လှပမြိုင်ဆိုင် လတန်ဆောင်တိုင်
“တန်ဆောင်ငယ်မာသ
ဆယ့်နှစ်လတွင် ချမ်းမြအေးရင်
ဗြိစ္ဆာခွင်သို့၊ ရက်ဝင်ပြောင်းခွာ
ခဝဲညှာလည်း ခိုင်လွှာဝတ်မှုန်
ရနံ့သာထုံတော့တယ်
ဘုန်းဂုဏ်က္အသမ္ဘိန်မှာ
လှူကထိန်သဘင်ခင်းလို့
ကျင်းပတယ်လေး”
မဟာအတုလမင်းကြီး၏တန်ဆောင်မုန်းလဖွဲ့ ဖြစ်သည်။ တန်ဆောင်မုန်းလတွင် မြတ်စွာ ဘုရားရှင်သည် သာမညဖလသုတ်တော်ကို ဟောကြားတော်မူခဲ့သည်။ ဤကာလတွင် ကထိန်ခင်းခြင်း၊ မသိုးသင်္ကန်းရက်လုပ်၍ မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးအား ရည်မှန်း၍ ဆက်ကပ်လှူဒါန်းခြင်း၊ ကြာသင်္ကန်းကပ်လှူခြင်း၊ ပံ့သကူပစ်ခြင်းတို့ကိုပြု လုပ်ကြသည်။ နက္ခတ်စုံသော လပြည့်နေ့ညတွင် ဆီမီးရောင်စုံများထွန်းညှိကြသည်။ ဆေးပေါင်းခါ သည့်ညဟုလည်း ယုံကြည်ကြသည်။ တန်ဆောင် မုန်းလသည် “ဆီးနှင်း တစ်ပြိုက်၊ မိုးတစ်လိုက်”ဟူသည့် ဆိုရိုးစကားနှင့်အညီ မိုးနှင့်ဆောင်းရာသီ နှစ်မျိုးလုံးကို ရောပြွမ်းခံစားနိုင်သည့် လဖြစ်သည်။ ရှေးက စာဆိုတစ်ဦးဖွဲ့ဆိုခဲ့သည့် “ခဝဲပွင့်စ၊ တန်ဆောင်လ၊ ဗြိစ္ဆာကြတ္တိကာ” ဟူသည်နှင့်အညီ တန်ဆောင်မုန်းလတွင် ရာသီမှာ ဗြိစ္ဆာ၊ နက္ခတ်မှာ ကြတ္တိကာ၊ တာရာမှာ ကျီ၊ ရာသီရုပ်မှာ ကင်းမြီးကောက်၊ ပွင့်သည့်ပန်းမှာ ခဝဲပန်း၊ ရာသီပွဲတော်မှာ ကထိန်ပွဲနှင့် မီးထွန်းပွဲတော်တို့ ဖြစ်သည်။
သာမညဖလသုတ်
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သမားတော်ကြီးဇီဝက၏ ချဉ်းကပ်အကူအညီ တောင်းခံမှုအရ ဖခင်အားသတ်မိပြီးကာမှ သောကပရိဒေဝ တောက်လောင်ခံနေရသည့် အဇာတသတ်မင်းကြီးအား တန်ဆောင်မုန်းလပြည့်ည၌ သာမညဖလသုတ်တော်ကို ဟောကြား တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်ညသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက အဇာတသတ်မင်းကြီးတွင် ဖုံးလွှမ်းနေသည့် အမိုက်မှောင်အား သာမညဖလသုတ်တော် ရေစင်အေးဖြင့် ဆေးကြောသုတ်သင်ပေးသည့် နေ့ထူးနေ့မြတ် တစ်ခုပင်ဖြစ်သည်။ အဇာတသတ်မင်းကြီးသည် သာမညဖလသုတ်တော်ကို ရိုသေစွာနာကြားခဲ့ ရပြီး သရဏဂုံဆောက်တည်ရာ ဥပါသကာအဖြစ် ခံယူလိုက်နိုင်သဖြင့် အဝီစိငရဲသို့ ကျရောက်ရန်ရှိသော်လည်း လောဟကုမ္ဘီငရဲ၌ အနှစ်သုံးဆယ်သာ ကျခံခဲ့ရသည်ဟု လေ့လာသိရှိရသည်။ တန်ဆောင် မုန်းဟူသည့် ဝေါဟာရအဓိပ္ပာယ်မှာလည်း မီးရှူးမီး တိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေကာ အမိုက်မှောင်တို့ကို မီးရှူးတန်ဆောင်ဖြင့် ဖျက်လွင့် ချေမှုန်းသည်ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်းလေ့လာသိရှိရသည်။ ဆီမီးထွန်းညှိပူဇော်ကြ သည့် ဓလေ့ကို ရှေးမှယခုတိုင် မြန်မာတို့ ပြုလုပ်လျက်ရှိကြသည်။
ကထိန်သင်္ကန်းကပ်လှူပူဇော်
တန်ဆောင်မုန်းလတွင် အထွတ်အမြတ်ထားရှိ၍ လှူဒါန်းမှုပြုသည့်ပွဲတော်တစ်ခုမှာ ကထိန် သင်္ကန်းကပ်လှူပူဇော်ကြသည့် ပွဲတော်ပင်ဖြစ်သည်။ အဆိုပါ ပွဲတော် ဖြစ်ပေါ်လာရခြင်းမှာ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ရဟန်းတစ်ပါးလျှင် သင်္ကန်းသုံးထည်ထက် မပိုရဟု သတ်မှတ်ပညတ်ခဲ့သည်။ အခါတစ်ပါး၌ ပါဝေယျတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် ရဟန်းသုံးကျိပ်တို့ အား အကြောင်းပြု၍ ကထိန်ခင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရဟန်းသုံးကျိပ်တို့သည် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဖူးမြော်နိုင်ရန်အတွက် ကုန်းအတန်တန်၊ ရေအထပ်ထပ်၊ တောင်အသွယ်သွယ်တို့ကို ကျော်ဖြတ်ခရီးနှင်ခဲ့ကြရာ ပါလာသည့်သင်္ကန်းတို့မှာ ပျက်စီး ညစ်နွမ်းကြရ၏။ သို့အတွက် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ရဟန်း၊ သံဃာတို့အား ကထိန်သင်္ကန်း ကပ်လှူခြင်းအမှုကို ခွင့်ပြုတော်မူခဲ့ခြင်း ဖြစ်သည်။ ထိုမှစ၍ နှစ်စဉ် သီတင်းကျွတ်လ ပြည့်ကျော်တစ်ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့် နေ့အတွင်း ကထိန်သင်္ကန်းကပ်လှူခြင်းအမှုတို့ ပြုလုပ်ကြ၍ ကုသိုလ်ယူခဲ့ကြသည်။ ကထိန်ခင်းရန် ခွင့်ပြုထားရှိသည့်သင်္ကန်းမှာကား နှစ်ထပ်သင်္ကန်း ကြီး၊ ကိုယ်ဝတ်ဧကသီနှင့် ခါးဝတ်သင်းပိုင်တို့ ဖြစ်သည်။ ယင်းတို့အနက်မှ တစ်မျိုးပါလျှင် ကထိန်အလှူ မြောက်သည်။ ရှေးမှ ယခုတိုင် တန်ဆောင်မုန်းလတွင် ကထိန်သင်္ကန်း၊ မသိုးသင်္ကန်း၊ ပံ့သကူသင်္ကန်းနှင့်ကြာသင်္ကန်းတို့ကို ကပ်လှူပူဇော်လေ့ရှိကြသည်။ ကထိန်ဟူသည့် ဝေါဟာရမှာ ကထိနဟူသောပါဠိကို မြန်မာမှုပြုထားခြင်းပင် ဖြစ်သည်။ ကထိန်ခင်းခြင်းအလှူပွဲသည် ခေတ်ကာလ ပြောင်းလဲလာ သည်နှင့်အမျှ ယခုအခါတွင် ကထိန်ပွဲကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကျင်းပလာကြသည်။ တတ်နိုင်သူတို့က တစ်ဦးချင်း ပုဂ္ဂလိကကထိန်ပွဲ၊ စုပေါင်းလှူဒါန်းမှုပြုကြလျှင် စုပေါင်းဘုံကထိန်၊ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ ကထိန်မခင်းရသေးကြောင်း တွေ့ရှိသိရသည့် ဘုန်းတော်ကြီး ကျောင်းအား လှူဒါန်းခြင်းကို မိုးပေါ်ကျ ကထိန်ဟူ၍ ကျင်းပကြသည်။ မည်သို့ဆိုစေ ကထိန် အလှူသည်ကား အကျိုးတရားများစွာရရှိခံစားနိုင်ကြ မည်သာဖြစ်သည်။
ဤနေရာတွင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ အနည်းငယ်မျှ တင်ပြလိုပါ သည်။ မသိုးသင်္ကန်းဟူသည် တစ်ရက်အတွင်း ပြီးစီးစေရန် ရက်လုပ်လှူဒါန်းရသည့် သင်္ကန်းဖြစ်သည်။ မြန်မာ တို့သည် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ညပိုင်းတွင် မသိုးသင်္ကန်းကို စတင်ရက်လုပ်ကြ၍ လပြည့်နေ့အရုဏ်မတက်မီ အပြီးချုပ်ကာ ဆက်ကပ်လှူဒါန်းမှု ပြုကြသည်။ ရွှေတိဂုံရင်ပြင်ပေါ်၌ ကျင်းပပြုလုပ်သည့် မသိုးသင်္ကန်းရက် ပွဲမှာ အထင်ကရပင် ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်ညသည်နက္ခတ်တာရာ များစုံသည့်ည ဖြစ်သည်။ ဆေးပေါင်းခသည်ဟု ယုံကြည်ကြသည်။ တန်ဆောင်မုန်းလပြည့်ညတွင် မဲဇလီပင်၏ အရွက်၊ အသီး၊ အပွင့်တို့ ဆေးအဖြစ် စားသုံးကြသည်။ လှူဒါန်းကုသိုလ်ယူကြသည်။ တန်ဆောင်မုန်းလပြည့်ညသည် စောရနက္ခတ်ထွန်း လင်းချိန်ကို အစွဲပြု၍ လူငယ်များက ကျီးမနိုးပွဲကို အပျော်သဘောဖြင့် ဆောင်ရွက်ကြသည်။ ကျီးမနိုးပွဲဆိုသည်မှာ အိမ်တစ်အိမ်မှ ပစ္စည်းကို ပိုင်ရှင် မသိအောင်ရယူ၍ နောက်အိမ်တစ်အိမ်သို့ပြောင်းရွှေ့ ဝှက်ထားကြခြင်းပင် ဖြစ်သည်။ ပံ့သကူလှူဒါန်းခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်းများကိုလည်း ဆောင်ရွက်ကြသည်။ မီးပုံးပျံများကို တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်အား ရည်မှန်း၍ လွှတ်တင် ပူဇော်ကြခြင်း ဖြစ်သည်။ ဖုံးတုံးလုံးတုံး တန်ဆောင် မုန်းဟု အဆိုရှိသည့် တန်ဆောင်မုန်းလတွင်
တောင်သူဦးကြီးတို့ စိုက်ပျိုးထားရှိသည့် စပါးပင်မှ စပါးစေ့များသည် အဖုံးမပွင့်တပွင့် နို့ရည်ပြည့်သော အဆီအနှစ်ခဲနေကြသဖြင့် စပါးနှံတို့ အောင်မြင် ဦးခိုက်နေသည့်ရာသီလည်း ဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့
တန်ဆောင်မုန်းလသည် မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏နှလုံးသား၌ အမျိုးသား ရေးစိတ်ဓာတ်၊ ဇာတိသွေး၊ ဇာတိမာန်နှင့် တိုင်းချစ် ပြည်ချစ်စိတ် နိုးထပေါ်ပေါက်ခဲ့ရသည့် လလည်းဖြစ်သည်။ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့သည် မြန်မာတို့၏ အမျိုးသား အောင်ပွဲနေ့ပင် ဖြစ်သည်။ အဆိုပါ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအား အကျဉ်းမျှတင်ပြ လိုပါသည်။ ၁၉၂၀ ပြည့်နှစ်တွင် နယ်ချဲ့ အစိုးရက ရန်ကုန်တက္ကသိုလ်နှင့် ယုဒသန် ကောလိပ်တို့ကို ပေါင်းလျက်တက္ကသိုလ်အဆင့်တိုးမြှင့်ရန် စီစဉ်သည်။ တက္ကသိုလ် အက်ဥပဒေအရ ကျောင်းသားဦးရေကို ကန့်သတ်ထားပြီး ကျောင်းအိပ်ကျောင်းစားများသာ ဖြစ်ရမည်ဟု သတ်မှတ်ထားရှိသည်။ တက္ကသိုလ်ပညာကို ချမ်းသာကြွယ်ဝသူများ၏သားသမီး များသာ တက်ရောက်သင်ကြားနိုင်ပြီး ဆင်းရဲ နွမ်းပါးသူများ၏ သားသမီးများ တက်ရောက် သင်ကြားခွင့်မရှိနိုင်စေရန် စီစဉ်မှုပင် ဖြစ်သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့)တွင် ကျောင်းသား ကျောင်းသူများက ဘက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်၍ သပိတ်မှောက်ခဲ့ကြသည်။ ထိုသပိတ်သည် မြန်မာတစ်ပြည် လုံးရှိ ကျောင်းများသို့ ကူးစက်ပြန့်ပွားရာ မြို့တိုင်း ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများကိုပါ အမျိုးသားရေးစိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်များ တိုးတက်မြင့်မားလာစေခဲ့သည်။ ဂျီစီဘီအေအသင်းကြီးနှင့် မြို့တိုင်းနယ်တိုင်းမှ အားပေးကူညီမှုတို့ကြောင့် အမျိုးသားကျောင်းများနှင့် အမျိုးသားကောလိပ်များ ပေါ်ပေါက်လာခဲ့သည်။ ၁၉၂၁ ခုနှစ် အောက်တိုဘာလတွင် မန္တလေးမြို့၌ ကျင်းပသည့် နဝမအကြိမ်ဂျီစီဘီအေ အစည်းအဝေးကြီး ကျောင်းသားသပိတ်စတင်သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) ကို အမျိုး သားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် တန်ဆောင်မုန်းလ သည် မြန်မာတိုင်းရင်းသားညီအစ်ကို မောင်နှမ များ၏ နှလုံးသား၌ အမျိုးသားရေးစိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ ဇာတိသွေး ဇာတိ မာန်နှင့် တိုင်းချစ်ပြည်ချစ်စိတ်များ နိုးကြား တက်ကြွ၍ သူ့ကျွန်ဘဝမှလွတ်မြောက်ရန် အခြေခံ ခဲ့သည့်လ၊ ဘာသာရေးပွဲ၊ ပျော်ပွဲရွှင်ပွဲများ စုပေါင်း ကျင်းပကြသည့်လ၊ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့ကြသည့်လ၊ နက္ခတ်စုံ၍ ဆေးပေါင်းခါသည့်လ၊ သဒ္ဓါအားပြိုင်၊ စေတနာအားပြိုင်၊ ကုသိုလ်မဏ္ဍိုင်တို့ လှိုင်လှိုင်တည်ဆောက်ကြသည့် လဖြစ်သောကြောင့် လှပမြိုင်ဆိုင်လတန်ဆောင် တိုင်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ယဉ်ကျေးဆု