Skip to main content
01

စားသုံးသူများအခွင့်အရေးနှင့် စားသုံးသူရေးရာဦးစီးဌာန

နစ်နာဆုံးရှုံးမှုများအတွက် ကုစားခွင့်ဆိုသည်ကို ကမ္ဘာကသိစေရန် အစပြုခဲ့သည်ကတော့ ဟန်မူရာဘီကိုဓဥပဒေပါ။ ကမ္ဘာ့ပထမဦးဆုံး တရားစီရင်ရေးဥပဒေဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် ဘေဘီလုံမြို့ကြီး၏ အရှင်သခင် ဟန်မူရာဘီ ဘုရင်ကြီးရေးသားပြုစုခဲ့သည့် ဟန်မူရာဘီကိုဓဥပဒေ (Code of Hammurabi) ထဲတွင် “သွားတစ်ချောင်း ဆုံးရှုံးမှုအတွက် သွားတစ်ချောင်း၊ “မျက်လုံးတစ်လုံး ဆုံးရှုံးမှုအတွက် မျက်လုံးတစ်လုံး ဆိုပြီး ဆုံးရှုံးမှုနှင့် တန်းတူပြန်ပေးရသည့် ကုစားခွင့် (သို့မဟုတ်) လျော်ကြေးပြန်ပေးရသည်ဆိုသည်ကို လူသိများပြီး ကမ္ဘာကျော်သည့် လျော်ကြေးဟု သတ်မှတ်မည်ဆိုလျှင် မှားဖွယ်ရာရှိမည်မထင်ပါ။ ယနေ့ခေတ်အမြင်အရ ရက်စက်ကြမ်းကြုတ်မှုရှိသည့် လျော်ကြေး (ဝါ) တရားစီရင်ရေးဟုမြင်နိုင်သော်လည်း ရှေးခေတ် အခါက မျှတမှုရှိသည့်ပြဋ္ဌာန်းချက်ဆိုပြီး လက်ခံခဲ့ကြခြင်းပါ။ တရားစီရင်ရေး (ဝါ) ကုစားခွင့်ဆိုသည်ကို ကိုဓဥပဒေက အစပြုသည်ဟု လက်ခံခဲ့ကြသော်လည်း ခေတ်ကာလ၊ ယဉ်ကျေးမှုနှင့် လက်ခံနိုင်စွမ်းများ ပြောင်းလဲလာသည့်အခါတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ နစ်နာမှုများအတွက် ကုစားနိုင်မည့် (သို့မဟုတ်) အပြစ်ပေးနိုင်မည့် စည်းကမ်းများကို နိုင်ငံတကာက ဥပဒေများရေးဆွဲပြီး ပြဋ္ဌာန်းလာကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံသားများ၏ နစ်နာမှုနှင့် ဆုံးရှုံးမှုများအတွက် တရားမဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ အထူးဥပဒေစသည့် ဥပဒေပေါင်းများစွာ ရေးဆွဲကာကွယ်ပေးလျက်ရှိပါသည်။ သို့သော် အသွေးအသားနှင့် တည်ရှိနေသော လူသားများအဖို့ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ နစ်နာမှုများပါ ရှိနေပြန်ပါသေးသည်။

စားသုံးသူအခွင့်အရေး ဆုံးရှုံး

ရုပ်ပိုင်း၊ ဂုဏ်ပိုင်း၊ နာမည်ဂုဏ်သတင်းပိုင်းနှင့် ပတ်သက်ပြီး ထိခိုက်နစ်နာမှုများရှိလျှင် လက်ရှိ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် အရေးယူ ဆောင်ရွက်၍ရသော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှုများအတွက် ကုစားခွင့်ဆိုသည်မှာ မရှိသလောက် နည်းပါးပါသည်။ ဗုဒ္ဓအဆုံးအမအတိုင်း သက်ကြီး၊ ဝါကြီးနှင့် ဆရာသမားများ၏ သွန်သင်လမ်းပြပေးမှုအောက်တွင် နေထိုင်လာကြသည့် မြန်မာ လူမျိုးများသည် သည်းခံစိတ်နှင့် အားနာတတ်သည့် စိတ်လွန်စွာကြီးမြင့်ကြသူများ ဖြစ်သည့်အလျောက် ကိုယ်ပိုင်ပစ္စည်း အခိုးခံရလျှင်တောင် ဝဋ်ကြွေးရှိ၍ ပြန်ပေးဆပ်ရသည် ဟုဆိုကာ ဖြေသိမ့်နိုင်ကြသူများ ဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများ ကြုံတွေ့ရသော်လည်း သည်းခံစိတ်ဖြင့်သာဖြတ်ကျော် ခဲ့ကြသည့်အတွက် မွေးကတည်းက ကိုယ်ပိုင် ရရှိနေကြသည့် ကိုယ့်အခွင့်အရေး (သို့မဟုတ်) စားသုံးသူအခွင့်အရေး ဆုံးရှုံးနေသည်ဆိုသည်ကို သိသူ အလွန်နည်းပါးခဲ့ကြပါသည်။ အခွင့်အရေး မသိသူများအဖို့ ကုစားခွင့်ဆိုသည်မှာ တောင်းရ ကောင်းမှန်းမသိသည့် အခြေအနေများကို စာရေးသူ ကိုယ်တိုင်အပါအဝင် စာဖတ်သူများအားလုံးလည်း ကြုံတွေ့ဖြတ်ကျော်ခဲ့ရမည်ဟုထင်ပါသည်။

ကိုယ်ပိုင်ဆိုင်သည့်စက်ဘီးလေး ပျောက်ဆုံး လျှင် ရဲစခန်း၌ အမှုဖွင့်တိုင်တန်း၍ ရသည်ဆိုသည်ကို လူအများစုက သိကြသော်လည်း ခရီးသည်တင်ကား စီးရာ၌ ခရီးဆုံးထိမပို့ဘဲ လမ်းခုလတ်တွင် ချပေးခဲ့လျှင်လည်း တိုင်ရမည့်နေရာနှင့် အားထားရမည့် ဥပဒေဆိုသည် မရှိခဲ့ပါ။ အပန်းဖြေခရီးသွားသည့်အခါ ခရီးသွား Agency များက ဟိုတယ်တွင်တည်းရမည်ဆိုကာ အာမခံခေါ်ယူခဲ့ပြီး ဘုန်းကြီးကျောင်းတွင် တည်းခဲ့ရလျှင်လည်း တိုင်ရမည့်နေရာနှင့် အားထား ရမည့် ဥပဒေဆိုသည် မရှိခဲ့ပါ။ TV တစ်လုံးဝယ်လိုက် ၍ အာမခံကာလမပြည့်မီ ချို့ယွင်းလာမှုအတွက် အာမခံအတိုင်း ပြန်မပြင်ပေးခဲ့လျှင်လည်း တိုင်ရမည့်နေရာနှင့် အားထားရမည့် ဥပဒေဆိုသည်မရှိခဲ့ပါ။ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲ၍ ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှုများအနက် နစ်နာမှုအချို့သည် လက်ရှိတည်ဆဲဥပဒေများအရ ဖြေရှင်း ပေးရန် အဆင်ပြေသော်လည်း စိတ်ပိုင်းဆိုင်ရာ နစ်နာမှုများကဲ့သို့သော ထိခိုက်မှုများအတွက် လက်ရှိ တည်ဆဲဥပဒေများနှင့် ပြဋ္ဌာန်းဥပဒေများအရ ကုစားပေးရန်မလွယ်ကူပါ။ ဥပမာအနေဖြင့် ပြောရလျှင် ခရီးသည်တင်ကားတစ်စီး၏ဝန်ဆောင်မှုကို ရယူစီးနင်းလာသော ခရီးသည်တစ်ဦး၏ SuitCase အား ကားဝမ်းဗိုက်အတွင်း၌ တင်ဆောင်လာခဲ့ရာ ခရီးဆုံးရောက်သည့်အချိန်တွင် ကားဝမ်းဗိုက်အတွင်း၌ တင်ဆောင်ခဲ့သော SuitCase အတွင်း ငါးညှီရေများစွန်းထင်ကာ အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေသည့်အတွက် စိတ်အနှောင့်အယှက် ဖြစ်ပေါ်ခဲ့၍ ကားပိုင်ရှင်အားပြောကြားရာတွင် တာဝန်ယူပေးမှု မရှိသည့်အခြေအနေမျိုးတွင် အားကိုးရန်နှင့် ကိုးကားစရာဥပဒေလိုအပ်ပါသည်။

ဖော်ဆောင်ပေးခဲ့

ယင်းကဲ့သို့သော အခြေအနေများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲ၍ ဖြစ်ပေါ်လာသည့် စားသုံးသူ ထိခိုက်နစ်နာမှုများ အပေါ် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ဖြင့် နစ်နာမှုများအတွက် ပြောဆိုကြားနာပိုင်ခွင့်၊ ကုစားခွင့်၊ လျော်ကြေးရပိုင်ခွင့်နှင့် တရားစွဲဆိုပိုင်ခွင့်များ ရရှိလာအောင် ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ပါ သည်။ ပြည်သူတိုင်းသည် စားသုံးသူဖြစ်၍ စားသုံးသူတိုင်းသည် စားသုံးသူအခွင့်အရေးရထိုက်သူများ ဖြစ်ကြပါသည်။ စားသုံးသူများ၏ အခွင့်အရေးဆုံးရှုံး နစ်နာမှုများနှင့် ထိခိုက်နစ်နာမှုများအတွက် တိုင်ကြား နိုင်သည့်နေရာသည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီး ဌာနဖြစ်ပြီး အားထားပြုရမည့်ဥပဒေမှာ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ဖြစ်ပါသည်။ သို့သော် လိုအပ်လာလျှင် အခြားဌာနဆိုင်ရာများ၏ အထူးဥပဒေများ၊ တည်ဆဲဥပဒေများနှင့် အရေးယူ ဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်ပါသည်။ အခြားဥပဒေများနှင့် အရေးယူခြင်းဆိုသည်မှာ မည်ကဲ့သို့သောအခြေအနေမျိုးလဲဟုဆိုလျှင် စားသုံးသူအား ထိခိုက်နစ်နာစေရန် ပြုလုပ် ကျူးလွန်ခဲ့သည့် အကြာင်းအရာသည် စားသုံးသူကာကွယ်ရေးဥပဒေ အရရော၊ အခြားဌာနဆိုင်ရာ၏ အထူးဥပဒေအရရော အရေးယူဆောင်ရွက်၍ရသည့် အခြေအနေမျိုးတွင် ပိုမိုထိရောက်လေးနက်စေမည့် ပြဋ္ဌာန်းချက်ပေါ်တွင် မူတည်ပြီး တရားစွဲဆိုရမည့်ဥပဒေကို ရွေးချယ်ကာ လိုအပ်ပါက အခြားဌာနဆိုင်ရာများ၏ အထူးဥပဒေများဖြင့် ဌာနမှ တရားလိုလုပ်ကာ အရေးယူဆောင်ရွက်ခြင်းမျိုးကို ဆိုလိုခြင်းဖြစ်သည်။ စာရေးသူ၏ အတွေ့အကြုံတစ်ခုအား ပြန်ပြောရမည်ဆိုလျှင် စားသုံးသူတစ်ဦးက ကြက်ကြော်ဝယ်စားရာတွင် အနံ့အရသာ ပြောင်းလဲနေကာ စားသုံးပြီးနောက် ဝမ်းရောဂါ ခံစားရသည့်အတွက် တိုင်ကြားလာသဖြင့် မြေပြင် ကွင်းဆင်းစစ်ဆေးရာတွင် ရက်လွန်နေသည့် ကြက်အပုပ်အား ပြုပြင်ရောင်းချခဲ့၍ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေထက်ပိုမိုလေးနက်နိုင်မည့် အမျိုးသားအစားအသောက်ဥပဒေဖြင့် တရားစွဲဆိုဆောင်ရွက်ခဲ့ရသည့် ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါသည်။

တိုင်ကြားမှုပေါင်း ၃၅၀၀ ကျော်အထိ လက်ခံဖြေရှင်း

စားသုံးသူထိခိုက်နစ်နာမှုများအတွက် အလွယ်တကူတိုင်ကြားနိုင်ရန်အလို့ငှာ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) များကို ဖွင့်လှစ်ဆောင်ရွက်ထားသကဲ့သို့ DOCA Website၊ DOCA Myanmar Mobile Application နှင့် Consumer Call Center များမှတစ်ဆင့် အဆင်ပြေသည့်နည်းလမ်းများကို ရွေးချယ်တိုင်ကြားနိုင်ပြီဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ်မှစ၍ တစ်တိုင်းပြည်လုံးတွင် တိုင်ကြားမှုပေါင်း ၃၅၀၀ ကျော်အထိ လက်ခံဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်လည်း စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအား ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးရေးအရာရှိများစွာလည်း ခန့်အပ် ခဲ့ပြီးဖြစ်ပါသည်။ ကုမ္ပဏီတစ်ခုသည် နိုင်ငံခြားမှ တင်သွင်းသည့်ကုန်ပစ္စည်းဟု ကြော်ငြာကာ ဈေးကြီးကြီးရောင်းချနေသော်လည်း နိုင်ငံခြားမှ တင်သွင်းလာခြင်းမဟုတ်ဘဲ အာရှနိုင်ငံများမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ပြန်လည် ထုပ်ပိုးရောင်းချနေကြောင်းကို စုံစမ်းစစ်ဆေးရေး အရာရှိများက မြေပြင်ကွင်းဆင်းတွေ့ရှိရသည့် အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အရ ဌာနမှ တရားစွဲဆိုခဲ့သောကြောင့် သိန်း ၇၀ ပေးလျော်ရန် ပြစ်ဒဏ်ချခံခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ထိခိုက်နစ်နာမှုများရှိလာခဲ့လျှင် စားသုံးသူကာကွယ် ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရေးများကို အားတက်သရော ဖြေရှင်းဆောင်ရွက်ကြသကဲ့သို့ စားသုံးသူများအတွက် ဈေးကွက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက် ကြရပါသည်။ ဤနေရာတွင် စာရေးသူအနေဖြင့် ဌာနမှ စုံစမ်းစစ်ဆေးရေးအရာရှိများနှင့် ဝန်ထမ်းများက ဈေးကွက်အတွင်းကွင်းဆင်းဆောင်ရွက်နေသည့်အပိုင်းကို ရည်ရွယ်ချက်ငါးချက်ဖြင့် ခွဲခြားပြီး တင်ပြပါရစေ။

ရည်ရွယ်ချက်(၁)အနေဖြင့် စာရေးသူ တာဝန်ထမ်းဆောင်သည့် စားသုံးသူရေးရာဦးစီးဌာနသည် ယခင် ကုန်သွယ်လယ်ယာလက်ထက်မှစ၍ ထမ်းဆောင်ခဲ့သော ပြည်တွင်းကုန်သွယ်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်တွင်းကုန်သွယ်ရေး အခြေအနေများ၊ ပြည်တွင်းထွက်ကုန်များ၏ အခြေ အနေများနှင့် ဈေးနှုန်းအတက်အကျများအား ခန့်မှန်းနိုင်ရန် နေ့စဉ်ဈေးနှုန်း သတင်းအခြေအနေများကို နေ့စဉ်ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြရပါသည်။ ရည်ရွယ်ချက်(၂) အနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရန်အတွက် ဈေးကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး ကုန်ပစ္စည်းများအား စားသုံးသူများအတွက် လုံခြုံစိတ်ချရမှု ရှိ၊ မရှိ၊ အသုံးပြုရန် သင့်၊ မသင့်၊ ဘေးအန္တရာယ်ရှိနိုင်မှု အခြေအနေနှင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြ ပြဋ္ဌာန်းထားခြင်း ရှိ၊ မရှိ တို့အား စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက် (၃) အနေဖြင့် စားသုံးသူရေးရာဦးစီး ဌာနသို့ တိုင်ကြားလာသော စားသုံးသူနစ်နာမှုများအား စုံစမ်းစစ်ဆေးရန်လိုအပ်လာပါက ဈေးကွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ရည်ရွယ်ချက် (၄)အနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါများ စတင်ဖြစ်ပွားလျက်ရှိသည့် အခြေအနေများတွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား အရေးကြီးကုန်စည် အဖြစ် ကြေညာထားသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်မားလာ သည့်အချိန်မျိုးတွင် လတ်တလောလိုအပ်ချက်များ ဖြစ်သည့် စားသောက်ကုန်များ၊ ဆေးဝါးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ၏ ဈေးနှုန်းနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး ဈေးကွက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက် (၅) အနေဖြင့် နိုင်ငံတော်၏ လိုအပ်ချက်များအရ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ပေးမှုဖြင့် ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ သံချောင်း၊ ဆေးတို့၏ ဈေးနှုန်းအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးကွက်ပြတ်လပ်မှုအခြေအနေများ၊ ကုန်ဈေးနှုန်း မြှင့်တင်မှုမရှိစေရေးအတွက် ဗဟိုဘဏ်မှ ရည်ညွှန်းငွေလွှဲနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာများဖြင့် ဝယ်ယူရရှိလာသည့် စက်သုံးဆီ၊ စားသုံးဆီများကို သက်သာသည့်ဈေးနှုန်းဖြင့် ပြည်သူများထံသို့ အမှန်တကယ်ရောင်းချခြင်း ရှိ၊ မရှိနှင့် ဈေးနှုန်း အခြေ အနေများအား သိရှိနိုင်ရန် ဈေးကွက်အတွင်းကွင်းဆင်း ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်လျက်ရှိပါသည်။

ဤကဲ့သို့ ဈေးကွက်ကွင်းဆင်း၍ရရှိသည့် အချက်အလက်များအား ဘေးအန္တရာယ်ရှိနိုင်မှု အခြေအနေ၊ ဈေးကွက်အတွင်း ပျံ့နှံ့မှုအခြေအနေ၊ စားသုံးသူ သုံးစွဲမှုအခြေအနေများကို သုံးသပ်ချက် များနှင့်တကွ တင်ပြဆောင်ရွက်နေကြရခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ စားသုံးသူများ၏ အခွင့် အရေးနှင့် အကျိုးစီးပွားကို အားတက်သရော ကာကွယ်စောင့်ရှောက်လျက်ရှိသော စားသုံးသူ ရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှု၊ ပြဋ္ဌာန်းထားသောဥပဒေ၏ ကိုးကား အားထားရမှုများကြောင့် စားသုံးသူပြည်သူများ၏ ဌာနများအပေါ် ရောထွေးလျက်ရှိသည့် အမြင်များ သည် ရှင်းလင်းကွဲပြားစွာ နားလည်လာကြောင်း ထူးခြားစွာတွေ့နေရပြန်ပါသည်။ ဌာနနာမည်နှင့် ဌာနယူနီဖောင်းကို တွဲမှတ်မိလာသည့် စားသုံးသူများသည် စားသုံးသူနစ်နာမှုများကို ဖြေရှင်းပေးသဖြင့် ကျေးဇူးတင်ကြောင်း သူတို့၏ Social Media တွင် ရေးသားထားသည့် Post များကို တွေ့ရှိလာရခြင်းသည် စားသုံးသူအခွင့်အရေးကို ပြည်သူများသိသွားပြီဆိုသည့် အသိသည်လည်း ဌာနအတွက် ခွန်အားတစ်ခုပင်။ ဈေးဆိုင် Supermarket များတွင်လည်း မြန်မာလို အညွှန်းစာသားအပြည့်အစုံ ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားပါသော ကုန်ပစ္စည်းများ နေရာယူတည်ရှိလာကြခြင်းသည် စားသုံးသူကာကွယ်ရေးဥပဒေ၏ ထိရောက်မှုများ ပါလားဟု တွေးတောရင်း စားသုံးသူအခွင့်အရေး ရရှိအောင် ဥပဒေနှင့်အညီ ကြိုးပမ်းကြရဦးမည်ဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါသည်။

ဒေါက်တာသရဖီထွန်း DOCA (YGN)