မှန်းဆချက်နှင့် မှန်ကန်ချက်
ရွာထဲမှာကပ်ထားသော ပိုစတာတစ်ခုကို ကျွန်တော် ဖတ်ဖူး၏။ “ဟင်းသီးဟင်းရွက်ပြုတ်ရည်များကို သွန်မပစ် ပါနှင့်” ဟူ၏။
“သွန်မပစ်ရင် ဘာလုပ်ရမှာလဲ” ဟု မေးချင်သူ များအတွက် အဖြေပေးမထားချေ။ ဤသို့ တစ်ဝက် မှန် သတင်းအချက်အလက်များပေးရန် ကျွန်တော် တို့တစ်တွေ ဝါသနာသန်လေသည်။ ပြည်သူ ပြည်သားသတင်းသမားဖြစ်လာသော ခေတ်တွင်မူ တစ်ဝက်မှန်သတင်းများနှင့်ရော၍ သတင်းမှား များ မှာ ပလူပျံ၍နေတော့၏။
“ယင်နားစာ မစားပါနှင့်” ဟု တားမြစ်ပိတ်ပင် ပြန်၏။
နောက်ကွယ်တွင် ယင်တွေ အုံခဲနေခဲ့သော အစာများကို ထိုထိုသော ဆရာကြီးများ စားနေရ သည်ကို မသိချေ။ အချိုတွေစားနေဆဲကလေးများ ၏ လက်နှင့်ပါးစပ်တွင် ယင်တွေလာ၍ နားနေ သည်ကို မမှုသော၊ ဂရုမစိုက်သော ကလေးများစွာ ရှိ၏။ ယင်နားစာမှန်း သိသိချည်းနှင့် စားနေရသော ဘဝမှာ ရပ်တည်လှုပ်ရှားနေရသောသူတို့က အများစုပင်။
မပြည့်စုံသူတို့၏ဘဝ
ယင်ကောင်သာမက ပုရွက်ဆိတ်၊ ပိုးဟပ်၊ အိမ်မြောင်နှင့် ကြွက်တို့ကိုပါ မျှဝေကျွေးမွေး နေကြရသော မိသားစုများ၏ အာဟာရ အရည်အသွေးကို စဉ်းစားပေးသူများရှိသော်လည်း ပြုပြင်ပေးနိုင်သူ များမရှိ။ တစ်ပွဲတိုး ကူညီသူများ မှာလည်း ဘာသာ စာပေအမျိုးမျိုးနှင့် ထုတ်ဝေထားသော စာအုပ် စာစောင်များ၊ ပိုစတာများဖြန့် ဝေအပြီး၊ ဓာတ်ပုံတွေ ရိုက်အပြီးတွင် မပြည့်စုံသူတို့၏ဘဝကို အပြီးတိုင် မေ့နိုင်ကြ၏။ မမေ့နိုင် သူများကလည်း နောက် တစ်နေရာတွင် နောက်ထပ်ဝမ်းစာဖြည့်ရန် (မိမိ၏ ဝမ်းစာပြည့်ရန်) ကြံဖန်ကြပြန်လေသည်။ ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ(Least Developed Country-LDC) ဟုသတ်မှတ် ခံရသော်လည်း မည်မည်ရရထောက်ပံ့ ပေးမည့်အဖွဲ့အစည်းမရှိ၊ ထောက်ပံ့ငွေများမှာလည်း အဆင့်ဆင့်ဝန်ဆောင်မှုတွေ တနင့်တပိုး ယူရင်း ဆင်းရဲသားတို့၏ပါးစပ် ထဲသို့ ဟန်ပြမျှသာ ရောက် သွားသည်ကို ကျွန်တော်၏ ဘ၀အသိဖြင့် သိပါ၏။ စိတ်ထိခိုက်၏။
ကျေးလက်ဒေသက သူများကို အသုံးချ
စိတ်မထိခိုက်တတ်သူတို့ကမူ သူတို့၏ စာတွေ့ တွေကို စမ်းသပ်ဖို့အတွက် မြန်မာ့ကျေးလက်ဒေသက သူများကို အသုံးချကြပါသည်။ အနောက်တိုင်း ဆေးစာတွေကိုဖတ်ပြီး မြန်မာပြည်မှာ ရောဂါရှာကြ၊ ရောဂါကုကြသည်မှာမူအကျိုးသက်ရောက်မှု ရှိသည်မှန်၏။ ခေတ်မီနည်းပညာများဖြင့် အသက်ကယ် နိုင်လာကြ၏။ သို့ရာတွင် ဆေးကုခြင်းနှင့် ကျန်းမာ မှုအဆင့်မြှင့်တင်ခြင်းသည် ပြဒါးတစ်လမ်း၊ သံ တစ်လမ်းဖြစ်သည်ကို ပညာတတ်အချို့က မသိကြချေ။
ကျန်းမာမှုမြှင့်တင်ခြင်း (Health Promotion)သည် ကိုယ်တိုင်လုပ်ဆောင်ရသည့်လုပ်ငန်းများက စတင်ပါသည်။ ညွှန်ကြားခြင်း၊ အမိန့်ပေးခြင်းဖြင့် မရနိုင်သလို အရှက်ခွဲခြင်း၊ စွပ်စွဲခြင်း (Shamming and Blaming) နည်းဖြင့်လည်း လူအများလိုက်နာ လုပ်ဆောင်ရန် မဖြစ်နိုင်ပါ။ ထို့အတူ ကြောက်သွား လျှင် ခိုင်းတာလုပ်မည်ထင်၍ ခြောက်လုံးလှန့်လုံး များ(Fear Arousal)ဖြင့်လည်း ကျန်းမာရေး အသိပညာပေး၍ မရကြောင်းကို ကျွန်တော်တို့ ဘဝထဲကသင်ကြားရယူခဲ့သော်လည်း ယခုထက်ထိ လူထုကို အသိပညာနည်းပါးသူများဟု အထင် အမြင်မှားနေသူများ၏ လက်ထဲတွင် ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း(Health Literacy) လုပ်ငန်း အပေါ် လွှမ်းမိုးခြယ်လှယ်မှုများ တွေ့နေဆဲပါ။
တစ်ကမ္ဘာလုံးတွင် လူကြိုက်များ
“လက်လုပ်ချဉ်တွေ မစားပါနဲ့” ဟု လူထုကို ညွှန်ကြားနေသော ကျန်းမာရေးဆရာများအတွက် ပြန်မပြော နားမထောင်သော လူထုနှင့် ကြုံတွေ့ခဲ့ ရပါ၏။ မုန်ညင်းချဉ်သည် တောင်ပေါ်သားများ အတွက် “မသိုးဟင်း” ဖြစ်ပါ၏။ ကိုရီးယားလူမျိုး တို့၏ ဟင်းရွက်ချဉ်(ကင်မ်ချီ)နှင့် အတူတူပင်။ မြန်မာဆန်သော ကိုရီးယားတို့သည် သူတို့၏ ကင်မ်ချီစိမ်ရာ၌ မြန်မာတို့၏ ငါးပိရည်ကျို ကိုပါ ထည့်၍ စိမ်သည်ကို တွေ့ရ၏။ ရိုးရာဟန်မပျက်ဘဲ ခေတ်မီစွာ အာဟာရပြည့်စွာ တီထွင် စားသောက်မှု မျိုးကို ထိုင်းနိုင်ငံတွင်လည်း ပြည်လုံးအနှံ့ ပြန့်လျက် ရှိရုံမက ကိုရီးယားအစားအစာ၊ ထိုင်းအစားအစာ များမှာ တစ်ကမ္ဘာလုံးတွင် လူကြိုက်များလျက် ရှိနေပါ၏။
“ဤသို့ဆိုငြား၊ ချက်ရှစ်ပါးနှင့်၊ မပြားညီယှဉ်၊ ထမင်းချဉ်ကို မကျဉ်ရှောင်သွေ၊ ပို့ပါလေလော့” ဟူ၍ ဝိဒေဟရာဇ်မင်းကြီးက မဟောသဓသတို့ သားငယ်လေးကို ပညာစမ်းခဲ့သည့်အထဲက ထမင်း ချဉ်ကား အင်းလေးဒေသတွင်အကောင်းဆုံးစားသုံး နိုင်သကဲ့သို့ ဂျပန်တို့၏ “ဆူရှီ” ထမင်းချဉ်သည် လည်း ကမ္ဘာကြိုက်ဖြစ်၍လာပါသည်။
အားလုံးသည် လက်လုပ်ချဉ်များပင် ဖြစ်ပါ သည်။
မြန်မာတို့ ကျေးလက်အာဟာရအနေဖြင့် ပဲတီချဉ်၊ သရက်ချဉ်တို့ကိုလည်း နှစ်ခြိုက်စွာ သုံးဆောင် ကြပါသည်။ မြို့ပေါ်မှာလိုလက်သိပ်ထိုး၍ လှူကြတန်းကြခြင်းမဟုတ်ဘဲရွာလုံးကျွတ် လူတိုင်း လာပြီး စားနိုင်ရန်အတွက်သာမန်လူတို့၏ အခြေခံ အလှူထမင်းတွင် ငါးခြောက်ထောင်းကြော်၊ သရက် ချဉ်သုပ်နှင့် မှန်ရောင်ဟင်းချိုတို့မှာ ပုံစံကျ၍ နေပါသည်။
အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်က အလှူရှင်တွေကို တစ်နပ်ကောင်း မလှူစေဘဲ နေ့စဉ်မျှတသော အာဟာရကို ပြည့်စုံရုံမျှ သုံးဆောင်နိုင်ရန် သတ်မှတ် ပေးခဲ့ခြင်းဖြင့် ရဟန်းရှင်လူတို့အတွက် ရေရှည်ဖူလုံ မှု(Food Security) ရှိစေရန် စီမံခဲ့သည်မှာ ယနေ့ အထိ စဉ်ဆက်လုပ်ဆောင်နေကြဆဲပင် ဖြစ်ပါသည်။
မြန်မာတို့၏ နေထိုင်မှုဘဝဟန် (Lifestyle) ကို နားလည်းမလည် မလေ့လာ၊ အထင်မကြီးဘဲ။ အပြစ်ချည်းမြင်နေသူတို့၏ ဦးဆောင်မှုဖြင့် ပြုပြင်ဖို့ တွန်းအားပေးခဲ့သော လူငယ်များသည် လူထုလိုက် မလုပ်သဖြင့် ရေရှည်မခံပါ။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုံတို့၏ စားသုံးပုံဓလေ့တွေကို သင်ယူခြင်းမရှိဘဲ သူတို့ကို ဤသို့စားပါ။ ဤသို့ ရှောင်ပါ စသည်ဖြင့် ပြောရင်းနှင့် အချိန်ကုန်သွား သည်မှာ နှစ်တစ်ရာပြည့်ခါနီးပါပြီ။
သာမန်အားဖြင့် အစားအစာများကို အုပ်စုခွဲ ထားပေးပါသည်။ ဗိုက်ပြည့်အောင် စားရသော အခြေခံအစားအစာများမှာ ဒေသအလိုက် မတူကြ ပါ။ မြန်မာတို့က ထမင်းစားပါသည်။ “စားစရာ ဆန်ထမင်းမှာလ မုယင်းနီတျာတျာနဲ့ သီကာရောတဲ့ ချိန်ကိုလေး” ဟူ၍လည်း စာစပ်ကြပါသည်။ ဆန်ကို တစ်နေရာနှင့် တစ်နေရာမတူ။ အလုပ်ကြမ်း လုပ်သူများက ဆန်ကြမ်းကို စားကြရပါသည်။ ဆန်ဖြူဆန်ချောကို ဗိုက်ပြည့်အောင်စားသည့်တိုင် ကြာကြာအဆာမခံ။ တောင်ပေါ်သားများက ဆန်း၊ ရှမ်းဆန်၊ကောက်ညှင်းဆန်များကို စား၍ အလုပ်ဆင်းကြရပါသည်။ ထိုင်းနိုင်ငံမြောက်ပိုင်း နှင့် လာအိုနိုင်ငံသားများမှာလည်း ထိုနည်းတူပင်။
သို့ဖြစ်၍ ဆန်ကိုမည်သို့ချက်၍ မည်သို့စားသင့် သည်ဟု အကြံပြုသည့် ပညာတတ်များအနေဖြင့် ဒေသခံတို့၏ ဓလေ့ကို ဦးစွာလေ့လာဖို့လိုလေသည်။ အခြေခံအစာအဖြစ် ဆန်ထမင်းမဟုတ်ဘဲ ဂျုံ၊ အာလူး တို့ကို အဓိက စားသုံးသူများလည်း ရှိပါသည်။ အာဖရိကတိုက်တွင် ငှက်ပျောသီးကို အဓိကအစား အစာအဖြစ်ချက်၍စားကြပါသည်။ ဆန်စားသူများ က အာလူးများများ မစားနိုင်၊ ငှက်ပျောသီးကို ထမင်းအစားထိုးစားဖို့ ကိစ္စကား အလွန်ပင်ခက်ခဲ လှလေသည်။
အခြေခံ အစားအစာအုပ်စုထဲတွင် အသား ဓာတ်ဟု ပြထားသော အစားအစာများမှာ မျိုးစုံ လှပါသည်။ ဘယ်အသားကို ဘယ်နှစ်ကျပ်သား စားဟူ၍ ညွှန်းပေးနေသည်ကိုလည်း တွေ့နိုင်ပါ သည်။ မြန်မာတို့အတွက် လက်တွေ့ ကျမကျသိချင်လျှင် အစဉ်အဆက်မည်မျှ လိုက်နာလုပ် ဆောင်ကြ ကြောင်း ဆန်းစစ်ရန်လိုပေသည်။
တစ်နေ့တွင် ကျွန်တော်၏ တပည့်များသည် ကိုယ်စားသရုပ်ဆောင်မှု (Role Play) ပြုလုပ် ကြပါ သည်။ အသားငါးက ဈေးကြီးသည်ဖြစ်၍ ပဲအမျိုးမျိုး စားသင့်ကြောင်း ပညာပေး၍ နေကြလေသည်။ ပညာပေးသူများမှာ ရန်ကုန်ကဖြစ်ပြီး ပညာပေး ခံရသူများမှာ ရခိုင်ပြည်နယ်မှ ဖြစ်ပါသည်။
“ဒီလောက်ငါးတွေ၊ ပုစွန်တွေ၊ ပင်လယ်စာတွေ ပေါတဲ့ ရခိုင်ပြည်နယ်မှာ ပဲစားမှ အသားဓာတ်ရမှာ လား” ဟု ကျွန်တော်မေးခွန်းထုတ်သည့်အခါ တပည့်များ စိတ်ညစ်သွားကြလေသည်။ ပုစွန်ထက် သေးသော ဂွေးကောင်ကလေးများ၊ မျှင်များကို ငပိထောင်း၍ စားနိုင်၏။ အသားဓာတ် အပြည့်ပင်။ ယခု ကလေးတို့ကြားမှာ တွင်ကျယ်လာသော ရေညှိများမှာလည်း ပင်လယ်ထွက်ပစ္စည်းများ ဖြစ်ကြလေသည်။ အာဟာရရှိပါ၏။
အနောက်တိုင်းသားတို့သည် ကြက်၏ လေးပုံ တစ်ပုံမှ တစ်ခြမ်းအထိကို တစ်နပ်စာအဖြစ် သုံးဆောင်နေကြချိန်တွင် ကျွန်တော်တို့က ထိုပမာဏ ရှိသောကြက်သားကို မိသားတစ်စုလုံးက တစ်နပ်စာ အဖြစ် စားကြရသည့်တိုင် ပုံမှန်မစားနိုင်ကြပါ။ ထမင်းစားဝင်အောင် အားထားရသော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ငါးပိရည်ကျို များမှာလည်း အသားပါဝင်မှုများလွန်းသောကြောင့် “အငန် လျှော့စား” ဟူသော ပညာပေးနှင့်ကပ်၍ ငြိနေပြန် လေသည်။
အာဟာရတန်ဖိုးကိုလေ့လာရန်လို
နွားနို့၊ ပဲနို့များကို ငယ်ငယ်ကတည်းက သောက်လေ့မရှိသူများမှာလည်း နေရထိုင်ရ မကောင်းလှပါ။ ထိုအထဲတွင် အသီးအရွက်များကို ပန်းကန်တစ်ဝက်မျှစားကြရန်အရေးသည် နေ့စဉ် ပုံမှန်စားရန် အတော်ပင် ကြိုးစားကြရလေသည်။ နွားနို့ကဲ့သို့ပင် ဂျုံမတည့်သူများ၊ မြေပဲမတည့်သူများ လည်း ရှိပါ၏။ ဥပမာပြ၍ ဆင်ခြေတက်သည်ဟု မယူဆစေလိုပါ။ အမျှင်ဓာတ်သာမက အသားဓာတ် ကိုပါ ဖြည့်ဆည်းပေးသော လက်လုပ်ချဉ်များ ဖြစ်သည့် မုန်ညင်းချဉ်ကအစ လက်လုပ်ချဉ်များတွင် အာဟာရဓာတ်မည်မျှရှိပါကြောင်း သုတေသနပြုပြီး အာဟာရတန်ဖိုးကို လေ့လာရန်လိုပါသည်။
ဆီဦးထောပတ်များကို စားလျှင် အားရှိသည် ဟူသော်လည်း ကုန်သွားပါပြီ။ ထောပတ်မစား၊ နွားနို့မသောက်သော မြန်မာများအတွက် ရနိုင်သော ခွန်အားဓာတ်မှာ ရိုးရိုးဆီမှရနိုင်ပါသည်။ ဆီကို စားရန်လိုသည်မှန်သော်လည်း ဝက်ဆီ၊ အမဲဆီတို့ ကဲ့သို့ အသားမှရသောအဆီများနှင့် ပြန်ကြော် ဆီများ ကို ရှောင်မှုဖြစ်ပါမည်။
အားရှိအောင် စားမှာလား။
အာဟာရဖြစ်အောင် စားမှာလား။
အရသာရှိအောင် စားမှာလား။
ဘေးကင်းသန့်ရှင်းသော အစားအစာ စားမှာ လား။
ဗိုက်ပြည့်ဝအောင်စားမှာလား။
စားပိုးနင့်အောင်စားမှာလား။
“သဗ္ဗေသတ္တာ၊ အာဟာရဋ္ဌိတိကာ” ဟူသော ဆိုရိုးအတိုင်း အာဟာရတွေ ပုံမှန်ရနိုင်ဖို့အတွက် ကြိုးစားရသည့် ဒုက္ခရှိသည်မှန်၏။ ထိုဒုက္ခကို ဖြေရှင်းနိုင်သည့် “နည်းလမ်း” ကို ကမ္ဘာ့ပညာ ရှင်များက ရှာဖွေကြံဆနေကြသည်မှာလည်းမှန်၏။ ၂၀၃၀ ပြည့်နှစ်တွင် ဖြစ်မည် မှန်း၏။ ။
ဆရာမဲဇာ