အဖိုးတန်ရေကို ချွေတာသုံးစွဲသွားစေလို
“ရေအသက်တစ်မနက် ထမင်းအသက် ခုနှစ်ရက်၊ ရေငတ်တုန်း ရေတွင်းထဲကျ၊ ရေစီးတစ်ခါ ရေသာတစ်လှည့်၊ ရေများရာမိုးရွာ၊ ရေများရေနိုင် မီးများမီးနိုင်၊ ရေမြင့်ကြာမြင့်၊ ရေနစ်သူ ဝါးကူလို့ထိုး၊ ရေစုန်ရွက်တိုက်၊ ရေနိမ့်ရာစီး မီးမြင့်ရာလောင်၊ ရေမနောက် ကြာမရှောက်” စသည့် ရေနှင့်ပတ်သက် သည့် စကားပုံများကို မြန်မာမှုနယ်ပယ်၌ တွင်ကျယ်စွာ သုံးစွဲလျက်ရှိသည်။ ရေမရှိလျှင် သက်ရှိအားလုံး ရှင်သန်နိုင်မည် မဟုတ်ချေ။ မိုးရာသီကျော်လွန်၍ ဆောင်းအကူးပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ် သည်။ ပူပြင်းခြောက်သွေ့သောကာလတွင် ရေခန်း ခြောက်လာတတ်ပြီး နှစ်စဉ်နွေရာသီတွင် ကြုံတွေ့ရသည့် ပြဿနာသည် သောက်သုံးရေရှားပါးခြင်းပင် ဖြစ်သည်။ ထိုသို့ ရေရှားပါးပြတ်လပ်မှုမျိုး မကြုံရလေအောင် အဖိုးတန်သောရေကို ယခုကတည်းက စနစ်တကျစုဆောင်းထားပြီး ချွေတာသုံးစွဲဖို့ လိုအပ်သည်။
စင်စစ်အားဖြင့် သက်ရှိများအတွက် အရေးပါ ဆုံးသောအရာသည် “ရေ” ပင် ဖြစ်နေသည်။ ဓာတု ဒြပ်ပေါင်းတစ်ခုဖြစ်သည့် ရေမော်လီကျူးတစ်ခုတွင် ဟိုက်ဒရိုဂျင် အက်တမ်တစ်ခုနှင့် အောက်ဆီဂျင် အက်တမ်နှစ်ခု (HO)တို့ ပေါင်းစပ်ပါဝင်ကြောင်းကို ငယ်စဉ်ကတည်းက ဓာတုဗေဒဘာသာရပ်တွင် သင်ကြားခဲ့ရသည်။ ရေကိုသတ်မှတ်အပူချိန်နှင့် ဖိအားအောက်တွင် အရည်အဖြစ် တွေ့ရလေ့ရှိသည်။ ထို့အပြင် ရေခဲ၊ ရေခိုးရေငွေ့၊ နှင်းခဲ၊ မြူငွေ့နှင့် တိမ်တိုက်အဖြစ်လည်း ရပ်တည်နေပါသည်။ ကမ္ဘာ့ မြေမျက်နှာပြင် ၇၀ ရာခိုင်နှုန်းကျော်ကို ရေထုဖြင့် ဖုံးလွှမ်းထားရှိပြီး ရေအများစုသည်ပင်လယ်သမုဒ္ဒရာ များတွင် စုဖွဲ့တည်ရှိနေကြသည်။
ရေဘယ်လောက်သောက်မလဲ
လူတစ်ဦး၏နေ့စဉ်လုံလောက်စွာ သောက်သုံးသည့် ရေပမာဏသည် ထိုသူ၏ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ကိုထိန်းသိမ်းရာတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နေ့စဉ်သောက်ရေ ဖန်ခွက် ရှစ်ခွက်မှ ၁၀ ခွက်ခန့်အထိ သောက်သုံးသူသည် ကျန်မာရေးကောင်းမွန်မည်ဟု ကျွမ်းကျင်သူ များက ဆိုထားသည်။ အထူးသဖြင့် အမျိုးသားများသည် ရေ ၁၃ ခွက် (၃လီတာခန့်)အထိ သောက်သုံးသင့်ပြီး အမျိုးသမီးများသည် ကိုးခွက် (၂ ဒသမ ၂ လီတာခန့်)အထိ သောက်သင့်သည်ဟုလည်း ဆိုထားသည်။
စင်စစ်အားဖြင့် ရေသည် လူတစ်ဦး၏ကျန်းမာရေးအတွက် များစွာအရေးပါလျက်ရှိသည်။ ထို့အပြင် ရေသည် လူ့ကိုယ်ခန္ဓာတွင် အဓိကကျသော အစိတ်အပိုင်းတစ်ရပ် အဖြစ်လည်း ပါဝင်နေသည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာအရွယ်အစားအပေါ် မူတည်၍ ရေ ၅၅ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိ ပါဝင်သည်။ ဦးနှောက်နှင့် နှလုံးတွင် ရေ ၇၃ ရာခိုင်နှုန်းပါဝင်ပြီး အဆုတ်တွင် ၈၃ ရာခိုင်နှုန်းအထိ ပါဝင်သည်ဟု ဆိုသည်။
အကျိုးကျေးဇူးများ
လူတစ်ဦးသည် ရေကိုဖူလုံစွာ သောက်သုံးထားပါက ဦးနှောက်၊ ခန္ဓာကိုယ်ဆဲလ်များ၊ အစာခြေစနစ်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများ၏ လုပ်ဆောင်ချက်များကို အထောက်အကူဖြစ်စေရုံသာမက အသားရေခြောက်ခန်းမှု၊ ပြင်ပရောဂါပိုးဝင်မှုတို့ကိုပါ ကာကွယ်ပေးသည့်အပြင် ခန္ဓာကိုယ်အပူချိန် ကိုလည်း ထိန်းညှိပေးနိုင်သည်။ ထို့အပြင် ရေကို လုံလောက်စွာ သောက်သုံးခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှု လျော့ပါးသက်သာစေခြင်း၊ စိတ်ရွှင်လန်းစေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မူးဝေအော့အန်သည့် ဝေဒနာမှ သက်သာစေခြင်း၊ အစာကျေလွယ်ပြီး ဝမ်းချုပ်ခြင်းမှ ကင်းဝေးခြင်း၊ ကိုယ်ခန္ဓာအလေးချိန် လျော့ကျစေခြင်း၊ အဆိပ်အတောက် ဖြစ်ပွားနိုင်မှုမှလျော့ပါးစေခြင်း၊ ကိုယ်ခန္ဓာအေးမြမှုကို ထိန်းချုပ်ပေးခြင်း စသည့် အကျိုးကျေးဇူးပေါင်းများစွာကို ရရှိစေသည်။
အထူးသဖြင့် ရေသည် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိ သည်။ လူသားတို့ အသုံးပြုသည့်ရေ ၇၀ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုလျက် ရှိသည်။
သန့်ရှင်းသောရေရှားပါးလာ
ကမ္ဘာမြေကြီး၏ ၇၀ ရာခိုင်နှုန်းသည် ရေနှင့် ဖုံးလွှမ်းလျက်ရှိသော်လည်း သန့်ရှင်းသော သောက်သုံးရေမှာမူ အလွန်အမင်း ရှားပါးလျက်ရှိသည်။ ကမ္ဘာ့ရေထု၏ သုံးရာခိုင်နှုန်းခန့်သာလျှင် သန့်ရှင်းသော သောက်သုံးရေ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့လူဦးရေ ၂ ဒသမ ၄ ဘီလီယံခန့်သည် ဝမ်းလျှောဝမ်းပျက်ခြင်း၊ အူရောင်ငန်းဖျား ဖြစ်ပွားခြင်းနှင့် ရေနှင့်ဆက်စပ်သည့် အခြားရောဂါများ ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် ကလေးငယ်အများစု အပါအဝင် နှစ်စဉ် လူနှစ်သန်းခန့်သည် ဝမ်းရောဂါဖြင့် သေဆုံးရလျက်ရှိသည်။ ထို့အပြင် ကမ္ဘာလူဦးရေ လေးဘီလီယံခန့်သည် ရေရှားပါးမှု ဒဏ်ကို တစ်နှစ်လျှင် အနည်းဆုံးတစ်လခန့် ကြုံတွေ့ရလျက်ရှိသည်။ လူဦးရေ နှစ်ဘီလီယံကျော်သည် ရေဖူလုံမှုမရှိသော နိုင်ငံများတွင် နေထိုင်ရလျက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေရှားပါးသည့် ဒေသများတွင် နေထိုင်ရတော့မည် ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ သန်း ၇၀၀ ခန့်သည် အလွန်အမင်းရေရှားပါးမှုနှင့် ကြုံတွေ့ရတော့မည်ဖြစ်သောကြောင့် အိမ်ခြေရာမဲ့များ ဖြစ်လာတော့မည်ဖြစ်သည်။ ၎င်းအပြင် ၂၀၄၀ ပြည့်နှစ်တွင် ကလေးငယ်လေးဦးလျှင် တစ်ဦးသည် အလွန်အမင်း ရေရှားပါးမှုအန္တရာယ်နှင့် ကြုံတွေ့ရတော့မည်ဖြစ်သည်။
လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကမ္ဘာတစ်ဝန်း၌ ရေရရှိရေးအတွက် နည်းလမ်းကောင်းများ တိုးတက်လာသော်လည်း လူဦးရေသန်း ၁၀၀၀ ခန့်သည် သန့်ရှင်းသော သောက်သုံးရေ မရှိနိုင်သေး သည့်အပြင် ကျန်သန်း ၂၅၀၀ ခန့်သည်လည်း ကျန်းမာရေးနှင့် ညီညွတ်သော ရေကိုဖူလုံစွာမရရှိကြ သေးပါ။ ထို့အပြင် ၂၀၂၅ ခုနှစ် ရောက်ရှိချိန်တွင် ကမ္ဘာ့လူဦးရေထက်ဝက်ခန့်သည် ရေကိုအခြေခံ သည့်ရောဂါများနှင့် ရင်ဆိုင်ရမည်ဟု လေ့လာသုံးသပ်သူများက ဆိုထားသည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲဒေသများ၌ ရေလိုအပ်ချက်သည် ၅၀ ရာခိုင်နှုန်းကျော်လွန်မည်ဟု ဆိုသည်။
အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့်စစ်ပွဲများ သည် နိုင်ငံရေးကြောင့်မဟုတ်ဘဲ သောက်သုံးရေ ရရှိရေးကို အကြောင်းပြု၍ ဖြစ်ပွားလာမည်ဟု ဆိုသည်။ လူဦးရေ တိုးပွားလာမှုသည်လည်း ရေရှားပါး ရခြင်း၏ အခြေခံအကြောင်းရင်းတစ်ခု ဖြစ်သည်။ ရေရှားပါးမှုကြုံတွေ့နေရပြီးဖြစ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ သန်း ၃၅၀၀ ခန့်သည် ရေရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည် ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းထားရှိသည်။ ထို့ကြောင့် ရေအရင်းအမြစ်များကို အချိန်မီ စနစ်တကျ ထိန်းသိမ်းကာကွယ်မှုမရှိလျှင် ရေရှားပါး ပြတ်လပ်မှု ပိုမိုမြင့်မားလာမည်ဖြစ်သည်။
ရေရှားပါးမှုဖြစ်ရသည့်အကြောင်းရင်းများ
မြို့ပြများ တိုးချဲ့တည်ဆောက်ခြင်း၊ စက်မှုလုပ်ငန်းများ ထူထောင်ခြင်းနှင့် သဘာဝသစ်တောများကို လွန်ကဲစွာခုတ်လှဲခြင်းသည် ရေရှားပါးရခြင်း၏ အခြေခံအကြောင်း တရားများပင် ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်း၊ ဆီးနှင်းများ ကျခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထိုသို့ သဘာဝလွန်ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားမှုသည် သဘာဝရေအရင်းမြစ်ကို ထိန်းသိမ်းထားနိုင်စွမ်း နည်းပါးလာပြီး ရေရှားပါးခြင်းဆိုသော နောက်ဆက်တွဲ ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပါသည်။
ထို့အပြင် မြို့ပြများတွင် စက်ရေတွင်းများ လွန်ကဲစွာတူးဖော်ခြင်းသည်လည်း မြေအောက်ရေ အရင်းမြစ်ကို ဆုတ်ယုတ်စေပါသည်။ ရေသည် ကမ္ဘာ့စီးပွားရေး လုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ စက်ရုံများမှ ထုတ်လွှတ်သော စွန့်ပစ်ဓာတုပစ္စည်းများကို မြစ်၊ ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာ များအတွင်းသို့ စွန့်ပစ်လေ့ရှိကြသည်။ စက်ရုံ၊ အလုပ်ရုံများအား အအေးခံခြင်းနှင့် ထုတ်ကုန်ပစ္စည်းကို တင်ပို့ရာတွင် လည်း ရေလမ်းကိုသာ အသုံးပြုကြရသည်။ ထို့ကြောင့် စနစ်တကျ စီမံခန့်ခွဲမှုများဖြင့်သာ အနာဂတ် ရေရှားပါးပြတ်လပ်မှုပြဿနာကို ကြိုတင် ကာကွယ်နိုင်မည် ဖြစ်သည်။
ရေအရင်းအမြစ်ကို စနစ်တကျထိန်းသိမ်းရန် လိုအပ်သည့်အပြင် ရေထုညစ်ညမ်းမှုကို ကာကွယ် ရေးသည်လည်း လူသားအားလုံး၏ တာဝန်တစ်ရပ် ဖြစ်သည်။ ဓာတုစက်ရုံများမှ စွန့်ပစ်ပစ္စည်းများအား မြစ်၊ ချောင်းများအတွင်းသို့ စည်းမဲ့ကမ်းမဲ့စွန့်ပစ်ခြင်းနှင့် ခေတ်မီဆန်းသစ်သော လက်နက်များအား ပင်လယ်သမုဒ္ဒရာများ အတွင်းသို့ ပစ်ခတ်စမ်းသပ်မှုများသည် ရေထုညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်ပေါ် စေပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသည် နိုင်ငံတကာပဋိညာဉ်များနှင့် ကတိကဝတ် များကို လိုက်နာစောင့်ထိန်းပြီး ရေထုညစ်ညမ်းမှု အန္တရာယ်အား ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါသည်။
ရေကိုဘယ်လိုချွေတာမလဲ
လူတိုင်းသည် နေ့စဉ် မိုးလင်း၊ မိုးချုပ် ရေကို သုံးစွဲနေရမည် ဖြစ်သည်။ ထိုသို့သုံးစွဲရာတွင် လူတစ်ဦးတစ်ယောက်ချင်းစီမှ အဖိုးတန်ရေကို ချွေတာသုံးစွဲသွားမည်ဆိုလျှင် ရေရှားပါးသောဒေသရှိ ပြည်သူများကို ကူညီရာရောက်ပါသည်။ ရေကိုအောက်ပါနည်းလမ်းများအတိုင်းသာ ခြိုးခြံချွေတာ သုံးစွဲသင့်ပါသည် -
(၁) သွားတိုက်နေစဉ် သို့မဟုတ် ခေါင်းလျှော်နေစဉ် ရေပိုက်ခေါင်းကိုပိတ်ထားခြင်း။
(၂) ရေပိုက်ခေါင်းများကို မလိုအပ်လျှင် ပိတ်ထားခြင်း။
(၃) နေအိမ်ရှိရေပိုက်ခေါင်းအားလုံးကို ပြုပြင်ထားခြင်း။
(၄) ရေချိုးခန်းရေပန်းခေါင်းတိုတိုကိုသာ အသုံးပြုခြင်း။
(၅) ရေပန်းခေါင်းကို လိုအပ်သလောက်သာ ဖွင့်၍ရေချိုးခြင်း။
(၆) အိမ်သာရေစိမ့်မှုကို ပြုပြင်ထားခြင်း။
(၇) ရေစိမ့်နေသည့်နေရာများကို စစ်ဆေးခြင်း။
(၈) မိုးရေကို ခံထားခြင်း။
(၉) ရေအိမ်ကိုအမှိုက်ပုံးကဲ့သို့အသုံးမပြုခြင်း။
(၁၀) ရေချွေတာသည့်စက်များဝယ်ထားခြင်း
(ဥပမာ-ပန်းကန်ဆေးစက်၊ အဝတ်လျှော်စက်)။
(၁၁) မည်သည့်အခါမျှ ရေကို မသွန်ပစ်ရန်။
သောက်ရေဖူလုံရေးကိုပင် များစွာခက်ခဲ
နွေရာသီရောက်ပြီဆိုသည်နှင့် ကျေးလက်နေ ပြည်သူများ အထူးသဖြင့် မြစ်၊ ချောင်း၊ အင်းအိုင်နှင့် ဝေးကွာသောဒေသများတွင် နေထိုင်သူများအတွက် ခေါင်းအခဲရဆုံး ပြဿနာသည်သောက်သုံးရေရှားပါး မှုပင်ဖြစ်သည်။ နွေရာသီ၌ ရေရှားပါးမှုကြုံတွေ့ရသည့် အချို့သောဒေသများတွင် နေ့စဉ်သုံးရေ ရရှိရေးထက် သောက်ရေဖူလုံရေးကိုပင် များစွာခက်ခဲကြသည်။
ကျေးလက်နေပြည်သူများသည် သောက်သုံးရေ တစ်ပုံး၊ တစ်အိုး ရရှိရေးအတွက် မိုင်ပေါင်းများစွာ ဝေးကွာသောနေရာများသို့ ပင်ပန်းကြီးစွာ သွားရောက်ကာ ခပ်ကြရလေ့ရှိသည်။ နွေရာသီတွင် အိမ်မွေး တိရစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွားများနှင့်အတူ ရေရှိသည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ရေကန်ရှိသော နေရာများသို့ သွားရောက်နားခိုရလေ့ ရှိသည်။
အဖိုးတန်ရေကို ချွေတာသုံးစွဲ
စင်စစ်အားဖြင့် နွေရာသီတွင် ရေရှားပါးမှု ပြဿနာကို နှစ်စဉ် ကြုံတွေ့နေရသဖြင့် ကျေးလက် နေပြည်သူများ၏ အနာဂတ်ကိုမြော်တွေးကာ သောက်သုံးရေဖူလုံရေးအတွက် ထိရောက်သော ရေရှည်စီမံချက်များ ချမှတ်အကောင်အထည်ဖော်ဖို့ လိုအပ်ပါသည်။ နွေရာသီတွင်ရေရှားပါး ပြတ်လပ်မှု ကြုံတွေ့ရသည့် ဒေသများသည် မိုးရာသီတွင် ရေအောက်ကြမ်းပြင် ဖြစ်သွားလေ့ရှိသည်။
ကျေးလက်နေပြည်သူများသည် ထိုအခြေအနေမျိုးကို နှစ်စဉ်ကြုံတွေ့နေကြရသည်။ လတ်တလော အခက်အခဲကို လက်ပူတိုက် ဖြေရှင်းခြင်းသည် မှန်ကန်သော နည်းလမ်းတစ်ရပ် မဟုတ်ချေ။ ထို့ကြောင့် ရေရှားပါးမှုနှင့် ရေလွှမ်းမိုးမှုဒဏ်မှ ကင်းဝေးရလေအောင် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်သွားရန်လည်း လိုအပ်ပါသည်။ နွေရာသီတွင် ကျေးလက်နေပြည်သူများ ရေဖူလုံရေး အတွက် အလှူရှင်များ အပါအဝင် တာဝန်ရှိသူများ၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။
ဆိုရလျှင် ရေဖူလုံစွာရရှိသူများ၊ အထူးသဖြင့် ဝန်ထမ်းများသည် ရေကိုချွေတာသုံးစွဲသင့်သည်။ ရေချိုးခန်းများ၊ အများသုံးအိမ်သာများနှင့် ပန်းခြံများတွင် ရေပိုက်ခေါင်းများ ပွင့်နေလျှင် ပိတ်ထား သင့်သည်။ ထို့အပြင် ပန်းပင်များနှင့် မြက်ခင်းများကို ရေပိုက်ကြီးများဖြင့် ရေဖျန်းသည်ထက် ခွက်ဖြင့် လိုအပ်သလောက်သာ ချိန်ဆလောင်းသင့်သည်။ လူတစ်ဦးချင်းစီကသာ တတ်နိုင်သမျှ ရေကိုချွေတာ သုံးစွဲခဲ့မည်ဆိုလျှင် နွေရာသီတွင် သောက်သုံးရေဖူလုံနိုင်ပေသည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေ ပြည်သူများ ဖြစ်ကြသည်။ ထိုကျေးလက်နေ ပြည်သူ အများစုသည် နှစ်စဉ်နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုဒဏ်ကို ခါးစည်းခံရလေ့ရှိကြသည်။ ထို့ကြောင့် နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် နွေရာသီတွင် သောက်သုံးရေဖူလုံစေရေး အတွက် ကြိုတင်မြော်တွေးကာ ကိုယ်စီအသိ စိတ်ဓာတ်ရှိစွာဖြင့် တန်ဖိုးရှိသောရေကို စနစ်တကျ ချွေတာသုံးစွဲကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။
မောင်သောင်းဝင်း (တမန်ဟောင်း)