Skip to main content

ဆေးလိပ်၊ ဆေးရွက်ကြီး နီကိုတင်းစွဲလမ်းမှုပြဿနာ

9

ယနေ့မြန်မာနိုင်ငံတွင် ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း၊ ဆေးငုံခြင်းများကို စွဲလမ်းကြရသည့် အကြောင်းရင်းသည် ဆေးရွက်ကြီး တွင်ပါရှိသော နီကိုတင်းဓာတ်၏အာနိသင်ကြောင့် ဖြစ်ပါသည်။ ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းတို့ လျော့နည်း ပပျောက်ရေး၊ ၎င်းအမူအကျင့် များနှင့် ဆက်စပ်သည့်ရောဂါများ ဖြစ်ပွားမှုလျှော့ချနိုင်ရေး စသည်တို့အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့ရာ ယခုဆိုလျှင် ဆယ်စုနှစ်တစ်ခုထက် ၁၅ နှစ်ကျော်လွန်လာခဲ့ပြီ ဖြစ်ပါသည်။ ယင်းဥပဒေအရ ဆေးလိပ်ဘူးများတွင် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သတိပေးစာတန်း၊ အဆုတ်နှင့် ပါးစောင်တို့တွင် ကင်ဆာရောဂါဖြစ်ပွားပုံများကို ဖော်ပြထားသည်။ သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယို စသည့် ဘက်ပေါင်းစုံ သတင်း မီဒီယာများမှ သတိပေး နှိုးဆော်ထားသည့်အတွက် ပြည်သူလူထုအကြား နီကိုတင်းအဆိပ် ဆိုးကျိုးများကို အထိုက်အလျောက် အသိပညာဝင်ရောက်နေကြပြီဖြစ်သော်လည်း စွဲလမ်းမှုကို ဖြတ်မရဖြစ်နေကြသေးသည်။

နီကိုတင်း (သို့မဟုတ်) အဆိပ်ငွေ့

နီကိုတင်း (Nicotine) ဆိုသည်မှာ ဓာတုဒြပ်ပေါင်း တစ်မျိုးဖြစ်ပြီး ဓာတုနည်းအရ ဖော်မြူလာကို C10H10N2 ဟု သတ်မှတ်သည်။ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီးနောက် ၎င်းနီကိုတင်းဓာတ် သည် ခန္ဓာကိုယ်တွင်း နာရီ ၂ဝ ကြာသည်အထိ အာနိသင်မပြယ် ရှိနေတတ်ပြီး ၎င်း ဝင်ရောက်မှုပမာဏ၏ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ဆီးအဖြစ် ကျောက် ကပ်က အဆိပ်ဖယ်ရှား နိုင်ပါသည်။ မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် နီကိုတင်းအဆိပ်သင့်နိုင်သည်။ ဆေးလိပ်ငွေ့ထဲတွင် ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်း ၅၀ ကျော်နှင့် အခြားဓာတ်ပစ္စည်း အမျိုးပေါင်း ၄၀၀၀ ကျော်တို့ပါဝင်သည်။ ရာပေါင်း များစွာသော ပစ္စည်းများသည် အဆိပ်အတောက် ဖြစ်စေပြီး ၇၀ ခန့်မှာ ကင်ဆာရောဂါကို ဖြစ်စေ သည်။ ရုံးခန်း၊ အိမ်ခန်း၊ အိမ်စီး ကားများအတွင်း ဆေးလိပ်သောက်ပါက ဆေးလိပ်မှုန်များသည် ကြမ်းပြင်၊ ကြမ်းခင်း၊ ကော်ဇော၊ ဆိုဖာဆက်တီ၊ ဗီရို စသည်တို့ အပေါ်တွင် စွဲတင်ကျန်နေပြီး နီကိုတင်းဓာတ်မှာ ရက်ပေါင်းများစွာတည်ရှိနေသည်။ လေလုံသည့်အခန်းတစ်ခုထဲတွင် ဆေးလိပ်ငွေ့ ၏ အကြွင်းအကျန်များက ငါးနာရီခန့်ကြာသည်အထိ ရှိနေတတ်သည်။ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပြီး ၎င်းပြဿနာ ကို Third Hand Smoke ဟုခေါ်သည်။

နီကိုတင်းဆိုးကျိုးများ

နီကိုတင်းဓာတ်သည် လူကိုစွဲလမ်းစေတတ် သောဂုဏ်သတ္တိရှိပြီး စိတ်ကိုပါပြောင်းလဲစေတတ်ပါသည်။ လေ့လာမှုမှတ်တမ်းများ အရ နီကိုတင်း စွဲလမ်းမှုသည် အရက်စွဲလမ်းမှုထက် ခြောက်ဆမှ ရှစ်ဆအထိပိုကြောင်း သိရသည်။ ထို့ကြောင့် နီကိုတင်းကို သုံးစွဲမိသွားသူများမှာ ၉၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိဖြစ်သွားကြသည်။ ဆေးလိပ်ထဲတွင်ပါရှိသော နီကိုတင်းဓာတ်သည် ကောင်းစွာအိပ်စက်မှုကို နှောင့်ယှက်ရုံသာမက အဆုတ်ထဲ ရောက်သွားသော နီကိုတင်း အဆိပ်ဓာတ်တို့သည် အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းကိုပါ အဟန့်အတားဖြစ်စေသည်။ ထိုမျှမက နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်၊ လေဖြတ်၊ အဆုတ်ပြွန်ရောင်၊ အဆုတ်ပွ၊ သွေးတိုး၊ ခြေပုပ်လက်ပုပ်၊ ပန်းသေပန်းညှိုး၊ ပါကင်န်ဆဲန် (ခေါ်) ခြေတုန်လက် တုန်ရောဂါ၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာ ကြိုရောဂါ၊ အူရောင်ရောဂါ သတိမေ့သွားခြင်း၊ စိတ်ကျရောဂါ၊ အဝလွန်ခြင်း၊ အဆစ်အမျက် ရောင်နာ စသည့်ရောဂါများစွာကို ခံစားရရှိနိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များကိုယ်တိုင် ဆေးလိပ်သောက်၍ဖြစ်စေ၊ ကိုယ်ဝန်ဆောင်စဉ် second smoker အဖြစ် နီကိုတင်းဓာတ်ကို မကြာခဏ ရှူရှိုက်မိ၍ဖြစ်စေ မိခင်ရောသန္ဓေသားပါ ဆိုးကျိုးများစွာကို ခံစားရနိုင်ပါသည်။ နီကိုတင်းဓာတ်ကြောင့်  ခံတွင်း၊ ဆီး၊ ချွေးရနံ့ဆိုးများပါ ထွက်စေသည်။

 

နီကိုတင်းစွဲလမ်းခြင်းပုံစံသစ်များ

 

တစ်ကမ္ဘာလုံးတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကို ထိန်းချုပ်လျှော့ချရန် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းလာကြသောအခါ ဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်တချို့က လူကိုစွဲလမ်း စေသည့် နီကိုတင်းကို အခြားနည်းလမ်းများဖြင့် သုံးစွဲမှုပျံ့နှံ့လာ စေရန် ကြိုးပမ်းလာကြသည်။ အီးစီးကရက်နှင့် အီလက်ထရွန်နစ်သုံး အငွေ့ရှူ ကိရိယာများသာမက ရေပြောင်း (water pipe) နှင့် shisha ကဲ့သို့သော အငွေ့ရှူ ကိရိယာအသုံးအဆောင်များသည် နီကိုတင်း၏ ပုံစံသစ်များ ဖြစ်သည်။ နီကိုတင်းကို အီလက်ထရွန် နစ်နည်းဖြင့် သုံးစွဲသည့်ပုံစံသို့ပြောင်းသွားပြီး ခေတ်မီ စတိုင်ကျသည့်ပုံစံအဖြစ် လူငယ်ထုအတွင်း ထိုးဖောက်ဝင်ရောက်လာသည်။ နီကိုတင်းသာမက  အခြားဓာတုပစ္စည်းများ၊ အနံ့အရသာများဖြင့် ထုတ်လုပ်ထားသည့် အီးစီးကရက်အမျိုးမျိုးတို့ကို ကျပ် သောင်းဂဏန်း၊ သိန်းဂဏန်းတန်ဖိုးများဖြင့် ဈေးကွက်ထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူ သုံးစွဲ နေကြသည်။ တရုတ်၊ မလေးရှား၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်ကုမ္ပဏီထုတ် အီးစီးကရက် တို့ကို ဈေးကြီးကြီးပေးဝယ်ကာ စတိုင်ထုတ်သုံးစွဲခြင်းဖြင့် ခေတ်မီသည်၊ အဆင့်အတန်း ရှိသည် ဟု အတွေးမှား အမြင်မှားနေကြခြင်းမှာ ငွေကိုမီးရှို့၍ မိမိကိုယ်ကို အသက်တိုစေခြင်းသာ ဖြစ်ပေသည်။ ထို့ကြောင့် အသိ၊ သတိဖြင့် မိမိကိုယ်တိုင် စိတ်ကိုထိန်းချုပ်ရန် အထူးလိုအပ်သလို သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အတူ ဘက်ပေါင်းစုံမှ ဝိုင်းဝန်း ထိန်းချုပ်ကာ လူငယ်လူရွယ်များအတွင်း အသိပညာပေးရေး၊ တားဆီးထိန်းချုပ် ကာကွယ်ရေး တို့ကို ပြည်သူလူထုကြား ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရန်လိုပါသည်။

နီကိုတင်းဓာတ် အဆိပ်ဖြေနည်း

ဆေးလိပ်၊ ဆေးရွက်ကြီးမှ နီကိုတင်းဓာတ်က လူ့သက်တမ်းကို တိုတောင်းစေနိုင်ကြောင်း ကျန်းမာရေးအသိရှိနေကြသော်လည်း လူအများစုက ဖြတ်တောက်ရန် ခက်ခဲနေကြသည်။ သို့ပါ၍ နီကိုတင်းအဆိပ်များပြေပျောက်စေမည့် အောက်ဖော်ပြပါ အစားအစာ များကို စားသုံး နိုင်ပါသည်။

• လက်ဖက်ခြောက်ခတ်ထားသော ရေနွေးပူပူ၊ ပူရှိန်းဓာတ်ပါသော ပီကေ (သို့မဟုတ်) အချိုဓာတ်လျော့သော ပူရှိန်းသကြားလုံးများ၊ ပူရှိန်းငုံဆေးပြားများက ဆေးလိပ်သောက်ချင်စိတ် ကို ချိုးနှိမ်ကာ ခံတွင်းချဉ်ခြင်းမှလည်း သက်သာစေပါသည်။

• ရေများများသောက်ပါ။

• ဆေးလိပ်ဖြတ်ခြင်းကို အထောက်အကူပြုသည့် bupropion (Zyban) နှင့် varenicline (Chantix) စသော ဆေးဝါးများ မှီဝဲသောက်သုံးပါ။

• မုန်လာဥနီက ဆေးလိပ်သောက်သုံးသူများနှင့် စီးကရက်မီးခိုးငွေ့ရှူရှိုက်မိသူများအတွက် နီကိုတင်းအဆိပ်ငွေ့ ဖြေလျှော့ပေးနိုင်ပါသည်။

• ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီဖြူ၊ ဂေါ်ဖီထုပ်၊ မချိုသော လိမ္မော်သီး၊ ကီဝီသီး၊ ပန်း သီး၊ တလည်းသီး၊ သံပရာသီး၊ ဘယ်ရီသီး အမျိုးမျိုး၊ ပူစီနံရွက်၊ ကိုက်လန်၊ ချင်း၊ နနွင်း၊ ကြက်သွန်ဖြူ၊ လက်ဖက်နှင့် ဟင်းနုနယ်ရွက် စသည်တို့ကလည်း ခန္ဓာကိုယ်တွင်းရှိ နီကိုတင်း အဆိပ်အတောက်များကို ဖယ်ရှားသုတ်သင်ပေး နိုင်ပါသည်။

ဆေးလိပ်ဖြတ်သူတစ်ဦးအနေဖြင့် ၁၂ နာရီ အတွင်း သွေးထဲတွင် ကာဗွန်မိုနောက်ဆိုက်ပမာဏ ပုံမှန်ဖြစ်သွားပြီး နှစ်ပတ်မှ ၁၂ ပတ်အကြာတွင် အဆုတ်၏လုပ်ဆောင်မှုများ တိုးတက်လာမည် ဖြစ်ပါသည်။ ထို့ပြင် တစ်နှစ်မှလေးနှစ်အတွင်း သေဆုံးနိုင်ခြေကို ထက်ဝက်မျှ လျှော့ချနိုင်မည် ဖြစ်ပါသည်။ ဆေးလိပ်သောက်သုံးခြင်းကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူရှစ်သန်းမျှ အရွယ် မတိုင်ခင်သေဆုံးကြကြောင်း လေ့လာတွေ့ရှိချက်အရ သိရသည်။ ထို့ကြောင့် မိမိနှင့်တကွ မိမိနှင့် အနီးဆုံးလူများကို နီကိုတင်းအဆိပ်သင့် ရောဂါဆိုးများ ကျရောက်လာနိုင်သည်ဟူသော ကျန်းမာရေးအသိတရားဖြင့် ဆင်ခြင်တုံတရားရှိကြစေ လိုပါသည်။

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားရခြင်း အကြောင်းရင်းများအနက် ဆေးလိပ်စီးကရက်သောက်ခြင်း)၊ ကွမ်း (ဆေးရွက်ကြီးစားခြင်း) တို့မှာ အဓိက အကြောင်းရင်း များဖြစ်သည်။ ပညာရှင်များ၏ လေ့လာဆန်းစစ်မှု မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်၊ ကွမ်းစားသည့် အလေ့အထမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာ မြင့်မားနေ ကြောင်း၊ မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ပျမ်းမျှ ၂၆ ဦးကျော်က ဆေးလိပ် သောက်ကြပြီး ၄၃ ဦးက ဆေးပါသည့်  ကွမ်းကို စားနေကြကြောင်း၊ ဆေးလိပ်သောက်  ကွမ်းစားကြရာတွင် အမျိုးသားများသာမက အမျိုးသမီးများလည်း ပါဝင်နေကြကြောင်း တွေ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ  ဆေးရုံတင်ထားရသည့် ကိုဗစ်-၁၉လူနာများတွင် ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားရခြင်းနှင့် သေဆုံးမှုမြင့်တက်ခြင်းတို့သည် ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးခြင်းနှင့် ဆက်စပ်မှုရှိ သည်ဟုသိရပါသည်။ နီကိုတင်းအဆိပ်က နှလုံးနှင့် အဆုတ်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။ ဖော်ပြပါ အကြောင်းကြောင်းကြောင့် ယခုပစ္စုပ္ပန် အချိန်က ဆေးလိပ်ဖြတ်ရန်အတွက် အသင့်တော်ဆုံးအချိန်ဖြစ်ကြောင်းနှင့် ယခုလို ဆေးလိပ်ဖြတ် လိုက်မည်ဆိုလျှင်လည်း သင့်မိသားစုကသင့်အား ကျေးဇူးတင်နေမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကသတိပေးနှိုးဆော်ထားပါသည်။ သို့ပါ၍ ဆေးလိပ် သောက်သူများသာမက တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ရသူများတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုး ဝင်ရောက်ပါက အခြေအနေ ပြင်းထန်နိုင်ပါကြောင်းနှင့် သတိ အသိစိတ်ဓာတ်တို့ဖြင့် ဆင်ခြင်ကြ စေလိုကြောင်း ရေးသားအကြံပြုလိုက်ရပါသည်။ ။

ပေါက်ပေါက်