Skip to main content

၇၄ နှစ်ပြည့်ခဲ့ပြီ

မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခု ၇၄ နှစ်ပြည့်ခဲ့လေပြီ။ လွတ်လပ်ရေးနေ့ အခါသမယရောက်လေတိုင်းလွတ်လပ်ရေးရတဲ့အခါ ယိုးဒယားလိုဖြစ်ချင်သလား၊ တူရကီလိုဖြစ်ချင်သလား၊ အိုင်ယာလန်လို ဖြစ်ချင်သလား၊ ဆိုဗီယက်ရုရှားလို ဖြစ်ချင်သလားဆိုသည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာချက်ကို သတိရမိသည်။

ဗိုလ်ချုပ်သည် ထိုစဉ်ကတည်းက ကမ္ဘာကြည့် ကြည့်ခဲ့သည်။ တစ်ဖက်ကလည်း လူမျိုးစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတို့ကြောင့် ပေါ်ပေါက်လာမည့် မြန်မာ့အကွဲအပြဲကို သူစိုးရိမ်ခဲ့သည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအတွက် အထပ်ထပ်အခါခါ မှာတမ်းချွေခဲ့သည်။ မြန်မာတွေ စည်းကမ်းရှိဖို့၊ အလုပ်ကြိုးစားဖို့၊ တလွဲဆံပင်မကောင်းဖို့ အကြိမ်ကြိမ် သတိပေးခဲ့သည်။

သို့ရာတွင် ကွဲကြပြဲကြသည်။ ကွဲရုံပဲ့ရုံမက လက်နက်ကိုင်လမ်းစဉ်ကိုပါ ကိုင်စွဲလာကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် တောခို၍ လပိုင်းအရွယ်သား ပါလီမန်ဒီမိုကရေစီအစိုးရကို လက်နက်စွဲကိုင် ပုန်ကန်ခြားနားသည်။ ကရင်အမျိုးသား အစည်းအရုံး (KNU)ကလည်း ၁၉၄၉ ခုနှစ်တွင် အင်းစိန်၊ တောင်ငူ အပါအဝင် KNDO တပ်များအခြေပြုရာ မြို့ကြီးများကို သိမ်းယူ၍ တင်းပြည့်ကျပ်ပြည့် ပါလီမန်ဒီမိုကရေစီအစိုးရစစ်စစ်ကို ပုန်ကန် ခြားနားခဲ့ပြန်သည်။ ထိုမှအစပြု၍ လွတ်လပ်ရေး၏ ဖွားဖက်တော် လက်နက်ကိုင်ပဋိပက္ခသည် ပစ္စက္ခတိုင်ရှည်ကြာခဲ့သည်။

တလွဲဆံပင်ကောင်းနေကြဆဲ

ဗိုလ်ချုပ်ပြောခဲ့သလို ပြန်လည်ထူထောင်ရေး၊ အမျိုးသားကြီးပွား တိုးတက်ရေးအတွက် ယခုတိုင် ကျွန်တော်တို့စိတ်မဝင်စားနိုင်ကြသေး၊ မြန်မာအချင်းချင်းချဖို့သာ တလွဲဆံပင်ကောင်းနေကြဆဲ ဖြစ်သည်။

ရွှေမြန်မာအများစု၏ တလွဲဆံပင်ကောင်းမှုများကား ပြော၍မကုန်နိုင်ပါ။ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများကို မြန်မာအများစု စွဲလမ်းနှစ်ခြိုက်ကြသည်မှာ ဆယ်စုနှစ်မကတော့ပြီ။ စွဲလမ်းမှုနှင့်အတူ အွန်စော၊ ဂျွန်စောတို့ကိုသာမက ကိုရီးယားအစားအသောက်များ ဖြစ်ကြသည့် ဆိုဂျူးတို့၊ ပဲခေါက်ဆွဲတို့ ကင်ချီတို့ကိုပါ မြည်းစမ်းလာကြသည်။ ကိုရီးယားဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကိုပါ သဘောကျ လာကြသည်။ သို့သော် အများစုက ကိုရီးယားနိုင်ငံ၏ ရုန်းကန်မှု၊ အာရှကျားတစ်ကောင်အဆင့်သို့ ရောက်ရှိလာအောင် နှာခေါင်းသွေးထွက်မျှ (ကိုရီးယားဇာတ်လမ်းတွဲများတွင် သုံးနှုန်းနေကျစကား) ကြိုးပမ်းတည်ဆောက်ခဲ့မှုများကို အများစုက ရေရေရာရာမသိခဲ့ကြ။ လေ့လာအတုယူရကောင်းမှန်းပင် မသိခဲ့ကြ။

တကယ်တော့ ကိုရီးယားနိုင်ငံ၏ သမိုင်းကြောင်းသည် လွယ်ကူ ချောမွေ့ခဲ့ခြင်း မရှိခဲ့ပါချေ။ မြန်မာထက်ပင် ပို၍အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ကြရသည်။ အိမ်နီးချင်းနိုင်ငံက နှစ်ပေါင်း ၄၀ နီးပါး ကျွန်ပြုခြင်းခံခဲ့ရသည့် ဤနိုင်ငံငယ်လေးသည် ဒုတိယကမ္ဘာစစ် အပြီးတွင် စစ်ပွဲနှင့် တစ်ဖန်ကြုံတွေ့ခဲ့ရပြန်သည်။ ၁၉၅၃ ခုနှစ်တွင် ကိုရီးယားစစ်ပွဲကြီး ပြီးဆုံးသွားခဲ့သော်လည်း တိုင်းပြည်က ထောင်းလမောင်းကြေ ကျန်ခဲ့သည်။ စစ်ဘေး၊ စစ်ဒဏ်ကြောင့် ဤနိုင်ငံငယ်ကလေးသည် ကုန်းကောက်စရာ မကျန်လောက်အောင် ဖျက်ဆီးခြင်းခံခဲ့ရသည်။

ကိုရီးယားစစ်ပွဲကြောင့် ခန့်မှန်းခြေ အရပ်သားနှစ်သန်းကျော် သေခဲ့ရပြီး သိန်းပေါင်းများစွာသော ပြည်သူပြည်သားများ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ စစ်ကာလအတွင်း မိသားစုများ ကစဉ့်ကလျား တကွဲတပြားဖြစ်ကုန်သည်။ စစ်ရပ်ဆိုင်းရန် သဘောတူလက်မှတ် ထိုးပြီးသောအခါ ကိုရီးယားကျွန်းဆွယ်သည် နှစ်ပိုင်းကွဲသွားသည်။ ပြည်သူအတော်များများမှာ သူတို့၏ ချစ်သူခင်သူများနှင့် ကွဲကွာသွားခဲ့ကြရသည်။ အလုပ်အကိုင်အခွင့်အလမ်းများလည်း မရှိတော့၍ လူတွေ မှာ အလုပ်အကိုင်မရှိ၊ စားစရာကလည်း နတ္ထိ၊ ကလေးအတော်များများသည် မိဘမဲ့များဖြစ်သွားပြီး အစာရေစာ ငတ်မွတ်ခေါင်းပါးကြသည်။ လမ်းတကာပေါ်လှည့်ပြီး အစားအစာရှာဖွေကြရသည်။

အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့

 ထို့နောက် ပြည်တွင်းအာဏာလုပွဲများ၊ သဘောတရားရေးတိုက်ပွဲများ၊ လူမှုရေး မငြိမ်မသက်ဖြစ်မှုများ စသည့်စိန်ခေါ်မှုများကလည်း ဆက်တိုက်ပေါ်ပေါက်လာသည်။ ထိုသို့သော ခေတ်ကာလများအတွင်း ထောင်ပေါင်းများစွာသော ကိုရီးယားများသည် နိုင်ငံရပ်ခြားသို့ သွားရောက်ပြီး သတ္တုတွင်းအလုပ်သမားများ၊ ဆောက်လုပ်ရေးအလုပ် သမားများအဖြစ် အလုပ်လုပ်ကြရသည်။ သူတို့သားသမီးများ ဘဝသာယာလှပရေးအတွက် ကိုရီးယားသို့ သူတို့ပြန်ပို့သော ငွေများကြောင့်သာ ကိုရီးယားနိုင်ငံသည် ဒေဝါလီခံရမည့်ဘေးမှ လွတ်ကင်းခဲ့သည်။ ၁၉၇၃ ခုနှစ် အာရပ် ရေနံသပိတ်ကြောင့် ကြုံခဲ့ရသော အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့သည်။ ထောင်ပေါင်းများစွာသော အမျိုးသမီးများကလည်း ဂျာမနီနိုင်ငံသို့ သူနာပြုဆရာမများအဖြစ် သွားရောက်အမှုထမ်းခဲ့ကြသည်။ သူတို့၏ ညီအစ်ကိုမောင်နှမများ ထမင်းဝရေး၊ စာဖြောင့်ဖြောင့် သင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ဖြစ်သည်။

အသည်းအသန်ကြိုးစားခဲ့ကြ

ထိုခေတ်ထိုကာလက ကိုရီးယားပြည်သူများ အလွန်အမင်း လိုလားတောင့်တသည်မှာ ပိုမိုသာယာဝပြောသော ဘဝတစ်ခုတွင် နေထိုင်ရှင်သန်ဖို့သာ ဖြစ်သည်။ ထိုဘဝမျိုးတွင် နေထိုင်နိုင်ရန် ကိုရီးယားနိုင်ငံသားများ အသည်းအသန်ကြိုးစားခဲ့ကြသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသည်။ ဤသို့သော ပြင်းပြသည့်ဆန္ဒများနှင့် ဇွဲမာန်တို့ကြောင့် လူအတော်များများက မဖြစ်နိုင်ဟု မှတ်ယူထားသည့်အရာများကို သူတို့ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ကြသည်။

ယနေ့ဆိုလျှင် ကိုရီးယားသမ္မတနိုင်ငံ(တောင်ကိုရီးယား)သည် ကမ္ဘာ့စီးပွားရေးလောက၏ ထိပ်တန်းစာရင်းဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ယခင်က စစ်ဘေးကြောင့် ကုန်းကောက်စရာ မကျန်လောက်အောင် ပျက်စီးခဲ့ရသည့် ဤနိုင်ငံတွင် ဆဲလ်ဖုန်းများ၊ ကွန်ပျူတာသုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းများမှသည် ဧရာမသင်္ဘောကြီးများနှင့် ဇိမ်ခံမော်တော်ကားများအထိ ထုတ်လုပ်နေသည်။ ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီ ပိစိကွေးကလေးဖြစ်သည့် ဟွန်ဒိုင်းကုမ္ပဏီအပါအဝင် ကုမ္ပဏီများစွာကိုလည်း ကမ္ဘာ့တန်းဝင်

ကော်ပိုရေးရှင်းကြီးများဖြစ်လာအောင် တွန်းတင်ပေးနိုင်ခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးများ၊ ကမ္ဘာ့အရှည်ဆုံးစာရင်းဝင် တံတားများဖြင့်လည်း ဖွံ့ဖြိုးတိုးတက်လာသည်။ အားကစားသမားများ၊ အနုပညာရှင်များ၊ ဂီတပညာရှင်များ၊ သိပ္ပံပညာရှင်များကလည်း ကမ္ဘာတစ်ဝန်း အကျော်ဇေယျဖြစ်လာကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော် ၇၀ အတွင်း ကိုရီးယားပြည်သူတို့၏ စုပေါင်းညီညာစွာ ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် ယနေ့ အာရှကျားတစ်ကောင်အဖြစ် အင်အားကြီးမားလာသည့် ကိုရီးယားသမ္မတနိုင်ငံ၏ သမိုင်းကား အတုယူဖွယ်၊ သင်ခန်းစာယူဖွယ်ကောင်း လှပေသည်။

ထို့အတူ ကမ္ဘာ့စက်မှုထိပ်တန်း ဂျပန်နိုင်ငံ၊ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဘေးဒဏ်နှင့် အဏုမြူဗုံးဒဏ်ကြောင့် ပြာပုံအထိဖြစ်ခဲ့ရသည့်ဘဝမှ ရုန်းကန်ခဲ့ပြီး ယနေ့ဂျပန်အဖြစ် ပြန်လည်နိုးထရှင်သန်လာရန် ကြိုးပမ်းခဲ့ကြသည့် ဂျပန်တို့၏ အမျိုးသားရေးအားမာန်ကလည်း စံနမူနာယူဖို့ ကောင်းလှသည်။

နိုင်ငံကို ပြာပုံဘဝမှကမ္ဘာ့ထိပ်တန်းနိုင်ငံ တစ်နိုင်ငံအဖြစ် ထူထောင်ခဲ့ရာတွင် ဂျပန်ပြည်သူတို့၏တက်ကြွမှု၊ ထက်မြက်မှု၊ အလုပ်ကြိုးစားမှု၊ ဝီရိယကြီးမားမှု၊ စည်းကမ်းလိုက်နာမှုများကို သမိုင်းတွင် ချန်ရစ်ထား၍ မရစကောင်းပေ။

တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာ

တစ်ဖက်မှာလည်း ဂျပန်တို့သည် အခွင့်ကောင်းကို ကောင်းစွာအသုံးချနိုင်ခဲ့သည်။ စစ်ပြီးကာလတွင် အမေရိကန်က ဂျပန်နိုင်ငံ၏ ကာကွယ်ရေးတာဝန်ကိုယူခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက်လည်း စီးပွားရေးအထောက်အပံ့များ ပေးခဲ့သည်။ ဂျပန်နိုင်ငံအဖို့ ကာကွယ်ရေးအသုံးစရိတ် ကုန်ကျရန် မလိုတော့၍ ဂျပန်၏စီးပွားရေးသည် ခေါင်းထူလာသည်။ ဂျပန်စက်ရုံခေါင်းတိုင်များ၌ မီးခိုးများ လူလာသည်။ တစ်ဖန် ကိုရီးယားစစ်ပွဲကာလတွင် အမေရိကန်တို့သည် ဂျပန်စစ်အခြေစိုက်စခန်းကို အသုံးပြုခဲ့သလို ဂျပန်စက်မှုလုပ်ငန်းကို အားပြုခဲ့သည်။ ဤသို့ဖြင့် ဂျပန်၏စက်မှုလုပ်ငန်းသည် တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာသည်။

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကြီး မစ္စတာဆာဆာကာဝါက သူငယ်စဉ်အခါက မြန်မာနိုင်ငံမှ ပေးပို့သော ဆန်များကို စားခဲ့ရသည်ဟု တခုတ်တရ ဆိုရလောက်အောင် စစ်ပြီးကာလတွင် စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့ခဲ့ရသော ဂျပန်သည် ဂျပန်လယ်သမားတို့၏ သိပ္ပံနည်းကျ စိုက်ပျိုးရေးကို တီထွင်ကြံဆခဲ့မှုများကြောင့် ယနေ့ စားနပ်ရိက္ခာ ဖူလုံလာခဲ့သည်။

သဘာဝသယံဇာတများ ပေါကြွယ်ဝရာ မြန်မာနိုင်ငံကမူ ယနေ့တိုင် အတိတ်သမိုင်းအတွင်းမှာပင် တဝဲလည်လည်ဖြင့် ရှေ့ကိုမရောက်နိုင်တော့။ တိုင်းရင်းသားညီအစ်ကို အချင်းချင်းကြား နိုင်ငံရေးဝါဒ မတူညီမှု၊ အယူအဆမတူညီမှုများနှင့် သံသယအမြင်များကြောင့် ပေါ်ပေါက်ခဲ့သော လက်နက်ကိုင်ပဋိပက္ခကို တစ်စတစ်စလျော့ပါး ကင်းစင်သွားအောင် ဆွေးနွေးညှိနှိုင်းအဖြေရှာကြရမည့်အစား ဘေးပယောဂတို့ကြောင့် ပစ္စက္ခကာလတွင် တိုင်းရင်းသားဒေသအချို့၌ တိုက်ပွဲများ တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့ပြန်သည်။ တိုက်ပွဲများကြောင့် ဒေသခံပြည်သူအချို့သည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရ ပြန်သည်။

ထိုမျှမက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် ပေါ်ပေါက်လာခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ နှင့်အတူ အကြမ်းဖက်အုပ်စုများကလည်း အသစ်အသစ်ပေါ်ထွက် လာကြပြန်သည်။ ထိုအကြမ်းဖက်အုပ်စုများဖြစ်ကြသည့် CRPH ၊ NUG နှင့် PDF အုပ်စုတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြိုင်ဘက်ပါတီအဖွဲ့ အစည်းများမှ ပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာဘုန်းတော်ကြီးများ အပါအဝင် အပြစ်မဲ့ ပြည်သူအများအပြား သေကျေ ဒဏ်ရာရခဲ့ကြသည်။ နိုင်ငံပိုင် အဆောက်အအုံများနှင့် ပစ္စည်းများကို အကြမ်းဖက်မီးရှို့၊ ဗုံးခွဲခဲ့မှုများကြောင့်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ များစွာ ဆုံးရှုံးခဲ့ရပြန်သည်။

အနာဂတ်အတွက် စိတ်မကောင်းစရာ

သမိုင်းတရားခံဖြစ်စေမည့် အဆိုးရွားဆုံးလုပ်ရပ်က မျိုးဆက်သစ် လူငယ်များကို လက်နက်ကိုင်လမ်းစဉ်အား ဆက်လက်အမွေဆက်ခံ စေခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်အင်အားဖြစ်သည့် လူငယ်မောင်မယ်အချို့သည် ၎င်းတို့၏ သွေးထိုးလှုံ့ဆော်မှုများ ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဒေသအချို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ကြရသည်။ ငါးပိရည်နှင့် ထမင်းတစ်ခဲကို မဝရေစာစားသောက်ပြီး တူမီးသေနတ်များကိုင်စွဲ ထားကြသော လူငယ်မောင်မယ်တို့၏ လူမှုကွန်ရက်စာမျက်နှာထက် က ပုံရိပ်များကား သူတို့အတွက်သာမက မြန်မာ့ရှေ့အနာဂတ်အတွက်ပါ စိတ်မကောင်းစရာ ဖြစ်ရသည်။ စိတ်လက်မချမ်းမသာ ဖြစ်စေသည်။

အမေရိကန်စာရေးဆရာကြီး ရစ်ချက်ဘတ်ဝဲလ်က “၁၉၄၈၊ ၄၉၊ ၅၀ ခုနှစ်များအတွင်း မြန်မာပြည်သည် ပြည်တွင်းစစ်ကြောင့် စိုက်ပျိုးနိုင်သောမြေဧရိယာ၏ ၃၅ ရာခိုင်နှုန်း တို့ကောခဲ့ရသည်။ လူဦးရေ သုံးသန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။ ပြည်သူ၊ ပြည်သား ၂၂၀၀၀ နှင့် အစိုးရဘက်မှ စစ်ဘက် နယ်ဘက် အမှုထမ်းပေါင်း ၅၇၀၀ တို့ အသက်ဆုံးရှုံးခဲ့ကြရသည်။

ပြည်ထောင်စုသားတစ်ဦး