Skip to main content

အမျိုးသားစာပေဆု၊ တစ်သက်တာဆုရှင် (စာရေးဆရာ) ဆုရ ဆရာဖိုးကျော့၏ စာပေအနုပညာရှင်ဘဝ

 

(ယမန်နေ့မှ အဆက်)

 

အင်တွဲပွဲလျက်အရှာထွက်ဝတ္ထုတွင် မြန်မာနိုင်ငံအနောက်ပိုင်း ကသာခရိုင်သည် သစ်တောထွက် သယံဇာတ အများဆုံးထွက်ရာ ဒေသဖြစ်ပြီး အင်တွဲနှင့် ပွဲလျက်ကဲ့သို့သော အရာများလည်း အများအပြား ထွက်ရှိကြောင်း၊ ဒေသခံများသည် တောင်ယာလုပ်ငန်းသိမ်းသော နွေရာသီရောက်လျှင် တောထဲတောင်ထဲ တွင် အင်တွဲ၊ ပွဲလျက် အရှာထွက်ကြပုံ၊ မျိုးမျိုးမြက်မြက်ရသော အင်တွဲ၊ ပွဲလျက် များကို သက်စွန့်ဆံဖျားရှာဖွေကြရာတွင် တစ်ခါတစ်ရံ တောတောင်စည်းကမ်းများကို ချိုးဖောက်မိသဖြင့် တောခြောက် ခြင်းများနှင့်တွေ့ကြုံကြရပုံ၊ တောတောင်အတွင်း သားရဲတိရစ္ဆာန်တို့၏ အန္တရာယ်နှင့် ကြုံတွေ့ရင်ဆိုင်ကြရပုံ၊ အင်တွဲ၊ ပွဲလျက်အပြင် ရှားပါးသော ကျောရိုး၊ ကျားစွယ်၊ ကျားသားရေ၊ ကျားနို့များပါ ရတတ်ကြောင်း၊ စခန်းသိမ်း၍ ရွာအပြန်တွင် အောင်ပွဲရ စစ်သူကြီးများပမာ စိတ်ဓာတ်တက်ကြွလျက် ရှိနေတတ်ကြပုံအကြောင်း ရေးသားထားပါသည်။

 

မြန်မာ့မုဆိုးဝတ္ထုတွင် နာမည်ကျော် မုဆိုးကြီး ဦးဘမျိုးနှင့် သားနှစ်ယောက် ဖြစ်ကြသော ဘာဟိုး၊ ဘာမိုးတို့၏ တောတွင်းအမဲလိုက် အတွေ့အကြုံများ၊ ရေမုဆိုးမိကျောင်း၊ တောမုဆိုးကျားတို့နှင့် ရင်ဆိုင်ခဲ့ရပုံများ၊ ဖြူကောင်၊ ဖွတ်၊ သင်းခွေချပ် စသည့် တောသတ္တဝါတို့၏ တောတွင်းနေထိုင်ပုံ ဓလေ့များ၊ နွေရာသီ ရေခန်းသွားချိန်တွင် ရေများရာကန်သို့ ခုန်ကူးတတ်သော ငါးရံ့များအကြောင်း၊ အဆိုပါငါးရံများကို လူနှင့်တောတိရစ္ဆာန်များ အလုအယက် ကောက်ယူကြပုံများ အကြောင်း ရေးသားထားပါသည်။

 

ရာဇဌာနီဝတ္ထုတွင် ဒုတိယကမ္ဘာစစ်ဒဏ်ကို မြန်မာပြည်အနောက်ဘက်ရှိ ရခိုင်ပြည်နယ်မှ ပြည်သူများလည်း အလူးအလဲခံစားခဲ့ကြရပုံ၊ စစ်ဘေးသင့် ရခိုင်ပြည်သူအများအပြားသည် တစ်ဖက် နိုင်ငံ အင်္ဂလိပ်ပိုင်နက် အိန္ဒိယသို့စစ်ရှောင်ကြပုံ၊ အချို့သည် အိန္ဒိယနိုင်ငံ အာသံ ပြည်နယ် ပန်းဝါမြို့ ရာဇဌာနီဒေသရှိ အမျိုးများရှိရာသို့ တိမ်းရှောင်ခဲ့ရပုံ၊ ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲဖြစ်ပွားရာ ရှင်မဖြူကျွန်းအနီးရှိ ရာဇဌာနီသည် အိန္ဒိယနိုင်ငံပိုင်နက်ဖြစ်သော်လည်း ရခိုင် လူမျိုးအများအပြား အခြေစိုက်နေထိုင်ကြပြီး စစ်သူကြီးမဟာဗန္ဓုလနှင့် ဆက်စပ်သော မှူးမတ်၊ မြို့ဝန်နှင့် မြန်မာအရာရှိများလည်း ရှိကြပုံကို ရေးသားထားပါသည်။

 

ဆရာကြီး၏ထင်ရှားသောဝတ္ထုဖြစ်သည့် ရွှေပြည်ရခိုင်ဝတ္ထုသည် ၂၀၀၇ခုနှစ် ဇူလိုင်လမှ ၂၀၀၉ ခုနှစ် မေလအထိ သူရဇ္ဇ မဂ္ဂဇင်းတွင် အခန်းဆက်အဖြစ် သုံးနှစ် တိုင် ရေးသားခဲ့သော ဝတ္ထုဖြစ်ပါသည်။ ဆရာကြီးသည် ရွှေပြည်ရခိုင်စာအုပ်ကို ကျမ်းကိုးအထောက်အထားစုံလင်စွာ၊ သမိုင်းဆိုင်ရာ အကိုးအကားအထောက် အထားများစုံလင်စွာ၊ လေ့လာစူးစမ်းမှု များစွာတို့ဖြင့် ရေးသားခဲ့ပါသည်။ ယင်း စာအုပ်ကို ရေးသားရာတွင် ဆရာကြီး ဖိုးကျော့သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အရေးပိုင်အဖြစ် အချိန်ကြာမြင့်စွာ နေထိုင်သွားခဲ့သော အင်္ဂလိပ်လူမျိုး စာရေးဆရာကြီး မောရစ်ကောလစ်၏ အင်္ဂလိပ်ဘာသာဖြင့် မှတ်တမ်းတင်ချက်များကို ဆရာဦးလှဒင် မြန်မာပြန်ထားသော ရတနာရွှေမြေ စာအုပ်မှလည်း ကိုးကားထားသည်။

 

ကျွန်းတွင်ဇမ္ဗူ

လူတွင်ရခိုင်

ကြိုင်ဘိသတင်း

ကင်းသည့်အပြစ်

ချစ်သည့်အမျိုး

ကြိုးသည့် လုံ့လ

မြတ်စာဂနှင့်

(ဗုဒ္ဓဝင် လင်္ကာမှ)

 

ဆိုသည့်အတိုင်း ဆရာကြီးသည် ရခိုင်အမျိုးသားတစ်ဦးပီသစွာ ရခိုင်လူမျိုးတို့၏ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေထိုင်ခဲ့ကြပြီး နယ်ပယ်ချင်းထိစပ်သော ဒေသများသာမက တိုင်းတစ်ပါးသားများကပါ လေးလေးစားစား ဆက်ဆံကြရသော ဂုဏ်ဒြပ်တို့ ကို ရွှေပြည်ရခိုင်ဝတ္ထုတွင် မိမိကျွမ်းကျင် ပိုင်နိုင်သော ကလောင်စွမ်းဖြင့် ဖော်ထုတ်ခဲ့သည်။ အဆိုပါဝတ္ထုတွင် အေဒီ (၁၆) ရာစုခန့်က စည်ပင်ဝပြောခဲ့သော ရခိုင်တို့၏ မြောက်ဦးခေတ် တစ်နည်းအားဖြင့် သမိုင်းသုတေသီများက တင်စားကြသည့် ရွှေရောင်လွှမ်းသော ခေတ်အကြောင်း ရေးသားထားသည်။ မြောက်ဦးမြို့တော် ကို မြောက်ဦးခေတ်မင်း (၁၂) ဆက်မြောက် မင်းဗာကြီး (၈၉၃-၉၁၅)နှင့် နန်းတက်မိဖုရား စောမင်းလှတို့က မြန်မာနှစ် ၈၉၃ ခုတွင် နက္ခတ်(၁၄)လုံး၊ စိတြနက္ခတ်နှင့် ယှဉ်လျက်တည်ထောင် သည်။ မြို့တံတိုင်း၊ တန်ဆောင်း၊ ပြအိုး၊ ပစ္စင်၊ ရင်တား၊ တံခါး၊ ရေကျုံး၊ ညွန်ကျုံး၊ ကျုံးခြောက် စသည်အားဖြင့် တံတိုင်း အထပ်ထပ် သုံးဆင့်ရှိသောမြို့ဖြစ်သည် စသည်ဖြင့် ရေးသားထားသည်။

 

ဆက်လက်၍ တံတိုင်းအကြောင်း ရေးသားရာတွင် အောက်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်ထိ ပေ ၅၀ ခန့်ရှိသည်။ တတိယဆင့်၏ အတိုင်းအတာမှာ တောင် မှ မြောက်သို့ ၁၆၀၆ ပေ၊ အရှေ့မှ အနောက်သို့ ပေ ၁၇၄၀ ရှိသည်။ တံတိုင်းများ၏ အောက်ခြေတွင် ခုနစ်ပေထုရှိ၍ အထက်တွင် လေးပေထုရှိသည်။ ပထမ တံတိုင်းနှင့် ဒုတိယတံတိုင်း အကွာအဝေးမှာ ပေ ၁၄၀ ရှိ၍ ဒုတိယတံတိုင်းနှင့် တတိယတံတိုင်း၏ အကွာအဝေးမှာ ၂၃၇ ပေရှိပြီး အပေါ်ဆုံးအဆင့် နန်းရင်ပြင်၏ အကျယ်အဝန်းမှာ ၆၅၆ ပေဖြစ်သည်။ အရှေ့ဘက် တတိယအဆင့်တံခါးမှ ဒုတိယအဆင့်တံခါးအထိ ၂၆၇ ပေ။ ဒုတိယအဆင့်မှ ပထမအဆင့် တံခါးသို့ ပေ ၄၄၀ ကွာဝေးသည် စသည်ဖြင့် ခမ်းနားသော မြို့ရိုးတံတိုင်းအကြောင်း ပေါ်လွင်အောင် စာပန်းချီရေးသီထားသည်။ ထို့နောက် မြောက်ဦးခေတ်ကို မင်းဗာကြီး ခရစ်နှစ် (၁၅၃၁-၁၅၅၃)၊ မင်းဖလောင်း (၁၅၇၁-၁၅၉၃)နှင့် မင်းရာဇာကြီး (၁၅၉၃- ၁၆၁၂) တို့က တည်ထောင်ခဲ့ကြကြောင်း၊ မင်းရာဇာ ကြီးလက်ထက်တွင် ရခိုင်တို့၏ဩဇာသည် အကျယ်ပြန့်ဆုံးသို့ ရောက်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း ရခိုင်စာဆို ဖဒူမင်းညို က “ချေဟောက်သံကြား၊ ကျားကလန့်ရှောင်၊ ကြောင်မူပြေးထွက်၊ ကြွက်ကားလိုက်လေ၊ မြွေကိုဖားနိုင်၊ တရင်းဆိုင်လျက်၊ ရခိုင်ညွန့်ဖူး၊ ရွှေမြောက်ဦးကို၊ နတ်မှူးညွှန်ပြ၊ နန်းရာရသည်၊ ဘူမိနက်သန်၊ ထူးတည့်လေ” ဟု ဧချင်းဖြင့် စပ်ဆိုခဲ့ကြောင်း ရေးသားထားသည်။

 

ရွှေပြည်ရခိုင်ဝတ္ထုတွင် ဒုတိယ မြောက်ဦးခေတ် (အေဒီ ၁၅၃၁- ၁၆၃၈) ကာလအတွင်း မင်းရဲကျော်ထင် အမည် ရှိသော တောင်ငူမင်း သီဟသူသည် နောင်တော် ဟံသာဝတီ ပဲခူးမင်း နန္ဒ ဘုရင်ကိုလုပ်ကြံလို၍ လက်ဆောင်ပဏ္ဏာ အများအပြားနှင့်အတူ ရခိုင်ဘုရင်မင်း ရာဇာကြီးထံစေလွှတ်ပြီး စစ်ကူတောင်း ခဲ့ပုံ၊ ရခိုင်ဘုရင်မင်းရာဇာကြီးသည် ပဲခူးဟံသာဝတီကို သိမ်းယူခဲ့ပြီးနောက် ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို ခေါ် ငဇင်ကာအား သန်လျင်ဆိပ်ကမ်းမြို့၌ အစောင့်အရှောက်အဖြစ် အကြီးအမှူး ခန့်ထားခဲ့ပုံ၊ ထိုစဉ်က ခေတ်ပြိုင် ဘုရင်မင်းဧကရာဇ်တို့၏ နယ်ပယ်ချဲ့ထွင်လိုခြင်း၊ ဘုန်းတန်ခိုးဩဇာအာဏာများ ပြိုင်ဆိုင်လိုခြင်း တို့ကြောင့် ဘုရင့်နောင် မင်းတရားကြီး တည်ထောင်ခဲ့သော အာရှတိုက်တောင်ပိုင်း၏ အခမ်းနားဆုံး၊ အကြီးကျယ်ဆုံး မင်းနေပြည်တော် ဟံသာဝတီကို ရခိုင်မင်း၊ တောင်ငူမင်းနှင့် ယိုးဒယားမင်းတို့၏ သုံးပွင့်ဆိုင် တိုက် ခိုက်ခြင်းခံရသောကြောင့် ၁၆၀၀ ပြည့် နှစ်တွင် ပျက်စီးခဲ့ရပုံ၊ ၁၅ ရာစုလောက်ကပင် ရခိုင်တို့ထံတွင် မဟာမိတ်အဖြစ်၊ အမှုထမ်းအဖြစ် ဆက်ဆံခဲ့ကြသော ပေါ်တူဂီတို့ အနက် ပေါ်တူဂီစွန့်စားရေး သမားအချို့သည် ၁၆ ရာစုအကုန်၊ ၁၇ ရာစုအစပိုင်းတွင် ရခိုင်တို့အပေါ်၌ သစ္စာဖောက်လာကြသောကြောင့် ပေါ်တူဂီနှင့် ရခိုင်တို့ စစ်မက်ဖြစ်ပွားခဲ့ကြပုံ စသည်တို့အပြင် သီရိသုဓမ္မာ ရာဇာမင်းနှင့် မိဖုရား သီရိသုဒေဝီခေါ် နတ်ရှင်မယ်တို့၏ အကြောင်းများ၊ ထိုကာလ၌ မြောက်ဦးတွင် ဖြစ်ပျက်ခဲ့သော ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အကြောင်းအရာများ၊ ရခိုင်တိုင်းရင်း သားတို့၏ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများနှင့် ရခိုင်တို့၏ နောက်ခံသမိုင်းကြောင်းများအကြောင်း စေ့စေ့စုံစုံ ရေးသားထားရာ နောင်လာနောက်သားများအတွက် သမိုင်းအမွေအနှစ် စာအုပ်တစ်အုပ်အဖြစ် ကျန်ရှိမည်ဖြစ်သည်။

 

၂၀၀၇ ခုနှစ်တွင် ရေးသားခဲ့သော ရွှံ့ပင်လယ်ကိုဖြတ်၍ မီးပင်လယ်ကို ကျော်ခဲ့ကြသူများဝတ္ထုတွင် ဆရာကြီးတို့၏ ရခိုင်ဒေသ မာန်အောင်ကျွန်း၊ ရမ်းဗြဲကျွန်းတို့သည် မီးတောင်ပေါက်ကွဲမှု မကြာမကြာ ဖြစ်ပွားတတ်ကြောင်း၊ ဆရာကြီး၏ ဘိုးဘေးဘီဘင်များ၏ ပြောစကားများအရ ၁၈၂၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရမ်းဗြဲကျွန်းအနီးတွင်  အပြင်းထန်ဆုံး မီးတောင်ပေါက်ကွဲမှုကို ကြုံတွေ့ခဲ့ရကြောင်း၊ ရခိုင်တို့က နဂါးတောင်ဟုခေါ်သော မီးတောင်ကြီးသည် လအနည်းငယ်ကပင် ချော်ရည်ပူများ မှုတ်ထုတ်ခြင်း၊ မြည်ဟည်းသံများကြားရခြင်း၊ ပြာပူများ ပျံ့လွင့်နေခြင်း စသည့် ရှေ့ပြေးနိမိတ်များ ပြခဲ့သော်လည်း ဒေသခံများက အမှတ်တမဲ့ပင် နေထိုင်ခဲ့သဖြင့် မီးတောင်ကြီး ပေါက်ကွဲချိန်တွင် ရှောင်တိမ်းချိန် မရလိုက်ဘဲ သေကျေပျက်စီးမှု များပြားခဲ့ရကြောင်းများကို ရေးသားထားသည့် ဝတ္ထု ဖြစ်သည်။

 

၂၀၀၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော ရမ္မာဝတီကမ်းခြေဝတ္ထုသည် ဆရာကြီး နေထိုင်ကြီးပြင်းခဲ့ရာ မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး ဘင်္ဂလား ပင်လယ်အော်ကြီးနှင့်နီးသော ချောင်းဝရွာနှင့် အနီးတစ်ဝိုက်ရှိ ရမ္မာဝတီကမ်းခြေမှ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ရပ်မှန်များအကြောင်း အခြေပြု ရေးသားထားသည်။ မြန်မာနိုင်ငံရှိ ပြည်သူများသည် ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်၊ ပြည်တွင်း သောင်းကျန်းသူများ၏ ရောင်စုံသူပုန် ခေတ်စသည့်ခေတ်အခြေအနေအမျိုးမျိုး ၏ဒဏ်ကို ရင်ဆိုင်ခဲ့ရကြောင်း သမိုင်း စာမျက်နှာများတွင် မှတ်တမ်းတင် ကျန်ရစ်ခဲ့သော်လည်း ဆရာကြီး ဖိုးကျော့တို့၏ ရခိုင်ပြည်နယ် ရမ္မာဝတီ ကမ်းခြေဒေသတွင် ဖက်ဆစ်ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းမှု၊ နယ်ချဲ့အင်္ဂလိပ်တို့၏ အနိုင်ကျင့်စိုးမိုးမှု၊ ပြည်တွင်းသောင်း ကျန်းသူအဖွဲ့မျိုးစုံ၏ မတရားသဖြင့် ဗိုလ်ကျမှုဒဏ်များကို ရခိုင်တိုင်းရင်းသားများ ရင်ဆိုင်ကြုံတွေ့ရပုံများ၊ သမိုင်းမတင်ခဲ့သော်လည်း သမိုင်းကြောင်းရှိခဲ့ပုံများကို ဆရာကြီးသည် ၎င်းကျွမ်းကျင်သော ကလောင်စွမ်းဖြင့် စာဖတ်သူများအား သိရှိစေခဲ့ပါသည်။

 

ရရှိခဲ့သော စာပေဆုများ

 

ဆရာကြီးဖိုးအား ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာဆု ပေးအပ်ချီးမြှင့်ရန် သတင်း ထုတ်ပြန်သောအခါ တွေ့ဆုံမေးမြန်း သူတို့အား ဆရာကြီးက “တစ်သက်တာ စာပေဆုရတဲ့အတွက် ဝမ်းသာပါတယ်။ စာတွေရေးလာခဲ့တာ အခု အသက် ၇၉ နှစ်မှာ တစ်သက်တာ စာပေဆုရတယ်။ တစ်သက်တာ စာပေဆုကတော့ စာပေကို တကယ်ချစ်မြတ်နိုးပြီး စာပေကို တစိုက်မတ်မတ် ဘဝတစ်လျှောက်လုံး ရေးသားလာတဲ့သူတွေအနေနဲ့ အသက် ကြီးလာရင် ရကြမှာပါ။ စာပေနဲ ပတ်သက်ပြီး ဖြတ်သန်းခဲ့ရတာတွေကတော့ အများကြီးပါ။ အတွေ့အကြုံတွေလည်း အများကြီးပဲ။ ၁၉၆၅ ခုနှစ်လောက်ကစပြီး စာပေလောကထဲကို ဝင်ရောက်ခဲ့တာပါ။ မြဝတီမဂ္ဂဇင်းမှာ ဆင်မာန်နဲ့ ငှက်ဉာဏ် အခန်းဆက် ဝတ္ထုတိုကို စတင်ရေးသားခဲ့တယ်။ အရင်ခေတ်က စာမူပို့ရင် စာတိုက်ကနေ ပို့ရတာပါ။ ၁၉၇၂ ခုနှစ်မှာ အောင်ပွဲသို့ ချီရာဝယ်စာအုပ်နဲ့ အမျိုးသားစာပေဆု တစ်ကြိမ်ရဖူးတယ်။ စာပေဗိမာန် ဆုကတော့ ငါးကြိမ်လောက်ရဖူးတယ်။ ၁၉၉၁၊ ၁၉၉၂၊ ၁၉၉၃၊ ၁၉၉၆၊ ၁၉၉၉ ခုနှစ်တွေမှာ ဝတ္ထုတို၊ ဝတ္ထုရှည် စာပေ ဗိမာန်ဆု ငါးကြိမ်လောက် ရဖူးပါတယ်။ ဆင်လိုက်ခြင်းဝတ္ထုဆိုရင် ၁၉၆၈ ခုနှစ် ကနေ ၁၉၈၀ ပြည့်နှစ်အထိ အလယ်တန်း မြန်မာစကားပြေ လက်ရွေးစင်မှာ ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခြင်း ခံခဲ့ရပါတယ်။ ဆရာ့စာအုပ် နတ်မလိုက်သောနေ့ ဝတ္ထုကို ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ်က ပါမောက္ခ ဒေါက်တာအိုနို တိုရိုက ဂျပန်ဘာသာပြန်ပြီး ဂျပန်နိုင်ငံမှာပဲ ထုတ်ဝေခဲ့ပါတယ်။ အချို့ဝတ္ထုတွေကို ဗီယက်နမ်နိုင်ငံမှာလည်း ဗီယက်နမ် ဘာသာနဲ့ ထုတ်ဝေခဲ့တာတွေရှိပါတယ်။ အခုဆိုရင် စာရေးသက်ကလည်း နှစ် ၅၀ ကျော်ပါပြီ။ လက်ရှိအချိန်အထိ ရေးသား လာခဲ့တဲ့ လုံးချင်းစာအုပ်ပေါင်း ၅၉ အုပ် ရှိပြီး ဝတ္ထုတိုကတော့ ၃၀၀ ကျော်လောက် ရှိပါတယ်။ လက်ရှိမှာတော့ မဂ္ဂဇင်းတွေမှာ အခန်းဆက်တွေ ရေးနေပါတယ်။ စာရေးဖို့ ဝါသနာပါသူတွေအတွက် စာများများဖတ်ပြီး စာများများ ရေးစေချင်ပါတယ်။ ဆရာတို့လည်း ဒီလိုပဲ များများဖတ် များများရေးခဲ့ရတာပါ။ လူငယ်တွေကို စာများများ ဖတ်စေချင်တယ်။ အခု စာပေလောကနဲ့ ပတ်သက်ပြီး ပြောနေကြတာက ရသစာပေတွေ အဖတ် နည်းလာတယ်ပေါ့။ ဘယ်လိုပဲ ပြောပြောပါ သုတပဲဖြစ်ဖြစ်၊ ရသပဲဖြစ်ဖြစ် ပေးဆပ်နိုင်တဲ့ စာကောင်းပေမွန်တွေကတော့ သေသွားတယ်ဆိုတာ မရှိပါဘူး၊ ဆရာကြီး ရွှေဥဒေါင်းတို့၊ ဆရာကြီး မြသန်းတင့်တို့ စာအုပ်တွေဆိုရင်လည်း အခုထိ ထုတ်နေကြတုန်းပဲ။ စာပေဟာ အတိုင်းအတာတစ်ခုအထိ ကောင်းဖို့လိုတယ်။ အဲဒါဆိုရင် ကိုယ့်ရဲ့ စာပေဟာ သေသွားတယ် ဆိုတာ မရှိဘူး။ ဒါကြောင့် လူငယ်တွေ စာကောင်းပေမွန်တွေ ဖတ်ပြီး စာကောင်းပေမွန်တွေ ရေးသားဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

၂၀၁၇ ခုနှစ်တွင် ဆရာကြီးဖိုးကျော့၏ ဆင်ဝတ္ထု ၁၅ ပုဒ်ကို စုစည်းထားသည့် ဆင်သေကုန်းနှင့် အခြားဝတ္ထုတိုများ စာအုပ်ထွက်ရှိခဲ့သည်။

 

အနုစိတ်ခြယ်မှုန်းရေးဖွဲ့

 

ဝတ္ထုတိုများတွင် ကာလဒေသ နောက်ခံသည် အရေးပါလှရာ ဆရာကြီး ဖိုးသည် ကာလဒေသနောက်ခံကို သေချာကျနစွာ ခင်းကျင်းထားပါသည်။ အချို့ဝတ္ထုများတွင် ဇာတ်လမ်းဇာတ် ကွက် ပေါ်စေရန်၊ ဇာတ်လမ်းကို ရွေ့လျားစေရန်၊ ဇာတ်ဆောင်စရိုက် ပီပြင်၍ သဘာဝကျလာစေရန်၊ ကာလဒေသ နောက်ခံအဖွဲ့များကို အနုစိတ်ခြယ်မှုန်း ရေးဖွဲ့လေ့ရှိပါသည်။ လူတန်းစား သရုပ်ဖော်၊ ဘဝသရုပ်ဖော်ဝတ္ထုများ အများအပြား ရေးဖွဲ့သည့် ဆရာကြီး ဖိုးကျော့၏ ဝတ္ထုတိုများတွင်လည်း ဇာတ်လမ်း၊ ဇာတ်ဆောင်တို့နှင့် ဆီလျော်အောင်ကာလ ဒေသနောက်ခံအဖွဲ့များကို အံဝင်ခွင်ကျ ထည့်သွင်းရေးဖွဲ့ထားပါသည်။ ထို့ပြင် ဒေသဝန်းကျင်၊ လူမှု စီးပွားဝန်းကျင်များကိုလည်း ပေါ်လွင် အောင် ရေးဖွဲ့လေ့ရှိပါသည်။

 

၂၀၁၈ ခုနှစ်တွင် မြေဆီမည်းမည်း သွေးရဲရဲစာအုပ်ဖြင့် မဲခေါင်စာပေ ဆုရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်ကပင် ထုတ်ဝေခဲ့သော ယင်းဝတ္ထု၌ ကျောက်ဖြူမြို့နှင့် ရမ်းဗြဲကျွန်း ဒေသကြားရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ရွာကလေးများသည် မြေအောက် သယံဇာတများဖြစ်သော ရေနံကို မိမိတို့ ရွာပတ်ဝန်းကျင်တွင် လိုသလောက် ခပ်ယူသုံးစွဲနေကြရာမှ အင်္ဂလိပ်တို့၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသဖြင့် နောက်ပိုင်းတွင် အင်္ဂလိပ် ရေနံ လုပ်ငန်းရှင်ကြီးများ၏ ခေတ်မီရေနံတူး စက်များဖြင့် တူးဖော်မှုကြောင့် တိုင်းရင်း သားတို့မှာ မိမိမြေမှထွက်သော ရေနံကို အင်္ဂလိပ်တို့ထံမှ အခကြေးငွေပေးကာ ပြန်လည်ဝယ်ယူ သုံးစွဲနေရသည်မှ အစပြုကာ တိုင်းရင်းသား တို့၏ ပုန်ကန်ထကြွလာမှု စတင်လာခဲ့ကြောင်း ရေးသားထားပါသည်။ ယင်းစာအုပ်ကို ထိုင်းနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် အင်္ဂလိပ်ဘာသာပြ ဆရာအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသော ရခိုင်အမျိုးသား ဦးစံရွှေဘော်က ငယ်စဉ်ကပင်ကြိုက်နှစ်သက်၍ ဝယ်ယူထားပြီး ဘာသာပြန်ထားသော်လည်းအကြောင်း မတိုက်ဆိုင်သေးသဖြင့် အင်္ဂလိပ်ဘာသာပြန်အနေဖြင့် ပေါ်ထွက်ခြင်း မရှိခဲ့ပါ။ ထို့နောက် မြန်မာပြည်သို့ လာရောက်ချိန်တွင် စာပေတိုက်နှင့် ဆက်သွယ်ကာ ထုတ်ဝေခြင်းဖြစ်ပြီး မဲခေါင်စာပေဆုသို့တင်ရာ ဆရာကြီး ဖိုးသည် မဲခေါင်စာပေဆု ချီးမြှင့်ခံရခြင်း ဖြစ်သည်။

 

ရေးသားခဲ့သော မဂ္ဂဇင်းများ

 

ဆရာကြီးဖိုးကျော့ ပါဝင်ရေးသားခဲ့ သော မဂ္ဂဇင်းများမှာ ကလျာမဂ္ဂဇင်း၊ ချယ်ရီမဂ္ဂဇင်း၊ ဂန္ထဝင်မဂ္ဂဇင်း၊ ဂျီအီးစီ ရသစုံ မဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း၊ စံပယ် ဖြူမဂ္ဂဇင်း၊ စံပယ်ဦးမဂ္ဂဇင်း၊ စန္ဒာမဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်း၊ နှင်းဆီမဂ္ဂဇင်း၊ ပို့ဆောင် ရေးမဂ္ဂဇင်း၊ ပန်မဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်း၊ မြဝတီမဂ္ဂဇင်း၊ မြို့တော်မဂ္ဂဇင်း၊ မြတ်လေးမဂ္ဂဇင်း၊ ရတနာသစ်မဂ္ဂဇင်း၊ ရာစု မဂ္ဂဇင်း၊ ရွက်နုဝေမဂ္ဂဇင်း၊ လုံမလေး မဂ္ဂဇင်း၊ လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း၊ သဘင်မဂ္ဂဇင်း၊ သရဖူမဂ္ဂဇင်း၊ သူရဇ္ဇ မဂ္ဂဇင်း၊ သည်းထိတ်ရင်ဖိုမဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်း၊ အကောက်ခွန် နှစ်လည် မဂ္ဂဇင်းတို့ဖြစ်ပါသည်။

 

ထုတ်ဝေပြီးသော စာအုပ်များ

 

ဆရာကြီးဖိုးကျော့၏ ထုတ်ဝေပြီးသော စာအုပ်များမှာ ပင်လယ်ကျား၊ အဏ္ဏဝါမီးစုန်းများနှင့် အခြားဝတ္ထုတိုများ၊ လောဘမြစ်ပင်လယ်၊ မြန်မာ့မုဆိုး၊ သေရွာပြန်တို့၏ အဏ္ဏဝါခရီး၊ ရာဇဌာနီ၊ အတောင် မကျိုးမချင်း ပျံသန်းခဲ့သော ပျံလွှား၊ မြန်မာပြည်မြောက်ဖျားမှ နဂါးမီးတောက်နှင့် ထူးဆန်းအံ့ဖွယ် မုဆိုးဘဝ ဖြစ်ရပ်မှန်များ၊ ဆင်သင်္ချိုင်းရှာပုံတော်နှင့် အခြားဝတ္ထုတိုများ၊ မီးလောင်မြေ၊ လွင့်မျောနေသောဒြပ်စင်များနှင့် အခြား ဝတ္ထုတိုများ၊ ကန္တာရမုဆိုးနှင့် ဂမ္ဘီရမြို့တော်၊ မိုးကောင်းကင်၏ အချစ်အဇ္ဈတ္တနှင့် အခြားဝတ္ထုတိုများ၊ လူသားစားမိကျောင်းနှင့် မုဆိုးတိုက်ပွဲ၊ အလွမ်းကမ္ဘာ တောကန္တာ၊ ခပ်သိမ်းသောမြစ်တို့ကဲ့သို့၊ ပုလဲနက်ဝင်္ကပါ၊ ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ၊ သမုဒယဤပင်လယ်၊ မြေဆီ မည်းမည်းသွေးရဲရဲ၊ နတ်စောင့်များနှင့် သားရဲတို့ရွာ၊ လွန်လေပြီးသောအခါ၊ လမိုင်းတိုက်ကျား (ရှားပါးမုဆိုးဝတ္ထုတိုများ)၊ အောင်ပွဲသို့ချီရာဝယ် (အမျိုးသား စာပေဆုရ-၁၉၇၂)၊ မာယာမင်းသမီး၊ အင်တွဲပွဲလျက် အရှာထွက်၊ ကျွန်တော်တို့ လူ၊ ကမ္မဇိဒ္ဓိနှင့် အခြားဝတ္ထုတိုများ၊ ရေခဲပြင်ပေါ်က တောင်နဂါးကြီးနှင့် ရှားပါး မုဆိုးဝတ္ထုတိုများ၊ ဟိမဝန္တာကလာသူ၊ အလွမ်းနှင့်သာနေတော့မည်၊ ဧကရာဇ်တို့၏ တောတွင်းတိုက်ပွဲ၊ ဆောင်းရက် ရှည်တဲ့နွေဒေသ၊ မဟာလီဒို၊ မမြင်သာသော ကြမ္မာရိုင်းနှင့် အခြားဝတ္ထုတိုများ၊ သံချပ်ဝတ် နယ်စားကြီး၊ ကျားနာမျက် ကန်းနှင့် အဏ္ဏဝါမုဆိုး (စာရေးဆရာ သန်းဆွေသစ်နှင့်တွဲလျက်)၊ ဟူးကောင်းကျား၊ ဟူးကောင်းတောင်ကြား၊ ဝမ်းရေးထက်ပင် ခက်ပါသည်၊ လက်မည်းကြီးနှင့် ရွှေကိုကိုင်၊ ဆင်သေကုန်း၊ ဂမ္ဘီရ ဤပင်လယ်၊ ဂမ္ဘီရမဟာဂနိုင်၊ ရမ္မာဝတီ ကမ်းခြေ၊ ဝက်နာသူရဲကြီး ကျားကိုစီး၊ နန်းရပ်ထီးဖြူ လုယူမယ်မြင်သည်။ ဆင်လုပ်သား၊ သူ့သမိုင်းကိုယ့်သမိုင်း နိုင်ငံသမိုင်း၊ ရွှေပြည်ရခိုင်၊ ငါတို့ အနောက်တံခါး စသည်တို့ ဖြစ်ကြသည်။

 

ဆရာကြီး၏ ထင်ရှားကျော်ကြားသော ဝတ္ထုတို၊ ဝတ္ထုရှည်တို့ကို စာပေ တိုက်များက ဒုတိယအကြိမ်၊ တတိယ အကြိမ် စသည်ဖြင့် အကြိမ်ကြိမ်ရိုက်နှိပ် ထုတ်ဝေလျက်ရှိသည်။

 

ဆရာကြီးသည် ဂမ္ဘီရဝတ္ထုများကိုမူ ဝေယံလင်းခေါင် ကလောင်အမည်ဖြင့် ရေးသားပါသည်။

 

ဆရာကြီးဖိုးသည် စာပေနယ်ထဲသို့ စတင်ဝင်ရောက်ခဲ့သည့် ၁၉၆၅ ခုနှစ်မှ ယနေ့အချိန်အထိ စာရေးသက် တစ်လျှောက်တွင် ဗဟုသုတစာပေများ၊ မုဆိုးနှင့်ဆိုင်သော အတွေ့အကြုံ ဗဟုသုတ စာပေများကို ရေးသားပြုစုခဲ့ပါသည်။ တောတွင်းနေ တိရစ္ဆာန်တို့နှင့် ပတ်သက်သည့်စာပေများကို ထွန်းပေါက်စွာ ရေးသားခဲ့သော ဆရာဖိုး၏ စာပေလက်ရာများကို ဖတ်ရှုရသည့် စာဖတ်ပရိသတ်အဖို့ များစွာအကျိုးရှိပါသည်။ ဗဟုသုတများစွာ ရရှိပါသည်။ ပင်ကိုရေးဝတ္ထုတို ၃၀၀ ကျော်၊ ဝတ္ထုရှည် လုံးချင်းအုပ် ၇၀ ခန့် ရေးသားခဲ့သည်။

 

ဆရာကြီးသည် ၁၉၈၂ ခုနှစ်တွင် ဒေါ်ကြူကြူဝင်းနှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီးနှစ်ဦး ထွန်းကားခဲ့ပါသည်။ ဆရာကြီးသည် မိသားစုနှင့်အတူ တိုက် (၂၂)၊ ပုလဲဟာလမ်း၊ (၃) ရပ်ကွက်၊ လှည်းတန်းလမ်း၊ ကမာရွတ်မြို့နယ်တွင် နေထိုင်လျက်ရှိပါသည်။

 

ယခုအခါတွင် ဆရာကြီးသည် ပဉ္စနိကာယနိကာယ် သာသနာတော် ထွန်းကားရေးအသင်း (ရန်ကင်း) တွင် သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။

 

ကျွန်မသည် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီးဖိုးကျော့၏ စာပေအနုပညာခရီးအကြောင်း ရေးသားရန် တာဝန်ပေးချက်အရ ဆရာကြီးနှင့် မိသားစုနေထိုင်ရာ အိမ်သို့သွားကာ သိလိုသည်များကို မေးမြန်းခဲ့ပါသည်။ ဆရာကြီးသည် အသက် ၈၀ ကျော်လွန်လာပြီဖြစ်သော်လည်း စာပေများကို ဆက်လက် ရေးသားနိုင်လျက်ရှိပါသည်။

 

ဆရာကြီး သက်ရှည်ကျန်းမာစွာဖြင့် စာပေများကို ဆက်လက် ရေးသားနိုင်ပါစေကြောင်း စာပေဗိမာန် စာတည်း အဖွဲ့ ကိုယ်စား ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ။

 

ကိုးကား - ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆု

လက်ကမ်းစာစောင် - ဆရာကြီးဖိုးကျားရေးသားခဲ့သော

စာအုပ်များ - ဆရာကြီးဖိုးကျော့စာစုစာရင်း

 

ကြည်ကြည်ဝင်း (စာပေဗိမာန်)