Skip to main content

မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်ခိုင်မြဲဖို့ တိုင်းရင်းသားသွေးချင်းတို့ စည်းလုံးကြပါစို့

လွတ်လပ်ရေးနေ့ဆိုသည်ကား နိုင်ငံတစ်နိုင်ငံ၏ ကိုယ့်မင်းကိုယ့်ချင်းဖြင့် အချုပ်အခြာအာဏာကို မိမိတို့တိုင်းရင်းသားပြည်သူများက ပိုင်ဆိုင်သော နိုင်ငံတော်အဖြစ် စတင်ထူထောင်ခွင့်ရသောနေ့ပင် ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နယ်ချဲ့အင်္ဂလိပ်တို့လက်အောက်သို့ နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ရာမှ ပြန်လည်လွတ်မြောက်လာသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ရက်နေ့မှစ၍ လွတ်လပ်ရေးနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ကြရာ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ရက်နေ့တွင် (၇၄) နှစ်ရှိပြီဖြစ်သည်။

သက်ဦးဆံပိုင်ခေတ်မြန်မာနိုင်ငံနှင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရမှု

ရှေးခေတ် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ် မြန်မာမင်းများလက်ထက်ကပင် မြန်မာ တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမတို့က ကိုယ့်ထီးကိုယ့်နန်းဖြင့် လွတ်လပ်သော နိုင်ငံတော် ကြီးများကို တည်ထောင်နိုင်ခဲ့ကြသည်။ ပုဂံခေတ်တွင် အနော်ရထာမင်း(နန်းသက် ၁ဝ၄၄-၁၀၇၇) လက်ထက်၌ ပုဂံကို မင်းနေပြည်တော်အဖြစ် ထားရှိကာ ပထမမြန်မာနိုင်ငံတော်ကြီးကို လည်းကောင်း၊ တောင်ငူခေတ်၌ ဘုရင့်နောင်မင်း (နန်းသက် ၁၅၅၀-၁၅၈၁) လက်ထက်တွင် ဟံသာဝတီကိုမင်းနေပြည်တော်အဖြစ်ထားရှိလျက် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို လည်းကောင်း၊ ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားကြီး (နန်းသက် ၁၇၅၂-၁၇၆၀) လက်ထက်တွင် ရွှေဘို၊ မုဆိုးဖိုရွာမှစတင်ကာ ရွှေဘိုကို မင်းနေပြည်တော် အဖြစ်ထားရှိလျက် နောက်ပိုင်းမင်းအဆက်ဆက် တို့၏လက်ထက်တွင် ရတနာပုံမန္တလေးအထိ မင်းနေပြည်တော်ကို ပြောင်းရွှေ့ထားရှိကာ တတိယမြန်မာနိုင်ငံတော်ကြီးကို လည်းကောင်း အသီးသီးတည်ထောင်ခဲ့ကြသည်။

တတိယမြန်မာနိုင်ငံတော်ခေတ် ကုန်းဘောင် မင်းဆက်တွင် ပြည်တွင်းရေးမတည်ငြိမ်မှုများ၊ နယ်ချဲ့ အင်္ဂလိပ်တို့၏ ပြည်တွင်းရေးတွင်ဝင်ရောက် သွေးထိုးမှုများနှင့် ကျူးကျော်ရန်စမှုများကြောင့် စစ်ပွဲ သုံးကြိမ်ဖြစ်ပွားအပြီး ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ယင်းအချိန်မှစ၍ မြန်မာ့လွတ်လပ်ရေး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

လွတ်လပ်ရေးအတွက် တိုင်းရင်းသားသွေးချင်းတို့ အသက်ပေးကြိုးပမ်းခဲ့

မြန်မာနိုင်ငံအား နယ်ချဲ့တို့ သိမ်းပိုက်နိုင်ခဲ့သော်လည်း သူ့ကျွန်မခံလိုကြသည့် မြန်မာ တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများက မြေပြန့်၊ တောင်တန်းအပါအဝင် နိုင်ငံအနှံ့ အပြား၌ နည်းမျိုးစုံဖြင့် ပုန်ကန်တော်လှန်ကာအမိနိုင်ငံတော် လွတ်လပ်ရေးပြန်လည်ရရှိရေးအတွက် သက်စွန့် ကြိုးပမ်းခဲ့ကြသည်။

ထိုအချိန်က နယ်ချဲ့တို့လက်အောက်ကျရောက် ရခြင်းထက် လွတ်လပ်ရေးအတွက် အသက် စွန့်လွှတ်ရသည်က ပိုမြတ်သည်ဟူသောခံယူချက် ဖြင့် မြန်မာတိုင်းရင်းသားတို့၏ သူ့ကျွန်မခံ လိုသည့် ပြင်းထန်သော မျိုးချစ်စိတ်ဓာတ်ကို ဆီးဘန်နီဆရာတော်ကြီးက အောက်ပါတမ်းချင်း ဖြင့် ဖော်ကျူးခဲ့သည်။

သေသော်မှတည့် သော်ကောင်း၏

သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊

ကုန်းဘောင်နေမီး၊ မထိန်ညီက၊

တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊

ထီးသုဉ်းနန်းသုဉ်း၊

မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊

ကြုံရပြန်လစ်၊ သုညခေတ်ဝယ်၊

ဖြစ်လာရလေ၊ တို့တစ်တွေသည်၊

သေသော်မှတည့် သော်ကောင်း၏။

လွတ်လပ်ရေးကို ပြန်လည်ရယူလိုစိတ်ဖြင့် ဗြိတိသျှတို့ကို ပုန်ကန်တော်လှန်ခဲ့ကြသော နယ်ချဲ့ တော်လှန်ရေးအင်အားစုများမှာလည်း ကာလကြာရှည်လာသည်နှင့်အမျှ အင်အားလျော့နည်း လာမှု၊ လက်နက်အင်အားကွာဟမှုတို့ကြောင့် မြေပြန့်ဒေသများကိုစွန့်ခွာကာ တောင်တန်းဒေသများတွင် တိုင်းရင်းသားလူမျိုးစုသွေးချင်းများနှင့် ပူးပေါင်း တွန်းလှန်ခဲ့ကြသည်ဖြစ်ရာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည်။

မြန်မာတိုင်းရင်းသားတို့ နိုင်ငံရေးအသိစိတ်ဓာတ်များ နိုးထလာ

နှစ်ဆယ်ရာစုအတွင်း ဝင်ရောက်လာချိန်တွင် နိုင်ငံအတွင်းရှိမြို့ကြီးများ၌ ဗုဒ္ဓဘာသာ ကလျာဏ မိတ္တအသင်း၊ ဗုဒ္ဓဘာသာသာသနာ့နုဂ္ဂဟအသင်းနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတို့ ပေါ်ပေါက်လာ ခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းချုပ်(ဝိုင်အမ်ဘီအေ)ဟူ၍ ဖြစ်ပေါ်လာတော့သည်။ ယင်းတို့မှာ ဘာသာရေးအသင်းများ ဖြစ်သော်လည်း နယ်ချဲ့လက်အောက်မှ လွတ်မြောက် ရေးအတွက် လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်သည့် နည်းဗျူဟာမှ နိုင်ငံရေးတိုက်ပွဲနည်းဗျူဟာသို့ ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာတိုင်းရင်းသားသွေးချင်းတို့ နိုင်ငံရေးအသိ စိတ်ဓာတ်များ နိုးထလာခြင်းပင်ဖြစ်သည်။

ထို့နောက် ဂျီစီဘီအေမြန်မာအသင်းချုပ်ကြီး ပေါ်ပေါက်လာပြီး ၁၉၂၀ ပြည့်နှစ်တွင် ကျွန်ပညာရေး စနစ်ကို ဆန့်ကျင်သည့် အမျိုးသားပညာရေးလှုပ်ရှားမှု ကြီးဖြစ်ပေါ်လာသည်။ ၁၉၃၀ ပြည့်နှစ်၌ ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမားအရေးတော်ပုံ ကြီးတို့တွင် တိုင်းရင်းသားတောင်သူလယ်သမားများ က သွေးစည်းညီညွတ်စွာ နယ်ချဲ့ကို တော်လှန်ခဲ့ကြသည်။

၁၉၃၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံး ပေါ်ပေါက်လာပြီး ယင်းအစည်းအရုံး၏ဦးဆောင်မှု အောက်တွင် မြန်မာတို့၏ နယ်ချဲ့ဆန့်ကျင်ရေးအုံကြွ မှုကြီးဖြစ်သော ရေနံမြေအလုပ်သမား အရေးတော်ပုံကြီး ဖြစ်ပေါ်လာသည်။ ထို့နောက် ဒုတိယကမ္ဘာ စစ်ကြီးဖြစ်ပွားလာချိန်တွင် တို့ဗမာအစည်းအရုံးမှ သခင်လူငယ်များသည် ဂျပန်နှင့် အဆက်အသွယ်ရရှိကာ သခင်အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်တို့က တောင်တရုတ်ပင်လယ်အတွင်းရှိ ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ယူခဲ့ကြသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်တေဇအမည်ခံ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်ကဦးစီး၍ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ) ကို ဖွဲ့စည်းခဲ့ကြသည်။ ဘီအိုင်အေ၏ တစ်ခုတည်းသောရည်မှန်းချက်က မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူရန်ဖြစ်သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် ချီတက်ရာ လမ်းကြောင်းတစ်လျှောက်ရှိမြို့၊ ရွာများမှ တိုင်းရင်းသားသွေးချင်းလူငယ်များက ဘီအိုင်အေသို့ ဝင်ရောက်လာခဲ့ကြသဖြင့် စတင်ဖွဲ့စည်းစဉ်က အင်အားမှာ ရာဂဏန်းသာရှိခဲ့ရာမှရန်ကုန်မြို့ကို သိမ်းပိုက်ပြီးချိန်၌ အင်အားလေးသောင်းမျှ ရှိလာခဲ့ သည်။ ဘီအိုင်အေသို့ဝင်ရောက်လာကြသူများသည် လစာအခွင့်အရေးတစ်စုံတစ်ရာ မျှော်မှန်း၍မဟုတ်ဘဲ ဆုံးရှုံးခဲ့ရသော အမိနိုင်ငံလွတ်လပ်ရေးကို ပြန်လည်ရယူရန်ဟူသည့် မျိုးချစ်စိတ်တစ်ခု တည်းဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးနှင့် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးပြန်လည်ရယူ

ဂျပန်တို့၏မူလက တနင်္သာရီကို သိမ်းပိုက်ပြီးသည်နှင့် လွတ်လပ်ရေးကြေညာပေးရန် သဘောတူခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာခဲ့ပေ။ ၁၉၄၃ ခုနှစ် ဩဂုတ်လ၌ မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေညာပေးခဲ့သော်လည်း အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးသာဖြစ်ခဲ့သည်။ ထို့ကြောင့် မြန်မာတိုင်းရင်းသားသွေးချင်းတို့က စစ်မှန်သည့်နိုင်ငံလွတ်လပ်ရေးကို အရယူလိုသော ပြင်းပြသည့်စိတ်ဓာတ်များ မြင့်မားလာကြသည်။

၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အင်အားလျှော့ချကာ ဗမာ့ ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)အဖြစ် ဂျပန်တို့က ပြောင်းလဲဖွဲ့စည်းပေးခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖက်ဆစ်တော်လှန်ရေးကိုဆင်နွှဲကာ ဂျပန်တို့ကို တိုက်ထုတ်နိုင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံ သို့ ပြန်လည်ဝင်ရောက်လာချိန်တွင် မြန်မာနိုင်ငံ အား လွတ်လပ်ရေးပေးရတော့မည်ဖြစ်သဖြင့် အင်္ဂလိပ်တို့က တိုင်းရင်းသားသွေးချင်းတို့အား တောင်တန်း၊ မြေပြန့် သွေးခွဲရန်ကြိုးစားခဲ့ကြသေးသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် ပင်လုံမြို့၌ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးကာ တောင်တန်းနှင့်မြေပြန့် တစ်ပေါင်းတည်းဖြင့် ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် လွတ်လပ်ရေးရယူမည်ဟူသော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပြီး ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။

ပင်လုံညီလာခံတွင်ချမှတ်ခဲ့သောတိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်ကြောင့် နှစ်ပေါင်း တစ်ရာကျော် ဆုံးရှုံးခဲ့ရသော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ်တို့ထံမှ ပြန်လည် ရရှိခဲ့ခြင်းဖြစ်ရာ မြန်မာ့သမိုင်း မှတ်တမ်းတွင်နေ့ထူးနေ့မြတ်အဖြစ် အထင်ရှားဆုံးတည်ရှိ နေတော့သည်။

အတိတ်ကို အစွဲမသန်စေလိုသကဲ့သို့ မေ့ပျောက်၍လည်း မထားစေလို

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်ဆက်စပ်နေသည့် သမိုင်းကြောင်းအချို့ကို ပြန်လည် ဖော်ဆောင်ခဲ့ခြင်းက အတိတ်ကို အစွဲသန်နေခြင်း မဟုတ်ဘဲ ယနေ့မျိုးဆက်သစ်လူငယ်များအနေဖြင့် အတိတ်ကို မေ့ပျောက်မနေစေလိုခြင်းကြောင့်သာ ဖြစ်သည်။ အတိတ်၌ဖြစ်ပေါ်ခဲ့ရသည်များကို သင်ခန်းစာယူကာ မြန်မာ့လွတ်လပ်ရေး အဓွန့် ရှည်စေရန်နှင့် ကာကွယ်စောင့်ရှောက်ရန်အတွက် တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများ အားလုံး ပူးပေါင်းကြိုးစားကြရမည်ဖြစ်သည်။

လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်း၌ လက်နက်ကိုင်အဖွဲ့ ပေါင်းစုံ၏ ပုန်ကန်မှုများနှင့် တစ်ပြိုင်တည်းမှာပင် ပြည်ပကျူးကျော်နှောင့်ယှက်မှု များရှိခဲ့သော်လည်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် ပြန်လည်ခုခံတိုက်ခိုက်ကာ မြန်မာ့လွတ်လပ်ရေးကိုကာကွယ်နိုင်ခဲ့သည်။

ထို့အပြင် ၁၉၈၈ ခုနှစ် အရေးအခင်းအပါအဝင် ယနေ့အချိန်အထိ ပြည်တွင်း၊ ပြည်ပအဖျက်သမား များ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် နိုင်ငံရေးမတည်ငြိမ်မှုဖြစ်စဉ်၊ ဖြစ်ရပ်များ၏ သမိုင်းကြောင်းတစ်လျှောက်တွင် မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိပါးလာနိုင်သဖြင့် မြန်မာ့တပ်မတော်က မလွှဲသာ၊ မရှောင်သာ ထိန်းသိမ်းတာဝန် ယူခဲ့ရသည်သာဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက် ခဲ့ရသည်ချည်းဖြစ်သည်။

ထို့ကြောင့် ယနေ့ မျိုးဆက်သစ်လူငယ်များ အနေဖြင့် မြန်မာ့လွတ်လပ်ရေးနှင့် နိုင်ငံ၏ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် သက်စွန့် ကြိုးပမ်းကာကွယ်ခဲ့ကြသည့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများ၏ မျိုးချစ်စိတ်ဓာတ် သမိုင်းကြောင်းကို သိရှိရန် အထူးလိုအပ်ပေသည်။ ထို့အပြင် မြန်မာ့လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရန် ယနေ့မျိုးဆက်သစ် လူငယ်များအတွက် သမိုင်းပေးတာဝန်အဖြစ်  ခံယူသင့်ပါသည်။

မြန်မာ့လွတ်လပ်ရေးအနာဂတ်အတွက် နိုင်ငံတကာဖြစ်ရပ်များမှ သင်ခန်းစာ

ကမ္ဘာ့နိုင်ငံများအကြား ပြည်တွင်းစည်းလုံး ညီညွတ်မှုလျော့နည်းလာချိန်တွင် ပြည်ပသွေးထိုး စွက်ဖက်မှုများကြောင့် နိုင်ငံ၏စည်းလုံးရေးပြိုကွဲကာ အစိတ်စိတ်အမြွာမြွာဖြစ်ခဲ့ရသည့် ဖြစ်ရပ်များ ကမ္ဘာ့သမိုင်းတွင် အထင်ကရရှိနေခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးနောက် သီးခြားနိုင်ငံများဖြစ်လာသော ရုရှားနှင့် ယူကရိန်း အကြားတွင်လည်းကောင်း၊ အဇာဘိုင်ဂျန်နှင့် အယ်လ်ဘေးနီးယားအကြားတွင် လည်းကောင်း ပဋိပက္ခဖြစ်ပွားမှုဖြစ်စဉ်များက ယနေ့တိုင် အဆုံးမသတ်နိုင်သေးကြောင်း သမိုင်းအထောက် အထားများက အတည်ပြုထားသည်။ ယူဂိုဆလားဗီးယား ပြိုကွဲပြီးနောက်တွင်လည်း လူမျိုးရေးအပေါ် အခြေခံ၍ ပေါ်ပေါက်လာခဲ့ရသော ကိုဆိုဗိုပြည်နယ် အရေးအခင်းက ပြည်ပစွက်ဖက်မှုများကိုပါ ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် အီရတ်နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုပြိုကွဲခြင်းနှင့်အတူ အမေရိကန်တို့ ဝင်ရောက်မှုနောက်ပိုင်းတွင် အုပ်စုအဖွဲ့ အမျိုးမျိုးတို့အကြား နိုင်ငံ၏ဖွံ့ ဖြိုးတိုးတက်မှုကို ယနေ့တိုင် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဖြစ်နေရခြင်း၊ လစ်ဗျားတွင်လည်း နိုင်ငံအတွင်း အစိုးရနှစ်ရပ် စင်ပြိုင်ဖြစ်ပေါ် နေရခြင်းနှင့် ဆီးရီးယားတွင်လည်း အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းကို ထိထိရောက်ရောက် အုပ်ချုပ်မှုဆောင်ရွက်၍မရနိုင်အောင် ဖြစ်နေခြင်းတို့သည် ထင်ရှားသည့် ကမ္ဘာ့သမိုင်းဝင်ဖြစ်ရပ်များ ပင်ဖြစ်သည်။

သို့ဖြစ်၍ မိမိတို့ဘိုးဘွားများ၏ အသက်ပေါင်းများစွာပေးဆပ်ပြီး ရယူခဲ့ရသော မြန်မာ့ လွတ်လပ်ရေးကို ပြန်လည်မဆုံးရှုံးစေရန်၊ ပြည်ထောင်စုကြီးမပြိုကွဲစေရန်အတွက် မြန်မာ နိုင်ငံ၏သမိုင်းကြောင်းများနှင့် နိုင်ငံတကာ ဖြစ်ရပ်များမှ သင်ခန်းစာယူကာ ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်းများအနေဖြင့် စည်းလုံးညီညွတ်မှုကို အရင်းတည်၍ မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် အတူတကွ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ် ပေသည်။

မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး စည်းလုံးညီညွတ်မှုအရေးပါ

မြန်မာ့လွတ်လပ်ရေး သမိုင်းကြောင်း တစ်လျှောက်တွင် ပြည်ထောင်စုဖွားတိုင်းရင်းသား သွေးချင်းများ၏ စည်းလုံးညီညွတ်မှုကြောင့် တောင်တန်း၊ မြေပြန့်မခွဲခြားဘဲ မြန်မာတစ်နိုင်ငံ လုံး လွတ်လပ်ရေးရရှိခဲ့ရခြင်းဖြစ်ရာ လွတ်လပ်ရေး ထူးကဲသော အသီးအပွင့်များကိုလည်း အတူ တကွမျှဝေခံစားလာခဲ့ကြသည်မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ရက်နေ့တွင် (၇၄) နှစ်တိုင် ရှိခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများအားလုံး သွေးစည်းညီညွတ်မှုကို ရှေ့တန်းတင်ကာ တိုင်းရင်းသားသွေးချင်းညီအစ်ကို မောင်နှမအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် အတူ တကွယှဉ်တွဲနေထိုင်လာခဲ့ကြခြင်းက လွတ်လပ် ရေး အဓွန့်ရှည်တည်မြဲစေရန် ထင်ရှားသည့် သမိုင်းဝင်မှတ်တမ်းသာဓကများလည်းဖြစ်သည်။ ယင်းသာဓကများနှင့် သမိုင်းကြောင်းအစဉ်အလာ ကောင်းများကို ထာဝရထိန်းသိမ်းရမည်မှာလည်း ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ သမိုင်းပေးတာဝန်တစ်ခုလည်းဖြစ်သည်။

သို့ဖြစ်၍ မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် အရေးပါလှသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်းများ အားလုံးက စည်းလုံးညီညွတ်မှုရှိစွာဖြင့် ပူးပေါင်းကာ ဝိုင်းဝန်းကြိုးပမ်း၊ ကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော် တင်ပြလိုက်ရပါသည်။  

ထွေးကိုထွန်း