တိုင်းဧရာတွင်ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်လာသူတို့၏ စကားသံများ
နိုင်ငံတော်၏စီးပွားရေးကို အသက်သွေးကြောသဖွယ် အထောက်အကူပြုလျက်ရှိသည့် လယ်ယာကဏ္ဍ၌ အသက်မွေးဝမ်း ကျောင်း ပြုကြသော တောင်သူလယ်သမားများ အများစုနေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးဇူးရှင်တောင်သူလယ်သမားများအား ဂုဏ်ပြုသည့်အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စု၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ အဆိုပါ တောင်သူလယ်သမားနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူလယ်သမားများအား တွေ့ဆုံမေးမြန်းထားသည်များကို စုစည်းရေးသား ဖော်ပြလိုက်ရပါသည်-
▲ ဦးသန်းဆွေဝင်း ▲
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး
ဒီနေ့အခမ်းအနားမှာ စိုက်ပျိုးရေးဦးစီးဌာနရဲ့ ဦးဆောင်မှုနဲ့ လိုက်ပါဆောင်ရွက်တဲ့ တောင်သူတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။ ဒီလို ချီးမြှင့်လိုက်ခြင်းအားဖြင့် အခြားတောင်သူတွေပါ လိုက်ပြီး လုပ်ကိုင်ချင်စိတ်ရှိလာအောင် တောင်သူ ၁၅ ဦးကို ဂုဏ်ပြုပါတယ်။ ဒါ့အပြင် တိုင်းစိုက်ပျိုးရေးလက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေကိုလည်း ကြိုးစားချင်စိတ်များလာအောင် ဆုချီးမြှင့်တာတွေ ဆောင်ရွက်ပါတယ်။ ဒီနေ့ အခမ်းအနားမှာ တက်ရောက်လာတဲ့ တောင်သူ ၃၆၀၀ နီးပါးလောက်ကိုလည်း သွားရေး လာရေး၊ နေ့လယ်စာကအစ စီစဉ်ပေးထားပါတယ်။ တောင်သူတွေ လေ့လာကြည့်ရှုနိုင်အောင်လည်း ပြခန်းပေါင်း ၃၀ ကျော်ပြသထားပါတယ်။ စက်ယန္တရားတွေနဲ့ ပညာပေးပြခန်းတွေလည်း ပြသထားပါတယ်။ တောင်သူတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားမှာ စွန့်လွှတ်မြေတွေအတွက် တောင်သူများ လက်ဝယ်ကို လုပ်ပိုင်ခွင့်ပြုလက်မှတ်များ ပေးအပ်ခဲ့ပါ တယ်။တောင်သူ ၆၃၉ ဦးကို ပေးခဲ့ပါတယ်။
▲ တောင်သူ ဦးထိန်လင်း ▲
အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာ
လယ် ၁၃ ဧက စိုက်ထားပါတယ်။ နည်းပညာတွေ၊ စိုက်ပျိုးရေးကိစ္စတွေ၊ ပိုးမွှားကိစ္စတွေ၊ စက်မှုပစ္စည်းတွေ အကုန်လုံး စုံစုံ လင်လင် တွေ့ရတဲ့အခါကျတော့ ဗဟုသုတတွေ ရပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ လယ်သမားတွေကို ပြန်ပြီး ပြောပြလို့ ရတာပေါ့၊ တောင်သူလယ်သမားနေ့ အခမ်းအနားမှာ ဒီလိုအကျိုးရှိတဲ့ ပြပွဲတွေထည့်သွင်းကျင်းပပေးတဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေအတွက် ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။
▲ တောင်သူ ဦးကြည်ဝင်း ▲
ကျောင်းကုန်းမြို့နယ် တလုပ်ကုန်းကျေးရွာ
တစ်ခါမှ ဒီလိုပွဲမျိုး မရောက်ဖူးပါဘူး။ ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ အခုလို တောင်သူလယ်သမားနေ့ အခမ်းအနား တက်လာရတော့လည်း တွေ့သမျှ လိုချင်စရာတွေပဲ ဖြစ်နေတာ။ အဓိက စပါးစိုက်တာဆိုတော့ လယ်ယာမြေအတွက် အသုံးဝင်တဲ့ စက်တွေ လိုချင်တာပါ၊ အခုချိန်ထိ စက်မသုံးဖူးဘူး၊ နွားနဲ့ပဲ လယ်လုပ်နေတာပါ၊ ဒီပြပွဲမှာ ခေတ်မီစက်တွေ အရစ်ကျရောင်းပေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုချိန်က နောက်ကျသွားပြီ၊ လာမယ့်နှစ်မှပဲ လုပ်ဖြစ်တော့မယ်။
▲ တောင်သူ ဦးအောင်မင်္ဂလာ ▲
အိမ်မဲမြို့နယ်
တောင်သူလယ်သမားနေ့အခမ်းအနားကို တိုင်းဒေသကြီးက ဦးစီးပြီးလုပ်ပေးတာဆိုတော့ တကယ့်ကို ထူးထူးခြားခြားပဲ၊ စည်တာလည်း အလွန်ပဲ၊ စပါးမျိုးကောင်း မျိုးသန့်မျိုးတွေကို စမ်းသပ်စိုက်ပြထားတဲ့ ပြခန်းကိုတော့ လယ်သမား တွေ စိတ်ဝင်စားကြတယ်။ ဒီပြပွဲမှာ မြေဩဇာသုံးပုံသုံးနည်းတွေ၊ မျိုးကောင်း၊ မျိုးသန့်တွေ၊ စိုက်ပုံစိုက်နည်းတွေ သိရတယ်။ သီးနှံပိုးမွှားအန္တရာယ်နဲ့ ပတ်သက်လို့လည်း သိရ တယ်၊ ပြခန်းတိုင်းက တာဝန်ရှိသူတွေကလည်း သိချင်တာ တွေမေးရင် ရှင်းပြတယ်။ ဒီမှာ ပြသထားတဲ့ လယ်ယာစက်ပစ္စည်းတွေဆို အမျိုးအစား စုံနေတာပဲ။ ရေလုပ်ငန်းဆိုလည်း ဒီလိုပဲ၊ ပြခန်းတိုင်းက စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတလည်း ရပါတယ်။
▲ ဒုတိယဦးစီးမှူး ဦးကြည်မိုး▲
ထူးချွန်ဝန်ထမ်းဆုရရှိသူ
ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန
တောင်သူလယ်သမားနေ့မှာ ကျွန်တော်အပါအဝင် ဝန်ထမ်းတွေ ဆုရရှိသလို တောင်သူတွေလည်း ဆုရရှိခဲ့ပါတယ်။ ဒီလို ဆုရတဲ့အတွက် အလွန်ပဲဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိုက်ပျိုးရေးသမားများသည် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အခုလို တိုင်းဒေသကြီး အစိုးရကနေပြီးတော့ ဂုဏ်ပြုဆုတွေချီးမြှင့်ပေးတာ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ စံပြကွက်တွေ၊ စမ်းသပ်ကွက်တွေ၊ မြေဆီလွှာ ဖွံ့ဖြိုး တိုးတက် ရေးတွေ၊ မျိုးကောင်း မျိုးသန့်သုံးစွဲရေး၊ သုတေသနဖွံ့ဖြိုးတိုးတက်ရေး ဒီလုပ်ငန်းတွေမှာ အောင်မြင်ထူးချွန်စွာ ဆောင်ရွက်နိုင်တာဖြစ်တဲ့အတွက် မိခင်ဌာနဖြစ်တဲ့ စိုက်ပျိုးရေးဦးစီးဌာနကလည်း အသိအမှတ်ပြုတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် ဧရာဝတီတိုင်း တစ်တိုင်းလုံးက အသိအမှတ်ပြု တဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်။
လက်ရှိလယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးက လွန်စွာအရေးကြီးပါတယ်။ အကျိုး ဆောင်အဖွဲ့ ကနေ အရင်ဦးဆုံး စည်းရုံးပြီးတော့ သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ တောင်သူတွေ၊ တခြားမြို့နယ်ပြင်ပမှာရှိတဲ့ တောင်သူတွေကို ခေါ်ယူပြီးတော့ စံပြကွက်တွေ၊ စမ်းသပ်ကွက်တွေကို ကျွန်တော်တို့ စိုက်ပျိုးရေးရဲ့ နည်းပညာတွေနဲ့ ဆောင်ရွက်ထားတဲ့ဟာတွေကို ခေါ်ယူ ပြသပါတယ်။ တစ်ဆင့်တစ်ဆင့် ပွားများပြီးတော့ တောင်သူတွေ အများစုဟာ ကောင်းမွန်တဲ့ နည်းစနစ်တွေ ပိုမိုသိရှိ လာပြီး တိုးတက်အောင် ဆောင်ရွက်လာနိုင်အောင် ကျွန်တော်တို့ စည်းရုံးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
▲ တောင်သူ ဦးလှနိုင်စိုး ▲
ထူးချွန်တောင်သူဆုရ
ရေကြည်မြို့နယ် ဆီဆုံကုန်းကျေးရွာ
မျိုးစပါးလိုအပ်ချက်အရ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။ အခုလို ဆုရတော့လည်း ဝမ်းသာပါတယ်။ လယ်လုပ် လာတာ အနှစ် ၂၀ လောက်ရှိပြီ။ အခုလိုမျိုး အသိအမှတ်ပြုတယ်ဆိုတာ မရှိခဲ့ဖူးဘူး။ ဒီနှစ်မှာ တိုင်းဒေသကြီးအစိုးရက ဆုပေးတော့ အတိုင်းမသိ ဝမ်းသာပါတယ်။ တခြားတောင်သူတွေကိုလည်း ကျွန်တော်တို့ ကျေးရွာကိုလာပြီး အဆင့်မြင့် လယ်ယာစိုက်ပျိုးရေးကို လေ့လာလို့ရပါတယ်။ ဖုန်းတွေနဲ့ ဆက်သွယ်ပြီးလည်း သိလိုသမျှ မေးမြန်းလို့ရပါတယ်လို့ ပြောချင်ပါတယ်။
▲ ဦးသိန်းစိုး ▲
ကန်ကြီးထောင့်မြို့နယ်
ထူးချွန်တောင်သူဆုရ မျိုးထုတ်တောင်သူ
စိုက်ပျိုးရေးဌာနနဲ့ လက်တွဲပြီး မျိုးထုတ်တာ ၂၀၁ဝ ပြည့်နှစ်ကတည်းကပါ။ မျိုးထုတ်လာတာ ၁၀ နှစ်ရှိပြီ။ ဒါပထမဆုံး ဆုရတာပါ။ စိုက်ပျိုးရေးဌာနရဲ့ လမ်းညွှန်မှုနဲ့ ထုတ်လာတာ တစ်နှစ်ကို မျိုးစပါးတင်း ၁၂၀၀ အထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဘေးနားက ကိုယ့်လယ်သမား တွေ မျိုးကောင်းမျိုးသန့်သုံးနိုင်အောင်၊ မျိုးထုတ်လို့ မရတဲ့နေရာက လယ်သမားတွေလည်း မျိုးကောင်း မျိုးသန့်သုံးနိုင် အောင်ရည်ရွယ်ပြီး ထုတ်တယ်၊ ကျွန်တော်က နွေရော၊ မိုးရော မျိုးစပါးထုတ်နိုင်တယ်။ စိုက်ပျိုးရေးအဖွဲ့တွေ NGO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း တက်ရပါတယ်။
▲ တောင်သူ ဒေါ်ကျင်ဆိုင် ▲
ထူးချွန်တောင်သူဆုရ
ကျိုက်လတ်မြို့နယ် ပန်းဘဲစုကျေးရွာ
၂၀၁၆ ခုနှစ်ကတည်းက စိုက်ပျိုးရေးဌာနက မျိုးထုတ်ဖို့ ပြောခဲ့တဲ့အတွက် မျိုးစတင်ထုတ်ခဲ့တာပါ။ ကိုယ့်ရဲ့တောင်သူတွေကိုလည်း မျိုးစေ့မျိုးမှန် သုံးစေချင်တယ်။ မျိုးမှန်မှ စပါးက အထွက်ကောင်းတာဆိုတော့ ကိုယ့်တောင်သူတွေကိုလည်း မျိုးကောင်းရစေချင်တော့ ထုတ်ပေးပါမယ်ဆိုပြီး တာဝန်ခံပြီး ထုတ်ပေးလိုက်တယ်။ ၂၀၁၈ - ၂၀၁၉ ကျတော့ နွေရော၊ မိုးရော ထုတ်ပေးတာ မိုးတွင်းမှာ ပေါ်ဆန်းရင် ထုတ်ပြီး မနှစ်ကနွေမှာ သီးထပ်ရင်ထုတ်တာ မျိုးစပါး တင်း ၅၀၀ ကျော်လောက် ရောင်းရတယ်။ မျိုးစပါးထုတ်ပြီး စိုက်ပျိုးရေး ဦးစီးကိုလည်း ရောင်းတယ်၊ တောင်သူတွေကိုလည်း ရောင်းတယ်။ ဝင်ငွေလည်း တိုးတက်ပါတယ်။ ကိုယ့်ရဲ့ကြိုးစားမှုကို အခုလို ဂုဏ်ပြုတဲ့အတွက် ဝမ်းသာတယ်၊ လယ်ထဲမှာပဲ အချိန်ကုန်နေတဲ့အခါကျတော့ အခုလို အခမ်းအနားမျိုးကို မတက်ရပါဘူး၊ ခုလိုခေါ်ပြီး ဂုဏ်ပြုတဲ့အတွက် ကျေးဇူးလည်းတင်တယ်၊ အတိုင်းမသိ ဝမ်းသာပါတယ်။ ကိုယ်ကြိုးစားခဲ့တာတွေကို ကိုယ့်ဟာကိုယ် ဂုဏ်ယူမိသလို အတူတူဆုရတဲ့ တောင်သူတွေအားလုံးအတွက် လည်း ဂုဏ်ယူမိပါတယ်။
▲ တောင်သူ ဦးခင်အောင် ▲
စွန့်လွှတ်မြေများအား ပြန်လည်လုပ်ကိုင်ခွင့်
လက်မှတ်ရရှိသူ
ရေကြည်မြို့နယ် သောင်ကြီးကျေးရွာအုပ်စု
ရေကြည်မြို့နယ် သောင်ကြီးကျေးရွာအုပ်စုက တောင်သူ ၁၈ ဦးရဲ့ ၆၃ ဧကအတွက် ကိုယ်စားတက်တာပါ။ ကျွန်တော်က ငါးဧကခွဲ ပြန်ရတယ်၊ ဒီလယ်ယာလေးနဲ့ လုပ်စားနေတဲ့ တောင်သူတွေရဲ့လက်ဝယ်ကို အခုလိုပေးတာ အတိုင်းမသိ ဝမ်းသာတယ်။ ဟိုတုန်းက သိမ်းတော့မလားဆိုပြီး စိတ်ပူနေတာ။ တောင်သူတွေဆိုတာ အကြွေးနဲ့လုံးပန်းနေကြတာ။ ဒီကနေ့ ခုလိုပေးတော့ မြေအတွက် စိုးရိမ်စရာ မလိုတော့ဘူး၊ ရှိနေတဲ့ကြွေးကိုပဲ ဆပ်မယ်။ လှိုက်လှိုက်လှဲလှဲကို ဝမ်းသာတယ်။ နိုင်ငံတော်က ဒီလိုတောင်သူတွေအတွက် စဉ်းစားပြီး လုပ်ပေးတာဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်တယ်။ ဝန်ကြီးချုပ်ရော တောင်သူတွေပေါ်မှာ ကြည့်ပေးတဲ့ ဌာနဆိုင်ရာက သူတွေအားလုံးကိုရော ကျေးဇူးတင်တယ်။ နောက်နောင်လည်း တောင်သူတွေအပေါ်မှာ အကျိုးစီးပွားဖြစ်ထွန်းပေးတဲ့ အစိုးရမျိုးပဲ ပေါ်ပေါက်ပါစေလို့ ဆုတောင်းမိပါတယ်။
စုစည်းတင်ပြသူ-သီသီမင်း၊ မင်းသစ်
ဓာတ်ပုံ-နေလင်း