သူ့ကျွန်အဖြစ် နွံနစ်မခံ အကြမ်းမဖက် လူထုနည်းဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားနေ့ အောင်ပွဲကြီး
အားတကာ အားတွင် “ပညာအား” သည် အကြီးမား ဆုံးသော အင်အားတစ်ရပ်ဖြစ်သည်။ (Education is Power)။ ထို့ပြင် ပညာရေးသည် ဒီမိုကရေစီ၏ အခြေခံလည်း ဖြစ်သည်။ ပညာရေး အားနည်းချို့တဲ့လျှင် ဒီမိုကရေစီလုံးဝမအောင်မြင်နိုင်ပါ။
ကိုလိုနီကျွန်ပညာရေး စနစ်ဆိုးနှင့် သခင်မျိုးဟေ့ ဒို့ဗမာ
ယခု ကျွန်ုပ်သည် ကျောင်းသားများ၏ သပိတ်မှောက်မှုနှင့် ပတ်သက်၍ ပြောကြားပါမည်။ သင်တို့အား ပထမဦးစွာ သင်ကြား ပေးသင့်သည့် ပညာရေးမှာ မိမိကိုယ်ကို အားကိုးရေးနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိရေးဖြစ်ပါသည်။ သို့မှသာ သင်တို့ ကောလိပ် ကျောင်းမှထွက်လျှင် သင်တို့ကိုယ် သင်တို့ အစိုးရအမှုထမ်းများအဖြစ်သာမဟုတ်ဘဲ လွတ်လပ်သောသူများအဖြစ် ကမ္ဘာပေါ်တွင် နေရာရနိုင်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံမှာကဲ့သို့ မြန်မာနိုင်ငံ၌လည်း အစိုးရအမှုထမ်းများကို မွေးထုတ်သော ပညာရေးမှ အင်ဂျင်နီယာများ၊ ကုန်သည်များ အစရှိသည်တို့ကို မွေးထုတ်ပေးသော ပညာရေးဖြစ်အောင် ပြောင်းလဲစေချင်ကြောင်း ပညာရေးနှင့်ပတ်သက်၍ ဤတိုင်းပြည်တွင် များစွာခေတ်နောက်ကျနေကြောင်း တွေ့ရသည်။ အိန္ဒိယနိုင်ငံထက်ပင် နောက်ကျနေသေးသည်။
အင်္ဂလိပ်အုပ်ချုပ်သူ လူတန်းစားတို့သည် များပြားလှသော သာမန်ပြည်သူလူထုအတွက် ရသင့် ရထိုက်သော “သခင်လူတန်းစား”တို့ သင်ရသောပညာနှင့် ခြားနားကွဲပြားသင့်သည်ဟု ထင်မှတ် နေကြကြောင်း၊ အင်္ဂလန်နိုင်ငံအစိုးရသည် များစွာသော ဆင်းရဲသားများကို အစေခံအလုပ် သမားဖြစ်စေသော ပညာမျိုးကိုသာလျှင် ပေးကြောင်း။
စစ်မှန်သော ပညာရေးဆိုသည်ကား လူ့ဂုဏ်အင်္ဂါနှင့် ပြည့်စုံသူများကို မွေးထုတ် ပေးခြင်းဖြစ်ပြီး အတုအယောင်ပညာရေး ဆိုသည်ကား တစ်ပါးသူတို့အတွက် အစေခံများကို မွေးထုတ် ပေးခြင်းပင် ဖြစ်ကြောင်း ... စသည်ဖြင့် ဗြိတိသျှပါလီမန် အမတ်ဖြစ်သူ “ကာနယ် မစ္စတာ ဝက်ဝုဒ်” (Colonel and Mr. Wedgwood) သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ တရားမျှတမှုမရှိသော ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေကို မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိကြသည့် တက္ကသိုလ်ကျောင်းသားခေါင်းဆောင် လူငယ် လူရွယ်များက သပိတ်မှောက်ကြစဉ် သူတို့ အား တွေ့ဆုံအားပေးပြီး အကြံဉာဏ်များ ပေးခဲ့ သည်။
ကျွန်ပညာကြေပျက်စေသော အမျိုးသားပညာရေး အားပေးကြပါ
ထိုကြွေးကြော်သံသည် သပိတ်မှောက် ကျောင်းသားများ ချီတက်ဆန္ဒပြကြစဉ် ကိုင်ဆောင် ထားသည့် ကြွေးကြော်သံဆောင်ပုဒ် တစ်ခု ဖြစ်သည်။ စာရေးသူတို့ ငယ်စဉ်က မူလတန်း ကျောင်းသားအရွယ်ဆော့ကစားစဉ်က စာရေးသူ၏ ဇာတိမြေ စစ်ကွင်းမြို့မှ သခင်စောကြီး ဆိုသူသည် တို့ဗမာ အစည်းအရုံးခေါင်းဆောင် သခင်တစ်ဦးဖြစ်ပြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်းတို့နှင့် အတူ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးများတွင် ပါဝင်ဆင်နွှဲခဲ့ သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
“သခင်စောကြီး ကျန်းမာပါစေ၊ သခင်မျိုးဟေ့ ဒို့ဗမာ” ဟူသော ကြွေးကြော်သံကို သံပြိုင်သီဆို ကြရင်း ပြေးလွှားဆော့ကစားရင်းက ဘဘကြီး “သခင်စော” လာသည်ကို မြင်သည်နှင့် ညီညာဖြဖြ ဦးညွှတ်ကြိုဆိုခဲ့ကြသည်။ သို့သောအခါ ဘဘ “သခင်စောကြီး” ကလည်း လက်သီးလက်မောင်း ဆန့်တန်းပြီး ဝမ်းမြောက်ဝမ်းသာနှုတ်ဆက်ကာ စာရေးသူတို့ ကလေးငယ် များကို မုန့်များ ဝေငှပေးခဲ့သည်ကို ပြန်လည်အမှတ်ရနေမိပါသည်။ သခင် စောကြီး၊ သခင်မကြီး ဒေါ်အေးပိုနှင့် သမီး ဒေါ်စောစတို့သည် သူတို့မကွယ်လွန်မီကတည်းကပင် နေအိမ်နှင့် ပိုင်ဆိုင်မှု မှန်သမျှကို ဆေးရုံဆောက်လုပ်ရန် လှူဒါန်းထားခဲ့သည်။ ကျေးဇူးရှင် မြို့မိမြို့ဖ နိုင်ငံ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်များပင် ဖြစ်ကြသည်။
စာရေးသူတို့ ငယ်စဉ်က အမျိုးသားနေ့ အောင်ပွဲအထိမ်းအမှတ်အဖြစ် အမြို့မြို့အနယ်နယ်တို့ တွင် အစိုးရအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းတိုင်းမှ ဆရာ ဆရာမတို့က ဦးဆောင်ကြီးကြပ်သင်ပြပေးကာ ကြွေးကြော်သံများဖြင့် လှည့်လည်စီတန်း လမ်းလျှောက်ကြသလို မြို့ပေါ်ရှိ လွတ်လပ်ရေး ကျောက်တိုင်အနီးတွင် ဇာတ်စင်ကြီး တစ်စင် ဆောက်ထားကာ ကျောင်းအလိုက် ကျောင်းသူ ကျောင်းသားများ၏ အိုးစည်ဒိုးပတ် ပြိုင်ပွဲ၊ ယိမ်း အကများ တစ်ခန်းရပ်ပြဇာတ်များဖြင့် ကပြဖျော်ဖြေ ခဲ့ကြပြီး ပျော်ရွှင်ခဲ့ရပုံကို ယနေ့တိုင် မမေ့နိုင်ဖြစ်ရသည်။
အမျိုးသားပညာရေးလှုပ်ရှားမှုကြီးကို တစ်နိုင်ငံလုံး လူထုနည်းဖြင့် ဆင်နွှဲခဲ့
၁၉၇၀ ပြည့်နှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် အမျိုးသားနေ့ ရွှေရတုသဘင် အခမ်းအနားကြီးကို ကျင်းပ ပြုလုပ်ခဲ့ရာ ရန်ကုန်တက္ကသိုလ်၌ စာရေးသူက ပညာသင်ကြား နေဆဲဖြစ် သောကြောင့် အမျိုးသားနေ့ ရွှေရတုသဘင်အခမ်း အနားရော အမိရန်ကုန် တက္ကသိုလ်ကြီး၏ ရွှေရတုသဘင်အခမ်းအနားကြီးကိုပါ ပါဝင်ဆင်နွှဲခွင့် ရရှိခဲ့သောကြောင့် တစ်သက် တစ်ခါ ထူးခြားလှစွာ ကြုံတွေ့ပါဝင်ခဲ့ရသည့် ဒုလ္လဘတစ်မျိုးဟု ဆိုချင်ပါသည်။
ထိုစဉ်က တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ ရန်ကုန်မြို့ ကန်တော်ကြီးမြေပသာကျွန်းတွင် အမျိုးသားနေ့ ရွှေရတုသဘင်အခမ်းအနားကြီးကို ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ခေါင်းဆောင် ကျောင်းသားဟောင်းကြီးများနှင့် တွေ့ဆုံဂုဏ်ပြုခဲ့သည်။
ထိုစဉ်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီးတွင် သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံပွဲ ဟောပြောပွဲများကို ကျင်းပခဲ့ရာ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆရာကြီး ဦးလူဖေဝင်း (ရှေးဟောင်းသုတေသန ကျောက်စာဝန်-ငြိမ်း) က အမျိုးသားနေ့ အတွေ့အကြုံများကို အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်မှ သမိုင်းပါမောက္ခ ဆရာဦးတင်အုန်း၊ ဥပဒေ ပါမောက္ခ ဆရာဦးတင်အုံးတို့က အမျိုးသားနေ့ဆိုင်ရာ ရှားပါးအချက်အလက်များကို ဆက်လက် ဟောပြောခဲ့ကြသည်။
ထို့ကြောင့် စာရေးသူအတွက် အဘိုးအရွယ် ရန်ကုန်တက္ကသိုလ် သပိတ်မှောက် ခေါင်းဆောင် ကျောင်းသားဟောင်းကြီးများ၏ အတွေ့အကြုံများကို မေးမြန်းသိရှိကာ သတင်းစာ၊ မဂ္ဂဇင်း၊ ဆောင်းပါးများ ရေးသားနိုင်ခဲ့ပါသည်။ အလားတူ ရန်ကုန်ရွှေရတု သဘင် အခမ်းအနားတွင် ပါဝင်ဆင်နွှဲခွင့် ရရှိခဲ့သည့်အပြင် ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်နှင့် နှစ် ၁၀၀ ပြည့် ရန်ကုန် တက္ကသိုလ်အခမ်းအနား ကြီးတို့တွင် စာနယ်ဇင်းဆိုင်ရာ တာဝန်ခံတစ်ဦးအနေဖြင့် ပါဝင် ဆောင်ရွက်ခွင့်ရရှိခဲ့သဖြင့် များစွာ ဝမ်းမြောက်ဂုဏ်ယူ ပီတိဖြစ်ခဲ့ရပါသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ (၁၂၈၂ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့) တွင် ရန်ကုန်ကောလိပ်မှ ကျောင်းသားခေါင်းဆောင် ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်ရှိ စနေထောင့်တွင် စုဝေးဆွေးနွေးတိုင်ပင်ကာ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေ တစ်ဖက်သတ် ပညာရေးဖိနှိပ်မှုများကို တစ်နိုင်ငံလုံး လူထုနည်းဖြင့် အကြမ်းလုံးဝ မဖက်ဘဲ စည်းကမ်းရှိစွာ သပိတ် မှောက်ရန် စီစဉ်ဆုံးဖြတ်ခဲ့ကြသည်။ ထိုသဘောတူ ဆုံးဖြတ် ချက်ကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားပြီး ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးခဲ့ကြသည်။ "We, the following, are the leader of the movement in boycotting the Rangoon University. We affirm it on oath that we will stand by or fall together in case our movement miscarries 3-12-1920"
မြန်မာဘာသာပြန်ဆိုပါက - “အောက်တွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့သည် ရန်ကုန် ယူနီဗာစီတီ သပိတ်မှောက် လှုပ်ရှားမှုကြီးတွင် ဦးစီးဦးကိုင်ပြုကြမည့် ခေါင်းဆောင်များဖြစ်သည်။ ကျွန်ုပ်တို့ ဦးစီးဆောင်ရွက်ကြမည့် လှုပ်ရှားမှုသည် အကယ်၍ အောင်မြင်မှုမရဘဲ ချွတ်ချော် တိမ်းပါးခဲ့သော် ကျွန်ုပ်တို့အားလုံးသည် ကျောချင်းယှဉ် ရင်ချင်းအပ်၍ သေအတူရှင်အမျှ ကြံ့ကြံ့ခံ၍ ရပ်တည်ကြရန် သစ္စာမူကာ အဓိဋ္ဌာန်ပြုပါ၏” ဟူ၍ ဖြစ်သည်။
မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ “ဆာရယ်ဂျီနယ် ကရက်ဒေါက်” သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်ကို ဖွင့်လှစ်ကြောင်း ကြေညာမည်ဟု စီစဉ်ထားခဲ့ရာ ရန်ကုန် တက္ကသိုလ်သပိတ်မှောက် ကျောင်သားခေါင်းဆောင်များက ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့) တွင် ရန်ကုန်တက္ကသိုလ် ဥပဒေကို စတင်သပိတ်မှောက်ခဲ့သည်။
“ယူနီဗာစီတီ ဥပဒေပျက်စီးပါစေ၊ ဆာရယ် ဂျီနယ်ကရက်ဒေါက် ပြန်သွား”
(Down with the University Act, Sir Reginald Craddock must go)
ဟူသော ကြွေးကြော်သံများကို လက်ကိုင်ပိုစတာ ကြော်ငြာများဖြင့် ဗဟန်းဦးအရိယ ကျောင်းတိုက်၊ တက္ကသိုလ်သပိတ်မှောက် ကောင်စီဌာနချုပ်ဖြစ်သော ဗဟန်း ဒေါ်ကြုပ်၏ ဇရပ်တို့တွင် စိုက်ထူထားခဲ့ကြပြီး ထိုမှတစ်ဆင့် မြန်မာ ပြည်တစ်ဝန်းရှိ စာသင်ကျောင်းများဆီသို့ ဖြန့်ချိ ပေးခဲ့သည်။ ဆက်လက်၍ ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကောင်စီသည် တိုင်းပြည်သို့ ကြေညာ ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
တိုင်းသူပြည်သားများသို့
“ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ရှိ ကျွန်တော်တို့ ကျောင်းသားအားလုံးတို့သည် အဆုံး၌ဘယ်လိုဖြစ်မည်ကို သေချာ မသိရသေးသော ကိစ္စတစ်ခုကို စတင်၍ပြုလုပ်ကြပါသည်။ သို့ရာတွင် ကျွန်တော်တို့သည် တရားနည်းလမ်းမှန်ကန်ကြောင်းကို ကောင်းမွန်ခိုင်မြဲစွာ သိရှိရပါသည်။ ကျွန်တော်တို့သည် တစ်တိုင်းပြည်လုံး ကျွန်တွင်းက မည်သည့်အခါမှ မလွတ်ကင်းမည့် ဗြူရိုကရက်တို့၏ သိပ္ပံကျောင်းဥပဒေကို ထုချေဖျက်ဆီးရန် အကြံရှိပါသည်။ ကျွန်တော်တို့သည် တိုင်းသူပြည်သားတို့၏ စိတ်အား ထက်သန်သော အကူအညီအားဖြင့် လူငယ်များတို့က ခုခံဖြို ဖျက်ခြင်းမှတစ်ပါး အခြားမရှိပြီဟု ယုံကြည်ပါ၏။
ကျွန်တော်တို့သည် မြန်မာနိုင်ငံရှိ လူအများတို့ ၏ပညာအဆီအနှစ်နှင့် ပြည့်စုံသော ကျောင်းသား များဖြစ်မည်ကို ရည်သန်၍ ကူညီစောင်မဖို့ရန် တောင်းပန်ပြောကြားပါသည်။ ကျွန်တော်တို့ စိတ်ထဲ၌ စွဲမြဲစွာယုံကြည်သော ဤလုပ်ငန်းကြီးသည် တိုင်းပြည်၌ လိုအပ်သော အချက်ကြီးတစ်ခုကို ထုတ်ဖော်ပြောဆိုခြင်းပင်မည်ပါသည်။ (ဤကား အခြားမဟုတ် အမျိုးသား သိပ္ပံကျောင်းကြီး ပေတည်း။)
ထိုကျောင်းကြီးမှာ မြန်မာနိုင်ငံ၏ သားသမီးများနှင့် သင့်လျော်သော ပညာရပ်များကို ရနိုင်ပေသည်။ အိန္ဒိယနိုင်ငံ၌ အမျိုးသားကျောင်းများ အလိုအလျောက် ပေါ်ပေါက်လာကြပေရာ မြန်မာ နိုင်ငံကလည်း နောက်မကျရအောင် မြန်မာတို့သည် နိုင်ငံသားစစ်၍ ချစ်ခဲ့ပါလျှင် ဘယ်နံရောအခါမျှ မတည်ထောင်နိုင်ဘဲ ရှိလိမ့်မည်မဟုတ်ပါ။ စိတ်ပါ လက်ပါလုပ်လျှင် မုချဖြစ်ပါလိမ့်မည်” ဟူ၍ ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တို့၏ မျိုးချစ်စိတ်၊ တိုင်းချစ်စိတ်၊ ပြည်ချစ်စိတ်တို့ကို အခြေခံသော မှန်ကန်တရားမျှတသည့် လူထုနည်းဖြင့် စည်းရုံးလှုံ့ဆော်မှု ကြောင့် မိဘပြည်သူများ၊ အစိုးရအရာထမ်း၊ အမှုထမ်းများ၊ သူဌေးကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တစ်နိုင်ငံလုံးရှိ အမြို့မြို့အနယ်နယ်မှ ကျောင်းသူ ကျောင်းသားများပါ တစ်ခဲနက် အမျိုးသားပညာ ရေးလှုပ်ရှားမှုများကို ဆင်နွှဲကာ အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ တစ်ဖက်သတ် ကိုလိုနီပညာရေးစနစ်ကို တိုက်ဖျက် ခဲ့ကြသည်။ ငွေကြေးတတ်နိုင်သူများ၊ အလှူရှင်များကလည်း သပိတ်မှောက်ကျောင်းသူ ကျောင်းသားများ၏ နေရေးထိုင်ရေး၊ စားရေး
သောက်ရေး ကျန်းမာရေးအတွက်အဆင်ပြေအောင် ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးခဲ့ကြသည်။ ကိုယ့်အား ကိုယ်ကိုး အမျိုးသား ကောလိပ်နှင့် အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန် ဝိုင်းဝန်း လှူဒါန်းခဲ့ကြသည်။
အမျိုးသားကျောင်းများနှင့် အမျိုးသားကျောင်းဆရာ ဆရာမများ
၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေကို ကန့်ကွက်သပိတ်မှောက်ခဲ့သည့် အမျိုးသားပညာရေး လှုပ်ရှားမှုကြီး၏ အကျိုးကျေးဇူးကြောင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ခေါင်းဆောင် အများစုမှာ အမျိုးသားကောလိပ်ဆရာ များ ဖြစ်လာခဲ့ကြသည်။ ထိုအချိန် ထိုအခါက ၁၀ တန်းအောင်လျှင် မြို့အုပ်ရာထူးဖြင့် လခ ငွေကျပ် ၂၀၀ ရခဲ့သည့်ခေတ်ဖြစ်ပြီး ကောလိပ်၊ တက္ကသိုလ် မှဘွဲ့ရသူဆိုလျှင် အထူးမျက်နှာ ပွင့်လန်းခဲ့ကြသည်။
သမီးရှင် မိဘဆွေမျိုးသားချင်းများက ရွှေငွေများဖြင့် တင်တောင်းခံကြရသည်။ သတို့သား လောင်း တက္ကသိုလ်ပညာတတ် မျိုးချစ် လူငယ်တို့မှာ ကိုယ်ကျိုးကို စွန့်လွှတ်ကာ အမျိုးသား ကျောင်းများတွင် ကျောင်းဆရာတာဝန်ကိုပင် ဆက်ထမ်းဆောင်ခဲ့ကြသည်။
ထိုစဉ်က အမျိုးသားကျောင်းမှ ဆရာ ဆရာမ တို့သည် လစာပုံမှန်မရခဲ့ကြသဖြင့် “ရေပတ်လည် ဝိုင်းလျက်ရှိသောကုန်းမြေကို ကျွန်းဟုခေါ်ကြသည်။ ကြွေးပတ်လည် ဝိုင်းရံလျက်ရှိသောသူကို အမျိုးသား ကျောင်းဆရာဟု ခေါ်သည်” ဟု ဆိုရိုးစကားတစ်ခု ပေါ်ပေါက်လာခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဆရာ ဆရာမတို့၏ စေတနာ၊ အနစ်နာ၊ ဝါသနာနှင့် ကျေးဇူးတရားကို မော်ကွန်းထိုးရမည်ဖြစ်ပါသည်။
သာဓကအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆုရ အမျိုးသားနိုင်ငံရေးခေါင်းဆောင် မျိုးချစ် စာဆိုကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဆိုလျှင် သူရိယ သတင်းစာတိုက် အယ်ဒီတာအလုပ်မှ နုတ်ထွက် ပြီး အမျိုးသားကောလိပ်တွင် အချိန်ပြည့်ပါမောက္ခတာဝန်ကို ထမ်းဆောင်ခဲ့သည်။ လစာ ငွေကျပ် ၂၀၀ ချီးမြှင့်ခဲ့ရာ ဆရာကြီးက ငွေကျပ် ၁၅၀ သာ လျှော့ယူပြီး ထိုငွေကျပ် ၁၅၀ မှာလည်း ပုံမှန် မဟုတ်သဖြင့် သားသမီး လေးယောက်ကြောင့် စားဝတ်နေရေးကျပ်တည်းလှ၍ စာရေးရင်း ငွေရှာခဲ့ရသည်။ အခက်အခဲရှိတိုင်း အဝတ်အစားများကို အပေါင်ဆိုင်၌ ပေါင်ရ လွန်းသဖြင့် နောက်ဆုံးတွင် ယောလုံချည်တစ်ထည်သာ ကျန်တော့သည်ဟု သိရသည်။
ဆရာကြီး ဦးဘချို (အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို) မှာလည်း မူလပညာအုပ် ရာထူးမှ နုတ်ထွက်ပြီး အမျိုးသား ကောလိပ်တွင် အချိန်ပြည့်ဆရာဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ရာ လစာပုံမှန်မရရှိသောကြောင့် မျက်နှာချေပေါင်ဒါ၊ ခေါင်းလိမ်းဆီ၊ ရေမွှေးများ ထုတ်လုပ်ရောင်းချပြီး ဝင်ငွေရှာခဲ့ရသည်။
မြန်မာ့လွတ်လပ်ရေးမုခ်ဦးကို စတင်ဖွင့်လှစ်ခဲ့သည့် အောင်ပွဲကြီး
“အင်္ဂလိပ်တို့သည် ဝါတာလူးစစ်ပွဲကြီးကို အီတန်ကျောင်း အားကစားကွင်းကြီးမှ အနိုင်ရရှိခဲ့သည်” ဟု ဆိုရိုးစကားရှိခဲ့သည်။ ထို့အတူ အမိမြန်မာ ပြည်ကြီး၏ လွတ်လပ်ရေးကိုလည်း အမျိုးသားကျောင်းများက အနိုင်ရရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
အမျိုးသားပညာရေးလှုပ်ရှားမှုများသည် အမျိုးသားလွတ်မြောက်ရေးပင်ဖြစ်သည်။ အမျိုးသား ပညာရေးဘဝတွင် အခြေခံပညာ အဆင့်ရော အဆင့်မြင့်ပညာအဆင့်ပါ ခေတ်မီဖွံ့ဖြိုးတိုးတက် လာသော အသိပညာ၊ အတတ်ပညာ၊ ဝိဇ္ဇာသိပ္ပံပညာ၊ နည်းပညာ၊ ဆေးပညာ၊ စက်မှုပညာ၊ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာ၊ စီးပွားရေးပညာ၊ ဥပဒေပညာများဖြင့် နိုင်ငံ၏ အခြေခံ အဆောက်အအုံဖြစ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ အလျှံပယ် ထုတ်လုပ်နိုင်ရေးတို့အတွက် ဦးဆောင် တာဝန်ယူကြမည့် အစိုးရအဖွဲ့များ၊ တတ်သိပညာရှင်များ၊ အရာထမ်း အမှုထမ်းများ၊ ဆရာ ဆရာမများ၊ မိဘပြည်သူများ၊ ကျောင်းသူ ကျောင်းသား အားလုံး အမျိုးသားရေး ခံယူချက်၊ အမျိုးသားရေး ရပ်တည်ချက်၊ မှန်ကန်စွာဖြင့် ဝံသာနုရက္ခိတ တရားကို လက်ကိုင်ထားကြကာ နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်များသည် နိုင်ငံတော်တည်ဆောက်ရေး ကြေးမုံပြင်ပေါ် တွင် အစဉ်ပေါ်လွင်ထင်ဟပ်နေအောင် အမျိုးသားတို့ နိုးကြားစွာ ကြိုးစားဆောင်ရွက်သွားကြပါစို့ဟူ၍ အဓိဋ္ဌာန်ပြုကြရင်း (၁၀၁) နှစ်မြောက် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားနေ့အောင်ပွဲကြီးကို ဂုဏ်ပြုကြိုဆိုမှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
အကိုးအထောက်
၁။ အမျိုးသားနေ့နှင့် အမျိုးသားပညာရေး လှုပ်ရှားမှုသမိုင်းအကျဉ်း (အမျိုးသားနေ့ ရွှေရတု သဘင် အထူးထုတ်လမ်းစဉ်ပါတီ အနှစ်ချုပ်-၁၉၇၀ ပြည့်နှစ်)
၂။ Colonial Policy and Practice (J.S FURNI BALL, Cambridge University, London-1959)
စန်းနီလာဝင်း