Skip to main content

လွတ်လပ်အမွေ စောင့်ထိန်းလေ

ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အခါ ပို၍သိရသကဲ့သို့ လွတ်လပ်ခြင်း၏ တန်ဖိုးအနှစ်သာရကို လွတ်လပ်ရေး ဆုံးရှုံးသည့်အခါတွင် ပိုမိုသိရှိကြလိမ့်မည်ဖြစ်သည်။ စာရေးသူသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှသာ မွေးဖွားလာသည့်အတွက် သူ့ကျွန်ဘဝရောက်ရှိစဉ် အတွေ့အကြုံများကို သမိုင်းစာမျက်နှာများမှ ပညာရှင်များ၊ စာရေးဆရာများ ရေးသားသော စာအုပ်များကို ဖတ်ရှုခဲ့ရပြီး စာသိ၊ တစ်ဆင့် အသိဖြင့်သာ သိရှိလေ့လာခဲ့ရပါသည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်း၏ အဖြစ်သနစ်များ၊ နာကြည်းကြေကွဲဖွယ် ခံစားမှုများကို စာပေများထဲမှာသာ ဖတ်ရှုခဲ့ရဖူးပါသည်။

ကိုယ့်တွေ့ခံစားမှုများ

လွတ်လပ်ရေးဟုဆိုရာဝယ် ဆရာကြီးမင်းသုဝဏ်၏ ကြေကွဲဖွယ် ခံစားမှုကို ရေးသားဖော်ပြလိုပါသည်။ ဆရာကြီးမင်းသုဝဏ်သည် ၁၉၃၆ ခုနှစ်တွင် အစိုးရပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်သို့ သွားခွင့်ရခဲ့ပါသည်။ စူးအက်မြို့တွင် ကျောက်ချရပ်နားစဉ် အီဂျစ်အစိုးရက မော်တော်ဘုတ်ဖြင့် သင်္ဘောကို လာရောက်စစ်ကြရာ မော်တော်ဘုတ်တွင်ပါသော အီဂျစ်အလံကိုသာ အလေးပြုခဲ့ရသည့်အဖြစ်ကို တွေးမိသည့်အတွက် ဆရာကြီး၏ စိတ်ထဲတွင် အလွန်ဝမ်းနည်း ကြေကွဲခဲ့ရပါသည်။ အင်္ဂလန်ရောက်သည့်အခါတွင်လည်း လွတ်လပ်သောနိုင်ငံ၏ လွတ်လပ်သည့် လူမျိုးများကို တွေ့ရပါသည်။ လွတ်လပ်သည့်နိုင်ငံများသို့ သွားရောက် လေ့လာလည်ပတ်ပြီးတိုင်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အားမလိုအားမရဖြစ်ပြီး ရင်ထဲ၌ ဆို့နင့်ကြေကွဲရပုံကို ဖတ်ရှုလေ့လာခဲ့ရပါသည်။ ဤသည်တို့မှာ မြန်မာနိုင်ငံ မလွတ်လပ်သေးမီက ကမ္ဘာပေါ်ရှိ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သည့် လူမျိုးတို့နှင့် ထိတွေ့ဆက်ဆံရသူတို့၏ ရင်ထဲမှ ကိုယ့်တွေ့ခံစားမှုများပင် ဖြစ်ပါသည်။ ။

နည်းပရိယာယ်မျိုးစုံတို့ဖြင့် လွှမ်းမိုးချုပ်ကိုင်နေသော နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေးသည် ပြောသလောက် မလွယ်ကူလှပါ။ ကာလအကန့်အသတ်မရှိ တော်လှန်ရသော လုပ်ငန်းဖြစ်၍ အပျော်တမ်းနိုင်ငံရေးအမြင်ဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ မဆုတ်မနစ်သောဇွဲ၊ အနိုင်မခံ အရှုံးမပေးသောစိတ်၊ ရဲရင့်နီစွေးသော သတ္တိများဖြင့် တည်ဆောက်ထားခဲ့ရခြင်းဖြစ်ပါသည်။ တိုင်းရင်းသားများသည်လည်း အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားပြီး အနစ်နာခံမှုများကို အရင်းတည်ကာ ကြိုးပမ်းအားထုတ်ခဲ့ကြသည်ကို အတိတ်သမိုင်းကြောင်းများကို ပြန်ပြောင်းလေ့လာ ကြည့်ပါက တွေ့ရပေလိမ့်မည်။

“လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကိုရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ဆက်လွတ်လပ်ရေးရဲ့ အရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့ စည်းကမ်းရှိကြဖို့၊ အခုကတည်းက ခင်ဗျားတို့ ကိုယ်က အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီ”ဟု အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က လွတ်လပ်ရေးနှင့် ပတ်သက်၍ တိုင်းသူပြည်သားများကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်တွင် မြို့တော်ခန်းမ၌ ပြောကြားသော မိန့်ခွန်းမှတစ်ဆင့် တိုက်တွန်းခဲ့သည်။ လွတ်လပ်ရေးဗိသုကာကြီးသည် တိုင်းရင်းသားအားလုံး လွတ်လပ်ရေးကို တန်ဖိုးထားတတ်စေရန် စေတနာထား ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

အမိနိုင်ငံသည် (၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက်) ခရစ်နှစ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် တနင်္ဂနွေနေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတော် အဖြစ်သို့ ရောက်ရှိခဲ့ရာ ယခု ၂၀၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် (၇၄) နှစ်မြောက် ရက်မြတ်နေ့လည်း ဖြစ်ပါသည်။

အသက်ပေး၍ ကြိုးပမ်းအားထုတ်ခဲ့ကြ လွတ်လပ်ရေးဟူသည် လူသားတိုင်း၏ အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။ လူတိုင်းသည် သဘာဝအားဖြင့် လွတ်လပ်စွာ နေထိုင်လိုကြသည်။ သူတစ်ပါး၏ လွှမ်းမိုးမှု၊ ချုပ်ချယ်မှုကို ခံလိုသူဟူ၍ကား လောကတွင် ရှိလိမ့်မည်မဟုတ်ပေ။ ကမ္ဘာပေါ်တွင် မည်သည့်တိုင်း ပြည်၊ မည်သည့် လူမျိုးမဆို အခြားသူများ၏ချုပ်ချယ်မှု၊ ခြယ်လှယ်မှု၊ အာဏာပြုမှုတို့ကို မခံလိုကြပေ။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်ရှိ ချုပ်ချယ်ခြင်းခံရသော တိုင်းပြည်အသီးသီးတို့သည် မိမိတို့ လွတ်လပ်ရေး အတွက် အသက်ပေး၍ ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း ရာဇဝင် အထောက်အထားများ ရှိပေသည်။ ။

လွတ်လပ်သောပြည်ထောင်စုသားများ ဖြစ်လာကြရာ လွတ်လပ်သူများပီပီ မည်သည့်ကိစ္စကိုမဆို စည်းမရှိ၊ ကမ်းမရှိ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ရှိသည်ဟု လွတ်လပ်ရေး၏အဓိပ္ပာယ်ကို တွေးဆ ကောက်ယူကြမည်ဆိုပါက ဤယူဆချက်မှာ လုံးဝမှားပေလိမ့်မည်။

လွတ်လပ်သော တိုင်းသူပြည်သားတို့မည်သည် စည်းကမ်းသေဝပ်ကြရမည်။ မိမိတို့တိုင်းပြည်၏ အခြေခံဥပဒေ၊ တရားဥပဒေ၊ စည်းကမ်း ဥပဒေမှစ၍ မိမိတို့သက်ဝင်ယုံကြည်သော ဘာသာ၊ သာသနာ၏ စည်းမျဉ်းဥပဒေ၊ ယဉ်ကျေးမှု၊ စည်းကမ်းများကိုပါ အခြားသူများထက် ပိုမိုကျင့်သုံးသိရှိ လိုက်နာပြီး လုပ်ကိုင်ဆောင်ရွက်ရမည့် ကိစ္စအဝဝနှင့် ပြဿနာ အဖြာဖြာတို့ကိုလည်း ယင်းစည်းမျဉ်း ဥပဒေများနှင့် အညီ ဖြေရှင်းဆောင်ရွက်ရပါမည်။ ယင်းကဲ့သို့ စည်းကမ်းသေဝပ်၍ မြင့်မြတ်သော အရည်အချင်းနှင့် ပြည့်စုံသူများသည်သာလျှင် လွတ်လပ်သော နိုင်ငံသားများ ပီသနိုင်ကြပါမည်။ ။

လွတ်လပ်သော မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားများကို ကြည့်မည်ဆိုလျှင် လူမျိုးအားဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟူသည့် လူမျိုးများရှိ၍ ကိုးကွယ်သည့် ဘာသာအားဖြင့် ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်သည့်ဘာသာ စသဖြင့် အသီးသီးရှိနေကြသည်ကို တွေ့ရှိရပါမည်။ ပြည်ထောင်စုသားများ အနေဖြင့် ပြည်ထောင်စု၏ ဥပဒေများကို တိကျစွာ လိုက်နာကျင့်သုံးကြရမည့်အပြင် ဘာသာ အချင်းချင်း၊ လူမျိုးအချင်းချင်းတွင် ရှိနေသော ဘာသာရေးစည်းမျဉ်းများ၊ လူမျိုးရေး ထုံးတမ်းစဉ်လာများနှင့် ယဉ်ကျေးမှုအဖြာဖြာတို့ကိုလည်း ထောက်ထားလေးစားရပေဦးမည်။

ပြည်ထောင်စုကြီး၏ လွတ်လပ်ရေးအဓွန့်ရှည်စွာ တည်မြဲရေး၊ တိုင်းသူပြည်သားများ အဘက်ဘက်တွင် တိုးတက်ရေး၊ လွတ်လပ်ရေး၏အရသာကို ပြည်ထောင်စုသားတိုင်း ကျပ်ပြည့်တင်းပြည့် ခံစားနိုင် ရေးအတွက် ကြိုးပမ်းရန်လည်း လူမျိုးတိုင်း၊ ဘာသာဝင်တိုင်း၏ တာဝန်ပင်ဖြစ်ပါသည်။

လွတ်လပ်ရေးကို ရယူစဉ်က တိုင်းရင်းသားတို့၏ ညီညွတ်ရေး လက်နက်ကို အသုံးပြုခဲ့သည့် နည်းတူ ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းပြည် စည်ပင်သာယာဝပြောရေးတို့ တွင်လည်း ပြည်ထောင်စုသားတို့၏ ညီညွတ်ရေးကိုပင် အသုံးပြုရပါမည်။ ။

ညီညာဖြဖြ ထမ်းဆောင်ကြရန်လို ပြည်ထောင်စုအတွင်းရှိ လူမျိုးအချင်းချင်း၊ ဘာသာဝင်အချင်းချင်း တို့သည် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင်ကြလျက် မိမိတို့ တတ်နိုင်သည့်ဘက်က ပြည်ထောင်စုကြီး၏ အကျိုးကို ညီညာဖြဖြ ထမ်းဆောင်ကြရန် လိုအပ်ပါသည်။ မြန်မာ့လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံသားတိုင်း၏ ပခုံးပြောင်း တာဝန်ဖြစ်၏။ သို့ဖြစ်ရာ နိုင်ငံသားတိုင်းသည် လွတ်လပ်ရေးကို ထာဝစဉ် ချစ်ခင်မြတ်နိုးစိတ်၊ ကာကွယ်စောင့်ရှောက်လိုသည့်စိတ် များ၊ အမြဲကိန်းအောင်းနေကြရန်အတွက် လက်ဆင့်ကမ်းပေးကြပါရန် နောင်အနာဂတ် ခေါင်းဆောင်လောင်းများဖြစ်သော လူငယ်များကို တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရပါသည်။ ။

လွန်းပိုးအိမ်