Skip to main content

အတွေးတွေ ဘယ်မှာလဲ

ယခုတလော လူအများစုရဲ့ စိတ်အတွေးများနှင့် ပတ်သက်၍ ကျွန်တော်တွေးနေမိသည်။ သူတို့ အတွေးတွေက ဘယ်မှာလဲ၊ ဘာတွေကို တွေးနေကြ သလဲ၊ ဘယ်ကို ဦးတည်နေသလဲ စသဖြင့်ပေါ့။

လောကကို စိတ်ကဦးဆောင်

လူတွေရဲ့ စိတ်အတွေးတွေကအရေးကြီးလို့လား ဟုမေးလျှင် အရေးကြီးတာပေါ့ဟု ဆိုရပါမည်။ ကာယ၊ ဝစီ၊ မနောကံသုံးပါးတွင် မနောကံသည် အဦးဆုံး ဖြစ်သည်။ နှုတ်အမူအရာ၊ ကိုယ်အမူအရာ တစ်စုံတစ်ခုမပြုမီတွေးကြံခြင်းကို အရင်ဆုံးပြုကြရ သည်။ ဝစီကံအမှုနှင့် ကာယကံအမှုတို့သည် တွေး ကြံခြင်းတည်းဟူသောအမှုကိုပြုပြီးမှသာ ဖြစ်ပေါ် စမြဲဖြစ်သည်။ ထို့ကြောင့် စာပေကျမ်းဂန်များတွင် စိတ္တေန နိယတေလာကော၊ လောကကို စိတ်က ဦးဆောင်သည်ဟု ဖွင့်ဆိုပြခဲ့သည်။

ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်ကို တည်ဆောက်ရာတွင် စိတ်ကောင်းရှိဖို့ လိုသည်။ ယောနိသော မနသိကာရတည်းဟူသော သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းတတ်ဖို့ လိုသည်။ အပြု သဘောဆောင်ဖို့ လိုသည်။ စိတ်ကောင်းရှိမှ ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်နိုင်မည်။ သို့မို့ကြောင့် တောင်မြို့ဆရာတော်ကြီး အရှင် ဇနကာဘိဝံသက မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ စည်းမျဉ်းစည်းကမ်းများထဲတွင် “စိတ်ကောင်းရှိဖို့က - ပထမ”ဟု ရေးဆွဲခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ပစ္စက္ခကာလတွင်မူ ကိုယ့်အနီးဝန်း ကျင်ရှိ လူအချို့၏ပြုမူပြောဆိုလုပ်ကိုင်နေမှုများမှ တစ်ဆင့် လှမ်းမြင်တွေ့လိုက်ရသည့် သူတို့၏ စိတ်အတွေးအကြံများကား အယောနိသော မနသိကာ ရဟူသော မသင့်မတင့်နှလုံးသွင်းမှုများသာ။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်၊ နှစ်သစ်၏ ကနဦး နေ့ရက်ဖြစ်သည်။

“ဟဲ့၊ နင် အခုမှ ဈေးလာ တာလား”

“ဟုတ်တယ်၊ ညက နှစ်သစ်ကူး Count Down မှာ ဆဲဖို့မအိပ်ဘဲ ထိုင်စောင့်နေရလို့”

ဈေးသွားဈေးလာ အမျိုးသမီးနှစ်ဦး၏ နှုတ်ဆက်စကားသံများကို ပြန်လည်အမှတ်ရမိ သည်။ နှစ်သစ်မင်္ဂလာအခါသမယတွင် နှလုံးသွင်း မှန်ကန်သူများက ပရိတ်ပဋ္ဌာန်းတရားတော်များ၊ မေတ္တာဘာဝနာ၊ တရားဓမ္မတို့ဖြင့် နှစ်သစ်ကို ကုသိုလ် မင်္ဂလာအဖြာဖြာဖြင့် ကြိုဆိုကြသလို အချို့ကလည်း ထိုအမျိုးသမီးကဲ့သို့ မှားယွင်းစွာ မသင့်မတင့် နှလုံးသွင်း၍ အကုသိုလ်အမှုဖြင့် နှစ်သစ်ကို ကြိုဆိုကြလေသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာဈေး မီးပွိုင့်တွင် ယာဉ်ကြောပိတ်ဆို့မှု အတန်ကြာ ဖြစ်ပေါ်ခဲ့သည်။ အနည်းဆုံး နာရီဝက်၊ ၄၅ မိနစ် ခန့်ကြာမြင့်ခဲ့သည်။

“မော်တော်ပီကယ်က ဘယ်ရောက်နေတာလဲ”

“ဒီလောက်ကားတွေ ပိတ်နေတာမသိဘူးလား”

“ဒါမျိုးဆို မလာတော့ဘူး”

ခရီးသည်အချို့၏ အလိုမကျ ပြစ်တင်စကား သံများ ထွက်ပေါ်လာသည်။

တစ်အောင့်အကြာတွင် ဝီစီသံတရွှီရွှီဖြင့် ယာဉ်ထိန်းရဲကြီးရောက်လာသည်။

“လာပြီ၊ လာပြီ၊ မော်တော်ပီကယ်လာပြီ” ခရီးသည် အချို့၏ ဝမ်းသာအားရစကားသံများကို ကြားရ ပြန်သည်။

လေး၊ ငါး၊ ဆယ်မိနစ်အတွင်းမှာပင် ယာဉ်ကြော ပိတ်ဆို့မှုများ အဆင်ပြေချောမွေ့ သွားသည်။

“အမယ်လေး၊ တော်ပါသေးရဲ့” ရှေ့ကအမျိုးသမီးကြီးတစ်ဦးက စိတ်သက်သာ ရာရသွားဟန်ဖြင့် ရေရွတ်လိုက်သည်။

“မော်တော်ပီကယ်ကြီးကိုလည်း ဆုပေးလိုက် ပါဦးဗျာ၊ ဘေးရန်ကင်းပါစေလို့”

လူလတ်ပိုင်းအရွယ် ခရီးသည်အမျိုးသားကြီး၏ မေတ္တာလွှမ်းခြုံသောဆုတောင်း စကားကိုလည်း ကြားလိုက်ရသည်။

ကျွန်တော်ကမူ လူတို့၏ မနောကို စောကြော တွေးတောနေမိသည်။ ပြီးတော့ ယောနိသော မနသိကာရနှင့် အယောနိသော မနသိကာရ၏ ကွာခြားမှုများ။

သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းမှုတည်း ဟူသော ယောနိသော မနသိကာရနှင့် ပတ်သက်၍ ၁၉၉၄ ခုနှစ်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ချမ်းမြေ့ရိပ်သာတွင် ကျွန်တော် ဒုလ္လဘရဟန်းခံရင်း ချမ်းမြေ့ရိပ်သာဆရာတော်ကြီးထံမှ နာယူမှတ်သား ခဲ့ဖူးသည်။

ယောနိသော မနသိကာရ

ဆရာတော်ကြီးက ရိပ်သာရှိ ရဟန်းယောဂီများ အား ဩဝါဒပေးရင်း ငယ်စဉ်ကလေးဘဝက ဇာတိ ရပ်ရွာတွင် ရေခပ်ဆင်းရင်း တစ်နေ့ ရေအိုးကျကွဲခဲ့ပုံ၊ အခြားသူငယ်များက ကလေးသဘာဝ လှောင်ပြောင် ခဲ့ကြပုံ၊ ဆရာတော်အလောင်းအလျာက အခြား ကလေးသူငယ်များကဲ့သို့ ငိုယိုခြင်းမရှိဘဲ ကျန်ရှိ သေးသော ရေအိုး၏လည်ဆစ်ကိုပြပြီး “ရေအိုး ကွဲ လည်း အိုးတွေတင်ဖို့ ကညွတ်ခွေရတာပေါ့”ဟု ပြန်လည်ခွန်းတုံ့ပြန် ပြောကြားခဲ့ပုံများအား ပြန်ပြောင်းမိန့်ကြားပြောဆိုပြီး တစ်ဆက်တည်း မှာပင် “ငယ်စဉ်ကတော့ ဒါဟာ ယောနိသော မနသိကာရဆိုတာ မသိခဲ့ဘူးပေါ့”ဟု ယောနိသော မနသိကာရ၏ သဘောသဘာဝကို ရှင်းလင်း ဟောကြားတော်မူခဲ့ပါသည်။

လက်ရှိအချိန်မှာတော့ ကိုယ့်အနီးဝန်းကျင်တွင် ယောနိသော မနသိကာရဖြင့် သင့်တင့်လျောက်ပတ် စွာ နှလုံးသွင်းလေ့ရှိသူ၊ နှလုံးသွင်းတတ်သူများ ရှားပါးလာခဲ့ချေပြီ။ အထူးသဖြင့် လက်ရှိလူအများစု အသုံးပြုနေသော လူမှုကွန်ရက်စာမျက်နှာများ ပေါ်တွင် လေ့လာကြည့်လျှင် တွေ့နိုင်သည်။ မသင့် မတင့် နှလုံးသွင်းမှုတည်းဟူသော အယောနိသော မနသိကာရမှတစ်ဆင့် ပေါက်ဖွားလာသည့် မှတ်ချက်အရေးအသားများက ယိုသူမရှက် မြင်သူ ရှက်စရာပင်။

ယခုရက်ပိုင်း မြန်မာနိုင်ငံမှ သတင်းထောက် တစ်ဦးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ သူကြုံတွေ့ခဲ့သည့် မောင်းသူမဲ့တက္ကစီနှင့် ဘတ်စ် ကားအကြောင်း ဗီဒီယို ပရိုဂရမ်ဖိုင်လေးတစ်ခုကို လူမှုကွန်ရက်စာမျက်နှာတွင် တင်ဆက်ဖော်ပြခဲ့သည်။

အိမ်နီးချင်းနိုင်ငံ၏တိုးတက်မှု၊ တီထွင်မှုများကို အားကျအတုယူစေလိုသည့် စေတနာလည်းပါပါ လိမ့်မည်။ သို့ရာတွင်ထုံးစံအတိုင်း မှတ်ချက်အများစုက အယောနိသော မနသိကာရ စိတ်အတွေးတို့မှ တစ်ဆင့် ဖြစ်တည်ပေါက်ဖွားလာသော အရေး အသားများ။ သိမ်ဖျင်းညံ့ဖျင်းခြင်း၊ ကဲ့ရဲ့ ပြစ်တင် ခြင်း၊ ရှုတ်ချဆဲဆိုခြင်း စသည့် မှတ်ချက်များကား ဗရပွ။ မြန်မာနိုင်ငံမှလူအချို့၏ ယနေ့ စိတ်အတွေး များကား စိစစ် စောကြောစရာဖြစ်လာသည်။

တကယ်ဆိုလျှင် မောင်းသူမဲ့ကားရဲ့ သဘော သဘာဝက ဘာလဲ၊ ဘယ်လိုလဲ၊ လုံခြုံစိတ်ချမှုရှိရဲ့ လား၊ အားသာချက်က ဘာလဲ၊ အားနည်းချက်က ဘာလဲ၊ ဘယ်လို တီထွင်ထားသလဲ၊ ဘယ်လောက် အကျိုးပြုနိုင်သလဲ၊ ငါတို့ဘာလို့မတီထွင်နိုင်ရမှာလဲ စသဖြင့် အပြုသဘောဆောင်သည့် စူးစမ်း လေ့လာသည့် မှတ်ချက်အရေးအသားတစ်စုံ တစ်ခုမျှ မတွေ့ခဲ့ရ။ သို့ကြောင့်မို့ မြန်မာနိုင်ငံသည် ယခုတိုင် မည်မည်ရရ ဘာတစ်ခုမျှ မတီထွင် မထုတ်လုပ် နိုင်ခြင်းလေလား၊ တွေးစရာဖြစ်ရသည်။

ကောင်းမွန်သော မြန်မာ့လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်ကို ဖော်ဆောင်လိုလျှင် ကျွန်တော်တို့သည် ကောင်းမွန်သော အပြုသဘောဆောင်သည့် စိတ်အတွေးအကြံများ ရှိဖို့လိုအပ်သည်။ အဖျက် သဘောဆောင်သော စိတ်အတွေးအကြံများကို ဖယ်ရှားပစ်ဖို့ လိုသည်။

စိတ်နောက်ကိုယ်ပါ

သတင်းစာဆရာကြီး ဆရာမောင်ဝံသက “ဒုတိယအတွေး”ဟူသည့် အတွေးအမြင် ဆောင်းပါး စာစုတွင် “စကားပြောဆိုခြင်း၊ စာပေရေးသားခြင်း၊ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခုကို အသုံးပြု၍ လုပ်ဆောင်ခြင်း စသည်ဖြင့် ကိုယ်နှုတ်အမူအရာ တိုင်းသည် တွေးကြံခြင်းမှ ပေါက်ဖွားလာသော ရလဒ်များဖြစ်သည်။ သို့ရာတွင် သာမန်လူများအဖို့ သိစိတ် မှတ်စိတ်က လိုက်မမီလိုက်အောင် မြန်လွန်း လှသဖြင့် တွေးခြင်း၊ ပြောခြင်း၊ လုပ်ခြင်းတို့သည် တစ်ဆက်တည်းလိုဖြစ်နေသည်။ တစ်ဆင့်ချင်း ပိုင်းခြားရန် မတတ်စွမ်းနိုင်ကြချေ။ ထို့ကြောင့် စိတ်နောက်ကိုယ်ပါဟူ၍ ဆိုစမှတ်ပြုခဲ့ခြင်း ဖြစ် သည်။

သို့ရာတွင် တွေးခြင်း၊ ပြောခြင်း၊ လုပ်ခြင်း အဆင့်တိုင်း၌ တွေးခြင်းအမူအရာသည် ယှဉ်တွဲ လျက်ပါရှိနေသည်ကို သတိထားကြည့်လျှင်တွေ့ကြ ရမည်ဖြစ်၏။ ဤသဘော သဘာဝကို သတိချပ် ထားလျှင် မိမိတို့၏ ကာယကံ၊ ၀စီကံ၊ မနောကံ အမှုတိုင်းကိုမပြုမီ ပထမအတွေးကို ဒုတိယ အတွေးဖြင့် ပြန်လည်စစ်ဆေးဆင်ခြင်သည့် အလေ့အကျင့်ထားရှိရန်ကြိုးစားသင့်ကြသည်။ စိတ်နောက် ကိုယ်ပါပြောခြင်း၊ ပြုခြင်းများကြောင့် မလိုလား အပ်သော ဆိုးကျိုးများ ပေါ်ပေါက်တတ်ပေရာ တစ်စုံတစ်ခုတွေးကြံပြောဆို ပြုလုပ်တော့မည်ဆိုပါက နှုတ်ကစကား မထွက်မီ၊ ကိုယ်ကတစ်စုံတစ်ရာမပြု မှုမီ၊ ပြောအံ့ပြုအံ့ဆဲဆဲ အခိုက်အတန့်လေးတစ်ခု၌ ဒုတိယအတွေးကို ရုတ်ချည်းဖော်ထုတ်ဖို့လိုအပ်သည်။ ဒုတိယအတွေးသည် စင်စစ်အားဖြင့် ဆင်ခြင်တုံတရားပင်ဖြစ်၏။

အကျိုးရှိသော အတွေးအမြင်ဆောင်းပါး

လူမှုရေးနယ်ပယ်အသီးသီးတွင် အကြောင်းကိစ္စ အလုံးစုံနှင့်စပ်လျဉ်း၍ တွေး၊ ကြံ၊ ပြောဆို၊ ပြုမူ ကြရာ၌ ဒုတိယအတွေးကို ဖြတ်သန်းပြီးမှ ဆောင်ရွက်လျှင် ဆင်ခြင်တုံတရား ထွန်းကား၍ ဗြဟ္မစိုရ်တရားပြန့်ပွားစည်ပင်သော လောက ချမ်းသာကြီးကို မျက်မှောက်ပြု ကြရပေလိမ့်မည်”ဟု ရေးသားဖော်ပြခဲ့သည်။ စာဖတ်သူများအတွက် အကျိုးရှိသော အတွေးအမြင်ဆောင်းပါးစာစုတစ် ပိုဒ်ဖြစ်သည်။

ပါမောက္ခချုပ်ဆရာတော်ကြီး အရှင်ဒေါက်တာ နန္ဒမာလာဘိဝံသက “စိတ်၏အတွေးများ” တရားဒေသနာတော်တွင် စိတ်ရဲ့ အတွေးများနှင့် ပတ်သက်၍ မကောင်းသည့်အတွေး သို့မဟုတ် မတွေးသင့်သည့် အတွေးသုံးမျိုး၊ ကောင်းသည့် အတွေး သို့မဟုတ် တွေးသင့်သည့်အတွေးသုံးမျိုးကို ခွဲခြားရှင်းလင်း ဟောကြားတော်မူခဲ့သည်။

မကောင်းသည့်အတွေး သို့မဟုတ် မတွေးသင့် သည့် အတွေးသုံးမျိုးမှာ လောဘနှင့် တွေးသည့် အတွေး(ကာမဝိတက်)၊ ဒေါသနှင့် ယှဉ်တွဲသည့် အတွေး (ဗျာပါဒဝိတက်)နှင့် သူတစ်ပါးတွေကို ညှဉ်းဆဲဖို့၊ သတ်ဖြတ်ဖို့၊ အကျိုးမဲ့ဖြစ်အောင် ဒုက္ခ ရောက်အောင်လုပ်ဖို့ အတွေး(ဝိဟံသာဝိတက်) တို့ဖြစ်သည်။

ကောင်းသည့်အတွေး သို့မဟုတ် တွေးသင့် သည့်အတွေးသုံးမျိုးမှာ ကာမဝိတက်၏ ဆန့်ကျင် ဘက် နေက္ခမ္မဝိတက်၊ မေတ္တာနှင့်ယှဉ်သည့် အဗျာ ပါဒဝိတက်နှင့်ကရုဏာ၊ အကြင်နာတို့ဖြင့်တွေးသည့် အဝိဟံသာဝိတက်တို့ဖြစ်သည်။

“စိတ်ကိုဖြူစင်အောင်လုပ်တဲ့အခါမှာ တချို့ အတွေးတွေကို ထိန်းချုပ်ဖို့လိုအပ်တယ်။ တချို့ အတွေးတွေကို အားကောင်းလာအောင်လုပ်ပေးဖို့ လိုအပ်တယ်။ တွေးသင့်တာရှိသလို မတွေးသင့်တာ လည်းရှိတယ်တဲ့။ ဒါကြောင့် စိတ်အတွေးများဆိုတာ ကို လေ့လာဖို့လိုတယ်။

မှားယွင်းတဲ့အတွေးများဖယ်ရှားရမည်

မှန်ကန်တဲ့အတွေးကို မိမိစိတ်ထဲမှာ ထူထောင် ပေးပြီး မှားယွင်းတဲ့အတွေးကို ဖယ်ရှားပစ်ဖို့လိုတာ ပေါ့။ အဲဒီတော့ မှားယွင်းတဲ့အတွေးဆိုတာ ဘာလဲ။ မှားယွင်းတဲ့ အတွေးဆိုတာ အပြစ်ရှိတဲ့အတွေး။ ဆင်းရဲတဲ့အကျိုးကို ထုတ်လုပ်တတ်တဲ့အတွေး။ အဲဒီ အတွေးမျိုးကို ဖယ်ရှားရမယ်။ မှန်ကန်တဲ့ အတွေးဆိုတာ အပြစ်ကင်းတယ်။ ကောင်းကျိုး ချမ်းသာကိုပေးတတ်တယ်။ မှားယွင်းတဲ့အတွေးတွေ ကို မှန်ကန်တဲ့အတွေးနဲ့ အစားထိုးပေးရမယ်” စသဖြင့် ဆရာတော်ကြီးက ဆုံးမဩဝါဒမိန့်ကြား တော်မူပါသည်။

ထို့နောက် အတွေးကိုထိန်းချုပ်သည့် နည်းစနစ် များနှင့်ပတ်သက်၍ ဆရာတော်ဘုရားကြီးက “ဝိတက္ကသဏ္ဌာနသုတ်မှာ မြတ်စွာဘုရားက ဟောထားတာရှိတယ်။ အတွေးကို ထိန်းချုပ်တဲ့ နည်းစနစ်ကိုပေးထားတယ်။ မကောင်းတဲ့အတွေး တွေကနေ ရုန်းထွက်ဖို့ရန်အတွက် နည်းစနစ် ငါးမျိုး ပေးထားတယ်။

ပထမနည်းက မကောင်းတဲ့အတွေးပေါ်လာပြီ ဆိုရင် အာရုံပြောင်းလိုက်ပါတဲ့။

ဒုတိယနည်းက လောဘနဲ့တွေးနေမယ်၊ ဒေါသ နဲ့တွေးနေမယ်၊ မောဟနဲ့တွေးနေမယ်ဆိုရင် ကိုယ်တွေးနေတဲ့အရာရဲ့ အပြစ်ကိုဆင်ခြင်ပါ။ သို့မဟုတ် တွေးနေတဲ့စိတ်ရဲ့ အပြစ်ကိုဆင်ခြင်ပါ။

တတိယနည်းက မေ့ပစ်ရမယ်၊ စိတ်ထဲမှာ မထားနဲ့၊ ဆက်မတွေးနဲ့လို့ဆိုတာ။

စတုတ္ထနည်းက ဒီအတွေး ဘယ်ကစသလဲဆိုတဲ့ အတွေးရဲ့ အခြေအမြစ်ကို လိုက်ရှာတဲ့နည်းပဲ။

ရှာရင်းရှာရင်းနဲ့ ထွက်ပေါက်တွေ့သွားလိမ့်မယ်။ အတွေးဟာ ဖျောက်ပြီးသားဖြစ်သွားမယ်။ အကြောင်း ရှာရင်းနဲ့ပဲထိုအတွေးရဲ့ ထွက်ပေါက်ကို ရသွားနိုင်တယ်။

နောက်ဆုံးပဉ္စမနည်းကျတော့ မြတ်စွာဘုရားက မကောင်းတဲ့အတွေးတွေဟာ သာမန်နဲ့ဖျောက်လို့ | မရဘူးဆိုရင် စိတ်ကိုစိတ်နဲ့ ဖိနှိပ်ပြီး မရရအောင် ကြိုးစားပါတဲ့။ လက်လျှော့မပေးနဲ့တဲ့၊ အံကြိတ် ပြီးတော့ လုပ်ရမယ်တဲ့။

အဲဒီ ငါးမျိုးနဲ့လုပ်ရင် စိတ်ရဲ့ အတွေးတွေ၊ မကောင်းတဲ့အတွေးတွေဟာ လုံးဝကင်းသွားပြီးတော့ အတွေးပေါ်မှာ ပိုင်နိုင်မှုဆိုတဲ့စွမ်းရည်တစ်ခု ရလာနိုင်တယ်။ အဲဒီစွမ်းရည်က ကိုယ်တွေးချင်တဲ့ အတွေးကို တွေးနိုင်တယ်။ ကိုယ်မတွေးချင်တဲ့ အတွေးကို ထိန်းချုပ်နိုင်တယ်။ လေ့ကျင့်ပြီး ယူကြည့်ကြ။ နောက်ဆုံး ဒုက္ခအားလုံးက လွတ်သွားလိမ့်မယ်တဲ့” ဟူ၍ ရှင်းလင်းဟောကြား တော်မူခဲ့ပါသည်။

မှန်ကန်သောအတွေးများကိုသာ

တွေးကြံကြရပါမည်

သို့ဆိုလျှင် မိမိ မိသားစု၊ မိမိရပ်ရွာဒေသနှင့် တိုင်းနိုင်ငံတစ်ဝန်း ငြိမ်းချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကိုယ်စီ ကိုယ်စီကောင်းသောအတွေးများ၊ မှန်ကန်သော အတွေးများကိုသာ တွေးကြံကြရပါမည်။ တစ်ဆက်တည်းမှာပင် မကောင်းသည့် အတွေးများ၊ မတွေးသင့် မတွေးထိုက်သော၊ အပြစ်ရှိသောအတွေးများကို ထိန်းချုပ်၊ ဖယ်ရှားပစ်ကြရပါမည်။ ကောင်းသောအတွေးများ ဖြင့် အစားထိုးကြရပါမည်။ သို့မှသာ အပြုသဘော ဆောင်သည့် သာယာချမ်းမြေ့သော လူ့ဘောင် အသိုက်အဝန်းတစ်ခုကို ဖန်တီးတည်ဆောက်နိုင် ပေလိမ့်မည်။ စိတ္တေန နိယတေလောကော၊ လောက ကိုစိတ်က ဦးဆောင်သည်မဟုတ်ပါလား။

စာချစ်သူ