Skip to main content

ဆန္ဒကြီးရင် ကြံသမျှပြီးတယ်

Life is a Journey not a destination. Without ambition one starts nothing. Nothing great was ever achieved without enthusiasm.

Ralf Waldo Emerson

ဘဝဆိုတာ ခရီးတစ်ခုပဲ။ ပန်းတိုင်တစ်ခု -မဟုတ်ဘူး။ တိုးတက်ကြီးပွားလိုစိတ်ရည်မှန်းချက် -မရှိဘဲ ဘာမှစလို့မရပါ။ စိတ်အားထက်သန်တဲ့ အားထုတ်လုပ်ဆောင်မှုမပါဘဲ အောင်မြင်မှုရခဲ့ခြင်း ဆိုတာ ဘယ်မှာမှမရှိ။

ရာ့ဖ်ဝါလ်ဒိုအယ်မာဆင်(၁၈၀၃-၁၈၈၂)

အမေရိကန်ကဗျာဆရာ၊ စာရေးဆရာ

“ဆန္ဒကြီးရင် ကြံသမျှပြီးတယ်” ဆိုတဲ့ စကား က လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်ကျော်၊ သုံးဆယ် လောက်ဆီက သီတဂူဆရာတော်ကြီး အရှင်ဉာဏိ ဿရ ဟောကြားခဲ့ဖူးတဲ့ တရားတော်တစ်ပုဒ်ရဲ့ တရားအမည်ကို ယူထားခြင်းဖြစ်ပါတယ်။

မိမိနာကြားခဲ့ရတာရဲ့ အနှစ်သာရကတော့ မြတ်စွာဘုရားဟောကြားတော်မူတဲ့ အဓိပတိတရား လေးပါး (ပဋ္ဌာန်းဒေသနာ)မှ ပထမဦးဆုံးအချက် “ဆန္ဒာဓိပတိ” စိတ်ဆန္ဒ အထူးအကဲပြင်းထန် ထက်သန်ခြင်းဟာ မမျှော်မှန်းနိုင်လောက်အောင် ကြီးမားခမ်းနားတဲ့ အောင်မြင်မှုမျိုးအထိရရှိစေနိုင် ကြောင်း ဒါနကထာ၊ သီလကထာ၊ မဂ္ဂကထာအနေနဲ့ ဟောကြားညွှန်ပြတော်မူခြင်းပါ။

စိတ်ဆန္ဒထက်သန်သူများ

လောကုတ္တရာကျင့်ကြံကြိုးကုတ်အားထုတ်ရာ သာမက လောကီရေးရာအဖြာဖြာမှာလည်း စိတ်ဆန္ဒ ထက်သန်သူများဟာ ဝေးလံခေါင်းပါး အစွန်အဖျားကျေးလက်တောရွာမှာ မွေးဖွားခဲ့သူပင် ဖြစ်ပါစေ၊ အတန်းကျောင်းပညာ လေးတန်းစာမေးပွဲ တောင် မအောင်ခဲ့ဖူးသူဖြစ်ပါစေ၊ ပဲစိုက်၊ နှမ်းစိုက်၊ တောင်သူယာလုပ်၊ သစ်ငုတ်တူး၊ ထင်းခုတ်၊ အလုပ် ကြမ်းလုပ်ခဲ့ရတဲ့ တောသားလေးပင်ဖြစ်ပါစေ၊ အပင်ပန်းခံ၊ နည်းလမ်းမှန်နဲ့ ထက်ထက်သန်သန် ဇွဲရှိရှိ (စိတ်ဆန္ဒပြင်းပြင်း) ကြိုးစားရင် ထူးထူး ခြားခြားအောင်မြင်တယ်ဆိုတဲ့ လက်တွေ့ သာဓက နမူနာယူစရာလူတစ်ယောက်ကို ကြားရဖတ်ရ တယ်။ ဆရာတော်ဘုရား ဟောကြားတော်မူတဲ့ တရားနဲ့ ကိုက်ညီလိုက်တာ၊ အထောက်အထား အနေနဲ့ သက်သေပြစရာ ဘဝဇာတ်လမ်းပါလား။

“ခုခေတ်မှာ လူငယ်တွေဟာ လမ်းပျောက် နေကြတယ်”၊ “လူငယ်တွေမှာ အနာဂတ် ပျောက်နေ ကြတယ်” စသည်ဖြင့် ပြောဆိုကြ၊ ရေးသားကြတာတွေဟာ ဟုတ်သင့်သလောက် ဟုတ်ပေရဲ့။ မှန်သင့် သလောက် မှန်ပေမယ့်ကျောက်ခက်ကျောက်သားကို ထိုးဖောက်ပြီး နူးညံ့လှတဲ့မှိုပွင့်မှအစ သစ်ပင်ကြီးငယ်အမျိုးမျိုးဟာ အခက်အခဲ ဆင်းရဲနိမ့်ကျမှုတွေကြားထဲကပဲ ထိုးဖောက်ကြီးမြင့် နိုင်ကြတယ်။ ရှင်သန်အောင်မြင် နိုင်ပါတယ်။

ပဋိရူပဒေသဝါသစက်လိုအပ်တယ်။

ပတ်ဝန်းကျင် အခြေအနေကောင်းဟာ ကြီးပွားအောင်မြင်ကြောင်းမှာ အကြောင်းတစ်ချက် ပါပဲ။ မိမိပတ်ဝန်းကျင်ကို ကောင်းမွန်အောင် မိမိ ကိုယ်တိုင်ကပဲလမ်းကြောင်းရွေးချယ်ပြီး ပြောင်းလဲ ရမှာပါ။

စလင်း၊ မင်းဘူး၊ မကွေးတိုင်းထဲက တောရွာ တစ်ရွာက ဆင်းရဲသားတစ်ယောက်ဟာ မန္တလေးကို အဝတ်တစ်စုံ ကိုယ်တစ်ခုနဲ့ ကြုံရာကျပန်းလုပ်ဖို့ရာ တက်လာခဲ့ဖူးတယ်။ ဆံပင်ညှပ်ဆိုင် သန့်ရှင်းရေး၊ ဆံပင်ညှပ်သမားမှစပြီး ကိုယ့်အလုပ်ကို လူအများလေးစားလောက်အောင် သပ်ရပ် သန့်ရှင်းစွာ ဝန်ဆောင်မှုတွေပေးပြီး တဖြည်းဖြည်းနဲ့ ခုအချိန်မှာ မန္တလေးမြို့တွင် ထင်ရှားတဲ့သူဌေး တစ်ဦး ဖြစ်နေခဲ့ပါပြီ။

မန္တလေးမြို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး တွေမှာ လက်မနှေးအောင် ကူညီဆောင်ရွက်ခဲ့တဲ့ (မန္တလေးပြည်သူ့ဆေးရုံအဆောင်များ၊ လိုအပ်ချက် များ ဖြည့်စွမ်းခဲ့သူ) ယူဒီ ဦးခင်မောင်ဝင်းဆိုတဲ့ သူဌေး ကြီးဟာလည်း ငယ်စဉ်က စစ်ကိုင်းမြို့နယ်ထဲကကျေးရွာလေးမှာ ထင်းငုတ်တူးပြီး ဘဝကို ဆင်းဆင်း ရဲရဲဖြတ်သန်းရာမှ ကားဝပ်ရှော့ အောက်ခြေအတွေ့ အကြုံတွေ ဖြတ်သန်းခဲ့ပြီး အခုလိုသူဌေးကြီးဖြစ်လာ ခဲ့တယ်။

ရွှေဥဒေါင်းရဲ့ အကြံဉာဏ်ဖြင့်ကြီးပွားနည်းစာအုပ်

မတ္တရာမြို့ နယ်ထဲက ရွာတစ်ရွာမှဆယ်တန်းကျ လူငယ်တစ်ဦးဟာ ရွှေတောမှာ ကွမ်းယာဆိုင်လေး ဖွင့်ပြီး ဘဝကို ရုန်းကန်ရင်းမှ (သူက ဆရာကြီး ရွှေဥဒေါင်းရဲ့ အကြံဉာဏ်ဖြင့် ကြီးပွားနည်းစာအုပ် ကလေးကို အလွတ်ရလုနီးနီး အကြိမ်ကြိမ်အခါခါ ဖတ်ခဲ့သူ) အောင်သမာဓိရတနာနှင့် ရွှေဆိုင် လုပ်ငန်း ရှင်ကြီး ဦးအောင်ဆိုတဲ့မန္တလေးက သူဌေးကြီးတစ်ဦးရဲ့ ဘဝကိုလည်း လူသိများကြ ပါတယ်။

ကျောင်းမနေဖူးသူ၊ အထက်တန်းကျောင်း တောင်မအောင်သူ၊ ဆယ်တန်းကျသူ၊ လေးတန်း မအောင်ဖူးသူ လူငယ်လေးတွေတောင် တောထဲချောင်ထဲက မန္တလေးမြို့ပေါ်တက်လာပြီး သန်းကြွယ် သူဌေးကြီးတွေဖြစ်နေကြတာ မနည်းပါဘူး။ ခေတ်ကို အပြစ်တင်မနေပါနဲ့။ စနစ်ကို ယိုးမယ်ဖွဲ့ပြီး ကိုယ့်ဘဝကို ရေစုန်မမျောပါစေနဲ့။ လမ်းပျောက်တယ်လေး၊ အနာဂတ်ပျောက်ဆုံး တယ်လေး စိတ်ဓာတ်ကျအောင် မှိုင်းတိုက်ဖျက်ဆီးနေတာတွေကို ဖယ်ရှင်းလိုက်စေ လိုပါတယ်။ - ခိုင်မာတဲ့သာဓကနဲ့ လက်တွေ့ကျကျ ရှုမြင်ကြစို့။

ဆံသဦးသန်းဝင်း၊ ယူဒီဦးခင်မောင်ဝင်း၊ အောင်သမာဓိ ဦးအောင်ဆန်းဝင်းတို့လောက်တော့ ချမ်းသာ ချင်မှ ချမ်းသာမယ်။ ဧည့်လမ်းညွှန် ဦးသောင်းစိန်ကသားလေးယောက်မွေးထားတာဗျာ-

၁။ သားအကြီးဆုံးက ကွန်ပျူတာနဲ့ဘွဲ့ရခဲ့သူ။

၂။ ဒုတိယသားက သွားဆရာဝန်၊ မန္တလေးဆေးရုံကြီး မျက်နှာမေးရိုးဌာနမှာ။

၃။ တတိယသားကလည်း ဆရာဝန်။

၄။ စတုတ္ထသားက အင်ဂျင်နီယာ။

သူကိုယ်တိုင်က ဘုန်းကြီးကျောင်းထွက်၊ အတန်းကျောင်းပညာလုံးဝမနေခဲ့ရရှာတဲ့ တောသူ တောင်သားပါ။ ဘယ်လောက်လေးစားအားကျဖို့ ကောင်းလှတဲ့မိဘလဲဗျာ။ သားလေးယောက်ကို ပညာတတ်ဘွဲ့ရတွေအဖြစ် လူလားမြောက်အောင်၊ ထောက်ပံ့ပြုစုနိုင်အောင် သူဖြတ်သန်းရုန်းကန် ခဲ့ရ ပုံတွေကတော့ မမြင်ရပေမယ့် စာနာသိရှိနိုင်ပါရဲ့။

မောင်သောင်းစိန်ကို ပခုက္ကူခရိုင် မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာအုပ်စု မြောက်ဆည်ဆိုတဲ့ ရွာငယ်ကလေးမှာ အဘ ဦးဘလုံ၊ အမိဒေါ်သိန်းတို့က ၁၉၅၃ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ မိဘက တောင်သူ ယာသမားပါပဲ။ ရွာမှာ မူလတန်းကျောင်းတောင် မရှိပါ။ ဘုန်းကြီးကျောင်းမှာ သင်ပုန်းကြီး၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်းနဲ့ ပရိတ်ကြီး ၁၁ သုတ် စတဲ့ဗုဒ္ဓဘာသာ အခြေခံသင်ခန်းစာတွေကိုတော့ ဆရာတော်ဦးသံဝရက သင်ကြားပေးလို့ သင်ခဲ့ ရပါရဲ့။

“ကိုရင်ဝတ်ပြီး စလင်းမြို့ ကိုးဆောင်ကျောင်းတိုက်မှာ ဘာသာရေးစာသင်ယူခဲ့တယ်။ အဘိဓမ္မာ အောင်တယ်။ ကြို့ပင်ကောက်မြို့ အရှေ့ဘုရားကြီးတိုက်မှာ စာသင်ခဲ့တယ်။ ပထမငယ်တန်း အောင်တယ်။ အသက် (၁၆) နှစ်မှာ ကိုရင်လူထွက်၊ ရွာပြန်၊ မိဘ တွေနဲ့ တောင်သူလုပ်ရတယ်။

အသက် (၂၀) အရွယ်မှာ မြောက်ဆည်ရွာက မိန်းကလေးနဲ့ပဲ အိမ်ထောင်ကျ။ ကျေးရွာသမဝါယမ တာဝန်ခံလုပ်ရတယ်။ မြို့နယ်ကလူတွေနဲ့ ဆက်ဆံရ တဲ့အခါ အတန်းပညာမတတ်တာ ရှက်လာ မိတယ်တဲ့။ အင်္ဂလိပ်စာကို တတ်ချင်လာတယ်။ အသက်က (၃၀) ဝန်းကျင်ဆိုတော့ ကျေးလက် တောရွာက ဘုန်းကြီးကျောင်းထွက် လူငယ်တစ်ယောက်အတွက် အနာဂတ်ပျောက် နေသလို မျှော်လင့်ချက်မထားရဲပါ။

တစ်နေ့မှာ မြို့ကပြန်လာတဲ့ ဦးဇင်းလေးနဲ့ စကားပြောရင်း သူ့ခေါင်းထဲကို အလင်းရောင် လင်းလက်ဖြာထွက်သွားစေတဲ့ စကားတစ်ခွန်း သူကြားရတယ်။

 အဲဒါဟာ သန္တုရိသ ဥပနိသယျစက်။

ကလျာဏမိတ္တသမ္ပဒါဆိုလည်း ရတယ်ဗျာ။

တစ်နေ့စကားလုံး ၅၀

လူသေလူဖြစ် စာအုပ်ရေးလို့ နာမည်ကျော်တဲ့ တောင်တွင်းကြီးရှင်ဥက္ကဋ္ဌဆိုတဲ့ ဆရာတော်ကကွာ (၃၅) နှစ်ရှိမှ အင်္ဂလိပ်စာ စလေ့လာတာတဲ့ကွ။ တစ်နေ့စကားလုံး ၅၀ မရမနေ မှန်မှန်ကျက်တာ နှစ်နှစ်လောက်ကြာတော့ သူမသိတဲ့အင်္ဂလိပ်စာလုံး မရှိသလောက်ပဲတဲ့ကွ။ နောက်တော့ အင်္ဂလိပ်လိုပါ စာအုပ်တွေရေးထုတ်နိုင်ခဲ့တာပဲတဲ့။ အဲဒါကြားလိုက် ရတော့ အားတက်သွားတယ်။ နှစ်နှစ်အဆက်မပြတ် ကျက်မှတ်ရင် အင်္ဂလိပ်စာလုံး ၇၃၀၀၀ လောက် အဓိပ္ပာယ်သိပြီး ရေးတတ်၊ ဖတ်တတ်၊ ပြောတတ် ပေတာပဲ။ အသက် (၃၅) နှစ်မှ သုညက စတင်ခဲ့ရတဲ့ ဆရာတော်ရဲ့ နည်းနာအတိုင်း ငါလည်း ကြိုးစားမယ် လို့ ဆုံးဖြတ်ချက်ချလိုက်သတဲ့။ အဲဒီအတိုင်းပဲ ဇွဲရှိရှိလုပ်ခဲ့သတဲ့။

စကားလုံး မရွေးတတ်၊ အတွဲအစပ်မသိ။

သဒ္ဒါ၊ အီဒီယမ်၊ ကွန်ပိုဇေးရှင်းမသိ။

နည်းစနစ်နားမလည်ဘဲ ကြိုးစားခဲ့ရရှာတော့ ရှည်ဝေးခက်ခဲပြီး ပင်ပန်းလှတာပေါ့။

တိုတိုပြောရရင် ခုခေတ်လို ဖုန်းထဲမှာတင် အလွယ်တကူသိနိုင် ကြည့်နိုင်တဲ့ခေတ်မှာ ခုနစ် ရက်နဲ့တတ်နိုင်၊ နားလည်နိုင်တာမျိုးကို ဆရာမရှိ၊ စာအုပ်မရှိ၊ ကက်ဆက် သင်တန်းအခွေမရှိ ခုနစ်လ၊ ခုနစ်နှစ်သင်ယူခဲ့ရတာမျိုး၊ ဆင်းရဲပင်ပန်းခဲ့ရတာ ပေါ့။ ဇွဲရှိလို့သာ အင်္ဂလိပ်စာကို ဖတ်တတ်၊ ပြောတတ်၊ ရေးတတ်လာခဲ့ခြင်းပါ။

သူက မန္တလေးမှာ ဆိုက်ကားနင်းတယ်။

ဘူတာကြီးမှာ ဂိတ်ထိုးရင်း အင်္ဂလိပ်စာကို ကြိုးစားကျက်မှတ်လေ့ကျင့်တယ်။ ဧည့်လမ်း ညွှန်ကို တစ်ဖွဲ့က ခေါ်စမ်းသုံးတာ ကျပ် ၂၀၀ ပေးမယ်တဲ့။ တကယ်လုပ်ပေးတော့ သဘောကျလို့ ၅၀၀ ပေးသွားပါတယ်။နောက်တော့ ဆိုက်ကားနင်း ရာမှ ဧည့်လမ်းညွှန်ပဲ ပိုအားစိုက်လုပ်ခဲ့တယ်။ မန္တလေးဘူတာကြီးအခြေပြုပြီး မေမြို့၊ ပုဂံ၊ အင်းလေးခရီးတွေပါလိုက်ပြီး တိုးဂိုက်လုပ်ခဲ့ရတယ်။

ပြင်သစ်ဧည့်လမ်းညွှန်

ဧည့်လမ်းညွှန်လုပ်ရင်း ပြင်သစ်ဘာသာ တတ်ရင် ပြင်သစ်လိုတတ်သူရှားလို့ လစာပိုရကြောင်း သိလာတယ်။ ပြင်သစ်ဧည့်လမ်းညွှန် ဖြစ်အောင် ပြင်သစ်ဘာသာကို သူက ကိုယ့်အား ကိုယ်ကိုး သင်ယူပြန်ပါတယ်။ အခက်အခဲအမျိုးမျိုး ကို ဇွဲသန်သန်ကြိုးစားကျက်မှတ်ရင်း တတ်လာတယ်။

ပြင်သစ်စာအုပ်ရဖို့က သိပ်ခက်ခဲတာပဲ။ ပြင်သစ်စာအုပ်၊ ပြင်သစ်အဘိဓာန်၊ ပြင်သစ် ကက်ဆက်ခွေ ခက်ခက်ခဲခဲရှာဖွေပြီး နေ့မနား ညမအိပ်ကြိုးစားကျက်မှတ်ခဲ့ရတယ်။

ခုတော့ မန္တလေးမြို့မှာ အိမ်နဲ့ဝိုင်းနဲ့နေနိုင်ခဲ့ပြီ။ သားလေးယောက်ကို ဘွဲ့ကိုယ်စီရအောင် ပညာ အမွေပေးကာ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပျိုးထောင်ပြုစုနိုင်ခဲ့ပြီ။

ဆရာဦးသောင်းစိန်က ပြောပါတယ်။ ဒီပို့(စ်) ကိုတင်တာကြွားချင်လို့ မဟုတ်ပါဘူးတဲ့။ ဘာပညာ ပဲလိုချင်လိုချင် စာအုပ်စာတမ်း၊ ကက်ဆက်၊ စီဒီ၊ ကွန်ပျူတာ၊ သင်ထောက်ကူပစ္စည်းတွေ အလွန် တရာလွယ်ကူပေါများနေတဲ့ (ရတနာပုံဆိုက်နေတဲ့) ခေတ်မျိုးမှာကိုယ်ကသာတကယ်တမ်း ကြိုးစားမယ် ဆိုရင်၊ ဇွဲသတ္တိခိုင်ခိုင်နဲ့ကြိုးစားရင် မအောင်မြင်စရာ မရှိပါတဲ့။

ကိုယ်ဝါသနာပါတဲ့၊ စိတ်ဝင်စားတဲ့ပညာတစ်ခု ခုကို ဇွဲသတ္တိနဲ့ အချိန်ပေးပြီးသာ ကြိုးစားကြပါလို့ သူကတိုက်တွန်းထားပါတယ်။ ကောင်းသဗျာ။

မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာအုပ်စု မြောက်ဆည်ရွာက တောင်သူယာသမားရဲ့ သား၊ ဘုန်းကြီးကျောင်းထွက် မောင်သောင်းစိန်လေး တောင်မှ ပြင်သစ်ဧည့်လမ်းညွှန်၊ အင်္ဂလိပ် ဧည့်လမ်းညွှန် (အီတလီလို၊ ဂျာမန်လိုလည်း ပြောတတ်ပါသေး) ကျွမ်းကျင်သူဖြစ်လာတာ (အသက် ၃၅ နှစ်လောက်မှ စတင်ခဲ့ရတာ) အတုယူ အားကျစရာ ဆန္ဒဣဒ္ဓိပါဒ်သာဓကပါပဲ။

ဖိုးသူတော်