်ထက် က   NCA   လက်မှတ် ရေးထိုးသည့် လူအများစုသည်   အနည်း ဆုံး   Bilateral   စာချုပ်ရှိကြကြောင်း၊ Gentlemen’s Agreement များ ရှိကြ ကြောင်း၊ ၎င်းတို့သည် နယ်မြေသတ်မှတ် ချက်များရှိကြောင်း၊ ထိုအထဲမှအခြေခံပြီးဖြစ်လာကြောင်း၊  ယခုအချိန်တွင်   NCA လက်မှတ်မရေးထိုးသေးသူများ၊   NCA လက်မှတ်ရေးထိုးပြီးသူများသည် ငြိမ်းချမ်းရေးကို တက်လှမ်းနိုင်ရန် အဆင့်များလိုကြောင်း၊ ထိုအဆင့်များထဲမှအဆင့်များကို တက်နိုင်ရန်   မိမိတို့ကြိုးစားဆောင်ရွက်မည်ဟု   ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

NP News သတင်းဌာနမှပင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဘက်က ၂၀၂၃ ခုနှစ်  ဩဂုတ်လမတိုင်မီ  ရွေးကောက်ပွဲ လုပ်ပေးမည်ဟူ၍ ကတိကဝတ်များရှိခဲ့ သည်ကို တွေ့ရကြောင်း၊ ထပ်ပြီးစိတ်ဝင်စား ဖွယ်ကောင်းသည့်ကတိကဝတ်မှာ တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းများကို မည်သည့်အာမခံချက်များ   ကြိုပေးထားနိုင်မည်ကို သိလိုကြောင်း၊ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်ကလည်း  ပုဒ်မ ၂၆၁ ကို လွန်ခဲ့သည့်နှစ်နှစ်ကျော်က   ပြောခဲ့ဖူး ကြောင်း၊ ယခုကတည်းကကြိုပြီး မည်သို့သော နိုင်ငံရေးကတိကဝတ်များပေးနိုင် မည်ကိုသိလိုပါကြောင်း မေးမြန်းသည်။

အဖွဲ့ကြီးပေါင်း ၁၈ ဖွဲ့ရှိ

ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦး ပြောခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံရေးပါတီ ၉၂ ပါတီရှိကြောင်း၊ ၉၂ ပါတီ တွင် တိုင်းရင်းသားပါတီပေါင်း ၄၈ ပါတီ ရှိကြောင်း၊ တိုင်းရင်းသားပါတီပေါင်း ၄၈ ပါတီထဲတွင် တိုင်းရင်းသားပါတီ ၁၈ ပါတီ မှာပူးပေါင်းပြီးဖြစ်ကြောင်း၊ ကချင်သုံးပါတီ၊ ကယားနှစ်ပါတီ၊ ကရင်သုံးပါတီ၊ ချင်းသုံးပါတီ၊ မွန်နှစ်ပါတီ၊ ရခိုင်နှစ်ပါတီ၊ ရှမ်းနှစ်ပါတီတို့   ပူးပေါင်းပြီးဖြစ်ကြောင်း၊ ပြည်နယ်တစ်ဝန်းလုံးကို စည်းရုံးမည့်ပါတီ ပေါင်း ၇၄   ခုရှိကြောင်း၊   တိုင်းဒေသကြီး နှင့်ပြည်နယ်တွင် စည်းရုံးမည့်ပါတီ ၁၈ပါတီ ရှိကြောင်း၊  ပါတီများခွဲမှတ်မည်ဆိုလျှင် တည်ဆဲ ၉၂ ပါတီ၊ တိုင်းရင်းသားပါတီ ၄၈ ပါတီထဲတွင် ပူးပေါင်းပြီးပါတီများပါကြောင်း၊ EAO အဖွဲ့များအနက် NCA လက်မှတ် ရေးထိုးပြီးသား EAO အဖွဲ့များ ၁၀ ခုရှိကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ရှစ်ဖွဲ့၊ NLD  အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးသည့် နှစ်ဖွဲ့စုစုပေါင်း ၁၀ ဖွဲ့၊ NCA လက်မှတ် ရေးထိုးပြီး EAO အဖွဲ့ ရှစ်ဖွဲ့ရှိကြောင်း၊ အားလုံးအဖွဲ့ကြီးပေါင်း ၁၈ ဖွဲ့ရှိကြောင်း။

နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီ များ၊ EAO အဖွဲ့များကို မိမိတို့ပြောနိုင်သည် မှာ နံပါတ် (၁) အချက်အနေဖြင့် မိမိတို့ကတိပေးထားသည့်အတိုင်း လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကို   ပြန်ပြီး လုပ်ပေးမည်ဖြစ်ကြောင်း၊ နံပါတ် (၂) ပေးနိုင်သည့်ကတိမှာ  ဒီမိုကရေစီနှင့်  ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို မိမိတို့အာမခံကြောင်း၊ ဒီမိုကရေစီကို မိမိမရှင်းပြတော့ဘဲ  ဖက်ဒရယ်စနစ်ကိုသာ   ပြောမည်ဖြစ်ကြောင်း၊  နိုင်ငံတော်ဝန်ကြီး ချုပ်က  စတုတ္ထအကြိမ်   ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)တွင် ပြောခဲ့ပြီးဖြစ်ကြောင်း၊   ယင်းအထဲတွင် ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို   စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဟု ပြောကြောင်း၊ မိမိတို့ ယူဆထားသည့် ဖက်ဒရယ်သည် ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း ဖြစ်ကြောင်း၊ နံပါတ်(၃)အချက်က နိုင်ငံရေးပါတီ၊   တိုင်းရင်းသားပါတီဝင်များ အပါအဝင် နိုင်ငံရေးပါတီများသည် ၎င်းတို့ကို ထောက်ခံသည့်   ပြည်သူလူထုကို ကိုယ်စားပြုသည့်   လူများဖြစ်ကြောင်း၊ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြု မှုများရှိကြောင်း၊ ပါတီများက ဝါဒရေးရာ အရဖြစ်လာသည့် ပါတီများဖြစ်ကြောင်း၊ ဥပမာပြောရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမေးလျှင် ၎င်းကဒီမိုကရေစီဟု ပြောမည်ဖြစ်ကြောင်း၊   ဒီမိုကရေစီတပ် ထားသည့်ပါတီကို ၎င်းတို့၏ရည်မှန်းချက် ကိုမေးလျှင် ဒီမိုကရေစီဟုပြောကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကိုမေးလျှင် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဟု ပြောမည် ဖြစ်ကြောင်း၊ ထိုအရာများသည် ဝါဒရေးရာပါတီများဖြစ်ကြောင်း၊ ၎င်းတို့သွားမည့်   ဒီမိုကရေစီ လမ်းကြောင်းချင်း အနည်းငယ်ကွဲပြားချင် ကွဲပြားလိမ့်မည်ဖြစ်ကြောင်း၊ လူမျိုးရေးနှင့် ပတ်သက်သည့် ပါတီများသည် လူမျိုးစုအလိုက်  ကိုယ်စားပြုသည့် ပါတီများဖြစ်ကြောင်း၊   ဒေသ အလိုက် ကိုယ်စားပြုသည့်ပါတီများ အနည်းငယ်ရှိကြောင်း၊ ထိုပါတီများက ကိုယ်စားပြုမှုအပေါ် မူတည်ပြီး ၎င်းတို့၏ပရိသတ်များရှိကြောင်း၊   ထို့ကြောင့် ပါတီများ၊   တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့်   ကိုယ်စားပြုနိုင်ရေးအတွက် မိမိတို့သည်  အချိုးကျကိုယ်စားပြု စနစ် PR ကိုသွားမည်ဟု အာမခံကြောင်း။

နံပါတ်  (၄)  အချက်ကို   နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် NCA (၅)  နှစ်မြောက်   နှစ်ပတ်လည်နေ့တွင် ပြောပြီးဖြစ်ကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  မိမိတို့ဒေသ အကျိုးကို မိမိတို့ကိုယ်တိုင်   ပိုမိုဖော်ဆောင်နိုင်ရန် သက်ဆိုင်ရာ ဒေသခံပြည်သူများအနေဖြင့် ဒီမိုကရေစီ၏အနှစ်သာရကို ပိုမိုခံစားရရှိ နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက ရွေးချယ်ခန့်ထားနိုင်ရန်  တပ်မတော်က လိုလားကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များ၊ တိုင်းဒေသကြီး လွှတ်တော်များက ရွေးချယ်ခန့်ထားနိုင်ရန် မိမိတို့ ကတိပေးခဲ့ပြီးဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက် ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၂  တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဥပဒေပြုစာရင်း အချက် ၃၄ ချက် မိမိတို့ ဆောင်ရွက်ပေးခဲ့ကြောင်း၊  ဇယား ၅ တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များ က အကောက်ခံရမည့်အကောက်ခွန်များ အချက် ၂၀  ကို   ပြင်ဆင်ပေးခဲ့ကြောင်း၊ တိုးချဲ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် လိုအပ်လျှင် ထပ်မံတိုးချဲ့နိုင်ရန် ဆွေးနွေးမည်ဟု ပြောခဲ့ကြောင်း၊ အခြေခံဥပဒေတွင် ပြည်နယ်များ၊  တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်များ အခွန်အကောက်များကို ထိုဇယား ၂ နှင့်  ဇယား ၅   တွင်   ဖော်ပြထားကြောင်း၊   ထိုသို့ပြုပြင်ကတည်းက တပ်မတော်အနေဖြင့် ထောက်ခံခဲ့ကြောင်း၊ ထိုသို့နောက်ထပ် လုပ်ဆောင်နိုင်ရန် ကတိပေးနိုင်ကြောင်း၊ နံပါတ် (၆) အနေဖြင့် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းအသစ် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံ ရေးပါတီများအနေဖြင့် UEC နှင့် တွေ့ဆုံခဲ့ မှုများရှိကြောင်း၊   ငြိမ်းချမ်းရေး ဦးဆောင် မှုညှိနှိုင်းရေးအဖွဲ့နှင့်  တွေ့ဆုံခဲ့ခြင်းများ လည်းရှိကြောင်း၊   ထိုနေရာတွင်လည်း   လမ်းဖွင့်ပေးထားခဲ့ကြောင်း၊ ညှိနှိုင်းဆွေး နွေးပြီးမှ နောက်ထပ်ခရီးဆက်နိုင်ရန် မိမိတို့ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ မိမိတို့ကတိပေးနိုင်သည့် အချက်ငါးချက်ကို ပြောပြီးဖြစ်ကြောင်း၊  ဆက်လုပ်သွားမည့် အချက်တစ်ချက်ရှိပြီး ထိုအချက်ခြောက်ချက်သည် တိုင်းရင်းသားပါတီများနှင့် EAO အဖွဲ့များကို မိမိတို့လက်တွေ့ဆောင်ရွက်နေသည့်၊ ကတိပေးနိုင်သည့်အချက်များ ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာန ကိုယ်စားပြု မသဇင်ဦးက လာမည့်ဖေဖော်ဝါရီလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်  နိုင်ငံတော်တာဝန်   လွှဲပြောင်း တာဝန်ယူခဲ့သည်မှာ   တစ်နှစ်ပြည့်ပြီ ဖြစ်ကြောင်း၊   တစ်နှစ်ပြည့်ပြီဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ  အရေး ပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မ ၄၂၅ အရဆက်လက်၍ သက်တမ်းတိုးသွားရန် အစီအစဉ်   ရှိ၊   မရှိ   သိလိုကြောင်းနှင့် လာမည့်   ၂၀၂၃   ခုနှစ်   သြဂုတ်လတွင် နောက်ဆုံးထား၍   ရွေးကောက်ပွဲ ကို ပြန်လည်ကျင်းပပေးသွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဝန်ကြီးချုပ် က ပြောကြားသွားမှုရှိကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ယနေ့ကာလတွင် တည်ငြိမ်မှုမရှိသေးသဖြင့် လာမည့် ၂၀၂၃   ခုနှစ်တွင်   မိမိတို့မျှော်လင့်ထား သကဲ့သို့   ရွေးကောက်ပွဲကြီးကျင်းပရန် ဖြစ်မှဖြစ်ပါ့မလားဆိုသည့် စိုးရိမ်စိတ်များ ဖြစ်နေကြောင်း၊   ယင်းနှင့်ပတ်သက်ပြီး သိရှိလိုကြောင်းမေးမြန်းသည်။

ပြဋ္ဌာန်းချက်များ၊ နည်းလမ်းများရှိ

ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ တစ်နှစ်ပြည့်မြောက်ပြီးလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ  အရေးပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များအရ မိမိတို့လုပ် ဆောင်ရမည့်ပြဋ္ဌာန်းချက်များ၊ နည်းလမ်းများရှိပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်   ရှိနေသည့်  နိုင်ငံတော်ကာကွယ်ရေးနှင့်   လုံခြုံရေးကောင်စီကို အခြေအနေတင်ပြပြီး  သက်တမ်း တိုးနိုင်ရန် ဥပဒေနှင့်အညီ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ယခု ဖြစ်ပျက်နေသည့် အခြေအနေမှာ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးမြောက်ပိုင်း၊ မကွေးတိုင်းဒေသ ကြီးမြောက်ပိုင်း၊   တချို့နေရာများတွင်  မငြိမ်မသက်ဖြစ်နေသည်များ၊   အကြမ်းဖက်မှုများရှိနေ သေးကြောင်း၊  ၂၀၂၃  ခုနှစ်  သြဂုတ်လသည် ဥပဒေအရ  နောက်ဆုံးရွေးကောက်ပွဲ ကျင်းပရမည် ဖြစ်ကြောင်း၊   ယင်းကိစ္စနှင့်ပတ်သက်ပြီး မိမိတို့ကတိ အတိုင်းဖြစ်နိုင်အောင် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း၊ သို့သော်မငြိမ်မသက် ဖြစ်‌အောင်  မိမိတို့လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊  NUG၊   PDF   အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့်   တချို့သော EAO အဖွဲ့ထဲကအစိတ် အပိုင်းအချို့ ကသာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊   မိမိတို့ အနေဖြင့် EAO အဖွဲ့များနှင့်ပတ်သက်ပြီး မိမိတို့၏စခန်းများ၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနေရာများ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လာရောက်မတိုက်ခိုက်မချင်း မိမိတို့အနေဖြင့်   တိုက်ခိုက်မှု မရှိကြောင်း၊ သို့သော် လာရောက်ထိပါးလာပါက မိမိတို့အနေဖြင့် လုံခြုံရေးအရ   လိုအပ်သလိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊   မိမိအနေဖြင့် ထပ်ပြောရလျှင်   ကတိအတိုင်းဖြစ် နိုင်အောင်   ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာန ကိုယ်စားပြု မသဇင်ဦး က ယခုလက်ရှိဖြစ်ပျက်နေသည့် ပြဿနာတော်တော်များများတွင် ဝန်ထမ်းများဆိုလျှင် လစာအခြေအနေနှင့်ပတ်သက်၍   နိုင်ငံတော်အနေဖြင့် တိုးမြှင့်မပေးနိုင်သေးသည်ကို  မိမိတို့ နားလည်နိုင်ပါကြောင်း၊   တစ်ဖက်တွင် လည်း ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများအလူးအလဲ ခံနေရကြောင်း၊ ကုန်စျေးနှုန်း ဆိုသည်ထက် ဆီစျေးတိုးမြင့် မှုပြဿနာက အလွန်ဆိုးဆိုးရွားရွား ဖြစ်နေကြောင်း၊ အထူးသဖြင့်  ဆီစျေးနှင့် ပတ်သက်၍ လေ့လာကြည့်ရာတွင် ပြည်ပက တင်သွင်းသည့်ဆီများကို စျေးမသက် မသာနှင့်ဝယ်ရသည်ကို နားလည်ပေးနိုင်သော်လည်း မိမိတို့ပြည်တွင်းက ထုတ်လုပ်နိုင်သည့် ဆီများကို  အစိုးရစျေးနှုန်းဖြင့် ရောင်းချခြင်းမရှိဘဲ နိုင်ငံခြားကတင်သွင်းသည့် စျေးနှုန်းအတိုင်း ရောင်းချနေသည့် ဆီဆိုင်များရှိကြောင်း၊ မြန်မာနိုင်ငံရှိဆီဆိုင် ၁၀၀ တွင် ဆိုင်ပေါင်း ၉၀ ကျော်ခန့် က ဆီခြင်တွယ်မှု မမှန်မကန် လုပ်ဆောင်နေသည်ကို မိမိတို့ကိုယ်တွေ့ တွေ့ရှိခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ မည်သို့ကြီးကြပ်လုပ်ဆောင်ပေးနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။

ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိ

ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံ၌ စက်သုံးဆီထုတ်လုပ်နေသည့် ရေနံချက်စက်ရုံများ ရှိကြောင်း၊ သို့သော် လက်ရှိတွင် လုပ်ငန်းပြည့်လည်ပတ်နေသည့် စက်ရုံမှာ ယခင်ကတည်းက စက်ရုံ တစ်ရုံသာရှိကြောင်း၊ ရေနံထွက်နှုန်းနှင့် ၎င်း၏ထုတ်လုပ်နိုင်စွမ်းက ပြည်တွင်း သုံးစွဲနေသည့် ပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့် သာရှိကြောင်း၊ စက်အခြေအနေကလည်း အဆင့်မြင့်သည့် စက်သုံးဆီမထုတ်လုပ် နိုင်ကြောင်း၊ 92၊ 95 တို့ကို မထုတ်လုပ်နိုင်ကြောင်း၊   70   Ron   သာ  ထုတ်လုပ်နိုင်ကြောင်း၊ ၉၀ ရာခိုင်နှုန်းကျော်က ပြည်ပမှ ပြည်တွင်းကို   တင်သွင်းနေရကြောင်း၊ ရေနံစိမ်းစျေးများလည်း တက်နေကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်ပြီး မိမိတို့ဖြေလျှော့ ဆောင်ရွက်ပေးနေသည်မှာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများ ရောင်းချပေးပြီး တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက် အရောင်းဆိုင် ၂၂၀ ကျော်တွင် သက်သာ သည့်စျေးနှုန်း အတိုင်း  ရောင်းချပေးလျက်ရှိကြောင်း၊ ယင်းသို့ရောင်းချရာတွင်လည်း သက်ဆိုင်ရာကော်မတီများ၏ ကြီးကြပ်မှုနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် အခြား သက်ဆိုင်သည့် ဌာနများ ပူးပေါင်းပြီးဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊  ယခင်ခေတ်ကကဲ့သို့   အစိုးရစက်သုံးဆီဆိုင်များက   ဖြန့်ဖြူးပေး ခြင်းမျိုး မဖြစ်နိုင်တော့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ယခင်က မြန်မာ့ရေနံထွက် ပစ္စည်းရောင်း ဝယ်ရေး   အရောင်းဆိုင်များကို ပုဂ္ဂလိကသို့  လွှဲပြောင်းပေးခဲ့ပြီးနောက် လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို ၂၀၁၇ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဘေးကင်းလုံခြုံမှုရှိစေရန်နှင့်   လွတ်လပ်မျှတသည့် စျေးကွက်ဖြစ်စေရေးအတွက် အဓိကထား၍ ကြပ်မတ်လျက်ရှိကြောင်း၊ နိုင်ငံပိုင်ရေနံချက်စက်ရုံ၏ ထုတ်လုပ်နိုင်သည့်ပမာဏ၊   ထုတ်လုပ်နိုင် သည့် ဓာတ်ဆီအရည်အသွေးများက နိုင်ငံတော်၏ မြို့အင်အားအလိုက် အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန်   လက်ရှိအခြေအနေအရ လုပ်၍မရနိုင်ကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်၍   စက်သုံးဆီစျေးနှုန်း ကြီးကြပ်ရေးကော်မတီကို  မိမိတို့အနေဖြင့်  ပြော၍ရကြောင်း၊   အရည်အသွေး စစ်ဆေးရေးကော်မတီအနေနှင့်လည်း လိုက်ပါဆောင်ရွက်ပေးနိုင်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာန  ကိုယ်စားပြု မသဇင်ဦး က  ၂၀၂၂  ခုနှစ်   WTI   ၏ အစီရင်ခံစာလည်း   ထွက်ပေါ်လာပြီဖြစ်ကြောင်း၊ ထိုအစီရင်ခံစာတွင် ကိုဗစ်စတုတ္ထလှိုင်းအလွန်၌ ဆီစျေးများထပ်မံ မြင့်တက်ရန်ရှိသည်ဟု ဖော်ပြထားကြောင်း၊ ယခုလက်ရှိ မိမိတို့နိုင်ငံတွင် ဖြစ်ပျက်နေသည်မှာ ဆီစျေးနှုန်းမြင့်မားမှုအပြင် ဆီဆိုင်များ၏ ခြင်တွယ်မှုမမှန်ကန်သည့်ပြဿနာကို ရင်ဆိုင်နေရသည့် အတွက် ယင်းဆိုင်များကို အရေးယူရန် မည်သို့ဆောင်ရွက် မည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်သုံးဆီ ကြီးကြပ်ရေး အရည်အသွေးစစ်ဆေးရေး ကော်မတီရှိကြောင်း၊  ထိုကိစ္စနှင့်ပတ်သက်ပြီး ယခင်ကလည်း ထုတ်ပြန်ခဲ့ဖူးကြောင်း၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ် များလည်း သတင်းစာများတွင်  ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်သူလူထုကလည်း  တစ်ဖက်တစ်လမ်းက ကူညီသောအားဖြင့် မသမာမှုများတွေ့လျှင် ၎င်းနေရာများကို  တိုင်ကြားရန်၊ အကြောင်းကြားပေးရန်   မိမိအနေဖြင့် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)