ရွေးကောက်ပွဲများအပေါ်မှ လှမ်းမျှော်၍ ဒီမိုကရေစီအနှစ်သာရ ရှာဖွေခြင်း
ယမန်နေ့မှအဆက်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီအမံများသည် ဦးသိန်းစိန်၏ လက်တွေ့ကျပြီး သတိကြီးစွာထားသည့် နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုများ တွင် အပါအဝင်ဖြစ်သည်။ ဦးသိန်းစိန် သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တရားဝင်ရော၊ အလွတ်သဘောပါ တွေ့ဆုံဆွေးနွေးမှုပြုခဲ့ပြီး အလေးထားမှုပြသ ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းတို့ ဆောင်ရွက်ခဲ့သဖြင့် ၎င်းအပေါ် နိုင်ငံ ရေးအရ အားပေးထောက်ခံမှုကိုလည်း ရယူနိုင်ခဲ့သည်။ ယင်း၏ရလဒ်အဖြစ် ၎င်း၏ သမ္မတ သက်တမ်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် NCA စာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သည် အဖွဲ့ဝင် ၁၀၉ ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည် သုံးသပ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ဗဟိုချုပ်ကိုင်မှု တင်းလွန်းခြင်း သို့မဟုတ် လျော့လွန်းခြင်း အစွန်း၂ ခုမှ ရှောင်ရှားပြီး ထိရောက်သော လုပ်ပိုင်ခွင့်အာဏာ အတိုင်းအတာ တစ်ခုအထိ ပေးအပ်နိုင်ရေးအတွက် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုမျိုးကို ထည့်သွင်းစဉ်းစားမှုပြုရန် အဆိုပါကော်မတီက အကြံပြုခဲ့သည်။ ဦးသိန်းစိန်သည် အုပ်ချုပ်ရေးမဏ္ဍိုင် ဘက်တွင်လည်း နောက်ထပ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သုံးသပ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့သည်။
မူဝါဒများချမှတ်
အဆိုပါကော်မတီက ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏ စီမံခန့်ခွဲမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများသို့ ခွဲဝေဖြန့်ကြက်ခြင်း နှင့် သယံဇာတနှင့် အခွန်အခကောက်ခံ ငွေ မျှဝေမှုဆိုင်ရာ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေပြု စာရင်းများကို မွမ်းမံပြင်ဆင်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့၏ စွမ်းဆောင်ရည် ကို ပျိုးထောင်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ရန် အကြံပြုခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများအား အတိုင်းအတာတစ်ခုအထိ ခွင့်ပြုနိုင်မည့် လုပ်ပိုင်ခွင့် ရရှိစေရန်လည်း အဆိုပါကော်မတီက အကြံပြုခဲ့သည်။ ဤသို့ နှစ်ဦးနှစ်ဖက် သဘောတူ လက်ခံမှုရှိသည့် အပြောင်းအလဲများကို နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အတူတကွ ဆောင်ရွက်ခဲ့ချိန်တွင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသည် လုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းရေးကိုလည်း ထိန်းသိမ်းနိုင်ခဲ့သည်။ နိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ကာကွယ်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် အကျေအလည် ဆွေးနွေး၍ မူဝါဒများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုများ
၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဦးသိန်းစိန်သည် ၁၄ ဦး တွေ့ဆုံပွဲ၊ ၆ ဦး တွေ့ဆုံပွဲနှင့် အခြားသက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းအများအပြား ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလခန့်ကပင် စတင်ပြုလုပ်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်သူလူထု၏ ကိုယ်စားလှယ်အဖြစ် သူမပါဝင်သည့် ၄ ဦး တွေ့ဆုံပွဲ ပြုလုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်ဟု သတင်းမီဒီယာများက ရေးသားခဲ့သည်။ ချင်းတိုးတက် ရေးပါတီက အဆိုပါ ၄ ဦး တွေ့ဆုံပွဲသည် တိုင်းရင်းသားများ၏အသံကို ကိုယ်စား ပြုရန် လုံလောက်ခြင်းမရှိဟု ယူဆပြီး ပိုမိုပါဝင်မှုရှိသည့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ပေးရန် လွှတ်တော်တွင် အဆိုပြုခဲ့ သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဆိုင်ရာ အမျိုးသားရေး ကိစ္စများတွင် ယုံကြည်မှု တည်ဆောက်လိုသော ဦးသိန်းစိန်သည် သက်ဆိုင်သည့် stakeholder များပါဝင်သော တွေ့ဆုံဆွေးနွေးမှုကို ပိုမိုလိုလားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ တွေ့ဆုံမှုမျိုးသည် မည်သည့်ရလဒ်မှ ထွက်ပေါ်နိုင်ခြင်းမရှိသည့် ဟန်ပြတွေ့ဆုံမှုမျိုးဖြစ်သည်ဟု ယူဆခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ သို့ရာတွင် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုများမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရေးနှင့် ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်းရေးအတွက် သဘောတူညီမှု ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါဖြစ်စဉ်များသည် နိုင်ငံတော်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို မပျက်ပြားစေဘဲ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းမှု ပြုနိုင်ရေးအတွက် ဦးသိန်းစိန်အနေဖြင့် ဆောင်ရွက်ခဲ့သည့် စေ့စပ်သေချာသော လုပ်ဆောင်ချက် များပင် ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ NLD ပါတီက ကတိပြုခဲ့သော အဓိကရွေးကောက်ပွဲ ကတိကဝတ်များအနက် တစ်ခုဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်၌ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေခြင်းနှင့် တပ်မတော်က နိုင်ငံရေးတွင် ဆက်လက်ပါဝင်နေခြင်းသည် ဒီမိုကရေစီတိုးတက်မှု အတွက် အဓိကအဟန့်အတားများဖြစ်သည်ဟု ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူ များက ထောက်ပြလေ့ရှိသည်။ သို့ရာတွင် ယင်းအချက်များသည် ကိုလိုနီစနစ် ဆိုးမွေဖြစ်သည့် ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ ပြဿနာများမှ ခွဲခြားရှုမြင်၍မရသောအရာများဖြစ်ပြီး အဆိုပါပြဿနာ များအား အင်စတီကျူးရှင်းအရ ဟန်ချက်မျှနိုင်ရန်အတွက် ထည့်သွင်း ပြဋ္ဌာန်းထားရခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှုကဲ့သို့ ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ ပြင်ဆင်မှုမျိုး ပြုမည်ဆိုပါက လွှတ်တော်အတွင်းမှ အမျိုးမျိုးသော ကိုယ်စားပြုအဖွဲ့များ (ယခင် အာဏာရပါတီ NLD၊ တပ်မတော်၊ USDP ပါတီ၊ တိုင်းရင်းသား ပါတီများနှင့် အခြားအစုအဖွဲ့ငယ်များအား ကိုယ်စား ပြုပါတီများ) ၏ စုပေါင်းပါဝင်မှု ၇၅ ရာခိုင် နှုန်းနှင့် အထက် (၇၅+ လိုအပ်ချက်) ရှိရမည်ဖြစ်သည်။ စစ်မှန်သော အင်စတီ ကျူးရှင်းအရ ဝန်းရံပံ့ပိုးမှု သဘောတရားနှင့် အားလုံးသဘောတူညီမှု သဘောတရားအကြောင်း အမှန်တကယ် နားလည်မှုမရှိပါက အများစုမှအပ်နှင်း သည့် လုပ်ပိုင်ခွင့်သည် အချည်းနှီးမျှသာ ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များ သို့မဟုတ် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အပြောင်း အလဲများတွင် အဓိပ္ပာယ်ရှိသည့် တိုးတက်မှု ဖော်ဆောင်နိုင်ရန်အတွက် အဓိက အဆုံးအဖြတ် ပေးနိုင်သည့် အရာများမှာ အများစုမှအပ်နှင်းသည့် လုပ်ပိုင်ခွင့်ထက် တွေ့ဆုံဆွေးနွေးမှု၊ အစွန်းရောက်မှုများမှ ရှောင်ရှားမှု၊ ယုံကြည်မှုတည်ဆောက်မှု၊ အပေးအယူ အလျှော့အတင်းပြုမှု၊ နိုင်ငံရေးထောက်ခံမှုကို စည်းရုံးရယူ အသုံးပြုနိုင်စွမ်းနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် ချိတ်ဆက် အပြောင်းအလဲများအား မှန်မှန်ကန်ကန် ထိန်းကျောင်းနိုင်စွမ်းတို့ပင် ဖြစ်သည်။
နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များအား မှန်မှန်ကန်ကန် ထိန်းကျောင်းခြင်းနှင့် ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ အပြောင်းအလဲများ ဖော်ဆောင်ခြင်းတို့တွင် နိုင်ငံရေးနှင့် လုံခြုံရေး သဘောတရားနှစ်မျိုးစလုံး ပါဝင်နေသည်။ အဆိုပါလုပ်ငန်းစဉ်များ၌နိုင်ငံရေး အနုတ် အကျိုးဆက်များထွက်ပေါ်ခြင်းသည် ဆိုးရွားသောလုံခြုံရေး အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင် သည်။ ထိုသို့ဖြစ်ပေါ်လာပါက လုံခြုံရေးနှင့် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် နေသားတကျရှိရေးအား ပြန်လည်တည်ဆောက်ရမည့် ဝန်ထုပ်ဝန်ပိုးမှာမူ တပ်မတော်အပေါ်သို့ ကျရောက်လာမည်ဖြစ်ပြီး ရင့်ကျက်သော အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများအတွက် အလွယ် တကူ ဝေဖန်မှုပြုရာ ရောက်စေပါသည်။ ဝေဖန်မှုများကို အသာထား၍ ကြည့်လျှင် နိုင်ငံရေး အနုတ် အကျိုးဆက်များ ထွက်ပေါ်ခြင်း၏ နောက်ဆက်တွဲကို ခံစားရမည့်သူမှာ ဒေသခံပြည်သူ လူထုနှင့် တပ်မတော်သားများနှင့် အခြားလက်နက်ကိုင်များသာဖြစ်သည်။ သို့ဖြစ်ရာ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရပ်တည်၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိသည့် အချိန်အထိ တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး တွင် တက်ကြွသော အခန်းကဏ္ဍ၌ ရှိနေ ဦးမည်ဖြစ်သည်။ ထိုအချိန်ရောက်သည်အထိ တပ်မတော်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေး ဆိုင်ရာ ကိစ္စရပ်များတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်း/ မူဝါဒရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ် နှစ်ခုစလုံးတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့်အတူ တက်ကြွစွာ ဆက်လက် ပါဝင်ဆောင်ရွက်နေရဦး မည်ဖြစ်သည်။ နိုင်ငံရေးစနစ်တစ်ရပ်သည် လုံခြုံရေး အခြေအနေပေး သလောက်သာ ကျင့်သုံးနိုင်သည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် ပိုမိုစိတ်ချလက်ချ အာရုံစိုက်ဆောင်ရွက်ခြင်း မပြုခင် ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ အပြောင်းအလဲများပါဝင်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် နိုင်ငံရေးတည်ငြိမ်မှုအတိုင်းအတာတစ်ခုကို ဆက်လက်ထိန်းသိမ်းသွားလိမ့် ဦးမည်ဖြစ်သည်။
အတိုက်အခံနိုင်ငံရေးတွင်သာကျင်လည်ခဲ့
NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး USDP ပါတီထံမှ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာတို့အား လွှဲပြောင်းရယူခဲ့သည့် ၂၀၁၆ ခုနှစ်၊ မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အကြားကာလသည် ဒီမိုကရေစီအသွင် ကူးပြောင်းမှု၏ အဓိကကာလအပိုင်း အခြားတစ်ခု ဖြစ်ခဲ့သည်။ အစိုးရသစ် နှင့်ပူးပေါင်း၍ အကောင်းဆုံးကို ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကတိပြုခဲ့သည်။ အတိုက်အခံ နိုင်ငံရေးတွင်သာ ကျင်လည်ခဲ့ပြီး အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတွင် အတွေ့အကြုံနုနယ်သေး သည့် NLD အစိုးရအနေဖြင့် အကောင်းဆုံးဆိုသည့် ဘုံနားလည်မှု အပေါ် လက်ခံနိုင်သရွေ့ တပ်မတော်၏ ထောက်ခံမှုကို ရရှိသွားမည်ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းပြတ်သားစွာ သတင်းစကားပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် NLD ပါတီသည် ဘုံသဘော တူညီမှုကို တည်ဆောက်ရမည့်အစား ၎င်းရရှိထားသော လွှတ်တော်တွင်း နေရာအများစုကို ပြည်သူများ၏ကိုယ်စား ဆုံးဖြတ်ချက်ချပြီး အရေးယူဆောင်ရွက်မှုပြုနိုင်သည့် လုပ်ပိုင်ခွင့် အာဏာအဖြစ် လွဲမှားအဓိပ္ပာယ်ကောက်ခဲ့ပုံရသည်။ အများစုမှ အပ်နှင်းသည့် လုပ်ပိုင်ခွင့်သည် အမှန်တကယ်ရှိသည် ဖြစ်စေ၊ ထိုသို့ရှိသည်ဟု ရှုမြင်ခြင်းကြောင့်ဖြစ်စေ NLD အစိုးရသည် ယင်း၏ သက်တမ်း တစ်လျှောက်လုံး နိုင်ငံရေး အရင်းအနှီး တည်ဆောက်ရန် ကြိုးပမ်း အားထုတ်ခဲ့ခြင်းမရှိသကဲ့သို့ ဘုံနားလည်မှု တည်ဆောက်ခြင်းတွင်လည်း ရင်းနှီးမြှုပ်နှံမှု မရှိခဲ့ချေ။ ယင်းအစား လိုအပ်သည့် ထောက်ခံမှုများအတွက် ပါတီအပေါ်သာ ဆက်တိုက် အလွန်အမင်း မှီခိုခဲ့သည်။ NLD ပါတီသည် အုပ်ချုပ်ရေးမဏ္ဍိုင် အတွင်း၌ဖြစ်စေ၊ ဥပဒေပြုရေး မဏ္ဍိုင်အတွင်း၌ဖြစ်စေ၊ ပါတီတွင်း၌ဖြစ်စေ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်ခြင်းမှ လွတ်မြောက်နိုင် ခဲ့ခြင်း မရှိခဲ့ချေ။
NLD အစိုးရသည် ပါတီဝင်တိုင်းရင်းသားများကို အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ အဆင့်မြင့် ရာထူးများတွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာများတွင် လည်းကောင်း ခန့်အပ်ခဲ့သည်။ သို့ရာတွင် ထိုသို့ခန့်အပ်ရာ၌ တိုင်းရင်းသားပါတီများနှင့် တိုင်ပင်ဆွေးနွေးမှု မပြုခဲ့သဖြင့် NLD ၏ အမျိုးသားပြန်လည် သင့်မြတ်ရေး အစီအမံများအား အားလျော့စေခဲ့သည်။
ANP ပါတီနှင့် NLD အကြား နိုင်ငံရေး သဘောထားကွဲလွဲမှုသည် အသိသာဆုံးဖြစ်ပြီး လျစ်လျူရှု၍မရသည့် နောက်ဆက်တွဲ ဂယက်များရှိခဲ့သည်။ ANP ပါတီသည် ရခိုင်ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၃၅ နေရာ အနက် ၂၂ နေရာ အနိုင်ရရှိခဲ့သည့် တစ်ခုတည်း သော အကြီးဆုံးနိုင်ငံရေး ပါတီဖြစ်သည်။ NLD အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် အခြေခံဥပဒေပြင်ဆင် ရေးတို့တွင် တိုင်းရင်းသားပါတီများ ပူးပေါင်းပါဝင်လာစေလိုပါက ANP ပါတီကဲ့သို့ တိုင်းရင်းသားပါတီမျိုးကို ပြည်နယ် ဝန်ကြီးချုပ် နေရာအတွက် အဆိုပြုခွင့်နှင့် အစိုးရဖွဲ့ခွင့်ပေးသင့်သည် သို့မဟုတ် အနည်းဆုံး ANP နှင့် စေ့စပ်ဆွေးနွေးသင့်သည်ဟု ANP ပါတီက သဘောထားခဲ့သည်။ သို့ရာတွင် NLD အနေဖြင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းမရှိပေ။ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) နှင့် မွန်အမျိုးသားပါတီ (MNP) တို့ကလည်း NLD နှင့် ပတ်သက်ပြီး အလားတူ မကျေနပ်မှုမျိုး ထုတ်ဖော်ပြသခဲ့ကြသည်။ NLD ၏ လျစ်လျူရှုမှုကြောင့် ဦးသိန်းစိန် လက်ထက်က ၆ ဦး တွေ့ဆုံပွဲတွင် တိုင်းရင်းသားပါတီများ၏ ကိုယ်စား လှယ်အဖြစ် တက်ရောက်ရန် ရွေးချယ်ခံ ခဲ့ရသော ANP ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ANP အား ကိုယ်စားပြုရန် အခွင့်အလမ်းကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ၎င်းအစား NLD ပါတီဝင် ဦးညီပုသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထိုအချိန်မှစ၍ NLD နှင့် ရခိုင်တိုင်းရင်းသားပါတီများအကြား ဆက်ဆံရေးမှာ ချောမွေ့မှုမရှိခဲ့ပေ။ နိုင်ငံရေးအရ သဘော ထားကွဲလွဲမှုက ရခိုင်ပြည်နယ်၏ တည်ဆဲလုံခြုံရေး ပြဿနာများကိုပါ အရှိန်မြင့်တက်စေခဲ့ သည်။ NLD အနေဖြင့်လည်း အစိုးရအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် stakeholder များနှင့် ထိတွေ့ဆက်ဆံပြီး ယုံကြည်မှုနှင့် ဘုံနားလည်မှု တည်ဆောက်နိုင်မည့် အခွင့်အလမ်းကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ယင်းက NLD ၏ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲများကို ခရီးအစကနဦးတည်းက ခရီးတစ်ဝက်ဖင့်နေနှင့်ပြီး ဖြစ်စေခဲ့သည်။
အကြိမ်ကြိမ်အခါခါ တိုက်တွန်းခဲ့
နိုင်ငံရေး လုပ်ဆောင်မှုများ သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုများကြောင့် ဖြစ်ပေါ်လာ နိုင်သည့် လုံခြုံရေးအကျိုးဆက် ဂယက်များမှ ရှောင်ကြဉ်နိုင်ရန်နှင့် ဆုံးဖြတ်ချက်များ၊ မူဝါဒများ တွင် ဘက်ပေါင်းစုံမှ အတွေးအမြင်၊ အယူအဆများ ပါဝင်နိုင်ရန် အလို့ငှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်း အဝေးခေါ်ယူရန် တပ်မတော်က အကြိမ် ကြိမ်အခါခါ တိုက်တွန်းခဲ့သည်။ ကာလုံ အစည်းအဝေးနှင့် စပ်လျဉ်းပြီး လူသိ များသည့် အယူအဆမှာ ကာလုံအဖွဲ့ဝင်များ၏ အရပ်ဘက် - စစ်ဘက် အချိုးအစားက ဆုံးဖြတ်ချက်နှင့် မူဝါဒများ ရေးဆွဲချမှတ်ရာတွင် တပ်မတော်အနေဖြင့် အသာစီးရရှိစေနိုင်သည်ဟူသော အယူအဆဖြစ်သည်။ ကာလုံအဖွဲ့ဝင် စာရင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူး ပါဝင်မှုမရှိခြင်းက လက်တွေ့ပြဿနာ ဖြစ်ဟန်ရှိပါသည်။ NLD အစိုးရအနေဖြင့် ကာလုံပုံစံ အစည်းအဝေးများအား မကျင်းပသလောက်ရှိခဲ့ခြင်းမှာ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ် တွင် တပ်မတော်၏အခန်းကဏ္ဍကို ကန့်သတ်ရန်အတွက်လော၊ သို့မဟုတ် အခြား အကြောင်းရင်းများကြောင့်ပင်လော ဟူသည်မှာ ၎င်းတို့သာ သိပေလိမ့်မည်။ NLD အစိုးရ၏ ဆုံးဖြတ်ချက်များနှင့် မူဝါဒများသည် ပါတီ၏သဘောထားအမြင်များကိုသာ အဓိက ကိုယ်စားပြု သည်ဖြစ်ရာ ပုံသဏ္ဌာန်မမှန် ဖြစ်နေခြင်းမှာ မထူးဆန်းလှပေ။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို ရခိုင်ပြည်နယ် အတွင်းရှိ လူတစ်စုအား လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း ICJ ၌ အမှုဖွင့်တရားစွဲဆို ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် Voice of America (VOA) သတင်းဌာနတို့နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် (ဟောင်း) အနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ၌ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲမှုများအား ရင်ဆိုင်နေခြင်းနှင့် စပ်လျဉ်း၍ တပ်မတော်၏ သဘောထားအမြင်အား ပြောကြားခဲ့သည်။ ယင်းပြောကြားချက်အရ တပ်မတော်အနေဖြင့် ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်မှု အခန်းကဏ္ဍအတွင်း ပိုမိုကျရောက်နေခြင်းကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်သည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ တပ်မတော်အနေဖြင့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် အစိုးရ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် စွပ်စွဲချက်များအား ရင်ဆိုင်ဖြေရှင်းရန်နှင့် မြေပြင်အခြေအနေမှန်ကို ရှင်းလင်းပြောကြားနိုင်ရန် သမ္မတရုံးက ဖွဲ့စည်းခဲ့သော ဥပဒေအဖွဲ့တွင် တပ်မတော်အရာရှိနှစ်ဦးကို တွဲဖက်တာဝန်ပေးခဲ့ကြောင်း သိရှိရ သည်။ ထို့အတူ တပ်မတော်အနေဖြင့် ICJ သို့ သွားရောက်မည့်အဖွဲ့တွင် လိုက်ပါရန် အသင့်ရှိပြီး သမ္မတဦးဝင်းမြင့် ဦးဆောင်သော အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် မူတည်သည်ဟု ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က ဒီဇင်ဘာလ၂၄ ရက်ကပြောကြားခဲ့သည်။ သို့ရာတွင် NLD အစိုးရသည် ICJ ၌ သွားရောက် အမှုရင်ဆိုင်ရာတွင် တပ်မတော်သားအဖွဲ့ဝင်တစ်ဦး တစ်ယောက်မျှ မပါဝင်ဘဲ ဆက်လက်ဆောင်ရွက်ခဲ့သည်။
စီမံခန့်ခွဲမှုအားနည်း
NLD အစိုးရ၏ အင်စတီကျူးရှင်းဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းမှုကို ၎င်း၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချက်များတွင် ထင်ရှားစွာ တွေ့မြင်ရသည်။ ပြည်ထောင်စု လွှတ်တော်က အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း အဆိုပါကော်မတီ၏ အဖွဲ့ဝင် ၄၀ ရာခိုင်နှုန်းမှာ NLD လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည်။ အဆိုပါကော်မတီတွင် အကြံပြုချက်များအား ဥပဒေကြမ်း အဖြစ်သို့ ပြောင်းလဲနိုင်ရန်အတွက် ဆန္ဒမဲပေးသည့် လုပ်ငန်းစဉ်ကို အသုံးပြုသည်ဖြစ်ရာ အခြားသော အဖွဲ့ဝင်များ၏ အကြံပြုချက်များမှာ NLD ကိုယ်စားလှယ်များ၏ ထောက်ခံမှု မရရှိပါက အတည်ပြု မှုရရှိရန် အခွင့်အလမ်း နည်းပါးသည်။ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ အတွက်သာ ဦးတည်ဆောင်ရွက်လိုစိတ်နှင့် ညှိနှိုင်းလိုမှုမရှိသော သဘောထား များပြားနေခြင်း က မတူကွဲပြားသော အမြင်များအားကောင်းစွာ ဆန်းစစ် လက်ခံနိုင်ရေးအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။ အခြားတစ်ဖက်တွင် NLD အစိုးရ၏ ကျန်ရှိသော သက်တမ်းအတွင်း ဥပဒေ ကြမ်းတစ်ရပ်အား ကိုင်တွယ်ရန် အချိန်အကန့်အသတ်ရှိမှုနှင့် အကျဉ်းအကျပ် အခြေအနေကို ရှောင်ရှားရန် လိုအပ်ချက်က ကော်မတီ၏ အတည်ပြု ရေးလုပ်ငန်းစဉ်အပေါ် ဖိအားဖြစ်စေခဲ့ပုံ ရသည်။ ယင်းက အဆိုပါကော်မတီအနေဖြင့် ဆွဲဆောင်စည်းရုံးသည့် နည်းလမ်း များအား အသုံးပြုနိုင်ခဲ့ခြင်း မရှိသေးသကဲ့သို့ အားလုံး သန့်ရှင်းမျှတမှုရှိမည့် စေ့စပ်ဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကိုလည်း ပျိုးထောင်နိုင်ခဲ့ခြင်း မရှိသည်ကို ပြသနေသည်။
အခြေခံဥပဒေပြင်ဆင်ရေး
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် အခြေခံဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီး အဆိုပြုချက် ၃,၇၆၅ ခု ပါဝင်သော အစီရင်ခံစာတစ်စောင်ကို တင်သွင်းခဲ့သည်။ အဆိုပါအဆိုပြုချက်များအနက် ၁၁၄ ခုကို NLD ပါတီက ပြုလုပ်ခဲ့ပြီး ကျန်အဆိုပြုချက်များကို ရှမ်း၊ ရခိုင်၊ မွန်နှင့် ကချင်တိုင်းရင်းသားပါတီများက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ NLD ၏ အဆိုပြုချက်များမှာ အဓိကအားဖြင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်များနှင့် ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်အာဏာတို့ကို အရပ်ဘက်ပြုရေးဖြစ်သည်။ ထိုသို့ အရပ်ဘက်ပြုရေး အဆိုပြုချက် များ နိုင်ငံတော်၏ အရေးပေါ်အခြေအနေ ကြေညာမှုကို အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက် ထားရှိရေး၊ တပ်မတော်မှ ခန့်အပ်သည့် ဝန်ကြီးများကို တပ်ရာထူးမှ နုတ်ထွက်စေရေး၊ တပ်မတော်အား ဥပဒေပြုရေးကဏ္ဍမှ တစ်ဆင့်ချင်း ထွက်ခွာစေရေး၊ သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်၏ အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်အာဏာတို့အား မြှင့်တင်ရေးနှင့် ကာလုံတွင် အရပ်ဘက်မှ ပါဝင်မှု အချိုးအစားကိုပြောင်းလဲခြင်းဖြင့် အရပ်ဘက်မှ အများစုဖြစ်စေရေး စသည်တို့ ပါဝင်သည်။ ဤနည်းဖြင့် NLD ပါတီသည်၎င်း၏အများစုမှ အပ်နှင်းသည့် လုပ်ပိုင်ခွင့်ဟူသော အားသာချက်ကို အများတူညီဆန္ဒအပေါ် အဓိကအခြေပြုရမည့် ဆုံးဖြတ်ချက်ချမှတ်ရေးယန္တရား အတွင်းသို့ သွတ်သွင်းနိုင်ရန် ကြိုးပမ်း ခဲ့သည်။ ထို့ပြင် NLD ပါတီသည် အခြေခံဥပဒေမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် လက်နက်ကိုင်အင်အားစု အားလုံး၏ အကြီးအကဲဖြစ်သည်ဟူသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်နိုင်ရန် ကြိုးပမ်းခဲ့သည်။ အဆိုပါ ပြဋ္ဌာန်းချက်သည် တပ်မတော်နှင့် ယင်း၏ ပြည်သူ့စစ် မဟာဗျူဟာ၊ အမျိုးသားကာကွယ်ရေးစနစ်တို့အား တစ်ပေါင်းတစ်စည်းတည်း ရှိစေရန်နှင့် ပါတီနိုင်ငံရေးမှ ကင်းရှင်းစေရန်၊ အထူးသဖြင့် အရပ်သားအစိုးရများ၏ အင်စတီကျူးရှင်းနှင့် အကျိုး စီးပွားစီမံခန့်ခွဲမှုတို့နှင့် အတူယှဉ်တွဲပါလာသော မသေချာမရေရာမှုများမှ ကင်းဝေးစေ ရန်အတွက် ထိန်းသိမ်းစောင့် ရှောက်ပေးမည့် ပြဋ္ဌာန်းချက်တစ်ရပ်ဖြစ်သည်ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အခိုင်အမာ ယုံကြည်ကြသည်။
တစ်ချိန်တည်းတွင် လွှတ်တော်အတွင်း ပြန့်ကျဲနေသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ဖက်ဒရယ်မျှော်လင့်တောင့်တမှုများနှင့် စပ်လျဉ်းသည့် အဆိုပြုချက်များသည်လည်း ပြည်ထောင်စုလွှတ်တော်၏ အများစု အင်အားကို ကျော်လွှားနိုင်ရေး အခက်အခဲကြုံတွေ့ခဲ့ရပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်း ကော်မတီ၏ အပြီးသတ်ဥပဒေမူကြမ်းမှ ချန်လှပ် ခံခဲ့ရသည်။ ထို့ကြောင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ပြုမူနှစ်သက်မှု မရှိခဲ့သကဲ့သို့ ထိရောက်သော ရလဒ် တစ်စုံတစ်ရာ ထွက်ပေါ်လာလိမ့် မည်ဟုလည်း မမျှော်လင့်ခဲ့ကြပေ။ ပူးပေါင်းကော်မတီအား နှစ်သက်မှု မရှိသည့် တပ်မတော်သားကိုယ်စား လှယ်များနှင့် USDP ကိုယ်စားလှယ်များ ကလည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီမှတစ်ဆင့် မည်သည့် အဆိုပြုချက်မှ ပြုခဲ့ခြင်း မရှိချေ။ ယင်းအစား လွှတ်တော်မှ သုံးသပ်နိုင်ရန် သီးခြားဥပဒေမူကြမ်း များကို တင်သွင်းခဲ့သည်။ NLD ဦးဆောင်သော ပူးပေါင်းကော်မတီနှင့် နှိုင်းယှဉ်ပါက တပ်မတော်သားကိုယ်စားလှယ်များနှင့် USDP ကိုယ်စားလှယ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ခန့်အပ်သည့် လုပ်ထုံးလုပ်နည်းများမှ အစပြု၍ ဖက်ဒရယ်ပြုရေးဆိုင်ရာ အကြံပြုချက်များအား ထည့်သွင်းအဆိုပြုခဲ့သည်ကို တွေ့ရှိရပေသည်။ ထိုစဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ် တွင် ဖြစ်နေသည့်ပုံစံမှာ တပ်မတော် နှင့် USDP ကိုယ်စားလှယ်များက နိုင်ငံရေးတွင် အရပ်သားများကသာ ပါဝင် လုပ်ဆောင်ရေး ထက် ဖက်ဒရယ်ပြုရေးကို ဦးစားပေး အာရုံစိုက်ခဲ့ပြီး NLD ခေါင်းဆောင်ပိုင်းကမူ တိုင်းရင်းသား များ၏ ဖက်ဒရယ်မျှော်လင့်ချက်များအား မကိုင်တွယ်မီ ဒီမိုကရေစီ ခိုင်မာလာစေရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် နိုင်ငံရေးမှ စစ်ဘက်ကို ဖယ်ထုတ် ရေးအား ဦးစားပေး ဆောင်ရွက်ခဲ့သည်။ NLD အနေဖြင့် ဘုံသဘောတူလက်ခံမှုရှိသော ဖက်ဒရယ်စနစ်တစ်ရပ် ပေါ်ထွန်းလာရေးအတွက် အုတ်မြစ်ခိုင်မာစွာ မတည်ဆောက်နိုင်သေးခင်မှာပင် ၎င်း၏ လွှတ်တော်တွင်း အများစု အင်အားကိုအသုံးချကာတပ်မတော်အား အခြေခံဥပဒေပါ အခန်းကဏ္ဍမှ ဖယ်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းသည် အင်စတီကျူးရှင်းဆိုင်ရာ မတည်မငြိမ် မှုကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်၏ လုံခြုံရေးကို ပြင်းထန်စွာ ထိခိုက်စေမည်ဖြစ်သည်။ NLD ဦးဆောင်သော ပူးပေါင်း ကော်မတီမှ အဆိုပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ အဆိုပြုချက်များအနက် အရပ်ဘက်ပြုရေး သို့မဟုတ် ဖက်ဒရယ်ပြုရေးနှင့် မသက် ဆိုင်သော အသေးစား ပြင်ဆင်မှု ၂ ချက် မျှကိုသာ လွှတ်တော်မှအတည်ပြုခဲ့သည်။
လွှတ်တော်အတွင်း NLD ပါတီ၏ လှုပ်ရှားမှုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စား လှယ်များက အဟန့်အတားပြုနေ သယောင် တပ်မတော်အား ပြည်သူက အထင်အမြင် လွဲမှားနိုင်သည့် အနေအထားသို့ တွန်းပို့ခဲ့သည်။ နိုင်ငံရေးအရ ကြည့်ပါက ယင်းအနေအထားသည် ပြည်သူအား မှန်မှန်ကန်ကန် အသိပေး မှုမျိုးမဟုတ်ခြင်းကြောင့် နိုင်ငံ၏ လုံခြုံရေး အင်စတီကျူးရှင်းအပေါ် အထင် အမြင်လွဲမှားမှု မကျေမနပ်မှုများ ဖြစ်ပေါ် စေနိုင်သည်။ ဒီမိုကရေစီအင်အား တောင့်တင်း လာစေရေးဟူသော ၎င်း၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်စွာ NLD ၏ ခြေလှမ်းမှားယွင်းမှုများ၊ အစီအစဉ် မကျသည့် လုပ်ဆောင်မှုများသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများ တွင် တပ်မတော်နှင့်ရော၊ တိုင်းရင်းသားအဖွဲ့များနှင့် ဝေးကွာသွားစေခဲ့သည်။ NLD အနေဖြင့် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ချက်များတွင် ယင်း၏လွှတ်တော်တွင်း အများစု အင်အားကို တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များ အပေါ်တွင်လည်းကောင်း၊ စုပေါင်းအားနှင့် စုပေါင်းဆောင်ရွက်မှုအပေါ်တွင် လည်းကောင်း ဖိအားပေးဆောင်ရွက်ခြင်းဖြင့် လုံခြုံရေးထိခိုက် ယိုယွင်းမှုဖြစ်လာနိုင်သည့် အန္တရာယ်ကိုသာ ဖြစ်စေခဲ့သည်။ ထို့ပြင် ဒီမိုကရေစီ ခိုင်မာလာမည့် အစား အနှောင့်အယှက် ဖန်တီးရာရောက်ခဲ့သည်။ NLD ၏ အများစုအင်အားသည် ၎င်းအတွက် နိုင်ငံရေး ကျောထောက်နောက်ခံအရင်းအနှီးတစ်ခု ဖြစ်ရမည့်အစား ဖွဲ့စည်းတည်ဆောက်မှု ဆိုင်ရာ အဟန့်အတားတစ်ရပ်အဖြစ်သာ ဖြစ်ခဲ့ရသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်
NLD အစိုးရသည် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အပိုင်း ၃ ပိုင်း ခွဲခြားခဲ့သည်။ ထိုအပိုင်း ၃ ပိုင်းမှာ (၁) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ((၂၁) ရာစု ပင်လုံ ညီလာခံ)၏ အခြေခံအဖြစ် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ဖန်တီးရန်၊ (၂) ပါဝင်ထိုက်သူအားလုံး ပါဝင်မှုကို မြှင့်တင်ရန်နှင့် (၃) ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးများကို ပြည်သူလူထုထံ ဆောင်ကြဉ်းပေးရန်တို့ဖြစ်သည်။ (၂၁) ရာစု ပင်လုံညီလာခံသည် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ယုံကြည်မှု တည်ဆောက်မှုတစ်ရပ်အနေဖြင့် အခြေခံမူ ၅၁ ချက်ပါ ပြည်ထောင်စုသဘောတူ စာချုပ်အပိုင်း (၁)နှင့် (၂) ကို ဆောင်ကြဉ်း ပေးနိုင်ခဲ့သည်။ သို့သော်လည်း ပိုမိုစိန်ခေါ်မှုရှိသော ဖက်ဒရယ်မူများနှင့် ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက်ဆောင်ရွက်ဖွယ်များအပေါ်သဘောတူညီ ချက်များသည် ပြည်ထောင်စုသဘောတူ စာချုပ်(၃)တွင် ပါဝင်လာရန် လိုအပ် လျက်ရှိနေသေးသည်။ NLD အစိုးရ၏ သက်တမ်းအတွင်း NCA စာချုပ်၌ ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ သာရှိခဲ့ခြင်းကြောင့် လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ ရှိသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပါဝင် ဆောင်ရွက်သူ (actors) များစွာ၊ ပါဝင်ပတ်သက်သူ (stakeholders) များစွာနှင့် ယန္တရားများစွာ ပါဝင်သော ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ် သည်။ သို့ဖြစ်ရာ NLD အစိုးရ၏ အကျိုး စီးပွားများနှင့် အင်စတီကျူးရှင်းများအား စီမံခန့်ခွဲရာတွင် အတွေ့အကြုံနည်းပါးမှု၊ လွှတ်တော် တွင်း ရရှိထားသည့် အများစု အင်အားကို လွဲမှားစွာ ကိုင်တွယ်အသုံးပြုမှု၊ လုံလောက်သည့် နိုင်ငံရေးအရ ရင်းနှီးမြှုပ်နှံမှုမရှိမှုနှင့် အစီအစဉ်မကျသည့် လုပ်ဆောင်မှုများသည် ဘုံသဘော တူလက်ခံနိုင်ပြီး ပြည်ထောင်စုတစ်ဝန်း ရေရှည်ခိုင်မြဲစွာ ကျင့်သုံးနိုင်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်မူများ ရေးဆွဲရာတွင် မတူညီသော အကျိုးစီးပွားနှင့် အုပ်စုများအကြား လိုအပ်သည့် နိုင်ငံရေး တစ်ပေါင်းတစ်စည်းတည်း ရှိမှုကို ဆောင်ကြဉ်းရာ၌ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်စေခဲ့သည်။
ရွေးကောက်ပွဲ
အာဏာရပါတီဖြစ်ခဲ့သည့် NLD သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရာတွင် အများစုမှအပ်နှင်းသည့် လုပ်ပိုင်ခွင့်အတွက် ယုံကြည်မှုတည်ဆောက်ရေး၊ နိုင်ငံရေး ညီညွတ်မှု ရှိရေးနှင့် အမျိုးသားရေး တာဝန်များကို မျက်ခြည်မပြတ်စေရေးတို့ကို လျစ်လျူရှုခဲ့သည်။ NLD ပါတီသည် ထိတွေ့ ဆက်ဆံရေးတွင် အောက်ခြေ လူထုအကြား မဲဆွယ်စည်းရုံးမှုများအား ဆောင်ရွက်ခဲ့သော်လည်း လုံခြုံရေးနှင့် ရွေးကောက်ပွဲအလွန်ကာလ တည်ငြိမ် အေးချမ်းရေး တို့နှင့် စပ်လျဉ်း၍မူ actor/ stakeholders အဆင့် ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုတို့ပြုရန် အာရုံစိုက်ခဲ့ခြင်း မရှိပေ။ ရွေးကောက်ပွဲအပြီး ထွက်ပေါ် လာသည့် မဲစာရင်းအမှားနှင့်ရွေးကောက် ပွဲမသမာမှုများအပေါ်တိုင်ကြားချက်များ ကိုလည်း NLD အစိုးရ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး နှစ်ရပ်စလုံးက အလေးထားတုံ့ပြန်ခဲ့ခြင်းမရှိပေ။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကာလုံ အစည်းအဝေး ခေါ်ယူဆွေးနွေးရန် တပ်မတော်၏ တောင်းဆိုမှုကိုလည်း NLD အစိုးရကပယ်ချ ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မအောင်မြင်ရခြင်းသည် တစ်ကြိမ်တစ်ခါ မှားယွင်း ဆောင်ရွက်ခြင်းများ သို့မဟုတ် ဆောင်ရွက်မှုမရှိခြင်းများကြောင့် မဟုတ်ဘဲ ဒီမိုကရေစီ အလေ့အထများမှ သွေဖည်သည့် လုပ်ရပ်များ စုဝေးဖြစ်ပေါ် ခြင်း၏ ရလဒ်ဖြစ်သည်။ ဒီမိုကရေစီ ဟူသည်မှာ ရွေးကောက်ပွဲနှင့် အများစု ထောက်ခံမှုရှိရုံဖြင့် မရရှိနိုင်သည်ကို NLD အစိုးရ၏ ၂၀၁၆-၂၀၂၁ သက်တမ်းက သက်သေပြခဲ့သည်။
အပိုင်း (၃)
NUG ၊ CRPH အများကြိုက်လိုက်
ဝါဒနှင့် တလွဲမျှော်လင့်ချက်
NLD အစိုးရ၏ ခေါင်းဆောင်မှုအောက်တွင် ဒီမိုကရေစီ၏ မှတ်ကျောက် စံနှုန်းများမှာ လက်မခံ နိုင်လောက်သည်အထိ လွဲချော်ခဲ့ရသော မြန်မာ့ဒီမိုကရေစီကို ပြန်လည်ထိန်းကျောင်းတည့်မတ် နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်တွင် နိုင်ငံတော်၏ တာဝန် အရပ်ရပ်နှင့် အာဏာကြီး ၃ ရပ်တို့ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ယာယီလွှဲပြောင်း ရယူခဲ့သည်။ ယင်းသည် အာဏာသိမ်းမှုတစ်ရပ် မဟုတ်ပေ။ ထိုသို့ ရွေးကောက်ပွဲအကျပ်အတည်းနှင့် ဒီမိုကရေစီမှ သွေဖည်နေသော ဖြစ်ရပ် များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အာဏာအား ယာယီလွှဲပြောင်းရယူရာတွင် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရယူမှု အပါအဝင် ဥပဒေကြောင်းနှင့်အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါလုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံတော် တာဝန်အရပ်ရပ်ကိုရယူဆောင်ရွက်သည့်ကာလသည် ဒီမိုကရေစီကို ပြန်လည် ထိန်းကျောင်းတည့်မတ်ရန်နှင့် မလိုလားအပ်သော အခြေအနေများမှ ကာကွယ် ရန်အတွက် နိုင်ငံရေးအရ အရေးပါသည့် အချိန်အပိုင်းအခြားဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ယင်း၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ကောင်စီများ၏ စစ်ဘက်-အရပ်ဘက် ပါဝင်မှုဖွဲ့စည်းမှု၊ အရပ်ဘက်နှင့် စစ်ဘက် ၂ ရပ်စလုံးကို အခြေခံထား သည့် အင်စတီကျူးရှင်းများ ပါဝင်မှုနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် အကောင်အထည်ဖော် ခြင်းဆိုင်ရာလုပ်ငန်းစဉ်နှင့် ယန္တရားများကို ကြည့်ရှုခြင်းဖြင့် စစ်အစိုးရရော၊ စစ်အုပ်ချုပ်ရေး မဟုတ်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လတ်တလောတွင် အာဏာ ၃ ရပ် ခွဲဝေကျင့်သုံးမှုအား ခေတ္တရပ်ဆိုင်းထားပြီး ပြည်သူလူထု၏ အကျိုးစီးပွားအတွက် လိုအပ်သော ဥပဒေသစ်အချို့ကို ပြဋ္ဌာန်း သည်ကလွဲလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။
ဒီမိုကရေစီနှင့်သွေဖည်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းအမှားများနှင့် စပ်လျဉ်းသော ကန့်ကွက်မှု နှင့် တိုင်ကြားစာများအား ဖြေရှင်းရန်ငြင်းဆန်ခဲ့ခြင်းနှင့် NLD ဦးဆောင်သော အစိုးရနှင့် လွှတ်တော်တို့က တာဝန်ယူမှုရှိသည့် အရေးယူတုံ့ပြန် ဆောင်ရွက်မှုများပြုရန် ပျက်ကွက်ခဲ့ခြင်း တို့ကြောင့် ဒီမိုကရေစီနှင့် သွေဖည်သောလုပ်ရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်း ပုံအခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းများ သက်ဝင်လာခဲ့ရခြင်းဖြစ်သည်။ နိုင်ငံရေးအရ အရေးပါ သည့် အချိန်အပိုင်း အခြားအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင် ရွက်ခဲ့ချိန်မှစ၍ NLD အစိုးရ၏ တရားဝင် မှုနှင့် ၎င်း၏ အုပ်ချုပ်ရေး၊ ဥပဒေပြု ရေးနှင့် တရားစီရင်ရေးအာဏာများမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ ပြစ်ချက်အနာအဆာ ကြီးကြီးမားမား ရှိခဲ့သည့် ရွေးကောက်ပွဲရလဒ်သည် NLD အစိုးရ၏ တရားဝင်မှုသက်တမ်းကို ဆွဲဆန့်ပေးနိုင်ခြင်းမရှိပေ။ ထို့အတူ NLD အနေဖြင့် အဆိုပါရလဒ်များကို ကိုင်စွဲကာ ၎င်း ကိုယ်ကိုယ် အစိုးရအဖြစ် ကြေညာရန်သော်လည်းကောင်း၊ ညွန့်ပေါင်းအစိုးရ တစ်ရပ်ဖွဲ့စည်းရန် သော်လည်းကောင်း မဖြစ်နိုင်ပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အဆက် အသွယ် ပြတ်တောက် နေပုံရသော NLD ပါတီနှင့် ၎င်း၏ အပေါင်းအပါများသည် ထင်ရာမြင်ရာ လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြသည်။ NLD ၏ အချို့သော အကြီးတန်းပါတီဝင်များနှင့် အကြီးတန်း ရာထူးနေရာ ခန့်အပ်ခံထားရသူများသည် အများစုမှ ၎င်းတို့အား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် နှင့် တရားဝင်မှုတို့ကို သက်တမ်းအကန့်အသတ်မရှိ တည်ရှိသကဲ့သို့ ယူဆပြုမူလျက် ရှိကြသည်။ ထို့ကြောင့် NUG နှင့် CRPH ဟူသော အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကိုယ်ကိုယ် တရားဝင်သည်ဟု ကြေညာကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ဆောင်ရွက်လျက် ရှိခြင်းသည် ထောက်ခံမှုအချို့ရှိလျှင်ပင် တရားဥပဒေ နှင့် ညီညွတ်မှုမရှိပေ။ ယင်းအဖွဲ့ အစည်း များ၏ အကြမ်းဖက်လုပ်ရပ်များ ' သည် မည်သည့်သရုပ်သကန်နှင့်မျှ ကျိုးကြောင်း ဆီလျော်မှု၊ မှန်ကန်မျှတမှု ရှိမနေပေ။ ၎င်းတို့သည် လက်ရှိအစိုးရ ကြေညာထားသည့်အတိုင်း တရားဥပဒေ နှင့် မညီညွတ်သော အကြမ်းဖက် အဖွဲ့အစည်းများမျှသာဖြစ်သည်။ ။
(ဆက်လက်ဖော်ပြပါမည်)
လေ့လာသူတစ်ဦး