ပူးပေါင်းဆောင်ရွက်မှုလိုအပ်သော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်
သမ္မတဂျိုးဘိုင်ဒင်သည် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (CIA) အား ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားရာ ဇာစ်မြစ်ကိုစုံစမ်းထောက်လှမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ပြန်လည်အစီရင်ခံတင်ပြရန် ညွှန်ကြားခဲ့သော်လည်း တင်ပြနိုင်ခြင်းမရှိခဲ့ပေ။ အမှန်တော့ အမေရိကန်သည် ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားရာဇာစ်မြစ်ကို နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချရန် ထပ်မံကြိုးပမ်းလာခြင်း ဖြစ်သည်။ အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ CIA သည် မည်သည့်နေရာမှ ဗိုင်းရပ်စ်စတင် ဖြစ်ပွားလာခဲ့ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိကြောင်း ဖော်ပြထားသည်။ သိပ္ပံပညာရှင်များသည်ပင်လျှင် အစရှာဖွေမရသော ဇီဝပြဿနာတစ်ရပ်ကို ထောက်လှမ်းရေး အေဂျင်စီများက မည်သို့မည်ပုံဖော်ထုတ်သွားမည်နည်း။ ထောက်လှမ်းရေးအေဂျင်စီများအား ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဇာစ်မြစ်ကို စုံစမ်းခွင့်ပြုခြင်းသည် အမေရိကန်အစိုးရအနေဖြင့် ကပ်ရောဂါ စတင်ဖြစ်ပွားရာနေရာကို အမှန်တကယ် ဖော်ထုတ်သွားလိုသည့် ဆန္ဒမရှိဘဲ တရုတ်နိုင်ငံအား နိုင်ငံရေးအရ သိက္ခာချသွားရန် ကြိုးပမ်းမှုမျှသာဖြစ်သည်ဟု ဆိုသည်။
CIA အစီရင်ခံစာ၌ တရုတ်နိုင်ငံသည် နိုင်ငံတကာ စုံစမ်းထောက်လှမ်းသူများကို နှောင့်ယှက် ဟန့်တားခြင်း၊ သတင်းအချက်အလက်များ မျှဝေရန်ငြင်းဆန်ခြင်းနှင့် အခြားနိုင်ငံများအပေါ် ပြစ်တင်ဝေဖန်ခြင်းများ လုပ်ဆောင်နေသည်ဟု စွပ်စွဲဖော်ပြထားရှိသည်။ တရုတ်နိုင်ငံမှစတင်၍ ဗိုင်းရပ်စ်ပြန့်ပွားသည်ဟု ယူဆပြီး ထောက်လှမ်းရေးအဖွဲ့ အစည်းအား အထောက်အထားများ ရှာဖွေခိုင်းခြင်းသည် ပြစ်မှု ကျူးလွန်မှုတစ်ရပ်အဖြစ် ရှုမြင်ရမည်ဖြစ်ပြီး တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးအနေဖြင့် ထိုသို့ လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ ဘိုင်ဒင်အစိုးရအဖွဲ့သည် ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဇာစ်မြစ်ကို မရိုးမသားသော နည်းလမ်းဖြင့် ထောက်လှမ်းရှာဖွေခြင်းသည် ကိုယ်တိုင် မကောင်းမှုကျူးလွန်ရာရောက်ပြီး ဆေးသိပ္ပံပညာနယ်ပယ်နှင့် တရားဥပဒေစိုးမိုးမှုအပေါ် မသိကျိုးကျွံပြုရာလည်း ရောက်ပေသည်။ ထို့ပြင် အမေရိကန်အစိုးရ၏ နိုင်ငံတကာ ဂုဏ်သိက္ခာနှင့် ပုံရိပ်တို့ကိုပါ ကျဆင်းစေမည်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်နိုင်ငံသည် နိုင်ငံတကာ အသိုက်အဝန်း၏ ကိုဗစ်- ၁၉ ကပ်ရောဂါ ကာကွယ်။ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့် ပြည်သူ့ကျန်းမာရေးလုံခြုံမှု ဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်စေမည် ဖြစ်သည်။
ပွင့်လင်းမြင်သာမှုရှိရန်လို
စင်စစ်အားဖြင့် တရုတ်နိုင်ငံသည် ကိုဗစ်- ၁၉ ရောဂါတွေ့ရှိမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သို့ ပထမဆုံး သတင်းပေးပို့ခဲ့သည့် နိုင်ငံဖြစ်သည်။ ထိုသို့သတင်းပို့ခြင်းကြောင့် ဗိုင်းရပ်စ်ပိုးသည် တရုတ် နိုင်ငံမှ စတင်ဖြစ်ပွားသည်ဟု ယူဆနိုင်မည်မဟုတ်ချေ။ ကိုဗစ်- ၁၉ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများအား ဗိုင်းရပ်စ်အကြောင်း သတိပေးခြင်းနှင့် မျိုးရိုးဗီဇပြောင်းလဲမှု ဆင့်ကဲဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်ပေးပို့ခြင်းများ လုပ်ဆောင်ကာ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ WHO တာဝန်ရှိသူများ တရုတ်နိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်နိုင်ငံသည် WHO ကိုယ်စားလှယ်များ၏ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးခဲ့သည်။ WHO မှကျွမ်းကျင် ပညာရှင်များသည် လိုအပ်သည့် နေရာများကို သွားရောက်ကာ ပြည်သူများကို တွေ့ဆုံမေးမြန်းခဲ့ပြီး အချက်အလက်များကို လွတ်လပ်စွာ စစ်ဆေးခဲ့သည်။ ထို့နောက် ကျွမ်းကျင်ပညာရှင်များက ကိုဗစ်-၁၉ ကပ်ရောဂါသည် ဓာတ်ခွဲခန်းများမှ မတော်တဆဖြစ်ပေါ်လာသည့် အလားအလာ လွန်စွာနည်းပါးကြောင်း ကောက်ချက်ချခဲ့သည်။ ထိုကောက်ချက်သည် အမေရိကန်၏ ရည်မှန်းချက်များကို သိသိသာသာ ဆန့်ကျင်လျက်ရှိသည်။ ထို့ကြောင့် အမေရိကန်သည် ဗိုင်းရပ်စ် ရှာဖွေရေးဇာတ်ညွှန်းသစ်အတွက် သိပ္ပံပညာရှင်များကို ဘေးဖယ်ကာ ထောက်လှမ်းရေးကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံးသတင်းမပို့မီ အချိန်ကတည်းကပင်လျှင် အမေရိကန်၊ အီတလီနှင့် စပိန်နိုင်ငံတို့ ဇာစ်မြစ်နှင့်စပ်လက်မှုသည် ရောဂါကိုပိုမိုကြီးထွားတွင် အလားတူ ရောဂါဖြစ်ပွားခဲ့ကြောင်း သတင်းအချက်အလက် များစွာက ညွှန်ပြလျက်ရှိသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် ကိုဗစ်- ၁၉ လူနာ မတွေ့မီကတည်းကပင် အမေရိကန်နိုင်ငံတွင် ဗိုင်းရပ်စ်အမျိုးအမည် မတပ်နိုင်သော ရောဂါကူးစက်မှုများ ရှိနေခဲ့သည်။ အမျိုးအမည် ခွဲခြားနိုင်ခြင်းမရှိသည့် ရောဂါပိုး ကူးစက်ခံရသူများ၏ လက္ခဏာများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများ၏ လက္ခဏာများနှင့် များစွာဆင်တူလျက်ရှိသည်။ ထိုသို့ဖြစ်ပွားခဲ့သည့် တိုင်အောင် အမေရိကန်သည် ရောဂါဇာစ်မြစ်ကို စုံစမ်းဖော်ထုတ်ရန် ငြင်းဆန်နေဆဲပင်ဖြစ်သည်။ အမေရိကန်၏ လက်ရှိဆောင်ရွက်မှုသည် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားရာဇာစ်မြစ်နှင့် စပ်လျဉ်း၍ နိုင်ငံတကာ၏ သံသယကို ပိုမိုကြီးထွားစေခဲ့ပြီး အမေရိကန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ဇာစ်မြစ်ရှာဖွေရေး သုတေသနလုပ်ငန်းအပေါ် ခလုတ်ကန်သင်း လို ဖြစ်လာခဲ့သည်။
အမေးရှိလျှင်အဖြေရှိသင့်
အမေရိကန်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါ စတင်ဖြစ်ပွားရာ ဇာစ်မြစ်ကို အမှန်တကယ် ဖော်ထုတ်သွားလိုလျှင် အောက်ဖော်ပြပါ မေးခွန်းလေးခုကို ဖြေကြားသွားရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက မေးမြန်းထားရှိသည်။ သို့သော် ထိုမေးခွန်းများနှင့် စပ်လျဉ်း၍ အမေရိကန်သည် လက်ရှိအချိန်အထိ တစ်လုံးတစ်ပါဒမျှ ဖွင့်ဟပြောဆိုခြင်း မရှိသေးပေ။
ပထမအချက်မှာ အမေရိကန်အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အမေရိကန်နိုင်ငံအတွင်း စတင်ဖြစ်ပွားခဲ့သော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သွားရန်ပင်ဖြစ်သည်။ ဝစ္စကွန်စင်နှင့် မေရီလန်းပြည်နယ် တို့တွင် ဖြစ်ပွားခဲ့သည့် အမျိုးအမည် မသိအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် ကိုဗစ်- ၁၉ ကပ်ရောဂါလက္ခဏာနှင့် များစွာ တူညီလျက်ရှိသည်။ ဆေးလိပ်သောက်သုံးခြင်းကြောင့် အဆုတ်ရောဂါ ဖြစ်ပွားသည်ဟု မူလက ယူဆခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွား လာပြီးနောက် အဆုတ်ရောဂါဖြစ်ပွားသူများ ရုတ်တရက်ပျောက်ကွယ် သွားပြီးကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ ပိုမိုများပြားလာတော့သည်။ ထိုဖြစ်စဉ်သည် တိုက်ဆိုင်မှုဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက တုပ်ကွေးရောဂါနှင့် သေဆုံးခဲ့သူများကို ဆေးစစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
ဒုတိယအချက်မှာ အမေရိကန်အနေဖြင့် မေရီလန်းပြည်နယ်ရှိ နာမည်ဆိုးနှင့်ကျော်ကြားသော Fort Detrick Biological Laboratory အပြင် ကမ္ဘာတစ်ဝန်းရှိဓာတ်ခွဲခန်း ၂၀၀ ကျော်ကို စစ်ဆေးရန် WHO မှ ကျွမ်းကျင်ပညာရှင်များကို စစ်ဆေး ခွင့်ပြုသွားသင့်သည်။ အထူးသဖြင့် Fort Detrick ၌ ဇီဝလက်နက်အစီအစဉ်များ တိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ၎င်း အစီအစဉ်ကို အမေရိကန်ကြည်းတပ် ကွပ်ကဲမှုအောက်ရှိ ကူးစက် ရောဂါဆိုင်ရာ ဆေးဝါးသုတေသနအင်စတီကျုက အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။ ၎င်းအင်စတီကျသည် ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ သုတေသနပြုနေသည်မှာ ကာလအတန်ကြာ နေပြီဖြစ်သော်လည်း ၂၀၁၉ ခုနှစ်တွင် ဇီဝလုံခြုံရေး အခြေအနေအရ ပိတ်သိမ်းခဲ့ရသည်။ ထိုသို့ ဇီဝလုံခြုံရေးဆိုင်ရာ ပြဿနာများ တွေ့ရှိ ခဲ့ပြီးနောက် အဆုတ်ရောဂါလက္ခဏာနှင့် ဆင်တူသော ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားလာခဲ့သည်။ သို့သော် အမေရိကန် အစိုးရသည် ထိုဖြစ်စဉ်ကို အမေရိကန်ပြည်သူများကို ချပြရှင်းလင်းခြင်း မရှိသလို ကမ္ဘာကြီးကိုလည်း အသိပေးခြင်းမရှိခဲ့ပေ။
တတိယအချက်မှာ အမေရိကန်သည် မြောက်ကာရိုလိုင်းနား တက္ကသိုလ်၌ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် WHO မစ်ရှင်ကို ဖိတ်ကြား သွားသင့်သည်။ အမေရိကန်သည် ကိုဗစ် - ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအတွက် ကိုရိုနာဗိုင်းရပ်စ် သုတေသနပြုနေသော ဝူဟန်တက္ကသိုလ်ကို တစိုက်မတ်မတ် စွပ်စွဲပြောကြားလျက် ရှိသည်။ သို့သော် အမေရိကန် သည် သုတေသန လုပ်ငန်းများအတွက် ရန်ပုံငွေအများဆုံး ထည့်ဝင်ခဲ့ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ ။
စတုတ္ထအချက်မှာ အမေရိကန်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ဝူဟန်မြို့၌ ပြုလုပ်ခဲ့သော (၇)ကြိမ်မြောက် (Internation Military Sports Council-CISM) စစ်ရေးလေ့ကျင့်ခန်း တက်ရောက်ခဲ့ပြီး နာမကျန်းဖြစ်ခဲ့သည့် အမေရိကန်တပ်ဖွဲ့များ၏ အခြေအနေကို ထုတ်ပြန်သွားသင့်သည်။ စစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သော အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀ အနက် အများစုသည် ဖျားနာနေသဖြင့် အမေရိကန်သို့ ပြန်လည်စေလွှတ်ခဲ့ရသည်။ ၎င်းတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါ လက္ခဏာနှင့်တူညီသော ရောဂါများ ခံစားခဲ့ရသည်။ ထိုစဉ်က အမေရိကန်အစိုးရအနေဖြင့် တပ်ဖွဲ့ဝင်များ မည်သည့်ရောဂါ ခံစားနေရကြောင်းကို ထုတ်ပြန်သွားသင့်သည်။ ထိုစစ်ရေး လေ့ကျင့် ခန်းအပြီးတွင် ဝူဟန်မြို့၌ ကိုဗစ်- ၁၉ ကပ်ရောဂါ စတင် ဖြစ်ပွားခဲ့သည်။
အမေရိကန်အမျိုးသားကျန်းမာရေးအင်စတီကျူ ဝက်ဘ်ဆိုက်များမှ ရရှိသော သတင်းအချက်အလက် များအရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ်ငါးခု၌ ကိုဗစ်-၁၉ ကပ်ရောဂါခံစားခဲ့ရသည်ဟုဆိုသည်။ သို့သော် အမေရိကန်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်တွင် လူနာများ၏ သွေးနမူနာများကို ချိပ်ပိတ်ထားခဲ့ပြီး ရောဂါဇာစ်မြစ် ခြေရာခံသည့်လုပ်ငန်းစဉ်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဟန့်တား နှောင့်ယှက်ခဲ့သည်။ ဖလော်ရီဒါကျန်းမာရေးဌာန ဝက်ဘ်ဆိုက်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ လက္ခဏာတွေ့ရှိရသည့် ရောဂါသည် ၁၇၁ ဦး၏ သတင်းအချက်အလက်များကို ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းအချက်အလက်များကို ဖျက်ပစ်ခဲ့သည်။
အရေးပါသောဖြေရှင်းဆောင်ရွက်မှုများ
ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက အမေရိကန် သည် ကိုဗစ်- ၁၉ ကပ်ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲတစေ လက်ရှောင်လျက်ရှိသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဇာစ်မြစ်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံအပေါ် နိုင်ငံရေးအရသားပုပ်လေလွင့် ပြောဆိုလျက်ရှိသည်။ မကြာသေးမီအချိန်တွင်းက ထုတ်ပြန်ခဲ့သည့် အမေရိကန် CIA အစီရင်ခံစာသည် ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးတွင် ၎င်း၏တာဝန် ပျက်ကွက်မှုများကို လမ်းကြောင်းလွှဲရန် ကြိုးပမ်းမှုကိုသာ ထင်ဟပ်စေခဲ့သည်။ ထိုလုပ်ဆောင်ချက်မှာ အမေရိကန်အနေဖြင့် အီရတ်နိုင်ငံတွင် ဖျက်စွမ်းအားပြင်း လက်နက်များ ရှိနေသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျူးကျော်ဝင်ရောက်ခဲ့သည့်ဖြစ်စဉ်နှင့် အလားသဏ္ဌာန်တူညီလျက်ရှိသည်။
ဗိုင်းရပ်စ်ဇာစ်မြစ်ရှာဖွေခြင်းသည် ဆေးသိပ္ပံဆိုင်ရာကိစ္စပင်ဖြစ်ပြီး အဖြေရှာဖွေနိုင်ရေးအတွက် သိပ္ပံပညာရှင်များကို ချန်လှပ်ထား၍ ရနိုင်မည်မဟုတ်ချေ။ တရုတ်သိပ္ပံပညာရှင်များ အပါအဝင် ထိပ်တန်း သိပ္ပံပညာရှင်များသည် ၎င်းတို့၏ကျွမ်းကျင်မှုပညာကို အခြေခံလျက် ရောဂါဇာစ်မြစ်ရှာဖွေရေး လုပ်ငန်းများကို အချိန်ပြည့်ဆောင်ရွက်လျက် ရှိသည်။ ဂူဟန်မြို့၌ ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှု များသည် ဗိုင်းရပ်စ် ဇာစ်မြစ်ရှာဖွေရာတွင် ရလဒ်ထွက်ပေါ်လာရေးအတွက် သိပ္ပံပညာရှင်များကို အထောက်အကူပြုလျက်ရှိသည်။ မည်သို့ပင်ဆိုစေ ဗိုင်းရပ်စ် ဇာစ်မြစ်ခြေရာခံခြင်းသည် အချက်အလက် စုဆောင်းပြီး ကောက်ချက် ဆွဲနိုင်ရန်အချိန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။ မှန်ကန်သောအဖြေ ရှာဖွေနိုင်ရေးအတွက် သိမ်မွေ့နက်နဲသော လုပ်ငန်းများ စွာရှိနေဆဲဖြစ်ပြီး နောက်ဆုံးတွင် အဖြစ်မှန်ပေါ်ပေါက်လာမည် ဖြစ်သည်။
အမှန်တော့ ဗိုင်းရပ်စ်တိုက်ဖျက်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် အပြင် သိပ္ပံဆိုင်ရာ အသိပညာ ဗဟုသုတများလည်း လိုအပ်သည်။ သို့သော် အမေရိကန်အနေဖြင့် သိပ္ပံနည်းကျဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတရားကို ငြင်းဆန်နေမည်ဆိုလျှင် ကိုဗစ်- ၁၉ ကပ်ရောဂါနှင့် စပ်လျဉ်း၍ လက်တွေ့ကျသော အဖြေကို ကောက်ချက်ချနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အမေရိကန်အနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ထိတွေ့ဆက်ဆံပြီး လက်တွေ့ကျသော ရောဂါဇာစ်မြစ် ရှာဖွေခြင်းသည်သာလျှင် အကောင်းဆုံး နည်းလမ်းဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ပူးပေါင်းဆောင်ရွက်ခြင်းသည်သာလျှင် မှန်ကန်သော အဖြေကို ရှာဖွေဖော်ထုတ်နိုင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်၊ ကုသ၊ ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။
မောင်သောင်းဝင်း (တမန်ဟောင်း)