အတိတ်ဆီသို့ တစ်ခေါက်သွားရောက်ကြည့်စေချင်
မြင်ကွင်း (၁)
“ဘုန်းတော် အလွန်တရာကြီးမြတ်တော်မူလှသော ဧကရီဘုရင်မမင်းမြတ်၏ အမိန့်အာဏာတော်အရကြော်ငြာလိုက်သည်မှာ အထက်သီပေါ မင်းအုပ်စိုးတော်မူသော၊ မြန်မာနိုင်ငံတော်ကို ၎င်းဘုရင်က ထပ်မံဆက်လက်၍ စိုးစံအုပ်ချုပ်ရဦးမည်မဟုတ်။ ၎င်းနိုင်ငံနယ်မြေများသည် အသျှင်ဘုရင်မင်းမြတ်ဘုရား၏ နိုင်ငံနယ်မြေဖြစ်လေပြီး အသျှင်ဘုရင်မ မင်းမြတ်ဘုရားအလိုတော်မြတ် ရှိစဉ်ကာလအတွင်း ထိုနိုင်ငံကို ဣန္ဒိယ ဘုရင်ခံ မင်းမြတ်က အခွင့်သင့်လျော်သည့်အခါ မှူးမတ်အရာရှိ ခန့်ထား၍ ၎င်းမှူးမတ်အရာရှိတို့ကသာ အုပ်ချုပ်စီရင်လိမ့်မည်” ဟူ၍ အိန္ဒိယဘုရင်ခံ ဒတ်ဖရင်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ ကြော်ငြာစာဟာ ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာရန်ကုန်မြို့၌ လည်းကောင်း၊ ဇန်နဝါရီ ၄ ရက်နေ့မှာ မန္တလေးမြို့၌လည်းကောင်း နှစ်နေရာ ထုတ်ပြန်လိုက်ပြီးနောက် မြန်မာနိုင်ငံမှာ နယ်ချဲ့အင်ပါယာအတွင်း ကျရောက်၊ ကမ္ဘာပေါ်မှ မြန်မာ့မြေပုံပျောက်၊ ကျွန်သပေါက်ဘ၀သို့ ရောက်ခဲ့ ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၅ နှစ်ကျော်က နယ်ချဲ့ပဒေသရာဇ် တို့ရဲ့ကြော်ငြာစာကို ယခုကဲ့သို့ တိတိကျကျ မှတ်မှတ်ရရဖတ်ဖူး၊ မှတ်ဖူးသူ လွန်စွာမှ ရှားပါလိမ့်မယ်။
“သမိုင်းကို သတိမရကြလျှင်၊ ဒုတိယမ္ပိ တစ်ကျော့ပြန်တတ်သည်။ သမိုင်းဆိုသည်မှာ သတိရနေမှ” ဆိုတဲ့ စကားအရ သီပေါမင်း၊ မင်းတုန်းမင်းတရားကြီး၊ ပုဂံမင်းနဲ့ စစ်ကိုင်းမင်း ခေတ်များဆီသို့ ခရီးထွက်ခဲ့ပါတယ်။
မြင်ကွင်း (၂)
" သိပ္ပံဝတ္ထုဆောင်းပါးထဲကလို စိတ်ကူးယဉ် အချိန်ချုံယာဉ်နဲ့ ခရီးနှင်ခဲ့ရာ စစ်ကိုင်းမင်း လက်ထက် (၁၈၁၉-၃၇) ဆီသို့ရောက်ခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ရန္တပိုစာချုပ်အရ ရခိုင်နဲ့ တနင်္သာရီနယ်မြေ များကို မြန်မာတို့ လက်လွှတ်ခဲ့ရပါတယ်။ ၁၈၂၄ -၂၆ ခုနှစ်များမှာ မြန်မာနိုင်ငံ အောက်ပိုင်းကစပြီး တစ်စတစ်စနဲ့ အင်္ဂလိပ်လက်အောက်ရောက်မယ်လို့ ဘယ်သူတွေ တွက်ဆသိနိုင်ခဲ့မလဲ။ မြော်မြင် တွေးကြည့်နိုင်တဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ် နှစ်ရာနီးပါးက အခြေအနေမှာ လွန်စွာ မှရှားပါလိမ့်မယ်။ ပဒုံမင်း (၁၇၈၂-၁၈၁၉)၊ စစ်ကိုင်းမင်း မင်းမှုထမ်းများနဲ့ ရှေးခေတ်ပြည်သူတို့ဟာ စီးပွားရေး၊ နိုင်ငံရေးအသိသတိလစ်ခဲ့ပါလိမ့်မယ်။
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲမှာ အကျအဆုံး များခဲ့ကြပါတယ်။ အင်္ဂလိပ်ဘက်က ဗိုလ်ချုပ်ကင်းဘဲလ်၊ မြန်မာဘက်က မဟာမင်းလှကျော်ထင်တို့ စစ်ပြေငြိမ်းစာချုပ် "a commercial treaty"ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာဘုရင်ဘက်က ပေါင်စတာလင် ၁ သန်း လျော်ကြေး ပေးလိုက်ရပါ တယ်။ မြန်မာသုံးငွေ ဆယ်သန်းနဲ့ ညီမျှပါတယ်။ ၁၈၂၆ ခုနှစ်မှာ မြန်မာတစ်ယောက် စားဝတ်နေရေးအတွက် တစ်လတစ်ဒင်္ဂါးဆို လုံလောက်တယ်လို့ ဆိုပါတယ်။ စီးပွားရေးပညာရှင်များက ခရစ်နှစ် ၁၈၀၀ မှာ မြန်မာ့လူဦးရေဟာ လေးသန်းခန့်ရှိခဲ့ မယ်လို့ ခန့်မှန်းပါတယ်။
ရန္တပိုစာချုပ်ပါ နှစ်နိုင်ငံသံကိုယ်စားလှယ် အပြန်အလှန်ထားရန် သဘောတူချက်အရ ၁၈၃၀ ပြည့်နှစ်မှာ “မေဂျာဟင်နရီဘာနေ”ဟာ ရတနာပူရ အဝရွှေပြည်သို့ရောက်ရှိ ရုံးစိုက်ကာ အစစအရာရာ ဆက်ဆံပြောဆို၊ စူးစမ်းထောက်လှမ်းခွင့်ရရှိပါ လိမ့်မယ်။ မြန်မာတို့ဘက်မှ ဝန်ထောက်မင်းကြီး မဟာစည်သူ ခေါင်းဆောင်သောသံအဖွဲ့ဟာဘင်္ဂလားသို့ရောက်သော်လည်း ရုံးစိုက်နေထိုင်ခြင်းမပြုဘဲ ၁၈၃၃ ခုနှစ်မှာ နေပြည်တော်သို့ ပြန်လာခဲ့ပါတယ်။ ခရီးသွား မှတ်တမ်းမှာ အင်္ဂလိပ်ကိုအံ့ဩ ခြင်း၊ အထင်ကြီးခြင်းမပါ ဥပေက္ခာပြုတဲ့သဘောဆောင်ပါတယ်။ ယူဆချက်တစ်ခု တင်ပြရရင် အင်္ဂလိပ်အကြောင်း စောစောသိလေကောင်းလေ ဖြစ်ပါတယ်။
၁၈၃၅ ခုနှစ် အောက်တိုဘာလမှာ မော်လမြိုင် ရုံးစိုက် တနင်္သာရီကော်မရှင်နာ ဗလံဒယ်ဟာ အိန္ဒိယ ဘုရင်ခံချုပ်ထံသွားရာ အခွန်ဝန် မောင်ရွှေထွန်းနဲ့အဖွဲ့ကို ကာလကတ္တား ခေါ်သွားခဲ့ပါတယ်။ အင်္ဂလိပ်တို့ ဘုန်းမီးနေလထွန်းပပုံ၊ လက်နက်အင်အားကြီးပုံ၊ ရန်သူချေမှုန်းနိုင်ပုံတို့ကို မြင်စေလိုတဲ့သဘော၊ ဝါဒဖြန့်တဲ့သဘော၊ မြန်မာတို့ လက်နက်စက်ရုံတည်ဆောက်မယ်ဆိုရင် စီးပွားရေး လုပ်မယ့်သဘောလို့ မြင်နိုင်ပါတယ်။ ကနောင်မင်း သားကြီးသာဆိုရင် စက်မှုနိုင်ငံထူထောင်နိုင်ခဲ့ပေ လိမ့်မယ်ဟု ယူဆပါတယ်။ မောင်ရွှေထွန်းတို့တစ်သိုက် လျှပ်စစ်ဓာတ်လိုက်ပုံကို လူများနဲ့ စမ်းသပ်ပြရာ အန္တရာယ် ကြီးကြီးမားမား မဖြစ်ခဲ့ တာကံကောင်း၊ ဓာတ်လိုက်စေတဲ့ စက်ကိုကြောက်မက်ဖွယ်ရာ မိုးကြိုးစက်လို့ မှတ်တမ်း ရေးတာ တွေ့ရပါတယ်။ လျှပ်စစ်ဓာတ်ကို ကြောက်လွန်းပုံရပါတယ်။ မောင်ရွှေထွန်းတို့ဟာ အင်္ဂလိပ်မြင်သမျှ သခင်ဟုခေါ်နေကြပြီ၊ ကော်မရှင်နာ ဗလံဒယ်ကို ဝန်ကြီးမင်းသခင်ဟုခေါ်ဝေါ်တာကို ခရီးသွားမှတ်တမ်းမှာ တွေ့ရပါတယ်။ အင်္ဂလိပ်အလိုတော် ရိတွေကသာ ခေါ်ဝေါ်ပြောဆို ရေးသားတာလည်း ဖြစ်နိုင်ပါတယ်။
၁၈၁၂-၁၈၂၄ ခုနှစ်အတွင်းမှာ ဥရောပမှာ ရေနွေးငွေ့ အင်ဂျင်စက်တွေကို တည်ဆောက်နိုင်ခဲ့ပြီ။
လေနဲ့ နေရောင်ခြည်အကြောင်း၊ ယမ်းများ အကြောင်း ကောင်းကောင်းနားလည်နေပြီဖြစ်ပါ
တယ်။ ပထမစစ်ပွဲမှာပင် ရေတပ်အင်အား တစ်သောင်းကျော် ပါဝင်တိုက်ခိုက်ခဲ့ရာမှာ ရေနွေး
ငွေ့မောင်း စစ်သင်္ဘောတစ်စီး ပါဝင်ခဲ့တာတွေ့ရပါတယ်။ ဗြိတိသျှတို့ စစ်နိုင်သော်လည်း စီးပွားရေးဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။ ဒါသည်ပင် ဒုတိယအင်္ဂလိပ် - မြန်မာစစ်ဖြစ်ဖို့ အကြောင်းခြင်းရာတစ်ခု ဖြစ်ခဲ့ပါလိမ့်မယ်။
မြင်ကွင်း (၃)
၁၇၉၅ ခုနှစ်မှာ ကပ္ပတိန်မိုက်ကယ်ဆိုင်းမ်ဟာ ( အင်းဝနေပြည်တော်ရောက်တော့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ အင်ပါယာတိုင်းပြည် တည်ထောင် ထားပုံ၊ အံ့ဩခဲ့ရပုံကို ၁၈၀၀ ပြည့်နှစ်ထုတ် အင်းဝ ခရီးစဉ်စာအုပ်မှာ ရေးသားခံရတော့ နှစ်ခြိုက်ကျေ | နပ်ပီတိဖြစ်တဲ့အဆင့်မှာ ရပ်ခဲ့ပုံပဲ။ ဥရောပမှာ ၁၈၁၂ ခုနှစ်က ကုန်တင်ယာဉ်ကိုဆွဲဖို့ ရေနွေးငွေ့ အင်ဂျင်စက်ကို တည်ဆောက်နိုင်ခဲ့ခြင်း၊ သံနဲ့ သတ္တုထုတ်လုပ်နိုင်ခြင်းဟာ စက်မှုထွန်းကားဖို့ တာထွက် ခဲ့တာဖြစ်ပါတယ်။ သစ်တောသစ်ပင်တွေကသစ်နဲ့ သင်္ဘောကြီးငယ်တည်ဆောက်ပြီး ပင်လယ်ခရီးကို သွားရောက်ခဲ့ရာ ကိုလိုနီနယ်ချဲ့ တို့ဟာ အိန္ဒိယနိုင်ငံ အတွင်း နှစ်ပေါင်း နှစ်ရာကျော်ကပင် ဝင်ရောက်နေခဲ့ပြီဖြစ်ပါတယ်။ အတွေ့အကြုံများစွာ ရပြီဖြစ်တဲ့ နယ်ချဲ့ဟာ ရခိုင်နဲ့ပဲခူးက သဘာဝအရင်းအမြစ် သယံဇာတမျိုးစုံနဲ့ သစ်တောကြီးတွေဟာ မျက်စိကျစရာ ဖြစ်ခဲ့လိမ့်မယ်။
သက်ဦးဆံပိုင် မြန်မာအုပ်ချုပ်မှုစနစ်မှာ တစ်နိုင်ငံလုံးကို ဘုရင်တစ်ပါးရဲ့ အုပ်ချုပ်မှုပဲ။ မှူးကြီးမတ်ရာများဟာ ကြေးတော်မျိုး ကျွန်တော်မျိုးပဲ။ အင်္ဂလိပ်-မြန်မာ ပထမစစ် မဖြစ်ခင်ကတည်းက ကိုလိုနီနယ်ချဲ့ဟာ မြန်မာဘုရင် ဧကရာဇ်စနစ်ရဲ့ အားနည်းချက်ကို တွေ့မြင်လေတော့ နယ်ချဲ့ဖို့ လွယ်ကူနိုင်တယ်လို့ တွက်ဆခဲ့ပါတယ်။ မြန်မာတို့ လူမှုဘဝဟာ အောက်ကျလှတဲ့အတွက် မြန်မာတို့ကို အုပ်ချုပ်ရန် ထိုက်တန်တယ်လို့လည်း အကြောင်းပြ၊ နားထင်သွေးရောက်၊ စစ်ခင်းခဲ့တာ ဖြစ်ပါတယ်။
မြင်ကွင်း (၄)
အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲအပြီး ဆယ်နှစ် ကြာတဲ့အခါ ရခိုင်ပြည်ကို ပဲခူး၊ တနင်္သာရီတို့နဲ့ပေါင်းပြီး ဗြိတိသျှမြန်မာပြည်အဖြစ်ပြောင်းလဲကာ မဟာဝန်ရှင်တော်မင်းကြီးရဲ့ အုပ်ချုပ်မှု အောက်ထားလိုက်ပါတယ်။ ၁၈၃၇-၅၂ ခုနှစ် ပုဂံမင်း လက်ထက် မြန်မာဘုရင်ရဲ့ မင်းမှုထမ်းတို့ဟာ ရန္တပိုစာချုပ်ပါ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ အချက်တို့ကို ဖောက်ဖျက်တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ခင်းတာ ဖြစ်ပါတယ်။ မြန်မာတို့ဖောက်ဖျက်တယ်ဆိုတာ ယိုးမယ်ဖွဲ့ သာမန်အကြောင်းပြချက်မျှသာ ဖြစ်ပါတယ်။ နယ်ချဲ့လိုခြင်း၊ ဗြိတိသျှအိန္ဒိယ လူမှုစီးပွားဆုံးရှုံးမှုကို ရလိုခြင်းက အဓိကပါပဲ။ အောက်မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်မှုဆိပ်ကမ်း အများအပြားဟာ ဗြိတိသျှအင်္ဂလိပ်လက်အောက် ရောက်သွားခဲ့ရပါတယ်။ မြန်မာ့မြေပေါ်မှာ ကိုယ့်ထီး၊ ကိုယ့်နည်းကိုယ့်ကြငှာန်း၊ ကိုယ့်ဘုရင် ကိုယ့်သခင်နဲ့ နေလာခဲ့တဲ့ လွတ်လပ်မှု ဂုဏ်အရှိန်အဝါဟာ တဖြည်းဖြည်း မှေးမှိန်ခဲ့ရပါတော့တယ်။ ၁၈၄၀ ပြည့်နှစ်များမှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြီး နှစ်နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၄၀ရာခိုင်နှုန်းကို လွှမ်းခြုံခဲ့ပါတယ်။ သဘာဝတွင်းထွက် ပစ္စည်းများဖြစ်တဲ့ ရွှေ၊ ငွေ ကျောက်မျက်ရတနာများနဲ့ လက်လုပ်ပိုးထည် တွေ ထုတ်လုပ်ရောင်းချခြင်းနဲ့ စီးပွားဖြစ်ခဲ့ပါတယ်။
မြင်ကွင်း (၅)
၁၆ ရာစုမှ ၁၉ ရာစု များအတွင်း ကမ္ဘာ့နိုင်ငံ တွေဟာ အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်နဲ့ ကိုယ့်မြေ ကိုယ့်ရေနဲ့ ကိုယ့်နန်းတွင်းရေးတွေကို ဖြေရှင်း၊ ထိန်းချုပ်ကာကွယ်တားဆီးလေ့ရှိရာ မြန်မာတို့ဟာ ဒီနည်းပညာ ဒီဗျူဟာနဲ့လုံလောက်ပြီလို့ယူဆခဲ့ကာ ရှေ့ဆက်မလှမ်းဘဲ ကျေနပ်ခဲ့ပုံရပါတယ်။ ပဒုံမင်း၊ စစ်ကိုင်းမင်းတို့လက်ထက်မှာ အရှေ့အိန္ဒိယကုမ္ပဏီ ကိုယ်စား လှယ် မိုက်ကယ်ဆိုင်းမ်ဟာ စက်မီးဒုံးများကို ဘာသာရေး၊ ကုသိုလ်ရေးနဲ့မင်းပွဲသဘင်များမှာ ယှဉ်ပြိုင်ပစ်လွှတ်ခြင်း၊ စက်မီးဒုံးများကို ပြုလုပ်ရာမှာ သစ်တုံးကြီးများကိုထွင်းကာ ယမ်းများထည့် ယခုခေတ် ရော့ကက်ဒုံးပျံများကဲ့သို့ အောက်ခြေရှိ မီးစကိုရှို့၊ မီးပဒေသာ မီးရှူးမီးပန်းအဖြစ်ကောင်းကင်သို့ ပစ်လွှတ်ခြင်းဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ စစ်လက်နက် ကိုင်စွဲပြီး ကျူးကျော်လာတဲ့ နယ်ချဲ့ကိုဓားရေးလှံရေးလက်ရုံးရည်ရေးနဲ့ ကြာရှည် ကာကွယ်နိုင်ရန် လွယ်ကူလှမည်မဟုတ်ရာ စက်မီး ဒုံးများကို စစ်လက်နက်သေနတ်များအဖြစ် တီထွင်ပြောင်းလိုက်သင့်တယ်၊ သံခင်းတမန်ခင်းတွေနဲ့ ကူးသန်းရောင်းဝယ်ရေးစာချုပ်တွေ ဥပဒေကြောင်းအရ မြန်မာမင်းတို့ဟာ နှလုံးရည်နဲ့ ကာကွယ်စောင့်ရှောက်ဖို့ သင့်တယ်လို့သုံးသပ်ကြည့်မိပါတယ်။ အတိတ်ကို အပြစ်မတင်ပါဘူး။ သမိုင်းသင်ခန်းစာ တွေရှုလော့၊ မတွေမဝေ စဉ်းစားသုံးသပ်ဖို့၊ ဘယ် အရာတွေ အားသာပြီး ဘယ်အရာကိစ္စတွေမှာ အားနည်းနေလည်းဆိုတာသင်ယူဖို့ တညီတညွတ်တည်း တကယ်အလုပ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။
မြင်ကွင်း (၆)
မြန်မာနိုင်ငံအောက်ပိုင်း အင်္ဂလိပ်လက်အောက် ရောက်သွားခြင်းဟာ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ပါ တယ်။ မင်းတုန်းမင်းသားဟာ နန်းတွင်းအရေးကြောင့်ပဲဖြစ်ဖြစ်၊ အောက်မြန်မာနိုင်ငံ အင်္ဂလိပ် လက်အောက်ရောက်ရတာ၊ နောင်တော်ပုဂံမင်းကြောင့်လို့ အကြောင်းပြ၊ နောင်တော်ကို နန်းချကာ၊ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ စစ်မက်ရေးနဲ့ တရားရေးတို့အတွက် လွှတ်ရုံးငါးရပ်ဖြင့် ဖွဲ့စည်းကာ၊သိက္ခာ သမာဓိပညာနှင့် ပြည့်စုံသူ ဝန်ကြီးရှစ်ပါး၊ အသည်ဝန် အသီးသီးတို့ရဲ့ ဓမ္မဝတ်၊ ရာဇဝတ်၊ လောကဝတ် အကြောင်းသုံးပါးဆိုင်ရာ ကျွမ်းကျင်သိနားလည်မှုတို့ကို ရယူကာ၊ နိုင်ငံတော် စည်ပင်သာယာဝပြောအောင် နန်းသက် ၂၆ နှစ်အတွင်းမှာ မင်းတုန်း မင်းကြီးက ဦးဆောင်ခဲ့ပါတယ်။ ဘုရင့်အတိုင်ပင်ခံ မှူးကြီးမတ်ရာများဟာ ဘုရင်ကိုယ်တော် တိုင်ကြည်ဖြူမြှောက်စားထားတဲ့ ဘက်တော်သားများ ဖြစ်ရကား ဝန်ကြီး၊ ဝန်ထောက်၊ အတွင်းဝန်၊ မြင်းစုကြီးဝန်၊ အသည်ဝန်တို့ရဲ့ ပင်ကိုအရည်အသွေး ထက်မြက်ထူးချွန်ခြင်း၊ တော်တည့်ဖြောင့်မတ် အစွမ်းသတ္တိရှိခြင်းတို့ဟာ ဘုရင်မင်းမြတ်ရဲ့ ဘုန်းတန်ခိုး အရှိန်အဝါကို ပိုမိုကြီးထွားစေလျက် တရားစောင့်တဲ့ မင်းကောင်းမင်းမြတ်ဆိုတဲ့ ဝိသေသကို ရရှိဖို့ အထောက်အကူပြုခဲ့ပါတယ်။ မင်းတုန်းမင်း ဟာ ဒီဝိသေသထူးတွေ ရရှိခဲ့ကာ သာသနာအကျိုး သယ်ပိုးခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီတို့ ထင်မြင်သလို သက်ဦးဆံပိုင် ဘုရင်တစ်ပါးကပဲ စီမံအုပ်ချုပ်တာ မဟုတ်တဲ့ အထက်မြန်မာနိုင်ငံ ရတနာပုံနေပြည်တော်ကို စစ်မက်ပြုဖို့မလွယ်ဘဲ ဖြစ်ခဲ့ရပါတယ်။
မင်းတုန်းမင်းကြီးရဲ့ လက်နက်နိုင်ငံဟာ ရှေး ဘုရင်မင်းအဆက်ဆက်တို့ထက် ကျဉ်းမြောင်းလာခဲ့ ပါတယ်။ ကုန်သွယ်မှုဆိပ်ကမ်းများကို ပြည်တွင်း ပြည်ပ ချဉ်းကပ်ဖို့ လွန်စွာခက်ခဲခဲ့ရပါတယ်။ စပါးစိုက်လယ်မြေတွေဟာ အင်္ဂလိပ်လက်အောက်၊ အဖိုးတန်ကျွန်းသစ်တောကြီး တွေဟာလည်း သူတို့ လက်အောက်ဆိုတော့ အခွန်အကောက်လွန်စွာ ကျဆင်းသွားခဲ့ပါတယ်။ မြန်မာ့ဆန်ကိုလည်း နိုင်ငံတကာ တင်ပို့နိုင်တဲ့ အခွင့်အလမ်းကြီး အင်္ဂလိပ် လက်ထဲပေးလိုက်ရတဲ့ သမိုင်းရဲ့ အဖြစ်သနစ်ပါပဲ။ ဗြိတိသျှတို့ လက်ခမောင်းခတ်မယ် ဆိုရင်လည်း ခတ်စရာ၊ မြန်မာတို့နာကြည်း ခံပြင်းမယ်ဆိုရင်လည်း မကျေချမ်းနိုင်စရာပဲလို့ ပြောချင်ပါတယ်။ မြန်မာ့ပင်လယ်ဆိပ်ကမ်း ဘင်္ဂလားပင်လယ်ကို ဆိုက်ရောက်ကြတဲ့ အခြားသောကိုလိုနီနိုင်ငံတွေနဲ့လည်း စီးပွားရေးလုပ်လို့အလွန်ကောင်းခဲ့ပါတယ်။ နန်းစံသက် ၂၆ နှစ်အတွင်းမှာ နှစ်ပြည့်တစ်ပြည် သံတမန်များရှိတဲ့တိုင် သစ်တောသယံဇာတ၊ ရေကြောင်းသွားလာရေးကိစ္စ၊ အခြားနိုင်ငံနဲ့ ဆက်သွယ်ရေးကိစ္စအဝဝတို့မှာ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ကိုယ့်နိုင်ငံကာကွယ်ဖို့ စစ်ရေးပြင်ဆင်မှု မြစ်ကြောတစ်လျှောက် ခံတပ်တွေ တည်ဆောက်ခဲ့ပါတယ်။ မင်းတုန်းမင်းတရားကြီးနဲ့ ဝန်ကြီးမှူးကြီး မတ်ကြီးတို့ရဲ့ အမြော်အမြင် ကြံစည်စိတ်ကူးမှုတွေကြောင့် နယ်ချဲ့ဟာ ရှေ့မတိုးသာဘဲဖြစ်ခဲ့ရပါတယ်။ စစ်ရေးထက် ငြိမ်းချမ်းစွာဆက်ဆံရေးကိုရှေးရှခဲ့ရ ပါတယ်။ မဟာမိတ်စာချုပ်များ ချုပ်ဆိုဖို့ရှေးရှုခဲ့ပါတယ်။ စစ်မက်ကင်းဖို့ ကနောင်မင်းသားကြီးရဲ့ ရေမြှုပ်ဗုံးတွေ အားပေးအားမြှောက်မပြု၊ ဥပေက္ခာ ပြုတဲ့သဘောရှိခဲ့ပါတယ်။
မင်းတုန်းမင်းတရားကြီး နန်းတက်တဲ့ ၁၈၅၃ ခုနှစ်မှာပဲ ဂျပန်ကျွန်းတွေဆီသို့ ရေတပ်ဗိုလ်ချုပ် ကိုမိုဒို မက်သရူးပယ်ရီ (Commodore Mathew Pery) ဟာ အနက်ရောင်သင်္ဘောကြီးနဲ့ ရောက်ခဲ့ ပါတယ်။ ရှေးယခင်က ဂျပန်နိုင်ငံဟာ ကမ္ဘာနဲ့ ကင်းကွာခဲ့တဲ့ ကျွန်းနိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးလူးဆက်ဆံမှုကို ထိန်းချုပ်ခဲ့ပါတယ်။ သဘာဝကပေးတဲ့ လက်ဆောင်နဲ့ပဲ ကျေနပ်ရောင့်ရဲတဲ့လူမျိုးဖြစ်ပါတယ်။ ရှေးက ဂျပန်တို့ရဲ့ ပညာရေးဟာ ဆွဲဆောင်မှု ရှိပုံမပေါ်၊ ပညာထဲကနည်းပညာတွေဖော်ထုတ်သုံးစွဲ ဖို့ဆန္ဒ ပြင်းပြင်းပြပြရှိခဲ့ဟန်မတူလို့ ပြောရမှာဖြစ်ပါတယ်။ ကိုမိုဒို မက်သရူးပယ်ရီဟာ ဂျပန်ကျွန်းကို ရောက်လာတော့ဂျပန်တို့ရဲ့ ယခင်ကအတွေးအခေါ်၊ ခံယူချက်တွေ ပြောင်းလဲသွားပါတယ်။ ဂျပန်လူမျိုးတို့ဟာ ရှုမြင်ပုံမှာ မြင့်မားလာပါတယ်။ ပိုစဉ်းစား လာကြပါတယ်။ နည်းပညာမှဖြစ်တော့မယ်ဆိုတာ ဂျပန်တို့ ကောင်းစွာသိသွားကြပါတယ်။ ၁၈၅၃ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ဂျပန်နဲ့အမေရိကန်တို့ဟာ သဘောတူကုန်သွယ်မှု ဆက်ဆံဆောင်ရွက်ရေး စာချုပ်ကိုသမိုင်းဝင်လက်မှတ်ရေးထိုးလိုက်ပါတယ်။
မြင်ကွင်း (၇)
၁၈၇၁ ခုနှစ် အလယ်ပိုင်းမှာ ခေတ်ပြိုင်အပြောင်းအလဲကြီးမှာ ဝင်ဆံ့နိုင်ဖို့၊ အမြော်အမြင် ကြီးမားတဲ့ ကနောင်မင်းသားကြီးဟာ နိုင်ငံခြား တိုင်းပြည်များသို့ ပညာသင်စေလွှတ်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် လက်နက်စက်ရုံနဲ့ ရေကြောင်းသွားလာရေး သင်္ဘော တည်ဆောက်ရေးစက်ရုံ၊ လူသုံးကုန်ပစ္စည်းစက်ရုံတို့ကို တည်ထောင်ခဲ့ပါတယ်။ အမြော်အမြင် ကြီးမားအားထားရတဲ့ လက်ရုံးရည် နှလုံးရည်နဲ့ပြည့်စုံတဲ့ကနောင်မင်းသားဟာ ကံဆိုးရှာပါ တယ်။ နန်းတွင်းအရေးတော်ပုံကြောင့် လမ်းခုလတ်မှာ နည်းပညာအမြော်အမြင်နဲ့အတူ အသက်ပေးလိုက်ရတဲ့ သင်ခန်းစာတွေကို မြန်မာတို့ ယူရမှာဖြစ်ပါတယ်။ ဗြိတိသျှအိန္ဒိယအနေ နဲ့ အထက်မြန်မာနိုင်ငံကသဘာဝ တွင်းထွက်ပစ္စည်း များဖြစ်တဲ့ ရွှေ၊ ငွေ ကျောက်မျက်ရတနာများနဲ့ သယံဇာကလည်းကြွယ်ဝဆိုတော့ မျက်စိကျစရာ ဖြစ်ခဲ့လိမ့်မယ်။ မြန်မာနိုင်ငံအလယ်ကြောကို ဖောက်၊ ဧရာဝတီကို ဆန်တက်ကာ တရုတ်ပြည်နဲ့ ကူးသန်းရောင်းဝယ်ဖို့ကိစ္စက အဓိကပါပဲ။ ရေမြေသယံဇာတ သစ်တောသယံဇာတတွေကို အကြောင်းပြုပြီး ဝင်ရောက်လာတဲ့ ဝိသမလောဘသမားတို့ရဲ့ ခြေလှမ်းအလွန်ကျယ်ခဲ့တဲ့ကာလနဲ့ မြန်မာဘုရင်တို့ဟာ ကြုံခဲ့ကြရပါတယ်။ ပရိယာယ်ဝေဝုစ်တွေနဲ့ ကြမ်းတမ်းခက်ထန်လာပါတော့တယ်။
မြင်ကွင်း (၈)
သီပေါမင်းလက်ထက် ဗြိတိသျှနဲ့မြန်မာဘုရင်တို့ရဲ့ နယ်စပ်ဖြတ်ကျော်မှုနဲ့ သစ်တောသယံဇာတ ကုန်သွယ်မှုတွေမှာ အငြင်းပွားမှုတွေ အထွတ်အထိပ် ကိုရောက်ခဲ့ကာ ၁၈၈၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်စွဲနဲ့ ဗြိတိသျှတို့က မြန်မာဘုရင်အစိုးရထံ အချက် ငါးချက်ပါ ခုနစ်ရက်အတွင်းပြန်ကြားရမည် ဆိုတဲ့ ရာဇသံပေးပို့ခဲ့ရာ မြန်မာတို့ဘက်က တစ်ပတ်နောက်ကျပြီး နိုဝင်ဘာ ၆ ရက်မှာ ပြန်ကြားခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် စစ်ခင်းဖို့ စိုင်းပြင်းခဲ့ပါတော့တယ်။
နိုဝင်ဘာ ၇ ရက်မှာပင် ဂျင်နရယ် ပရင်ဒါဂတ် နဲ့တပ်ဖွဲ့ဟာ ရန်ကုန်သို့ ဆိုက်ရောက်နေပြီ။ မြန်မာတို့ဘက်ကလည်း နိုဝင်ဘာ ၇ ရက်တွင် နိုင်ငံတော်ကာကွယ်ရေးအတွက် လက်နက်လူသူ စည်းရုံး ဆင့်ဆိုတဲ့အမိန့်တော်တစ်ရပ်ထုတ်ပြန်ကာ နိုင်ဝင်ဘာ ၁၁ ရက်မှာ အောက်မြစ် စဉ်ကြောင်း၊ တောင်တွင်းကြီးကြောင်းနဲ့ တောင်ငူကြောင်းများဖြင့် ချီတက်ခဲ့ပါတယ်။
၁၈၈၅ ခုနှစ် လှေသင်းအတွင်းဝန်ရဲ့ စစ်အတွက် ပြင်ဆင်မှုတွေကို ကြည့်ရင်
- တလုပ်မြို့ သပြေပင်ရွာအခြေပြု ရဲမက်
အမှုထမ်း ၆၀၀၀ ကျော်၊ - ဗိုလ်ချုပ်လက်ယာဝင်းတော်မှူး သူရဲဝန်ရဲမက်အမှုထမ်း ၃၀၀၀ ကျော်၊
- တောင်တွင်းကြီးကြောင်းချီဗိုလ်ချုပ်ရွှေမြို့တော်၊ အက္ကပတ်မြင်းဝန်၊ဆင်တပ်မြင်းတပ်ရဲမက် အမှုထမ်း ၅၀၀၀ ကျော်၊
- စလေ၊ စကု ဘုံ ပုခန်းငယ် မြစ်နားတစ်လျှောက် ဘုန်းတော်ဖြစ်ဗိုလ်၊ မင်္ဂလာ ရဲညွန့်မြင်းဝန်၊ ဒီပဗိုလ်ရဲမက်အမှုထမ်း၅၀၀၀ ကျော်၊
- အနောက်ဘက်ကြောင်း ၊ ဗိုလ်ချုပ်လက်ဝဲဝင်းတော်မှူး အောင်ဝန်စက်ဝန် လှေသင်း ဗိုလ်စက်မြို့ဝန်နဲ့ ရဲမက်အမှုထမ်း ၅၀၀၀ကျော် စုစုပေါင်း စစ်အင်အား နှစ်သောင်း ကျော်ဟာ အလွန်တောင့်တင်းပြီး ကိုယ့်နိုင်ငံ ကာကွယ်ဖို့ အသင့်ရှိနေတာကို တွေ့ရပါတယ်။
တကယ်တမ်း ရေကုန်ရေခန်း လှေခွက်ချည်း ကျန် အလံမလှဲ တိုက်ခိုက်ခဲ့ကြရင်ဖြင့် အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲထက် အသေအပျောက် ပိုပြီး များခဲ့ပေမယ်။
မြင်ကွင်း (၉)
နိုဝင်ဘာ ၁၁ ရက်မှာပင် ကင်းဝန်မင်းကြီးက ဗြိတိသျှအောက်မြန်မာနိုင်ငံ - သီပေါမင်းရဲ့ အထက် မြန်မာနိုင်ငံ နယ်စပ်ကျောက်တိုင် မဖြတ်ကျော် ကြစတမ်း မြို့ရွာအသီးသီးရဲ့ နယ်မြေအတွင်း စစ်ရေးအရ၊ တစ်စုံတစ်ရာ စတင်ထိပါးခြင်း မပြု လုပ်ဖို့ ဗြိတိသျှမြန်မာနိုင်ငံ မဟာဝန်ရှင်တော် မင်းကြီးထံ စာတစ်စောင်ရေးပို့ခဲ့ပါတယ်။ ပြန်လည် ဆန်းစစ်တဲ့အခါ ဂျင်နရယ် ပရင်ဒါဂတ်နဲ့ တပ်ဖွဲ့ ဟာ ကင်းဝန်မင်းကြီးရဲ့ ပြန်စာမရမီကပင် နယ်စပ်ကို ဖြတ်ကျော်ချီတက်ကာ “တုလွှတ်ယာဉ်ကျော်” သင်္ဘောကို တိုက်ခိုက်ဆွဲယူခြင်းဟာ မဟာမိတ် စာချုပ်ပါအချက်တို့ကို ဖောက်ဖျက်ခြင်း၊ စော်ကား မော်ကားပြုခြင်း ဖြစ်ပါတယ်။
ကင်းဝန်မင်းကြီး အမှူးပြုတဲ့ လွှတ်တော် ဝန်ကြီးများဟာ ပဲရစ်မြို့ ရောက်နေတဲ့ မြန်မာ သံတော်ကြီး ဝန်ထောက်သံချက်ဝန်မင်းကြီး မင်းလှ မဟာစည်သူကျော်ထံ အခြေအနေအရပ်ရပ် သိသာ ဖို့နဲ့လုပ်ဆောင်ဖွယ်ရှိတာတွေကို လုပ်ဆောင်ဖို့ ညွှန်ကြားတဲ့စာတစ်စောင်ကို နိုဝင်ဘာ ၁၁ ရက်မှာ ရေးသားခဲ့ပြီး ထိုစာနဲ့အတူ မဟာဝန်ရှင်တော်မင်းကြီး ထံပေးစာပါ ပူးတွဲပေးပို့ခဲ့ပါတယ်။ ဒီစာ နှစ်စောင် လုံးဟာ နိုဝင်ဘာ ၁၅ ရက်မှာ သရက်ကို ရောက်နေတဲ့ ပရင်ဒါဂတ်လက်သို့ ရောက်သွားခဲ့ပါတယ်။
ထိုစဉ်က ဗြိတိသျှစစ်သင်္ဘောများဟာ နယ်စပ် ကို ဖြတ်ကျော်ပြီး ဆင်ပေါင်ဝဲနဲ့ မင်းလှတို့မှာ ပြင်းထန်စွာ တိုက်ပွဲဆင်နွှဲနေကြပြီဖြစ်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဂွေးချောင်းနဲ့ မင်းလှ ခံတပ်မြို့များကို သိမ်းပိုက်ခံလိုက်ရပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့မှာ မြင်းခြံကနေ တားဆီးခုခံတဲ့ မြန်မာ့ရဲမက်များ အခြေမလှလို့ ဆုတ်ခွာခဲ့ရပြန် တယ်။ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကျောက်မြောင်း အတွင်းဝန် ဦးရွှေအိုး၊ ဝက်မစွက် ဝန်ထောက်ဦးလတ်တို့ဟာ မှန်စီရွှေထည့်ခိုတောင် ရွှေခဲခတ်လှေတော်မှာ စစ်ဆိုင်းအလံတင်ကာ ပရင်ဒါဂတ်နဲ့ တွေ့ဆုံပြီး နေပြည်တော်က ပေးလိုက်တဲ့ စစ်ပြေငြိမ်းရေးစာကို ပေးခဲ့ပါတယ်။ ပရင်ဒါဂတ်က နေပြည်တော်မန္တလေးကို အရောက်ချီတက်ရမယ်လို့ အိန္ဒိယဘုရင်ခံချုပ်ထံမှ အမိန့်ပါတဲ့အတွက် စစ်ကိုမရပ်ဆိုင်းနိုင်ကြောင်း၊ မြန်မာမင်းက မိမိ ကိုယ်နဲ့တကွ လက်နက်ကိုင်သူများနဲ့ မန္တလေး နေပြည်တော်ကိုပါအပ်လျက် နေပြည်တော်ရှိ ကျွန်တော်မျိုးများ ဥရောပတိုက်သားများကို ဥစ္စာ ပစ္စည်းမှစပြီး ဆွေတော်မျိုးတော်များနဲ့တကွ ကောင်းစွာစောင့်ရှောက်မည်ဖြစ်ကြောင်း၊ နှစ်တိုင်း နှစ်ပြည် အခင်းဖြစ်တဲ့ကိစ္စရပ်များကို အင်္ဂလိပ်မင်းက အလိုရှိရာအခွင့်များကို ပြောတဲ့အတိုင်း သီပေါမင်းက လက်ခံရင် မဟာမိတ်စာချုပ် ထပ်မံချုပ်ဆိုနိုင်ကြောင်း ပြန်စာပေးလိုက်ပါတယ်။ နိုဝင်ဘာ၂၇ ရက်နေ့မှာ လွှတ်တော်မှဆင့်ဆိုချက်အရ အ၀ စစ်ကိုင်းနဲ့ သပြေတန်း ခံတပ်တို့ရှိ မြန်မာ ရဲမက်တို့ အတိုက်အခိုက် ရပ်စဲကာ လက်နက်ချ ခဲ့ကြရပါတယ်။
မြင်ကွင်း (၁၀)
- မင်းတုန်းမင်းကြီးနဲ့ သီပေါမင်းလက်ထက်မှာ နန်းတော်မြို့ရိုး၊ ခံတပ်များ တည်ဆောက်ကာ အခိုင်အမာ အင်အားကြီးတဲ့အထိရှိလေရာ မြစ်စဉ်တစ်လျှောက်ချထားတဲ့ ရဲမက်များက အဘယ်ကြောင့် ပြင်းပြင်း ထန်ထန် ခုခံခြင်း မရှိကြရသလဲဆိုတဲ့ကိစ္စမှာ
- ဗြိတိသျှနယ်ချဲ့မျိုးနွယ်တချို့ဟာ လျှို့ဝှက်ချက်အချို့နဲ့ မြန်မာတို့ရဲ့ သဘောကို ထောက်လှမ်း စုံစမ်းခဲ့ပြီ၊ နန်းတွင်းအရေး သိနှင့်နေလောက်ပြီ ဖြစ်ပါတယ်။ မြစ်စဉ်ခံတပ်များဖြစ်တဲ့ ဂွေးချောင်းနဲ့ မင်းလှခံတပ်များရဲ့ အခြေအနေကို ပရင်ဒါဂတ်ဟာ လျှို့ဝှက်စွာ ထောက်လှမ်းခဲ့ပြီးဖြစ်ပါ တယ်။
- ထူးခြားစွာ သတင်းပြန့်နေတဲ့တစ်ချက်ဟာ ညောင်ရမ်းမင်းသားကို နန်းတင်လိုတဲ့ တိုးတိုးတိတ်တိတ် စိတ်ကူးကို ဗြိတိသျှတို့ သိခဲ့သလော။
- ဒါကြောင့် ဗြိတိသျှတပ်တွေ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ချီတက်လာရာမှာ ဂျင်နရယ် ပရင်ဒါဂတ် လိုက်ပါလာတဲ့ သင်္ဘောဦးမှာ ဦးဘသန်းဆိုသူကို မြန်မာ မင်းသားအသွင် ဝတ်စား ဆင်ယင်လျက် တင်ဆောင်လာတာကြောင့် ဧရာဝတီ မြစ်ကမ်းတစ်ဝိုက်က ကျေးလက်လူထုနဲ့ မြစ်စဉ်ခံတပ် ရဲမက်များဟာ ညောင်ရမ်း မင်းသားကို နန်းတင်ရန် လာတယ်လို့ သို့လောသို့လော အထင်ရောက်ကာ
- ပြင်းပြင်းထန်ထန် ခုခံခြင်းမရှိကြောင်း တွေ့မြင်နိုင်ပါတယ်။ အဝ၊ စစ်ကိုင်းနဲ့ သပြေတန်းခံတပ်များ မှာရှိတဲ့ ရဲမက်စစ်သည်တွေဟာ ဓားစွမ်း၊ လှံစွမ်း လက်နက်စွမ်း မပြလိုက်ရဘဲ လက်နက်ချလိုက်ရတဲ့ အတွက် လွှတ်တော်မှ ကြေးနန်းကို သံသယဖြစ်ကြ ပါတယ်။
၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှာ အင်္ဂလိပ် စစ်သင်္ဘောများ မန္တလေးဆိပ်ကမ်းကို ဆိုက်ကပ် ပြီး ၂၉ ရက်နေ့မှာ သီပေါမင်းကို နန်းချကာ ဧရာဝတီမြစ်ကြောင်းမှ သူရိယသင်္ဘောနဲ့ ဖမ်းဆီး ခေါ်ဆောင်၊ ရန်ကုန်မှတစ်ဆင့် မဒရပ်၊ ယင်းနောက် ရတနာဂီရိသို့ ပို့လိုက်ပါတယ်။ ဗြိတိသျှတို့က လက်နက်အားကိုးနဲ့ အဓမ္မဇွတ်အတင်း သိမ်းခဲ့ခြင်းပဲဖြစ်ပါတယ်။ ရှေးမြန်မာ သူရဲကောင်းများဟာ လက်နက်ချင်းမယှဉ်သာ သဖြင့် အံကြိတ်ခဲ့ရတာ ဖြစ်ပါတယ်။
သီပေါမင်းသားဟာ ဘုရင်ဖြစ်ခါစမှာ အသက် ၂၀ နှစ်၊ မိဖုရားက ၁၉ နှစ်၊ နိုင်ငံကိစ္စတွေ အားလုံးကို ကင်းဝန်မင်းကြီးနဲ့ အစိုးရအဖွဲ့က စီမံကွပ်ကဲ အုပ်ချုပ်ခဲ့တာ တွေ့ရပါတယ်။ ဗြိတိသျှနိုင်ငံမှာ ဘုရင်မ ဝိတိုရိယ အုပ်စိုးတဲ့နှစ် ဖြစ်ပါတယ်။ သွေးထွက်သံယိုမှု အနည်းဆုံးနဲ့အမြန်ဆုံး သိမ်းပိုက် နိုင်တယ်လို့ အင်္ဂလိပ်တို့ ဂုဏ်ယူကြတယ်။ ဧကရီ ဘုရင်မကြီးကိုယ်တိုင် ပရင်ဒါဂတ်ရဲ့ စွမ်းရည်ကို နှစ်ထောင်းအားရစွာ ပါလီမန်မိန့်ခွန်းမှာ ထည့်သွင်း ချီးကျူးမိန့်မြွက်ခဲ့တယ်။
မြင်ကွင်း (၁၁)
မြန်မာတို့ရဲ့ လူမှုဘဝအောက်ကျနောက်ကျ ဖြစ်ရတာ၊ နန်းတွင်းအရေးတော်ပုံ အရှုပ်တွေ ရှိတာ၊ ပြည်တွင်းရေးကိစ္စများပါပဲ။ စေတနာထား ကယ်တင်စရာအကြောင်းမရှိ။ တိုင်းတစ်ပါးက ဝင်ရောက်ကယ်တင်သယောင် ဝင်ရောက်စွက်ဖက် အုပ်ချုပ်တဲ့အထိ ဖြစ်လာတာဟာ ကိုလိုနီနယ်ချဲ့ တို့ရဲ့ စရိုက်လက္ခဏာပါပဲ။ အိန္ဒိယနိုင်ငံရဲ့ နောက်ဆုံးဘုရင် ဘဟာဒါရာဇဖါးကို ရန်ကုန်သို့ ပို့လိုက်ပါတယ်။ အိန္ဒိယဘုရင်ဟာလည်း ရန်ကုန်မှာ နတ်ရွာစံခဲ့ပါတယ်။ ကမ္ဘာ့မြေပြင်ရဲ့ ၂၀ ရာခိုင် နှုန်းဟာ ကိုလိုနီနိုင်ငံများ ဖြစ်ခဲ့တာဟာ သက်သေပဲ ဖြစ်ပါတယ်။ နယ်ချဲ့ရဲ့ ပရိယာယ်ကို မမြင်နိုင် မသိနိုင် ဖြစ်ခဲ့ရတဲ့ မြန်မာဘုရင်များနဲ့ မှူးကြီးမတ်ကြီးများ၊ နောက်လိုက်နောက်ပါများအား ပြစ်တင်ဝေဖန် စောဒကတက်ရန် အကြောင်းမရှိ၊ သမိုင်းသိရန် အတိတ်ဆီသို့တစ်ခေါက် သွားရောက်ကြည့်ခဲ့ခြင်း ပဲဖြစ်ပါတယ်။ မြန်မာတို့အတွက်ကတော့ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း တစ်ရာကျော် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပါတယ်။
သူ့ကျွန်ဘဝ မရောက်အောင်၊ ဝန်နဲ့အား မမျှသည့်တိုင် ကျွန်တော်တို့ ဘိုးဘွားတွေ၊ အသက်သွေးချွေးပေးခဲ့ကြသူတွေကို ပို၍ပို၍ အောက်မေ့ကြရလိမ့်မယ်။ “ဦးကောင်းလိမ်ထုတ် သီပေါပြုတ်” ဆိုတဲ့စကားဟာ ကင်းဝန်မင်းကြီး ဦးကောင်းကို အပြစ်ဖို့သလို သတင်းပြန့်ခဲ့ပေလိမ့်မယ်။ ၁၂၄၇ ခုနှစ် မြန်မာသက္ကရာဇ်ကို ညွှန်းခြင်း ဖြစ်ပါတယ်။ လွတ်လပ်ရေး ပြန်လည်ရရှိအောင်၊ ဆောင်ကြဉ်းပေးခဲ့တဲ့ မကြာသေးမီကအဘိုးအဘွား တွေ အသက်သွေး ချွေးပေးခဲ့ကြသူတွေကို အောက်မေ့ကြ၊ ကျေးဇူးတရားကို သိကြရလိမ့်မယ်။ မြန်မာတို့ဟာ တိုင်းတစ်ပါးအောက် ရောက်ခဲ့ရပြီ ဆိုကတည်းက ရုန်းကန်ကြီးထွားလာခဲ့ရပုံတွေဟာ အခြားသောနိုင်ငံတွေနဲ့ မတူညီတဲ့အဖြစ် တွေ့လာရပါတယ်။
၁၉၀၈ ခုနှစ်မှာ ဗြိတိသျှတို့စောင့်ရှောက်ထားတဲ့ သီပေါမင်းဟာလည်းကောင်း၊ ကင်းဝန်မင်းကြီး ဟာ လည်းကောင်း တစ်ဦးကိုတစ်ဦး သတိရတမ်းတနေကြမယ်လို့ တွေးကြည့်မိပါတယ်။ ကင်းဝန်မင်းကြီးက သက်တော် ၈၇ နှစ်၊ ၁၉၀၈ ခုနှစ်မှာ ကွယ်လွန်သွားပါတယ်။ သီပေါမင်းက သက်တော် ၅၈ နှစ်၊ ၁၉၁၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံ ရတနာဂီရိမှာ နတ်ရွာစံသွားပါတော့တယ်။
အို... မြန်မာတို့
- ကိုယ့်နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို
ကြည့်၊ မြန်မာ့တံခါးကိုဖွင့် အစစအရာရာ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ရှုကြည့်ကြ၊ လုံ့လဝီရိယ၊နည်းပညာ၊ ပညာအမြော်အမြင် နဲ့ပေါင်းစပ်၊ ဟန်ချက်ညီစွာ ကျင့်သုံးကြလော့
- မြန်မာနိုင်ငံတော်ကို တည်ငြိမ်အေးချမ်းသာယာဝပြောတဲ့ နိုင်ငံအဖြစ် တည်ဆောက် ရာမှာ ညှိနှိုင်းတိုင်ပင် ပူးပေါင်းဆောင်ရွက် ခြင်းသည်အဓိကဟူသော ခံယူချက်ထားကာ အနာဂတ်ခရီးကို လျှောက်လှမ်းကြဖို့ ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။
ကျမ်းကိုး -
- မကြန် သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ မြရတနာစာပေ၊ စာစဉ်(၁) ၂၀၀၂ ခုနှစ်
- Myanmar: Facts and Figures; Ministry ofInformation, Myanmar, March, 2000.
- နှစ်ဆယ်ရာစု မြန်မာနိုင်ငံ၊ ရန်ကုန်တက္ကသိုလ်ပညာရေးဝန်ကြီးဌာန၊
- ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်ဆောင်းပါး(၂) ပြန်ကြားရေးဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ
- Asia Pacific: Its Role in the new WorldOrder, (Myanmar Burma) by M S DobbsHigginson, New Light of Myanmar (1998) - 7-day News Vol 11, No.22; 9th August 2012
ဒေါက်တာမောင်ကျော်- ပါမောက္ခချုပ် (ငြိမ်း)